အခန်း (၆၁)
Vol. 7 Ch. 61
တီကောင်ကြီးတစ်ကောင်၏တွင်းဟုထင်ရသော ထိုတွင်းကြီး၏အတွင်းပိုင်းမှာ စိုစွတ်အေးစက်နေပြီး ပိန်းပိတ်အောင်မှောင်နေသည်။ကျိုးထောင်ဟွားမှာအောက်သို့ပြုတ်ကျသွားချိန်တွင် ချောက်နက်ကြီးတစ်ခုထဲသို့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
အရမ်းမြင့်တာပဲ ပြုတ်ကျရင်ငါတော့တစ်စစီဖြစ်သွားလောက်တယ်။
ထိုသို့တွေးမိစဥ်မှာပင် အပေါ်ဘက်မှတစ်စုံတစ်ယောက်သည် သူမလက်ကိုလှမ်းဖမ်းလာလေ၏။ခဏချင်းအတွင်းပင် သူမခန္ဓာကိုယ်ထဲသို့ဝိညာဉ်စွမ်းအားများအရှိန်ဖြင့်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
"အစ်ကိုရှန်းမင်လား"
ကျိုးထောင်ဟွားဝမ်းသာအားရ အော်လိုက်မိသည်။
"သေချာကိုင်ထား"
တွင်းထဲသို့ကိုယ်တစ်ဝက်ဝင်နေကာတွဲလောင်းအနေအထားဖြင့်ရှိနေသောရှန်းမင်မှာ ကျိုးထောင်ဟွားအားသတိပေးလိုက်ပြီးနောက် အားဖြင့်ဆွဲတင်လိုက်တော့သည်။
ကျိုးထောင်ဟွား မြေကြီးပေါ်သို့ပြန်ရောက်လာချိန်တွင် အောက်ဘက်ရှိတွင်းနက်ကြီးထံ လှမ်းကြည့်ကာရင်တထိတ်ထိတ်ဖြစ်နေဆဲပင်။
"ညီမထောင်ဟွား အဆင်ပြေရဲ့လား"
ကျိုးရှန့်အန်း စိုးရိမ်တကြီးမေးလိုက်သည်။ကျိုးထောင်ဟွားတစ်ကိုယ်လုံးစိုရွှဲနေပြီး စေးကပ်ကပ်အရာများပေကျံနေသည်ကို မြင်သောအခါသုတ်ပစ်ရန်အတွက်လက်ကိုင်ပုဝါတစ်ထည်ကို အမြန်ကမ်းပေးလိုက်၏။
ရှန်းမင်သည် ကျိုးရှန့်အန်းထံမှလက်ကိုင်ပုဝါကို ထောင်ဟွားလှမ်းယူလိုက်သည်အားကြည့်ရင်း သူ့နှုတ်ခမ်းထက်တွင်အပြုံးဖျော့ဖျော့လေးတစ်ခုပေါ်လာတော့သည်။ထို့နောက် သူသည်လည်းအင်္ကျီထဲမှ လက်ကိုင်ပုဝါအသန့်တစ်ထည်ကို ရှာတွေ့လိုက်၏။သို့သော် သူလှမ်းပေးရန်ပြင်လိုက်စဉ်မှာပင် ထောင်ဟွားမှာကျိုးရှန့်အန်းထံ ထိတ်လန့်တကြားမေးလိုက်သည့်အသံကိုကြားလိုက်ရသည်။
"အစ်ကိုရှန့်အန်း အဆင်ပြေရဲ့လား"
သူလှည့်ကြည့်လိုက်သောအခါ ကျိုးရှန့်အန်းမျက်နှာမှာတစ်ဖက်မှာ ညိုမည်းနေပြီး တစ်ဖက်မှာတော့ခရမ်းရောင်သန်းနေကာ ကြည့်ရသည်မှာအတော်ကြောက်စရာကောင်းနေတော့သည်။ကျိုးရှန့်အန်းမှာမူဇဝေဇဝါဖြစ်နေဟန်ရပြီး ခေါင်းထဲလေးလံလာကာ ထောင်ဟွားပုံရိပ်မှာလည်း ဖြည်းဖြည်းချင်းဝေဝါးလာတော့၏။
မူလနေရာ၌ရပ်နေသော ရွာလူကြီးနှင့်အခြားသူများ ဆူညံသံကြောင့် အပြေးအလွှားရောက်လာကြချိန်တွင်တော့ ကျိုးရှန့်အန်းတစ်ယောက်မြေကြီးပေါ် ခွေခွေလေးကျသွားသည်အားမြင်လိုက်ရသည်။ကျိုးရှန့်အန်းမျက်နှာအားမြင်လိုက်ရချိန်တွင် လူတိုင်းမှာထိတ်လန့်သွားရကာ မျက်လုံးအပြူးသားဖြစ်သွားရ၏။ဒေါ်လေးကျိန့်တို့မှာ အပြေးအလွှားရောက်လာကြပြီး စိုးရိမ်တကြီးပြောလာသည်။
"ရှန့်အန်း သားဘာဖြစ်တာလဲ၊အဖေနဲ့အမေ့ကို မခြောက်ပါနဲ့ကွယ်"
သူတို့ရှန့်အန်းမှာ ယခုနှစ်ထဲတွင်တစ်ကယ်ကိုကံဆိုးရှာနေရသည်။သူသတိလစ်သည်မှာ ယခုအကြိမ်နှင့်ဆိုဒုတိယအကြိမ်ရှိပြီပင်။
"ဒေါ်လေးကျိန့် ဦးလေးကွမ်းခွင် အစ်ကိုရှန့်အန်းကိုမထိကြပါနဲ့ဦး၊သူ့ကိုယ်ထဲမှာ နတ်ဆိုးအငွေ့အသက်တွေရှိနေသေးတယ်"
ကျိုးထောင်ဟွားစကားအဆုံးတွင် ဒေါ်လေးကျိန့်နှင့်ကျိုးကွမ်းခွင်တို့မှာ လှမ်းလက်စလက်များကို ချက်ချင်းပြန်ရုတ်လိုက်ကြသည်။ဒေါ်လေးကျိန့် စိုးရိမ်တကြီးမေးလိုက်၏။
"ရှန့်အန်းက နတ်ဆိုးနဲ့တွေ့ခဲ့တာလား"
သူမ ဘေးဘီဝေ့ကြည့်လိုက်ရာ မြေကြီးထက်ရှိတွင်းနက်ကြီးကိုမြင်သွားတော့၏။
"ခုနက သမီးအောက်ပြုတ်ကျသွားလို့ အစ်ကိုရှန်းမင်က သမီးကိုဆွဲတင်ပေးလိုက်တာလေ၊အဲ့အချိန်မှာပဲ အစ်ကိုရှန့်အန်းကပါ သမီးကိုကူပေးခဲ့တာပါ၊အဲ့ကနေတစ်ဆင့် နတ်ဆိုးအငွေ့အသက်တွေက အစ်ကိုရှန့်အန်းကိုယ်ထဲကိုဝင်သွားတာပဲ၊သမီးမှာကာကွယ်ပေးထားတဲ့ ဝိညာဉ်စွမ်းအားတွေရှိလို့ ဒီနတ်ဆိုးအငွေ့အသက်က ဘာမှမလုပ်နိုင်ပါဘူး၊အစ်ကိုရှန်မင်မှာလဲ နတ်ဆိုးစွမ်းအင်နဲ့ကုသိုလ်စွမ်းအားနှစ်မျိုးလုံးရှိနေတာဆိုတော့ ဒီအငွေ့အသက်ကသူ့ကိုလဲအန္တရာယ်မပေးနိုင်ဘူး"
ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။
ဒေါ်လေးကျိန့်မှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တော့ချေ။ထိုသို့ဆိုလျှင် ရှန့်အန်းတစ်ယောက်တည်းသာ ထိခိုက်သွားခြင်း မဟုတ်ပါလား။
"ထောင်ဟွား ဒေါ်လေးတောင်းဆိုပါတယ်ကွယ် ရှန့်အန်းကိုယ်ထဲကနတ်ဆိုးအငွေ့အသက်တွေကို ဖယ်ပေးပါဦး၊ဒေါ်လေး အခကြေးငွေပေးပါ့မယ်"
ဒေါ်လေးကျိန့်သည် သူမအိတ်ထဲမှ ပိုက်ဆံထုတ်လိုက်၏။
ကျိုးထောင်ဟွား ခေါင်းယမ်းပြလိုက်သည်။
"အစ်ကိုရှန့်အန်းက သမီးကိုကယ်ခဲ့တာကြောင့်သာ အခုလိုဖြစ်သွားရတာပါ"
ကျိုးထောင်ဟွားသည် အရင်ဆုံးမန္တန်ရွတ်ဆိုကာ သူမကိုယ်ပေါ်ရှိနတ်ဆိုးအငွေ့အသက်များအား ဖယ်ရှားလိုက်သည်။မျက်စိတစ်မှိတ်အတွင်း ကျိုးထောင်ဟွားကိုယ်ထဲမှ အနက်ရောင်အခိုးအငွေ့များထွက်လာသည်ကို ဒေါ်လေးကျိန့်တို့မြင်လိုက်ရ၏။သူမကိုယ်အား အနည်းငယ်ခါယမ်းလိုက်ရာ ထိုအနက်ရောင်အခိုးအငွေ့များသည် လုံးဝပျောက်ကွယ်သွားတော့သည်။
ထို့နောက်ချက်ချင်းပင် ကျိုးထောင်ဟွားမှာ ဝိညာဉ်စွမ်းအားကိုလက်ချောင်းထိပ်၌စုစည်းကာ ကျိုးရှန့်အန်းပါးနှစ်ဖက်ပေါ်တွင် မန္တန်တစ်ခုစီဆွဲပေးလိုက်၏။မန္တန်ရွတ်သံနှင့်အတူ မန္တန်နှစ်ခုမှစွမ်းအင်တို့မှာ ကျိုးရှန့်အန်းကိုယ်ထဲသို့တိုက်ရိုက် စိမ့်ဝင်သွားပြီး နတ်ဆိုးအငွေ့အသက်များအားဖယ်ထုတ်လိုက်တော့သည်။
ကျိုးထောင်ဟွားကိုယ်တွင်ဖြစ်သွားခဲ့သည့်အတိုင်း သူ့ကိုယ်ထဲမှလည်းအနက်ရောင်အငွေ့အသက်များထွက်လာလေ၏။ဒေါ်လေးကျိန့်ဝမ်းသာအားရရေရွတ်လာသည်။
"ထောင်ဟွား အဒေါ်တို့ရှန့်အန်းအဆင်ပြေသွားပြီလား"
"ဒေါ်လေးကျိန့် အစ်ကိုရှန့်အန်းမကြာခင် နိုးလာပါလိမ့်မယ်"
ထိုသို့ပြောပြီးကျိုးထောင်ဟွားသည် ငြိမ်းချမ်းခြင်းအဆောင်တစ်ခုအားထုတ်ကာ ကျိုးရှန့်အန်းအင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
"အမလေး ဒီအဆောင်ကပြားတစ်ရာတောင်တန်တာလေ၊အလကားတော့ မယူပါရစေနဲ့"
ဒေါ်လေးကျိန့်မှာ ပိုက်ဆံထပ်ပေးရန်ပြင်လိုက်သော်လည်း ကျိုးထောင်ဟွားအမြန်တားလိုက်သည်။
"ဒေါ်လေးကျိန့် ဒီအဆောင်ကအစ်ကိုရှန့်အန်းအတွက် သမီးဆီကလက်ဆောင်ပါ၊ပိုက်ဆံကိုတော့ လုံးဝလက်မခံပါရစေနဲ့"
ကျိုးထောင်ဟွားစကားပြောနေစဉ်မှာပင် ကျိုးရှန့်အန်းမှာနိုးလာပြီး ရီဝေဝေအခြေအနေမှာပင် ထောင်ဟွားစကားကို ကြားလိုက်ရသဖြင့် သူ့ရင်ထဲတွင်ကြည်နူးမှုများ တဖွားဖွားဖြစ်ပေါ်လာတော့သည်။
"ဒေါ်လေးကျိန့် ဦးလေးကွမ်းခွင်နဲ့အတူ အစ်ကိုရှန့်အန်းကိုပါ ဝါးတောထဲကနေ အမြန်ခေါ်ထုတ်သွားကြပါဦး!"
ကျိုးထောင်ဟွား ထိုသို့ပြောပြီးနောက်ဝါးတောထဲရှိလူအားလုံးထံ အမြန်ထွက်သွားခိုင်းဖို့ ရွာလူကြီးအားလှမ်းအော်ပြောလိုက်သည်။
ဤနေရာသည် နတ်ဆိုး၏အသိုက်အမြုံဖြစ်၏။မြေပုံငယ်လေးတိုင်း၏အောက်တွင် အန္တရာယ်ရှိသောမြေတွင်းများရှိနေပြီး ၎င်းတို့မှာနက်ရှိုင်းရုံသာမကဘဲ နတ်ဆိုးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် စေးကပ်ကပ်အရည်များလည်း ဖုံးလွှမ်းထားသည်။သာမန်လူတစ်ယောက်သာထိမိခဲ့ပါက အသက်အန္တရာယ်စိုးရိမ်ရပေလိမ့်မည်။
ရွာလူကြီး၏ဦးဆောင်မှုဖြင့် ရွာသားများသည် ဝါးတောထဲမှအမြန်ဆုတ်ခွာခဲ့ကြသည်။ရွာသားတစ်ယောက်မှာ စိုးရိမ်တကြီးမေးလာ၏။
"ထောင်ဟွားက ဒီနတ်ဆိုးကိုနိုင်ပါ့မလား"
"အင်း တစ်ကယ်လို့ဒီတစ်ကြိမ်မှာ ရက်မတိုင်တွေကိုပြန်မရခဲ့လို့ နောက်တစ်ခါထပ်ဝယ်လဲ ဒီနတ်ဆိုးကထပ်ခိုးနေဦးမှာပဲ"
နောက်တစ်ယောက်မှလည်း ဝင်ပြောလာသည်။လူတိုင်းမျက်နှာထက်တွင် စိုးရိမ်ရိပ်များယှက်သန်းနေကြ၏။အိမ်များမှာ တစ်ဝက်တစ်ပျက်ဆောက်လက်စဖြစ်နေသလို အိမ်အမိုးတင်ဖို့သာကျန်တော့သည်ပင်။ရက်မတိုင်သာမရှိပါက အုတ်ကြွပ်များလည်းခင်း၍မရနိုင်တော့ချေ။အဘွားစွင်းမှာ ထိုစကားပြောနေသူနှစ်ယောက်အား စိုက်ကြည့်၍ပြောလာသည်။
"ထောင်ဟွားက ဒီယုတ်မာတဲ့နတ်ဆိုးကို ကျိန်းသေနှိမ်နင်းနိုင်မှာမလို့ စိတ်မပူကြစမ်းနဲ့၊သူကငါ့မြေးမလေးလေ ငါသူ့ကိုယုံတယ်"
ဘေးနားတွင်ရှိနေသော ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့မှာ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း အဘွားစွင်းအကြည့်ကြောင့် ပြန်ငြိမ်သွားကြတော့သည်။ကျိုးလျန်ဟွားကလည်း ကျိုးအိမ်ဟောင်းရှိ လူများထံတစ်ချက်လှည့်ကြည့်ကာ ထောက်ခံလာ၏။
"ညီမထောင်ဟွားက တစ်ကယ်နှိမ်နင်းနိုင်မှာပါ၊သမီးတို့ရွာက ဘယ်နတ်ဆိုးမဆိုညီမထောင်ဟွားလက်ထဲ အကုန်ရှုံးနိမ့်သွားတာချည်းပဲလေ"
"ဟမ့်"
ကျိုးရှန့်လင်နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်၏။
"ဒါကတော့ အသေအချာပြောလို့မရဘူးလေ၊ထောင်ဟွားကိုယ်တိုင်ကတောင် ဒီနတ်ဆိုးက အရင်ကထက်ပိုအစွမ်းထက်တယ်လို့ပြောနေတာမလား၊ဒီတစ်ခါတော့ ငါတို့ရွာသားတွေအိမ်အမိုးမတင်နိုင်ဘဲ နေကြရတော့မယ်ထင်တယ်နော်၊ထောင်ဟွားက ဒီနှစ်နှင်းမုန်တိုင်းကြီးကျမယ်ဆိုပြီးပြောခဲ့လို့ မင်းတို့တွေလဲအုတ်တွေ အုတ်ကြွပ်တွေဝယ်ပြီး အိမ်သစ်ဆောက်ကြတာမလား၊အခုအတိုင်းဆို အိမ်အမိုးရှိမယ့်ပုံတောင်မပေါ်တော့ဘူးနော်၊နှင်းကျလာရင်တော့ အမိုးမရှိတဲ့အုတ်အိမ်တွေကငါ့ရဲ့သက်ငယ်မိုးတဲစုတ်လေးလောက်တောင် နေရတာနွေးလာပါ့မလား"
ကျိုးရှန့်လင်စကားဆုံးသည်နှင့် လှောင်ပြောင်သလို သဘောတကျရယ်မောပြလိုက်သည်။ထိုစကားအားကြားလိုက်ရသော ရွာသားများမျက်နှာမှာ အိုးမဲသုတ်ခံလိုက်ရသည့်အလား မည်းမှောင်သွားတော့၏။
ဝါးတောအတွင်း၌မူ ကျိုးထောင်ဟွားသည်ရှန်းမင်ထံ သံသယဖြင့်ကြည့်လိုက်သည်။
"အစ်ကိုရှန်းမင် ဘာလို့မပြန်သေးတာလဲ၊ဒီနတ်ဆိုးကအစွမ်းထက်ရုံတင်မကဘူး သူ့ရဲ့အကျိအချွဲတွေမှာလဲ နတ်ဆိုးအငွေ့အသက်တွေအများကြီးပါတယ်နော်"
"မင်းပဲပြောခဲ့တာမလား အစ်ကို့မှာနတ်ဆိုးစွမ်းအင်နဲ့ကုသိုလ်စွမ်းအားတွေရှိနေတာမလို့ ဒီအငွေ့အသက်တွေကဘာမှမလုပ်နိုင်ဘူးဆိုပြီးလေ၊အသက်အန္တရာယ်မရှိမှတော့ အစ်ကိုလဲဒီမှာနေလို့ ရတာပေါ့"
ရှန်းမင်တွင် ထူထဲသောနတ်ဆိုးစွမ်းအင်နှင့်ကုသိုလ်စွမ်းအားများရှိနေသော်လည်း သူသည်ဝိညာဉ်ရေးရာတာအိုပညာရပ်များကို နားလည်သူမဟုတ်ပေ။ထို့ကြောင့် ကျိုးထောင်ဟွားသည် ရှန်းမင်အသက်ကို လောင်းကြေးမထပ်ဝံ့ပါချေ။
"အစ်ကိုရှန်းမင် ဒါဆိုလဲဒီမှာပဲနေပြီးတော့ လုံးဝမလှုပ်နဲ့နော်၊ညီမရှေ့တက်ပြီး သူထွက်လာအောင် လှုံ့ဆော်မလို့"
ကျိုးထောင်ဟွား ထွက်သွားရန်ပြင်လိုက်စဉ် ရှန်းမင်လှမ်းမေးလိုက်သည်။
"ဒီတစ်ခါက ဘယ်လိုနတ်ဆိုးမျိုးလဲ"
"တီကောင်နတ်ဆိုးပဲ"
ထိုစကားသုံးလုံးပြောခဲ့ပြီး ကျိုးထောင်ဟွားမှာ ရှေ့သို့တိုးသွားတော့သည်။သူမသည် တွင်းဝငါးခုကိုရွေးချယ်လိုက်ပြီးနောက် တွင်းအဝင်ဝတွင်ဝိညာဉ်စွမ်းအားဖြင့်အစီအရင်များပြုလုပ်ကာ အဆောင်တစ်ခုစီကပ်လိုက်၏။ထို့နောက် တွင်းဝငါးခုအလယ်ဗဟိုတွင်ရပ်ကာ အော်ဟစ်လိုက်သည်။
"တောက်ပသောဓာတ်ကြီးငါးပါးမီးတောက် အရာအားလုံးကိုဖျက်ဆီးပစ်စေ"
စကားဆုံးသည်နှင့် တွင်းဝငါးခုစလုံးရှိအဆောင်များမှာ မီးတောက်သွားပြီးအောက်ဘက်သို့ အရှိန်ဖြင့်ဆင်းသွားတော့သည်။ရှန်းမင်သည် ထောင်ဟွားနှင့်မီတာနှစ်ဆယ်ခန့်အကွာတွင် ရှိနေသော်လည်း သူ့ခြေထောက်အောက်ရှိ အပူရှိန်ပြင်းပြင်းကိုခံစားနေရ၏။
မီးတောက်များတွင်းထဲသို့ စီးဝင်သွားသည်နှင့် အတွင်းမှနေရှူးရှူးရှဲရှဲအသံများ ထွက်ပေါ်လာပြီး တွင်းဝမှမီးခိုးလုံးကြီးများ လွင့်တက်လာတော့သည်။ကျိုးထောင်ဟွားသည် စိုးရိမ်တကြီးဖြင့် တွင်းဝများအားကြည့်နေစဉ်မှာပင် ခြေထောက်အောက်ရှိမြေကြီးမှာ ပြင်းပြင်းထန်ထန်တုန်ခါသွားတော့၏။ငလျင်ကဲ့သို့ဤတုန်ခါမှုကို ဝါးတောအပြင်ဘက်ရှိ ရွာလူကြီးတို့ပင်ခံစားလိုက်ရသည်။အသက်ကြီးသူအချို့ဆိုလျှင် လဲကျလုနီးပါးပင်ဖြစ်သွားရ၏။
ရွာလူကြီးမှ အမြန်အော်ပြောသည်။
"အားလုံးဘေးကင်းရာကိုမြန်မြန်ဆုတ်ကြ"
"ဟိုမှာကြည့်လိုက်ဦး အဲဒါ ဘာကြီးလဲ"
ထိုစဉ်မှာပင် တုတ်ခိုင်ရှည်လျားသောအရာကြီးတစ်ခုမှာ ဝါးတောထဲမှပျံထွက်လာပြီး ကောင်းကင်သို့ထိုးတက်သွားပြီးနောက်မှ ကျိုးထောင်ဟွားရှိရာသို့တည့်တည့်မတ်မတ်ပြန်ကျလာတော့သည်။ချမ်ရှီတို့မှာ ထိတ်လန့်သွားရ၏။ဤအရာကြီးမှာ တီကောင်ကြီးတစ်ကောင်နှင့်တူနေသည်ပင်။
သူ့ခန္ဓာကိုယ်မှာ လူကြီးတစ်ယောက်ခါးလောက်ရှိပြီး အရှည်မှာလေးမီတာကျော်ခန့်ရှိသည်။တစ်ကိုယ်လုံးတွင်လည်း စေးကပ်ကပ်အကျိအချွဲများဖြင့် ဖုံးလွှမ်းနေကာ အလွန်ရွံရှာဖွယ်ကောင်းလှ၏။တစ်ပြိုင်နက်တည်းမှာပင် ပုပ်အဲ့အဲ့အနံ့ဆိုးကြီးလည်း ပျံ့လွင့်လာတော့သည်။