အခန်း (၆၄)
Vol. 7 Ch. 64
ရွာတစ်ရွာလုံးမှာ ဆွတ်ဆွတ်ဖြူသောနှင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ရွာသားများမှာ တောင်ခြေရှိထင်းများကို အလုအယက်သယ်ပြန်လာကြ၏။
"အဖေအိမ်ထဲမြန်မြန်ဝင်လာတော့၊အပြင်မှာ အရမ်းအေးတယ်"
ကျိုးကွမ်ကျူးနှင့်ကျိုးရှန်းရှန့်တို့သည် ထင်းစည်းကြီးများထမ်းကာ လေပြင်းများကြားမှပြန်လာကြသည်။ဤထင်းများသည် ရှေ့လာမည့်သုံးရက်တာနှင်းမုန်တိုင်းအတွင်း သူတို့အတွက်အပူဓာတ်ပေးမည့် အရင်းအမြစ်များပင်။နှင်းမုန်တိုင်းမှာ သုံးရက်နှင့်သုံးညတိုင်တိုင် ကြာမြင့်မည်ဖြစ်ကြောင်း၊ထိုကာလအတွင်း ထင်းခုတ်ထွက်ရန်မဖြစ်နိုင်ကြောင်း ထောင်ဟွားမှကြိုတင်သတိပေးထားသဖြင့် သူတို့လည်းထင်းများကို အလုံအလောက်စုဆောင်းထားကြရသည်။
ကျိုးမိသားစုအိမ်တွင် နတ်ဆိုးလေးကောင်ရှိလေရာ သူတို့သည်အနောက်ဘက်တံတိုင်းနားတွင် သက်ငယ်မိုးတဲလေးတစ်ခုဆောက်ထားပြီး ထိုတဲထဲတွင်ထင်းများအပြည့်စုပုံထားသည်မှာ သုံးရက်မကဆောင်းတွင်းတစ်ခုလုံးစာပင် လောက်ငှပေ၏။
အိမ်ဆောက်စဉ်ကတည်းမှ ကျိုးထောင်ဟွားသည် အမြော်အမြင်ရှိစွာဖြင့် အခန်းလေးခန်းစလုံးကို အချို့နေရာများ၌ပြောင်းလဲပြင်ဆင်ထားခဲ့သည်။အရှေ့ခန်းနှင့် အနောက်ခန်း၌အပူပေးကုတင်များထားရှိရုံသာမက အိမ်ခန်းမကြီးနှင့်မီးဖိုချောင်အထိပါ တစ်အိမ်လုံးနွေးထွေးနေစေရန် စီမံထားခဲ့၏။ထင်းအားမီးစွဲသွားသည်နှင့် အပူရှိန်မှာအခန်းလေးခန်းစလုံးသို့ ပျံ့နှံ့သွားတော့သည်။
ကျိုးထောင်ဟွားသည် အိမ်ခန်းမကြီးရှေ့တွင်ရပ်ကာ နှင်းထုအောက်၌အဖြူရောင်စောင်ကြီး ခြုံထားသကဲ့သို့ဖြစ်နေသော သူမခြံဝင်းလေးကို ငေးကြည့်နေမိ၏။တံခါးနည်းနည်းဟလိုက်ရုံဖြင့်ပင် ချမ်းစိမ့်စိမ့်လေအေးများမှာ သူမမျက်လုံးများကို စပ်ဖျဉ်းသွားစေပြီး အေးစက်စက်နှင်းပွင့်များမှာလည်း လည်ပင်းအတွင်းသို့တိုးဝင်လာသဖြင့် သူမတုန်တက်သွားရကာ တံခါးကိုအမြန်ပြန်ပိတ်လိုက်ရသည်။ချမ်ရှီမှာ အံ့သြတကြီးဖြင့်ပြောလာ၏။
"နှင်းတွေက တစ်ကယ်အများကြီးပဲကွယ်၊အရင်နှစ်တွေမှာကျနေကျထက်ကို ပိုသည်းတာပဲ၊အမေ့အသက်၃၀ကျော်အတွင်း ဒီလောက်နှင်းထူတာတစ်ခါမှမမြင်ဖူးဘူး"
ခဏချင်းအတွင်းမှာပင် မြေပြင်တစ်ခုလုံးဖြူဖွေးသွားတော့သည်။သို့သော် အိမ်ထဲတွင်နွေးထွေးနေသဖြင့် အပြင်ဘက်ရှိနှင်းမုန်တိုင်းကို သူတို့စိုးရိမ်စရာမလိုပေ။အခြားရွာသားများမှာလည်း ထို့အတူပင်။အပြင်ဘက်ရှိ အေးစက်စက်လေပြင်းတိုက်သံများကိုဂရုမစိုက်ဘဲ ညစာစောစောစားကာ အပူပေးကုတင်ပေါ်တွင်သာ နွေးနွေးထွေးထွေးအနားယူလိုက်ကြသည်။
နောက်တစ်နေ့မနက်တွင်လည်း နှင်းမုန်တိုင်းမှာတိုက်ခတ်နေဆဲပင်။တံခါးဖွင့်လိုက်သည်နှင့် နှင်းထုမှာတစ်ပေခန့်ထိမြင့်တက်နေပြီး အိမ်ခန်းမကြီးတံခါးဝကိုပင်ပိတ်လုနီးပါးဖြစ်နေ၏။ခြေလှမ်းတိုင်းတွင်လည်း နှင်းများအားနင်းလျှောက်သံတစွက်စွက်ထွက်နေပြီး အိမ်ခန်းမကြီးမှ မီးဖိုချောင်ထိသွားဖို့ရန်မှာပင် ခဲယဉ်းလှသည်။ထိုအကွာအဝေးတိုတိုအတွင်းမှာပင် လူတိုင်းမှာချမ်းလွန်းသဖြင့် တုန်ရီနေကြသော်လည်း ဝမ်းစာအတွက်မီးဖိုချောင်သို့သွားကာ ချက်ပြုတ်ကြရ၏။အဘွားစွင်းမှာ မီးဖိုချောင်တံခါးနောက်မှနေ အပြင်သို့လှမ်းကြည့်ရင်းချီးကျူးနေတော့သည်။
"ထောင်ဟွားလေးကတော့ တစ်ကယ်ကိုအံ့သြဖို့ကောင်းတာပဲ၊နှင်းမုန်တိုင်းကျမယ်လို့ သူပြောတဲ့အတိုင်းတစ်ကယ်ကျလာတယ်၊ငါ့တစ်သက်မှာ ဒီလောက်နှင်းထူတာမျိုး တစ်ခါမှမမြင်ဖူးဘူး၊တစ်ကယ်လို့ ငါတို့သာအိမ်ဟောင်းမှာပဲဆက်နေ,နေတုန်းဆိုရင် သက်ငယ်မိုးတွေကဒီနှင်းထုဒဏ်ကို ဘယ်လိုလုပ်ခံနိုင်မှာလဲ ပြိုကျကုန်မှာကျိန်းသေပဲ၊ဟိုမှာ တံခါးဝက သစ်ပင်တွေကိုကြည့်လိုက်ကြဦး၊နှင်းတွေကလေးလွန်းလို့ သစ်ကိုင်းတွေတောင်ကျိုးတော့မလိုကွေးနေပြီ"
အဘွားစွင်း၏ကျိုးထောင်ဟွားအပေါ် လေးစားအားကိုးစိတ်မှာ ပို၍ခိုင်မာလာတော့သည်။တစ်ညအတွင်းမှာပင် ကျိုးကျားရွာတစ်ရွာလုံး အဖြူရောင်ဝါဂွမ်းစောင်ကြီးကို ခြုံထားသကဲ့သို့ဖြစ်နေ၏။ရှန်းမင်သည် အပြင်ဘက်ရှိနှင်းပုံကြီးထံငေးကြည့်ရင်း ကျိုးထောင်ဟွားပေးထားသောအကာအကွယ်အဆောင်လေးကို အင်္ကျီရင်ဘတ်ထဲမှနေ ဖြည်းဖြည်းချင်းထုတ်ကြည့်နေမိသည်။
ကျိုးရှန့်အန်းမှာလည်း ရက်အနည်းငယ်ကြာအနားယူပြီးနောက် ကျန်းမာရေးပြန်ကောင်းလာပြီပင်။သူသည်လည်း ထောင်ဟွားပေးထားသော ငြိမ်းချမ်းခြင်းအဆောင်လေးကို ထုတ်ကြည့်ကာ မျက်ဝန်းထဲတွင် အပြုံးရိပ်များယှက်သန်းနေတော့၏။
သို့သော် ကျိုးရှန့်လင်အိမ်မှာမူ
ကျိုးရှန့်လင်သည် ကုတင်ပေါ်တွင်ကွေးနေပြီး ချမ်းလွန်းသဖြင့်တစ်ကိုယ်လုံးတုန်ရီနေသည်။အခန်းထဲသို့ လေအေးများတိုးဝင်နေပြီး နံရံအက်ကြောင်းများကြားမှတစ်ဆင့် နှင်းပွင့်များပင်ဝင်လာတတ်သေးရာ သူကျိန်ဆဲမိတော့၏။
"ဒီအစုတ်ပလုတ်နှင်းမုန်တိုင်းက ဘယ်တော့မှပြီးမှာလဲကွာ"
တစ်ကယ်ကို ချမ်းအေးလှသည်။ထောင်ဟွားပြောသကဲ့သို့ သုံးရက်နှင့်သုံးညတိုင်တိုင် တစ်ကယ်ကြာနေဦးမည်လား။ထိုစဉ် ရုတ်ချည်းဆိုသလို ငန်းမွှေးများကဲ့သို့နှင်းပုံကြီးတစ်ခုမှာ အပေါ်မှနေပြုတ်ကျလာတော့သည်။သူမော့ကြည့်လိုက်ရာ အိမ်ခေါင်မိုးသည် အက်ကွဲသွားပြီး နှင်းခဲကြီးများကျဆင်းလာသည်ကို တွေ့လိုက်ရ၏။
*ဂျွတ် ဂျွတ်*
အိမ်ခေါင်မိုးမှအသံများမှာ ပိုကျယ်လာပြီး နှင်းထုဒဏ်ကြောင့် ပြိုကျတော့မည့်အလား ဖြစ်နေသည်။ကျိုးရှန့်လင်မှာ ထိတ်လန့်တကြားဖြင့် ကုတင်ပေါ်မှခုန်ဆင်းလိုက်ရ၏။သူ့ဖိနပ်ပင်မစီးရသေးမီမှာပင် ဧရာမနှင်းပုံကြီးမှာကုတင်ပေါ်သို့ ဝုန်းကနဲပြုတ်ကျလာပြီး သက်ငယ်မိုးအချို့လည်းပါလာတော့သည်။
ကျိုးရှန့်လင်အိမ်ခေါင်မိုးအားမော့ကြည့်လိုက်စဉ်မှာပင် အိမ်ခေါင်မိုးတိုင်များမှာလည်း နှင်းထုဒဏ်ကိုမခံနိုင်တော့ဘဲ တဂျွတ်ဂျွတ်ဖြင့်ကျိုးထွက်သွားကာ တစ်အိမ်လုံးဝုန်းကနဲပြိုကျသွားတော့၏။ခြေဗလာဖြစ်နေသော ကျိုးရှန့်လင်သည် တံခါးကိုအတင်းတွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်ခဲ့ရတော့သည်။
ခြေထောက်အောက်ရှိ အေးစက်စက်နှင်းပုံကြီးထက် သူ့နောက်ရှိတဝုန်းဝုန်းဖြင့်ပြိုကျပျက်စီးသွားသော အိမ်မှာပို၍ထိတ်လန့်စရာကောင်းနေသည်။ကြောက်လန့်တကြားဖြင့် သူငေးကြည့်နေစဉ်မှာပင် အရှေ့ဘက်ခန်းဆီမှအော်ဟစ်သံတစ်သံကို ကြားလိုက်ရ၏။ထိုအခါမှ သူ့မိခင်လည်းအိမ်ထဲတွင်ကျန်နေခဲ့မှန်း သတိရတော့သည်။
ကျိုးရှန့်လင်၏အိမ်ပြိုသံမှာ တစ်ရွာလုံးကိုတုန်လှုပ်သွားစေပြီး ဘေးအိမ်ရှိအိမ်နီးနားချင်းများလည်း လန့်နိုးကုန်ကြ၏။ဘေးအိမ်တွင်နေသော ရွာလူကြီးသည် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။
"ဘာဖြစ်တာလဲ"
အဘွားယန်လည်း ပြန်ဖြေလိုက်သည်။
"ရှန့်လင်တို့အိမ်ဘက်က အသံကြားရတာပဲ"
ရွာလူကြီးသည် မီးဖိုချောင်တံခါးကိုဖွင့်ကာ နှင်းမုန်တိုင်းကြားမှလှမ်းကြည့်လိုက်ရာ ရှန့်လင်၏အိမ်ခေါင်မိုးမှာပျောက်ကွယ်နေပြီး နံရံတစ်ဝက်ခန့်မှာလည်းပြိုကျနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။
"ဒုက္ခပဲ မကောင်းတာတစ်ခုခုတော့ဖြစ်သွားပြီ၊ရှန့်လင်ရဲ့အိမ်ခေါင်မိုး ပြိုကျသွားပြီဟေ့"
ရွာလူကြီးမှာ ထိုသို့အော်ဟစ်ရင်းအိမ်ပြင်သို့ပြေးထွက်သွားတော့သည်။
"အမေ အမေ"
ကျိုးရှန့်လင်သည် ငိုယိုကာပင်အရှေ့ခန်းကုတင်ရှိရာနေရာမှ နှင်းများကိုလက်ဗလာဖြင့် အသည်းအသန်တူးဆွနေတော့သည်။ရှန့်လင်အော်သံကိုကြားသည်နှင့် ရွာသားများမှာလည်း နှင်းများကြားမှနေ အပြေးထွက်လာကြတော့၏။ကျိုးအာ့ရှုသည် အိမ်ထဲပြန်ဝင်လာပြီးအလောတကြီးအသိပေးကာ ဦးထုပ်ဆောင်း၍ အကူအညီပေးရန်ပြန်ထွက်သွားတော့သည်။
"အခြေအနေ မကောင်းဘူး၊ရှုရှီတစ်ယောက် နှင်းအောက်မှာပိနေပြီထင်တယ်"
ချမ်ရှီသည် အချိန်ကြာလွန်း၍ယိုယွင်းနေပြီဖြစ်သော ရှန့်လင်တဲစုတ်လေးမှာ ယခုနှစ်နှင်းထုဒဏ်ကို မခံနိုင်မှန်းသိနေခဲ့သည်။
"ရှုရှီက ကျန်းမာရေးလဲကောင်းတာမဟုတ်ဘူး၊အခုခေါင်မိုးပိပြီး နှင်းထဲမှာ မြုပ်နေတာဆိုတော့..."
သူမသည် စကားကိုဆုံးအောင်မပြောဘဲ အဝတ်ကိုသာတင်းတင်းစိပြီးကူညီရန် လိုက်သွားတော့သည်။ကျိုးထောင်ဟွားသည် အခန်းထဲရှိနတ်ဆိုးလေးကောင်အားကြည့်ကာ ဒူးရင်းသီးနတ်ဆိုးလေးကို အိမ်စောင့်ထားခဲ့ပြီး ကျန်သုံးကောင်ကိုခေါ်ကာ ရှန့်လင်အိမ်ဘက်သို့ကူညီရန်ထွက်လာခဲ့၏။ထောင်ဟွားသည် ထီးတစ်လက်ကိုဆောင်းကာ လူသန်ကြီးပုခုံးထက်တွင်ထိုင်လျက် ရှန့်လင်တို့အိမ်ဘက်သို့ ဦးတည်လိုက်သည်။
ရွာသားများသည် ခါးသက်လှသည့်အအေးဒဏ်ကိုအန်တုကာ ရှုရှီအားရှာတွေ့ရန် နှင်းများကိုလက်ဖြင့်အမြန်တူးဆွနေကြ၏။အချို့မှာ တူးရွင်းများ ပေါက်တူးများဖြင့်ပြိုကျနေသော သစ်သားတိုင်များကို ဂရုတစိုက်မတင်လိုက်ကြသည်။
ရှုရှီအားကယ်ထုတ်နိုင်သွားချိန်တွင် သူမခန္ဓာကိုယ်မှာဖိအားဒဏ်ကြောင့် ပုံပျက်နေပြီဖြစ်ပြီး သတိလစ်နေကာတစ်ကိုယ်လုံးလည်းအေးစက်တောင့်တင်းနေ၏။
"အမေ ထပါဦး"
ကျိုးရှန့်လင်သည် မိခင်ကိုမြင်သည်နှင့် ရှိုက်ကြီးတငင်ငိုကျွေးကာလှုပ်နှိုးလိုက်သည်။ရွာသားတစ်ယောက်မှာ ရှုရှီနှာခေါင်းနား လက်ကပ်ကြည့်ပြီးအော်ပြောလိုက်၏။
"အသက်ရှူနေသေးတယ်ကွ"
ရွာလူကြီး အမိန့်ပေးလိုက်သည်။
"ငါ့အိမ်ကို မြန်မြန်သယ်သွားလိုက်ကြ"
ကျိုးရှန့်လင်သည် ငိုယိုလျက်ပင်ရွာလူကြီးအိမ်သို့လိုက်သွားတော့သည်။အဘွားယန်သည် ရှန့်လင်မှာခြေဗလာဖြစ်နေသည်အားမြင်သည်နှင့် ဖိနပ်တစ်ရံပေးစီးလိုက်၏။ကျိုးရှန့်လင်မှာ ရှိုက်ကြီးတငင်ငိုကြွေးရင်း ကျိုးရှန့်ဖျင်အားမေးလိုက်သည်။
"အဘိုးရှန့်ဖျင် ကျွန်တော့်အမေဘယ်လိုနေသေးလဲဟင်"