← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

လင်းချင်ချင် ခေါင်းခါလိုက်ပြီး လီသဲ့ဟွိုက်အား မျက်ရည်များဖြင့် ကြည့်လိုက်သည်။

“မိန်းမစိုးကြီးလီ ရှင့်လို အမြစ်ပြတ်နေတဲ့လူကတော့ အချစ်စစ်ကို ဘယ်နားလည်နိုင်ပါ့မလဲ၊ ကျွန်မနဲ့ ယွဲ့လင်းတို့ နှစ်ယောက်အကြားက ခံစားချက်တွေက အရှင်းမင်းကြီးတွေ၊ ကြင်ယာတော်တွေ ဆိုတာထက်ကို သာလွန်သွားပြီ၊ ကျွန်မရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် ယွဲ့လင်း ကိုယ့်သိက္ခာ ကိုယ်တောင် မငဲ့ခဲ့ဘူး၊ ဒါပေမယ့်… သူ… သူ အများပြက်ရယ်ပြုစရာ လူတစ်ယောက်ဖြစ်သွားမှာ ကျွန်မ မလိုလားဘူး၊ ကျွန်မ-…”

လင်းချင်ချင်တစ်ယောက် ရင်ထဲကိုယ်တိုင်ရေးသားထားသည့် ဇာတ်လမ်းထဲမှာ အလွန်စီးမျောနေခဲ့သည်။ သူမ စကားဆုံးအောင် မပြောနိုင်ခင်…

ရုတ်တရက်ဆိုသလို သူ့ ဇက်ပိုးပေါ်မှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သတိလစ်မေ့မျောသွားလေတော့သည်။

ဟွေ့ရှင်း လက်ခါလိုက်လျက် ပြောလိုက်သည်။

“သူနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေပါနဲ့ မိန်းမစိုးကြီးလီ၊ သူ့တွေးခေါ်ပုံတွေကို မိန်းမစိုးကြီးလီ နားလည်နိုင်မှာ မဟုတ်ဘူး”

လီသဲ့ဟွိုက်လည်း ခေါင်းတခါခါဖြင့် ပြောလိုက်သည်။

“အမှန်ပဲ တကယ်နားလည်နိုင်ဘူး”

အခြွေအရံနှစ်ယောက်ကိုကြည့်ကာ လီသဲ့ဟွိုက် အမိန့်ပေးလိုက်သည်။

“သူ့ကိုခေါ်သွားပြီး အဝတ်အစားတွေ လဲပေးလိုက်၊ ပြီးရင် သူနဲ့အတူတူ မင်းသားအန်းဟယ်ရဲ့စံအိမ်ကိုလိုက်သွားလိုက်ကြ”

အခြွေအရံနှစ်ယောက် အမိန့်နာခံလိုက်သည်။

သိပ်မကြာလိုက်ဘဲ လင်းချင်ချင်အား မြင်းလှည်းလေးတစ်စီးဖြင့် နန်းတော်ပြင်ပသို့ ခေါ်ဆောင်သွားပြီး မင်းသားအန်းဟယ် စံအိမ်သို့ပို့ဆောင်ပေးလိုက်တော့သည်။

လင်းချင်ချင်ထွက်သွားတာကို ငေးကြည့်ပြီးနောက် လီသဲ့ဟွိုက်ကို ဟွေ့ရှင်း မျှော်လင့်တကြီးကြည့်လိုက်သည်။

“မိန်းမစိုးကြီးလီ… ဒါဆို ကျွန်မကကော…”

လီသဲ့ဟွိုက် ပြုံးကာ ပြောလိုက်သည်။

“ဒီတစ်ခေါက် မိန်းကလေးဟွေ့ရှင်း အထောက်အကူ အများကြီး ပြုနိုင်ခဲ့ပါတယ်၊ စိတ်ချပါ၊ အရှင်မင်းကြီးက မင်းသားအန်းဟယ်လို မဟုတ်ဘူး၊ သူ ကတိပေးထားတဲ့အရာတွေကို ကျိန်းသေပေါက်ဆောင်ရွက်ပေးပါလိမ့်မယ်”

ထို့နောက် မိန်းမစိုးလေးတစ်ဦးကိုခေါ်ကာ လီသဲ့ဟွိုက် ညွှန်ကြားလိုက်သည်။

“ခဏနေရင် ဒီမိန်းမစိုးလေးနဲ့အတူ မိန်းကလေးဟွေ့ရှင်းလိုက်သွားလိုက်ပါ၊ နန်းတော်ပြင်ပမှာ မိန်းကလေးဟွေ့ရှင်းရဲ့ ညီမလေး စောင့်နေတယ်၊ အခုချိန်ကစပြီး နှစ်ယောက်စလုံး လွတ်လပ်သွားပါပြီ”

လွတ်လပ်သွားပြီတဲ့…

သူစိမ်းဆန်လိုက်တဲ့ စကားလုံးပါလား…

ဟွေ့ရှင်းမျက်လုံးများ နီမြန်းသွားခဲ့ပြီး လေးလံစွာခေါင်း ညိတ်လိုက်ပါသည်။ သူ့ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတချို့ ရှိနေပါသေးသည်။ ယွဲ့လင်း အချိန်မရွေး ကတိဖျက်လိုက်နိုင်ချေရှိသေးတာကြောင့်ဖြစ်သည်။

နန်းတော်ပြင်ပကို ရောက်ပြီး ညီမဖြစ်သူနဲ့အတူ ပြန်လည်စုံစည်းနိုင်ခါမှ ဟွေ့ရှင်း စိတ်အေးနိုင်တော့သည်။

မိန်းမစိုးလေးက ပြောလိုက်သည်။

“အန္တရာယ်မကြုံရအောင် ဒီလပိုင်းအတွင်းမှာတော့ မြို့ တော်အပြင်သိပ်မထွက်ဘဲ ဒီမှာပဲအတတ်နိုင်ဆုံးနေဖို့ အရှင်မင်းကြီးက မှာကြားလိုက်ပါတယ်၊ မင်းသားအန်းဟယ်ရဲ့အရေးကိစ္စကို ဖြေရှင်းပြီးရင်တော့ နှစ်ယောက်စလုံး ဆန္ဒရှိတဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပါပြီ”

ဟွေ့ရှင်းတို့ညီအစ်မနှစ်ယောက် ပီတိဖြာစွာ ခေါင်းညိတ်လိုက်ကြသည်။

သူမတို့နှစ်ယောက်စလုံးက အမှောင်ထုထဲမှာ ပျိုးထောင်ခံခဲ့ရသူတွေဖြစ်သဖြင့် အမှောင်ထု၏လမ်းစဉ်များနှင့်သာ အသားကျနေကြသူများဖြစ်သည်။

ယခုအချိန်မှာ ဟွေ့ရှင်းက ဘာတန်ဖိုးမှ မရှိတော့သူဖြစ် သည်။ ရက်စက်သူတစ်ယောက်သာဆို သူမကို သေတွင်းထဲ ချက်ချင်းပို့ပေးလိုက်လို့ရပါသည်။

သို့သော် မင်းဆိုးမင်းညစ်ဟူသည့် ယွဲ့လင်းကတော့ သူမတို့အတွက် အရာရာကို စေ့စေ့စပ်စပ်စီစဉ်ပေးခဲ့သည်။ တွေးကြည့်လျှင် ရယ်ချင်စရာကောင်းလွန်းသည်။

ဟွေ့ရှင်းထွက်ခွာသွားပြီးနောက် လင်းချင်ချင်လည်း မင်းသားအန်းဟယ်စံအိမ်သို့ တစ်ချိန်တည်းမှာပင် ရောက်ရှိသွားခဲ့သည်။

ကုတင်ပေါ်တွင် လင်းချင်ချင် မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ ပြာနှမ်းနေသည့် မျက်နှာနှင့် ယွဲ့ဟွာအားမြင်လိုက်ရပါသည်။

လင်းချင်ချင် အလွန်ထိတ်လန့်သွားခဲ့သည်။

“အစ်ကိုဟွာ… ဒီကို ဘာလို့ ရောက်နေတာလဲ ? အစ်ကိုဟွာကို တွေ့သွားကြရင် ခေါင်းဖြတ်ကွပ်မျက်ပစ်လိမ့်မယ်နော်!”

ယွဲ့လင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ဒါ မင်းသားအန်းဟယ်စံအိမ်မှာ…”

မင်းသားအန်းဟယ်စံအိမ်ဟုတ်လား…

သူ ဘာလို့ ဒီစံအိမ်ကို ရောက်နေတာလဲ!

လင်းချင်ချင် ခေတ္တကြက်သေသေသွားခဲ့ပြီး ယွဲ့လင်း၏ အမိန့်တော်ကို ရုတ်တရက်သတိရသွားခဲ့သည်။

ယွဲ့လင်းက သူ့ကို ယွဲ့ဟွာထံ အရံကြင်ယာတော်အဖြစ်ပေးသနားလိုက်ခြင်းဖြစ်သည်။

လင်းချင်ချင် မျက်လုံးများ စိုစွတ်လာခဲ့ပြန်သည်။ သူမအတွက် ယွဲ့လင်းပေးဆပ်ခံရသည့် တန်ဖိုးတွေ များလွန်းနေပါပြီ။

“အစ်ကိုဟွာ…”

လင်းချင်ချင် မျက်ရည်တစ်စက် ကျသွားသည်။

“အရှင်မင်းကြီးက ကျွန်မအပေါ် တကယ် မေတ္တာရှိတာပဲ…အစ်ကိုဟွာ့ဆီမှာ ကျွန်မဘဝကို ပြတ်ပြတ်သားသားမပေး ဆပ်နိုင်တော့ဘူး…”

ယွဲ့ဟွာ နှုတ်ခမ်းများ တွန့်သွားသည်။ လင်းချင်ချင် ဦးနှောက်ထဲ ဘာတွေရှိနေသလဲဆိုတာ ယွဲ့ဟွာ နားမလည်နိုင်တော့ပါ။

“အရှင်မင်းကြီးအပေါ် ကျွန်မတို့ ဒီအတိုင်းပဲ ရက်စက်လိုက်လို့ မဖြစ်ဘူး”

လင်းချင်ချင် ငိုယိုပြီး ဆက်ပြောလေသည်။

ယွဲ့ဟွာ နားမထောင်နိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ပါသည်။

“ဟုတ်ပြီ၊ အရင် နားလိုက်ပါဦး”

အစကတော့ လင်းချင်ချင်ထံမှ သတင်းအချက်အလက်တွေ သူစုံစမ်းချင်ခဲ့တာဖြစ်သည်။ သို့သော်လည်း ယခု အကဲခတ်ကြည့်ရသလောက်တော့ လင်းချင်ချင် ဦးနှောက် ပျက်နေတာ အတော်ကြာလောက်ပါပြီ။။ ထို့ကြောင့် သူမနှင့် အချိန်ကုန်ခံနေလို့ ဘာမှမထူးတော့ပါ။

ယွဲ့ဟွာ ဒီတိုင်းထွက်ခွာသွားခဲ့သည်။

လင်းချင်ချင် ငိုသံတွေ ပိုကျယ်လောင်လာခဲ့သည်။ ယွဲ့လင်းသာမကဘဲ ယွဲ့ဟွာလည်း သူ့ကိုအလွန်ချစ်မြတ်နိုး သည်။

အရှင်မင်းကြီးအတွက် သူ့ခန္ဓာကိုယ်ကို စင်ကြယ်အောင်ထားချင်သဖြင့် အစ်ကိုဟွာ၏နှလုံးသားထဲ ဓားဖြင့် မွှန်းခံနေရသလို ခံစားရလိမ့်မည်။ သို့သော် သူ့ဆန္ဒကို အစ်ကိုဟွာလေးစားပေးခဲ့ပြီး ဒီတိုင်းကျောခိုင်းထွက်ခွာသွားခဲ့သည်။

ဒီယောက်ျားနှစ်ယောက်…

နှစ်ယောက်စလုံးက ပြည့်စုံလွန်းသည်။ နှစ်ယောက်စလုံး သူ့အပေါ် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကြသည်။

ထိုစဉ် လင်းချင်ချင် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ သူ့ နှုတ်မှ ယွဲ့ဟွာတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးမည်ဟု တဖွဖွ ပြောနေခဲ့သော်လည်း… သူ့ရင်ထဲကို ဘယ်ချိန်တုန်းကမှန်းမသိဘဲ ယွဲ့လင်း ရောက်ရှိလာခဲ့ပါပြီ။

ဒီကမ္ဘာကြီးထဲမှာ ယောက်ျားနှစ်ယောက်ကို တစ်ပြိုင် တည်း ချစ်မိနေတာ သူမတစ်ယောက်တည်းတော့ မဟုတ်လောက်ပါ။

လင်းချင်ချင် သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်မိ သည်။ ထိုယောက်ျားနှစ်ယောက်၏ချစ်မေတ္တာများကြောင့် သူ မထိန်းချုပ်နိုင်အောင် ရင်ခုန်ခဲ့မိသည်။ သို့သော် ယနေ့ထိတိုင် သူမ ပြတ်ပြတ်သားသား မရွေးချယ်နိုင်သေးပါ။

ဟူး… ဇာတ်လိုက်မင်းသမီးဖြစ်ရတာ တကယ်ခက်ခဲတာပဲ

လင်းချင်ချင် တစ်ယောက်တည်း ဖြေသိမ့်နေချိန် ယွဲ့ဟွာ စာကြည့်ခန်းထဲ ပြန်ရောက်သွားပြီဖြစ်သည်။ အခြွေအရံ မန်ကျစ်က မချိုမချဉ်အသံလေးဖြင့် ပြောလိုက်သည်။

“အရှင်မင်းသားမှာ အရံကြင်ယာတော်တွေ ဘာတွေတောင်ရှိလာပြီဆိုတော့ သူများတွေကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်နော်”

ယွဲ့ဟွာ စိတ်ရှုပ်ထွေးနေသော်လည်း မန်ကျစ်အသံကိုကြားသောအခါ ချက်ချင်း ရယ်မောလိုက်ပါသည်။

“တခြား ဘယ်သူ့ကိုပဲ ဂရုမစိုက်အားပါစေ၊ ကိုယ့်ကလေးလေး မန်ကျစ်ကိုတော့ ဂရုမစိုက်ဘဲ မနေနိုင်ပါဘူးနော်”

ထို့နောက် မန်ကျစ်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

“ကိုယ့်ကို ဒုက္ခပေးဖို့ အစ်ကိုတော်က အဲ့ဒီလင်းချင်ချင်ကို အသုံးချခဲ့တာ၊ သူ့ကို အရုပ်တစ်ရုပ်လိုပဲ သဘောထားလိုက်စမ်းပါ”

ယွဲ့ဟွာ ရင်ခွင်ထဲ မန်ကျစ်မှီလိုက်ရင်း ယုတ်ညံ့သည့်မျက် လုံးမျိုးဖြင့် မေးလိုက်သည်။

“အရှင်မင်းသား ဆိုလိုချင်တာက သူက အရေးမပါဘူးပေါ့ ဟုတ်လား”

မန်ကျစ် စိတ်ကို ယွဲ့ဟွာ ခန့်မှန်းမိသော်လည်း ခံစားချက်မဲ့စွာပြောလိုက်သည်။

“သေတဲ့အထိတော့ မလုပ်နဲ့နော်”

မန်ကျစ် အပြုံးဖြင့် ခေါင်းညိတ်လိုက်ပါသည်။

ယွဲ့ဟွာ နားထင်တွေကို ပွတ်လိုက်သည်။ ယခု သူ့စံအိမ်ထဲ လင်းချင်ချင် ရုတ်တရက်ရောက်ရှိလာသဖြင့် မန်ကျစ်အပြင်၊ စုစစ်ယောင်နှင့် ဟန်ရှို့ရုန်တို့ကိုပါ ချော့မြူရဦးမည်။ မဟုတ်ပါက သူ့စံအိမ်တစ်ခုလုံး မီးလောင်သွားနိုင် သည်ပင်။

ပြဿနာက အကြီးကြီးတော့ မဟုတ်ပေ။ သူသဘောကျသည့် မိန်းကလေးတိုင်းက နူးညံ့သိမ်မွေ့ပြီး သဘောထား ကြီးကြသည်။ အလွန်ဆုံး တစ်ယောက်ကိုတစ်ယောက် သဝန်တိုမိရုံသာရှိလောက်သည်။ အမှန်တော့ သူ့အတွက် စိတ်ဝင်စားစရာပင် ကောင်းလာနိုင်သေးသည်။

ယွဲ့ဟွာ ထိုသို့တွေးလိုက်ပြီးနောက် အရိုးမရှိသလို နွှဲ့နှောင်းနေသည့် မန်ကျစ်အားပွေ့ချီရင်း ကုတင်ဆီ လျှောက်လှမ်းလာခဲ့တော့သည်။

-

မင်းသားအန်းဟယ်စံအိမ်သို့ လင်းချင်ချင် ရောက်ရှိသွားပြီးနောက် စနစ်ကလည်း ကျန်းကျီမြောင် ဘာတွေသိချင်နေမလဲ နားလည်ပုံရသည်။ ထို့ကြောင့် မင်းသားအန်းဟယ် စံအိမ်နှင့်ပတ်သတ်သည့် အတင်းအဖျင်းတွေကိုသာချက် ချင်းတင်ပြခဲ့သည်။

ကျန်းကျီမြောင်ကလည်း အားရဝမ်းသာဖတ်ရှုလိုက်သည်။

[လင်းချင်ချင်က ယွဲ့ဟွာ တရားဝင်လက်ဆက်ထားတဲ့ ပထမဆုံးမိန်းမပဲ၊ စုစစ်ယောင်က အပေါ်ယံမှာတော့ ဂရုမစိုက်ချင်ယောင် ဆောင်နေပေမယ့် လင်းချင်ချင်ကို မရပ်မနား လေလည်စေမယ့် အဆိပ်တစ်မျိုးပေးထားတယ်၊ ယွဲ့ဟွာကို လင်းချင်ချင် သွားတွေ့တော့ မထိန်းနိုင်ဘဲ လေတွေ ဆက်တိုက်လည်ခဲ့တာ၊ နောက်ဆုံး မထိန်းနိုင်တဲ့အဆုံး ကျင်ကြီးပါထွက်ကျသွားတယ်တဲ့၊ အဲ့တာကို မြင်တော့ ယွဲ့ဟွာ တော်တော် ချောက်ချားသွားပြီး လင်းချင်ချင်နဲ့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူးတဲ့]

[မန်ကျစ်က ယွဲ့ဟွာရဲ့ အနီးကပ်အခြွေအရံလို့ အမည်ခံထားပေမယ့် တကယ်တော့ နှောင်းဧကရာဇ်မင်းကြီး ထားခဲ့တဲ့ လျှို့ဝှက်သတင်းအချက်အလက်ဌာနရဲ့ခေါင်း ဆောင်ပဲ၊ သိုင်းပညာလည်း အရမ်းကျွမ်းပြီး ပြိုင်ဘက်ကင်းတယ်၊ လင်းချင်ချင် အပြင်ထွက်တိုင်း မန်ကျစ်က အတွင်းအားတွေထုတ်သုံးပြီး ခဏခဏ ချော်လဲအောင် လုပ်ခဲ့တယ်၊ လင်းချင်ချင် အိပ်ရာထဲလဲသွားတဲ့အထိတောင် ဒဏ်ရာရသွားခဲ့တာတဲ့]

[စုစစ်ယောင်ကလည်း လင်းချင်ချင်ကို ဝိတ်တက်လာစေမယ့် ဆေးတွေတိုက်ကျွေးခဲ့တယ်၊ အခု လင်းချင်ချင်ရဲ့ ကိုယ်အလေးချိန်က ၁၀ ကျင်းလောက် တက်သွားပြီ]

[မန်ကျစ်က အတွင်းအားတွေထုတ်သုံးပြီး လင်းချင်ချင်ကို ဗိုက်နာအောင်လည်း ခဏခဏလုပ်လေ့ရှိတယ်တဲ့]

အတင်းအဖျင်းတွေ ဖတ်ရင်းနဲ့ ကျန်းကျီမြောင် သက်ပြင်း ချမိသည်။ ယွဲ့ဟွာ၏အနောက်ဆောင်ထဲမှာ စုစစ်ယောင်နှင့် မန်ကျစ်တို့က အတော်လေးရက်စက်ကြမ်းကြုတ်ကြသူများဖြစ်သည်။

သူတို့လက်ထဲ ကျရောက်သွားသည့် လင်းချင်ချင်ကတော့ သူ့ကိုယ်သူ ဘယ်လိုနှိပ်စက်ခံနေရမှန်းတောင်နားလည်မည် မဟုတ်ပါ။

သို့သော် လင်းချင်ချင်အား ကရုဏာသက်ဖို့ရာ ကျန်းကျီမြောင် ပျင်းလွန်းနေသည်။ သူ့ထိုက်နှင့် သူခံရသည်ဟု ပြောရမလိုဖြစ်နေသည်။

နောက်ပိုင်း နေ့ရက်တွေမှာ အနောက်နန်းဆောင် ညီအစ်မတွေအားလုံး ‘ကျန်းဟွမ်ရာဇဝင်’ကိုကြည့်လိုက် မင်းသားအန်းဟယ်စံအိမ်နှင့် ပတ်သတ်သည့် အတင်းအဖျင်းများကို နားထောင်လိုက်နဲ့ အလုပ်များနေခဲ့ကြသည်။

ဒီနေ့တော့ အနောက်နန်းဆောင် ညီအစ်မတွေအားလုံးကို ကျန်းကျီမြောင်သေသေချာချာ အကဲခတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

“ကြင်ယာတော်သဲ့ကို မတွေ့ရတာ ရက်တော်တော်ကြာနေပြီနော်”

All Chapters