အခန်း (၆၆)
Vol. 7 Ch. 66
"နင့်ကိုကူညီလိုက်ရင် ငါ့ဆီမှာဘာအကျိုးကျေးဇူးတွေများရှိလာမှာမလို့လဲ၊ငါမန္တန်တစ်ကြိမ်ရွတ်လိုက်တာနဲ့ ဝိညာဉ်စွမ်းအားတွေကကုန်သွားတယ်၊ငါ့ဝိညာဉ်စွမ်းအားတွေက အလကားရတယ်လို့ နင်ထင်နေတာလား၊ငါကမန္တန်တစ်ကြိမ်ရွတ်ပေးရရင် တစ်တေးယူတာကို နင်ကဒူးတစ်ကြိမ်ထောက်ပြီး တစ်တေးတန်တဲ့အကူအညီလိုချင်နေတာလား"
ကျိုးထောင်ဟွား ပြန်လည်ချေပလိုက်သည်။
ကျိုးရှန့်လင်သည် သူမအားကြည့်ကာ ခဏတာမှင်တက်သွားပြီးနောက် ချက်ချင်းပြန်ပြောလာ၏။
"ငါ အကြွေးစာချုပ်မှာလက်မှတ်ထိုးပေးပါ့မယ်၊နောက်ကျရင် ငါရှာလို့ရတဲ့ပိုက်ဆံနဲ့ ပြန်ဆပ်မှာပါ"
ကျိုးထောင်ဟွားအားကြည့်ရင်း ကျိုးရှန့်လင်မှာအရှက်ရစိတ်တို့တဖွားဖွားဖြစ်ပေါ်လာသည်။အမှန်တော့ သူသည် မည်သည့်ကြိုးစားအားထုတ်မှုမှမလုပ်ဘဲ အကူအညီကိုသာ အလကားတောင်းခံရန် စဉ်းစားခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ငြင်းပယ်ခံရလိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။
လွန်ခဲ့သောရက်ပိုင်းတွင် အဘိုးရှန့်ဖျင်မှာ သူ့မိခင်အား အလကားဆေးကုပေးခဲ့သလို ဆေးဆယ်အိုးစာကိုလည်း အလကားပေးခဲ့သည်။ရွာလူကြီးနှင့်အဘွားယန်တို့သည်လည်း သူ့အိမ်ခေါင်မိုးပြိုကျသွားသည်ကိုမြင်သောအခါ သူတို့သားအမိကိုခေါ်ယူကျွေးမွေးထားပြီး နေစရာပေးခဲ့၏။
မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်တွင်လည်း ဤနေရာ၌ပင်အရိပ်စင်ဆောက်ခွင့်ပေးခဲ့ကြသည်။ရွာသားအားလုံးသည်လည်း မိခင်ဖြစ်သူသေဆုံးပြီဖြစ်ကြောင်းသိသိချင်းပင် ငွေစက္ကူများဖြင့် ရွှေတုံးငွေတုံးများလာရောက်ကူညီလုပ်ပေးခဲ့ကြ၏။အိမ်ခြေတစ်ရာကျော်ရှိသော ရွာသားများမှာ တစ်အိမ်လျှင်ပြားတစ်ရာ စီထည့်ဝင်ကြရာ မိခင်ဖြစ်သူအတွက် ခေါင်းတလားဝယ်ရန်လုံလောက်သွားခဲ့သည်။
ဤရက်ပိုင်းအတွင်း သူသည်အကူအညီများစွာကိုရရှိခဲ့သဖြင့် မိမိမှာအိမ်မရှိသလို မိခင်လည်းမရှိတော့သည့်တိုင်အောင် လူတိုင်းမှာသူ့အားအမြဲကူညီနေကြဦးမည်ဟု ထင်မှတ်နေခဲ့ခြင်းပင်။ကျိုးထောင်ဟွားမှ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ချိန်မှသာ သူသတိဝင်လာတော့သည်။သူတစ်ပါး၏အကူအညီဆိုသည်မှာ အလိုလိုရယူနေရမည့်အရာမဟုတ်မှန်း ရုတ်တရက်သူနားလည်သွားခဲ့လေပြီ။
ကျိုးရှန့်လင်သည် အကြွေးစာချုပ်ပေါ်တွင်လက်ဗွေနှိပ်ကာ ကျိုးထောင်ဟွားထံ ကမ်းပေးလိုက်သည်။ကျိုးထောင်ဟွားမှာ စာချုပ်ကိုသိမ်းလိုက်ပြီးနောက် မန္တန်တစ်ခုရွတ်ဆိုကာ ကျိုးရှန့်လင်၏ယင်ယန်မျက်လုံးကို ဖွင့်ပေးလိုက်၏။
ချက်ချင်းဆိုသလိုပင် သူ့အနောက်တွင် ရပ်နေသော ရှုရှီအားသူမြင်လိုက်ရတော့သည်။
သူမခန္ဓာကိုယ်မှာ မြူခိုးလေးတစ်ခုအလားဖြစ်နေပြီး ကျိုးရှန့်လင်မှလှမ်းထိရန်လုပ်လိုက်သော်ငြား မရပါချေ။ကျိုးရှန့်လင်သည် ဝိညာဉ်ရေးရာနှင့်တာအိုပညာရပ်များကို နားမလည်သော်လည်း ရှုရှီဝိညာဉ်မှာ အလွန်အားနည်းနေသည်ဟု ခံစားမိလိုက်သည်။ကျိုးထောင်ဟွားထံ သူအလျင်အမြန်မေးလိုက်၏။
"ညီမထောင်ဟွား ငါ့အမေကဘာဖြစ်နေတာလဲ"
"ဒေါ်လေးကသေပြီးပြီးချင်း ဝိညာဉ်ပို့ဆောင်သူတွေနဲ့အတူ မြေအောက်ကမ္ဘာကိုလိုက်မသွားခဲ့ဘဲ လူ့ပြည်မှာဆက်နေခဲ့လို့ သူ့ဝိညာဉ်မှာထိခိုက်မှုတွေရှိနေတာ၊တစ်ကယ်လို့ ခုနစ်ရက်အတွင်းသာ မြေအောက်ကမ္ဘာဆီမသွားခဲ့ရင် လူ့ပြည်မှာပဲပိတ်မိနေတာဖြစ်ဖြစ် ပိတ်မိဖို့တောင်အခွင့်အရေးမရဘဲ ဝိညာဉ်ကဒီအတိုင်းပဲ ပျောက်ကွယ်သွားတာဖြစ်ဖြစ် ဖြစ်သွားလိမ့်မယ်"
ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။
ရှုရှီသည် မူလကတည်းမှကျန်းမာရေးမကောင်းသူဖြစ်ရာ သေဆုံးပြီးနောက်တွင်လည်း သူမဝိညာဉ်မှာသာမန်သရဲများထက် အားပိုနည်းနေခဲ့၏။လူ့ပြည်တွင် ခြောက်ရက်တိုင်တိုင် ဤအခြေအနေနှင့် ခံနိုင်ရည်ရှိနေသည်မှာပင် အတော်လေးအံ့သြစရာကောင်းနေပြီပင်။
ထိုစကားကိုကြားသောအခါ ကျိုးရှန့်လင်ထိတ်လန့်သွားပြီး ကမန်းကတန်းတောင်းဆိုလိုက်သည်။
"အမေ မြန်မြန်သွားပါတော့"
ရှုရှီမှာလည်း သားဖြစ်သူနှင့် နောက်တစ်ကြိမ်စကားပြောခွင့်ထပ်ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူမ မှာစရာရှိသည်တို့အား မှာကြားလိုက်သည်။
"ရှန့်လင် နောက်ပိုင်းမှာအခက်အခဲတစ်ခုခုရှိခဲ့ရင် ရွာလူကြီးအဘိုးနဲ့အဘွားယန်တို့ဆီကိုသွားနော်၊သူတို့က မင်းကို ကူညီပါလိမ့်မယ်"
သူမသေဆုံးပြီးနောက် သားဖြစ်သူမှာ မိဘမဲ့တစ်ဦးဖြစ်သွားမည်အားတွေးမိတိုင်း ရှုရှီရင်ထဲတွင် တဆစ်ဆစ်နာကျင်နေရသည်။သို့သော်ထင်မှတ်မထားပါဘဲ ဤတစ်ကြိမ်တွင်တော့ ကျိုးရှန့်လင်မှာသူမအားငြင်းပယ်လိုက်၏။
"အမေ သားကအခုဆယ့်ကိုးနှစ်ရှိနေပါပြီ၊ကိုးနှစ်အရွယ် ကလေးမဟုတ်တော့ဘူး၊ရှန်းမင်ဆိုရင် ဆယ့်နှစ်နှစ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တာဆိုပေမယ့် အခုထိသူကိုယ်သူ ကောင်းကောင်းစောင့်ရှောက်နိုင်ရုံတင်မကဘူး အုတ်အိမ်ကြီးတောင် ဆောက်နိုင်နေပြီ၊သားကသူ့လောက် အားမသန်သလိုအမဲလဲမလိုက်တတ်ပေမယ့် ကြိုးစားပမ်းစားအလုပ်လုပ်ပြီး ဒုက္ခခံမယ်ဆိုရင် သားလဲကိုယ့်ဝမ်းစာကို ကိုယ်ကျောင်းနိုင်မယ်လို့ ယုံကြည်ပါတယ်၊အနည်းဆုံးတော့ အခုလိုအိမ်ခေါင်မိုးပြိုကျလို့ အမေ့ရဲ့အရိပ်စင်တောင်ထားစရာမရှိဘဲ ရွာလူကြီးအိမ်မှာ လာအားကိုးနေရတဲ့အဖြစ်မျိုးထပ်အဖြစ်မခံတော့ပါဘူး"
ကျိုးရှန့်လင်သည် စကားပြောရင်းပင်နောင်တကြီးစွာရနေမိသည်။အကယ်၍ လွန်ခဲ့သောလအနည်းငယ်၌သာ လူတိုင်းနှင့်အတူ မြေရိုင်းဖော်ပြီးဆေးပင်များစိုက်ခဲ့မည်ဆိုလျှင် ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ရှုရှီသည် ကျိုးရှန့်လင်အား အံ့သြတကြီးဖြင့်ကြည့်နေမိသည်။သူမသားဖြစ်သူထံမှ ဤစကားမျိုးပြောလာလိမ့်မည်ဟု သူမ,မယုံနိုင်အောင်ဖြစ်နေရ၏။သူမသည် မျက်ရည်များကြားမှပြုံးကာ ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည်။
"အမေ သားကိုယုံပါတယ်"
"အမေ စိတ်မပူပါနဲ့၊သား နောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သေချာဂရုစိုက်ပါ့မယ်၊အမေ စိတ်အေးအေးထားပြီး မြေအောက်ကမ္ဘာကိုသာသွားပါတော့၊လူ့ပြည်မှာ ဆက်မနေပါနဲ့တော့နော်"
ကျိုးရှန့်လင်သည် ဖြည်းဖြည်းချင်းအားနည်းသထက် အားနည်းလာသော သူမဝိညာဉ်အားကြည့်ကာ အလွန်စိုးရိမ်နေမိသည်။
ကျိုးရှန့်လင်တစ်ယောက် ရုတ်ချည်းလူလားမြောက်သွားသည်ကို မြင်ရသဖြင့် ရှုရှီလည်း စိတ်အေးသွားရတော့၏။
သို့သော်လည်း သူမသည်ယခုအချိန်မှ မြေအောက်ကမ္ဘာသို့ ဘယ်လိုသွားရမည်ကိုမသိတော့ပေ။သူမသေဆုံးစဉ်တွင် ဝိညာဉ်ပို့ဆောင်သူများမှ လာရောက်ခေါ်ဆောင်သော်လည်း သူမမှာတိတ်တိတ်လေးပုန်းကွယ်နေခဲ့မိခြင်းပင်။
ဤသည်ကိုမြင်သောအခါ ကျိုးရှန့်လင်သည် ကျိုးထောင်ဟွားဘက်သို့ ချက်ချင်းလှည့်ကာပြောလိုက်သည်။
"ညီမထောင်ဟွား ငါနောက်ထပ်အကြွေးစာချုပ်တစ်ခု ထပ်ရေးပေးပါ့မယ်၊ငါ့အမေကို မြေအောက်ကမ္ဘာဆီရောက်အောင် ပို့ပေးနိုင်မလား"
ကျိုးထောင်ဟွား ခေါင်းငြိမ့်လိုက်၏။ယခုအကြိမ်တွင်တော့ ရှန့်လင်သည်သူမအကူအညီအတွက် အကြွေးစာချုပ်၌လက်မှတ်ထိုးပေးရန်ပင် ကိုယ်တိုင်ကမ်းလှမ်းလာပြီပင်။ကျိုးရှန့်လင်၏ ဒုတိယမြောက်အကြွေးစာချုပ်ကို သိမ်းဆည်းပြီးနောက် ကျိုးထောင်ဟွားသည် စက္ကူတစ်ရွက်ကိုရှာကာ စက္ကူရုပ်လေးတစ်ခုညှပ်လိုက်သည်။
ထို့နောက် ရှုရှီ၏မွေးသက္ကရာဇ်နှင့်အချိန်တို့ကို ရေးသားကာ ဝိညာဉ်စွမ်းအား အနည်းငယ်ထည့်သွင်းလိုက်၏။ကျိုးထောင်ဟွားမှ ထိုစက္ကူရုပ်အားမီးရှို့လိုက်သည်နှင့် ၎င်းသည်ရှုရှီ့ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။ထိုစက္ကူရုပ်မှာ ရှုရှီအား သူ့နောက်မှလိုက်ခဲ့ရန် လက်ယပ်ခေါ်လာ၏။ကျိုးထောင်ဟွားရှင်းပြလိုက်သည်။
"ဒါက လမ်းပြစက္ကူရုပ်ပါ ဒေါ်လေးရှု၊သူက ဒေါ်လေးကို မြေအောက်ကမ္ဘာထဲထိ လမ်းပြခေါ်သွားပါလိမ့်မယ်"
ထိုစကားကြောင့် ရှုရှီမှာအလွန်စိတ်အေးသွားရပြီး ပြောလာ၏။
"ထောင်ဟွားရေ ကျေးဇူးတင်ပါတယ်"
သူမသည် ကျိုးရှန့်လင်ထံ နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီးနောက် စက္ကူရုပ်လေးနှင့်အတူ ထွက်ခွာသွားတော့သည်။ထွက်ခွာသွားသော သူမကျောပြင်အားကြည့်ရင်း ကျိုးရှန့်လင်မှာ*အမေ*ဟု အလွန်တရာတွန့်ဆုတ်နေဟန်ဖြင့် ခေါ်လိုက်မိသော်လည်း ခြေတစ်လှမ်းမျှလှမ်းပြီးနောက် ရပ်တန့်လိုက်၏။
နောက်တစ်နေ့တွင် ရှုရှီ၏အခေါင်းကို မြှုပ်နှံလိုက်ကြပြီး နာရေးကိစ္စလည်း ပြီးမြောက်သွားတော့သည်။
"ကူညီပေးကြတဲ့ ဦးလေးတို့ ဒေါ်လေးတို့နဲ့ အဘိုးတို့အဘွားတို့ကို ကျေးဇူးတင်ပါတယ်၊တစ်ကယ်ဆို လူတိုင်းကနာရေးငွေတွေကူညီထားကြတော့ ကျွန်တော့်ဘက်ကထမင်းနှစ်နပ်ကျွေးရမှာဆိုပေမယ့် ကျွန်တော့်မှာပိုက်ဆံမရှိလို့ မကျွေးနိုင်ခဲ့တာ တစ်ကယ်တောင်းပန်ပါတယ်၊နောက်များမှအခွင့်အရေးရရင် အားလုံးကို ထမင်းကောင်းကောင်းတစ်နပ်ပြန်ကျွေးပါ့မယ်"
ရှုရှီအုတ်ဂူပေါ်သို့ နောက်ဆုံးမြေခဲတင်ပြီးသည်နှင့် ကျိုးရှန့်လင်မှလူတိုင်းအားပြောလိုက်သည်။စကားလုံးအနည်းငယ်သာဖြစ်သော်ငြား လူတိုင်းစိတ်ကို ကျေနပ်သွားစေခဲ့၏။ရွာလူကြီးမှာတော့ ကျိုးရှန့်လင်သည် တစ်ရက်အတွင်းပင် အများကြီးရင့်ကျက်သွားသည်ဟု ခံစားလိုက်ရသည်။
သူသည် ရွာလူကြီးအိမ်တွင် နေထိုင်ဆဲဖြစ်သော်လည်း အလုပ်များကိုသူ့ဘက်မှဦးအောင်ဝိုင်းကူတတ်လာပြီး ပို၍လည်းအရိပ်အကဲသိလာခဲ့၏။ရွာလူကြီးမှာ ရှန့်လင်ပုခုံးကို ပုတ်၍ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ်သာ အရင်အဆင်ပြေအောင်လုပ်လိုက်ပါဦး၊ထမင်းကျွေးတဲ့ ကိစ္စကတော့ နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့"
ကျိုးရှန့်လင် ခေါင်းငြိမ့်ပြလိုက်၏။သူသည် ရွာလူကြီးထံမှနှစ်တေးချေးကာ အိမ်ခေါင်မိုးကိုပြင်ဆင်ပြီး၊နံရံအက်ကြောင်းများကိုဖာထေးရန် ပစ္စည်းများဝယ်ယူကာ ခြံထဲတွင်လည်းထင်းများအပြည့် စုပုံထားလိုက်တော့သည်။
ရက်များကုန်လွန်လာသည်နှင့်အမျှ ဆေးပင်စိုက်ခင်းထဲရှိ နှင်းများလည်းအရည်ပျော်လာရာ လူတိုင်းသည် နှမ်းရွက်များကို အရင်ကထက်ပိုတိုး၍ခူးဆွတ်နိုင်လာကြ၏။ခူးဆွတ်မှုပမာဏ များပြားလွန်းသဖြင့် ချင်းရွှေမြို့အနီးနားရှိ မြို့ငယ်များနှင့် ခရိုင်အတွင်းရှိ ဆေးခန်းများမှာပင် အကုန်မဝယ်နိုင်ဘဲဖြစ်သွားတော့သည်။
ရွာလူကြီးနှင့်ကျိုးရှန့်ဖျင်တို့မှာမူ တစ်မူလျှင် ဤမျှအထွက်နှုန်းကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြသဖြင့် ရွာသားများကိုတစ်ရက်လျှင်နည်းနည်းစီသာခူးရန်နှင့် အလှည့်ကျသွားရောက်ရောင်းချရန် တိုက်တွန်းကြရတော့၏။
သို့သော်လည်း နှစ်သစ်ကူးရန်နီးကပ်နေပြီဖြစ်ရာ မည်သူကမှငွေရှာရမည့်အခွင့်အရေးကို လက်မလွှတ်လိုဘဲ အပြိုင်အဆိုင်ခူးရောင်းလိုနေကြသည်။ချောင်ချွင်းရှန်မှ ငြီးငြူလာ၏။
"ရွာလူကြီး အရင်နှမ်းရွက်မျိုးစေ့တွေဝယ်တုန်းကတော့ ဒီအပင်တွေပေါက်လာရင် သေချာပေါက်ရောင်းရမယ်ဆိုလို့ ကျွန်မတို့စိုက်ခဲ့တာလေ၊အခုကျမှ ရောင်းခွင့်မပေးဘူးဆိုတော့ ကျွန်မတို့ကဘယ်လိုလုပ်ပြီး ပိုက်ဆံရှာရမှာလဲ၊အိမ်မှာသုံးစရာနေရာတွေကလဲ အများကြီးပဲ၊ချွေးမကလဲဆေးသောက်ရဦးမယ်၊ နှစ်သစ်ကူးအတွက် ဂွမ်းအင်္ကျီအသစ်တွေချုပ်ဖို့ကလဲ ပိုက်ဆံသာမရှိရင် ဘယ်လိုလုပ်ဝယ်လို့ရမှာလဲ"
ချောင်ချွင်းရှန်ချွေးမဖြစ်သူ ယန်ရှီမှာမူ ယောက္ခမဖြစ်သူစကားကြောင့် ရှက်လွန်းသဖြင့် မြေကြီးထဲသာတိုးဝင်ချင်တော့သည်။ရွာလူကြီးမှာ ချောင်ချွင်းရှန်ထံစိုက်ကြည့်၍ ဆူလိုက်၏။
"ပါးစပ်ပိတ်ထားစမ်း၊မင်းတစ်ယောက်တည်း ဆေးပင်မရောင်းရတာမဟုတ်ဘူး၊ဒါက တစ်ရွာလုံးနဲ့ဆိုင်တဲ့ကိစ္စ"
"အရင်ရွာလူကြီးပြောခဲ့တာက တစ်မူကိုအနည်းဆုံးနှစ်တေးခွဲရမယ်လို့လေ၊အခု မင်းတို့ရနေပြီမလား၊အခုလို ဇွတ်တရွတ်လုပ်နေလို့ တခြားလူတွေခူးထားတဲ့ ဆေးရွက်တွေပါရောင်းမထွက်တော့ရင် အလကားဖြစ်ကုန်မှာပေါ့"
ကျိုးရှန့်ဖျင်၏ဆူပူမှုကိုခံလိုက်ရရာ ချောင်ချွင်းရှန်မှာ မကျေမနပ်ဖြင့်မျက်စောင်းထိုးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတော့ဂရုမစိုက်ဘူး၊နေ့တိုင်းခူးပြီး သွားရောင်းမှာပဲ၊ကျွန်မအိမ်မှာ ပိုက်ဆံလိုတယ်၊အခြားလူတွေရောင်းမထွက်လို့ အလကားဖြစ်တာက ကျွန်မနဲ့ဘာဆိုင်လို့လဲ"