အခန်း (၆၇)
Vol. 7 Ch. 67
အဘွားဖုန်း၏ဒေါသကြီးသည့်အကျင့်မှာပေါ်လာပြီး ချောင်ချွင်းရှန်ကိုရင်ဆိုင်ရန် အရှေ့သို့တိုးသွားတော့သည်။သို့သော် အကျိုးအမြတ်နှင့်ရင်ဆိုင်နေရရာ ချောင်ချွင်းရှန်မှာ အဘွားဖုန်းမည်သူဖြစ်သည်ကို ဂရုမစိုက်နိုင်တော့ပေ။ချောင်ချွင်းရှန်မှဒေါသတကြီးဖြင့် အဘွားဖုန်းကိုတွန်းထုတ်ရန်လုပ်နေသည်ကို မြင်သောအခါ ယန်ကျန်းကျူမှ အမြန်တားလိုက်သည်။
"အမေ စိတ်လျှော့ပါဦး၊အဘွားဖုန်းက အသက်ကြီးနေပြီမလို့ အရိုးတွေကလဲမကောင်းတော့ဘူးလေ တွန်းလိုက်လို့မဖြစ်ဘူး"
အဆုံးတွင် ချောင်ချွင်းရှန်သည်အဘွားဖုန်းကိုမတွန်းလိုက်ရဘဲ ယန်ကျန်းကျူကိုသာ တွန်းထုတ်လိုက်လေသည်။
"နင်နဲ့ ဘာဆိုင်လို့လဲ၊အခုတော့ကြည့်လေ နင်လဲသွားပြီမလား"
ယန်ကျန်းကျူမြေပေါ်လဲကျသွားသည်ကိုမြင်သော်လည်း ချောင်ချွင်းရှန်မှာမထူပေးသည့်အပြင် သရော်စကားပင်ဆိုလိုက်သေးသည်။ကျိုးထောင်ဟွားမှာရှေ့သို့တိုး၍ ယန်ကျန်းကျူအားထူပေးလိုက်၏။
"အစ်မကျန်းကျူ ဘာဖြစ်သွားသေးလဲ"
ယန်ကျန်းကျူခေါင်းယမ်းပြလိုက်သည်။သူမသည် ကျိုးရှန့်သဲနှင့်လက်ထပ်ခဲ့သည်မှာ လေးနှစ်ရှိပြီဖြစ်သော်လည်း ကလေးမရသေးသဖြင့် ယောက္ခမအိမ်ရှိသူမအဆင့်အတန်းမှာ ခွေးတစ်ကောင်ထက်ပင် နိမ့်ကျနေသည်။ယခုလဲကျသွားသဖြင့်နာကျင်နေလျှင်ပင် မည်သို့အသံထွက်ဝံ့ပါမည်နည်း။
သူမသည် ကျိုးထောင်ဟွားအားကြည့်ကာ အားကျစိတ်အနည်းငယ်ဖြစ်မိသည်။ကျိုးထောင်ဟွားမှာ လက်ရာမြောက်ပန်းထိုးများပါသည့် ပန်းနုရောင်ဂွမ်းအင်္ကျီကိုဝတ်ဆင်ထားရာ ဆယ့်လေးနှစ်အရွယ် မိန်းမငယ်လေး၏တောက်ပမှုတို့ဖြင့် အသက်ဝင်နေတော့၏။သူမအိမ်ထောင်မကျမီ မိဘအိမ်၌ရှိစဉ်တွင်လည်း ဤကဲ့သို့ပင်ပူပင်ကြောင့်ကြကင်းစွာဖြင့် မိဘများ၏အလိုလိုက်မှုကိုခံခဲ့ရဖူးသည်။ထိုစဉ်က သူမမျက်ဝန်းများမှာ ယခုကျိုးထောင်ဟွားထက်ပင် ပို၍တောက်ပလန်းဆန်းခဲ့ဖူးပါ၏။
ထိုစဉ်က သူမတွင်မည်သည့်ပူပင်သောကမှမရှိခဲ့ဘဲ ရိုးသားဖြူစင်စွာဖြင့်သာအမြဲပြုံးနေတတ်သူဖြစ်ခဲ့သည်။ယခုအိမ်ထောင်ကျပြီးနောက်တွင်တော့ ယောက္ခမ၏နှိမ့်ချမှုကို နေ့စဥ်ခံစားနေရပြီး ခင်ပွန်းဖြစ်သူမှာလည်း သူမအပေါ်ချစ်ခင်အလေးထားစိတ်မရှိချေ။ဤလေး နှစ်တာကာလအတွင်း သူမမှာယောက္ခမအိမ်တွင် သူစိမ်းတစ်ယောက်ကဲ့သို့သာနေထိုင်ခဲ့ရသည်။
ကျိုးထောင်ဟွားသည် ချောင်ချွင်းရှန်ထံ လျှောက်သွားပြီး ပြောလိုက်၏။
"ဒေါ်လေးချောင် တစ်ကယ်လို့ဒေါ်လေးတို့ကသာ ရွာလူကြီးအဘိုးရဲ့အစီအစဉ်ကို မလိုက်နာခဲ့ဘူးဆိုရင် နှစ်သစ်ကူးပြီးတာနဲ့သမီးတို့အိမ်မှာဖွင့်မယ့် ပန်းထိုးသင်တန်းကို ဒေါ်လေးတို့မိသားစုသင်ခွင့်ရမှာမဟုတ်တော့ဘူး"
ကျိုးထောင်ဟွားသည် ထိုစကားအားပြောရင်း ချောင်ချွင်းရှန်ရှေ့တွင် တစ်ပတ်လှည့်ပြလိုက်သည်။နေရောင်ခြည်မှာ သူမဂွမ်းအင်္ကျီပေါ်သို့ဖြာကျလာချိန်တွင် လက်ရာမြောက်လှသောပန်းထိုးများမှာ ပိုးမျှင်လေးများကဲ့သို့ အထည်စထက်ရစ်ပတ်နေပြီး ပုံစံတစ်ခုချင်းစီမှာလည်းအသက်ဝင်လှ၏။ကော်လံနှင့်လက်အနားစများရှိ နူးညံ့သောတိမ်တိုက်ပုံစံပန်းထိုးများမှာ ကောင်းကင်ထက်ရှိတိမ်တိုက်များကိုဆွဲယူကာ အင်္ကျီပေါ်တင်ထားသည့်အလားပင်။
"ဒါအိမ်ကရာသီသွေးမိစ္ဆာ သမီးအတွက် ချုပ်ပေးထားတဲ့အင်္ကျီလေ၊သူ့ရဲ့ပန်းထိုးလက်ရာကို ဒေါ်လေးမြင်တယ်မလား၊နှစ်သစ်ကူးပြီးရင် သူကလူတိုင်းကို ပန်းထိုးပညာသင်ပေးပြီး ချမ်းသာအောင်ကူညီပေးမှာ၊အခုရွာလူကြီးဘက်မှာမနေတဲ့သူတွေကတော့ နှစ်သစ်ကူးရင်သူ့ဆီကပန်းထိုးပညာ သင်ရမှာမဟုတ်ဘူး"
ကျိုးထောင်ဟွားစကားမှာ ချောင်ချွင်းရှန်အား ချက်ချင်းငြိမ်ကျသွားစေခဲ့သည်။သူမသည် မျက်နှာချိုသွေးသောလေသံဖြင့်ပြောလာ၏။
"အမလေးထောင်ဟွားရယ် ဒေါ်လေးတို့က ကျိန်းသေပူးပေါင်းပေးရမှာပေါ့၊ရွာလူကြီးက ဘာပြောပြောဒေါ်လေးတို့ကလိုက်လုပ်မှာပါ"
"ဒေါ်လေးချောင်သာ ကတိတည်ရင်ကောင်းတာပေါ့"
ကျိုးထောင်ဟွား တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ပြောလိုက်သည်။
ပြဿနာရှာတတ်သော ချောင်ချွင်းရှန်တစ်ယောက်ငြိမ်သွားပါမှ ရွာလူကြီးလည်းသက်ပြင်းချနိုင်တော့၏။ကျိုးထောင်ဟွားထံတွင် နှစ်သစ်ကူးပြီးနောက်၌ ချမ်းသာမည့်နည်းလမ်းနောက်တစ်ခုရှိကြောင်း သိလိုက်ရသဖြင့် မည်သူမှပြဿနာမရှာဝံ့ကြတော့ပေ။ကျိုးထောင်ဟွား အိမ်ပြန်ရောက်သည်နှင့် သူမနွားလှည်းကိုမောင်းကာ မြို့ထဲထွက်လာခဲ့သည်။
ကျန်းအိမ်တော်အဝင်ဝတွင် မီးအိမ်ဖြူဖြူများချိတ်ဆွဲထားသည်ကို မြင်လိုက်ရ၏။သခင်ကြီးလီသေဆုံးသွားပြီဖြစ်ကြောင်းကို တစ်ချက်ကြည့်လိုက်ရုံနှင့် ကျိုးထောင်ဟွားသိလိုက်သည်။ယခုတော့ ဤနေရာမှာလီအိမ်တော်မဟုတ်တော့ဘဲ မူလအတိုင်းကျန်းအိမ်တော်ပြန်ဖြစ်နေပြီပင်။
ကျန်းတန်းချင်းသည် ကျိုးထောင်ဟွားရောက်လာကြောင်းကြားသည်နှင့် ချက်ချင်းဆိုသလိုစာကြည့်ခန်းသို့လာရန်ဖိတ်ကြားလိုက်သည်။ဤတစ်ကြိမ်တွင်မူ ကျန်းတန်းချင်းရုပ်သွင်မှာ ယခင်ကထက်အများကြီးကောင်းမွန်နေပြီး ဖခင်ဖြစ်သူကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းပူဆွေးနေသည့်ပုံစံမျိုးကို လုံးဝမတွေ့ရပေ။
"ဆရာသခင်ကျိုး ရောက်လာပြီပဲ"
ကျန်းတန်းချင်း ကျိုးထောင်ဟွားကိုမြင်သောအခါ အလွန်ဝမ်းသာသွားပြီး အကောင်းဆုံးလက်ဖက်ရည်နှင့်မုန့်များကိုတည်ခင်းရန် အစေခံများကိုချက်ချင်း အမိန့်ပေးလိုက်သည်။
"ဆရာသခင်ကျိုး အားလုံးကဆရာသခင်ပြောခဲ့တဲ့အတိုင်းဖြစ်လာတာပါပဲ၊ကျွန်တော့်အဖေက အသက်ရှင်နေသေးတယ်ဆိုပေမယ့် သူ့ကျန်းမာရေးကတစ်ရက်ထက်တစ်ရက်ပိုဆိုးလာပြီး အရင်ရက်ပိုင်းမှာတင် ဆုံးပါးသွားခဲ့တာပါ"
ထိုသို့ပြောရင်းပင် ကျန်းတန်းချင်းရယ်မောလိုက်သည်။သူ့ဖခင်သေဆုံးသွားသည်နှင့် သူသည်အိမ်တော်အမည်ကို မူလအတိုင်း*ကျန်းအိမ်တော်*ဟု ချက်ချင်းပြန်ပြောင်းလိုက်ပြီး သူ့မျိုးရိုးအမည်ကိုလည်း ကျန်းဟုပြန်ပြင်ရန်မစောင့်နိုင်တော့ပေ။ယခုမှစ၍ သူသည်ကျန်းမိသားစု၏အိမ်ထောင်ဦးစီးဖြစ်လာပြီး ကျန်းမိသားစုဆေးခန်းကိုလည်းပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်တော့မည်ပင်။ကံကောင်းသည်မှာ သူ့ဖခင်သည် နှစ်သစ်မကူးမီသေဆုံးသွားခြင်းပင်ဖြစ်သည်။ထို့ကြောင့် ယခုနှစ်၏နှစ်သစ်ကူးပွဲကို ဖခင်ဖြစ်သူနှင့်အတူ ဖြတ်သန်းစရာမလိုတော့ပေ။
အိမ်တော်ထဲရှိ ကိုယ်လုပ်တော်များနှင့်ပတ်သက်လျှင်လည်း သူတို့အားမုဆိုးမများကဲ့သို့ ဆက်မထားချင်တော့ချေ။ထွက်ခွာလိုသူများကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန် ငွေကြေးအလုံအလောက်ထည့်ပေးလိုက်သည်။မည်သည့်နေရာမှသွားစရာမရှိ၍ ဆက်နေလိုသူများကိုမူ မုဆိုးမများအဖြစ်သာ ဆက်ထားလိုက်မည်ပင်။
ကျိုးထောင်ဟွားသည် ကျန်းတန်းချင်းမျက်နှာအားကြည့်ကာ ပြောလိုက်သည်။
"ကံကောင်းတာက အနက်ရောင်ပိုးချည်ကောင်ကို အချိန်မီသတ်နိုင်ခဲ့လို့သာ ဦးလေးကိုယ်ပေါ်ကချည်မျှင်ကိုဖြတ်ချနိုင်ခဲ့တာပဲ၊ဦးလေးအဖေရဲ့သေဆုံးမှုက ဦးလေးအပေါ်ဘယ်လိုကံတရားအကျိုးဆက်မှ သက်ရောက်လာမှာမဟုတ်ပါဘူး"
ကျန်းတန်းချင်းသည် ချက်ချင်းပင်လက်ခုပ်အုပ်ကာ ကျေးဇူးတင်စကားဆိုလာသည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်ကျိုး"
ထိုသို့မဟုတ်ခဲ့လျှင် သူ့ဖခင်ကြောင့် သူ့လက်မှာသွေးစွန်းမိလုနီးနီးဖြစ်သွားနိုင်ပြီး သူနှင့်သူ့သားစဉ်မြေးဆက်၏ ကံကောင်းမှုများကိုပါထိခိုက်သွားစေနိုင်သည်။
"ရပါတယ် ဒီနေ့ကျွန်မလာရင်းကတော့ ဦးလေးဆီကနေ အကူအညီတစ်ခုတောင်းချင်လို့ပါ၊ကျွန်မတို့ ကျိုးကျားရွာမှာနှမ်းရွက်ပင်တွေ အများကြီးစိုက်ထားကြတယ်လေ၊အခုချိန်က ခူးဆွတ်ဖို့အတွက် အကောင်းဆုံးအချိန်ဆိုတော့ နောက်နှစ်နွေဦးထိ နှမ်းရွက်တွေအများကြီးထွက်နေဦးမှာပါ၊ရွာကထွက်တဲ့ပိုလျှံတဲ့နှမ်းရွက်တွေကို ဦးလေးဘက်ကဝယ်ပေးနိုင်မလားလို့လေ၊အဲဒီအရွက်တွေကို ဟော့ရှန်းကျန်းချီဆေးလုံးတွေအဖြစ်ဖော်စပ်လို့လဲ ရပါတယ်"
ကျိုးထောင်ဟွား စကားအဆုံးတွင်ဆေးနည်းတစ်ခုကို ကမ်းပေးလိုက်သည်။ကျန်းတန်းချင်းသည် ဟော့ရှန်းကျန်းချီဟူသောအမည်ကို စိမ်းသက်သလိုခံစားမိခဲ့သော်လည်း စာရွက်ပေါ်ရေးထားသော နှမ်းရွက်၊ယီမူချောင်နှင့်အခြားဆေးဖက်ဝင် အပင်ဆယ်မျိုးခန့်ပါဝင်သည့် ဆေးနည်းကိုမြင်လိုက်ရသောအခါ အံ့သြလွန်းသဖြင့်မျက်လုံးပြူးသွားရတော့၏။
ဤဆေးနည်းမှာ အလွန်ဆန်းကြယ်လှသည်။ဆေးကျမ်းများတွင်ပင် ဤကဲ့သို့ဆေးနည်းမျိုးအား သူတစ်ခါမှမတွေ့ဖူးခဲ့ချေ။သူ့အထင်သာမမှားခဲ့လျှင် ဤဆေးလုံးသည် ခန္ဓာကိုယ်တွင်းရှိကိန်းအောင်းနေသော အပူအအေးကိုမျှတစေပြီး၊စိုထိုင်းမှုကို ဖယ်ရှားကာ၊ချီဓာတ်အားပုံမှန်ဖြစ်စေပြီး ကိုယ်တွင်းစွမ်းအင်များကိုပြန်လည်ကောင်းမွန်စေနိုင်သော အစွမ်းရှိသည်။ရောဂါလက္ခဏာ အမြောက်အမြားကိုပါ ကုသနိုင်ပေလိမ့်ဦးမည်ပင်။
သူ့လက်ထဲရှိ ဆေးနည်းအားကြည့်ရင်းမေးလိုက်မိသည်။
"ဆရာသခင်ကျိုး ဒီဆေးနည်းကိုကျွန်တော့်ဆီ ဒီအတိုင်းပဲပေးလိုက်တာလား"
ကျန်းတန်းချင်းအမြင်တွင် ဤဆေးနည်းသည် ရွာမှထွက်သည့်နှမ်းရွက်များထက် အဆပေါင်းများစွာ တန်ဖိုးပိုရှိလေသည်။ဆေးနည်းတစ်ခုရရှိရန်မှာ မျိုးဆက်ပေါင်းများစွာ ကြိုးစားဖော်စပ်မှသာရမည်ပင်။သူ့ကျန်းမိသားစုဆိုလျှင် မျိုးဆက်ပေါင်းများစွာကြိုးစားခဲ့သော်လည်း ဆေးနည်းအသစ်တစ်ခုမှမဖော်စပ်နိုင်သေးပေ။ယခုမူ သူမမှာဤအတိုင်းပေးအပ်လာလေ၏။
"ဟုတ်တယ်ဆိုပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်၊ဟော့ရှန်းကျန်းချီဆေးလုံးတွေဖော်စပ်ပြီးလို့ ရလာတဲ့အမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ကျွန်မဆီပေးရမယ်၊ပြီးတော့နောက်ပိုင်း ကျိုးကျားရွာကထွက်သမျှ ဆေးဖက်ဝင်အပင်အားလုံးကို ဦးလေးပဲဝယ်ရမယ်"
ကျိုးထောင်ဟွားစကားအဆုံးတွင် ကျန်းတန်းချင်းမှာ ချက်ချင်းဆိုသလိုသဘောတူလိုက်တော့သည်။သူမသည် သူ့ကျန်းမိသားစုဆေးခန်းကိုပြန်လည်ကြီးပွားအောင်ဆောင်မပေးမည့် နတ်ဘုရားမလေးဟုပင် အခိုင်အမာယုံကြည်သွားတော့၏။
သူတို့နှစ်ဦးသည် စာချုပ်အမြန်ချုပ်ဆိုကာ မြို့တော်အစိုးရရုံးတွင် တံဆိပ်တုံးနှိပ်၍အတည်ပြုလိုက်ကြသည်။စာချုပ်မှာ သုံးစောင် ရှိပြီး တစ်စောင်မှာသူမအတွက်ဖြစ်ပြီး နောက်တစ်စောင်မှာ ကျန်းတန်းချင်းအတွက်ဖြစ်ကာ ကျန်တစ်စောင်ကိုမူမြို့တော်ရုံးတွင်မှတ်တမ်းအဖြစ် ထားရှိခဲ့ရ၏။
"ဆရာသခင်ကျိုး မနက်ဖြန်ကျရင် ရွာသားတွေအားလုံးကို ကျန်းမိသားစုဆေးခန်းဆီလာခဲ့ဖို့ပြောလိုက်ပါ၊ကျန်တဲ့မြို့ထဲတို့ ခရိုင်တကာတို့ဆီပတ်ရောင်းနေစရာမလိုတော့ပါဘူး၊ကျွန်တော်တို့ပဲ အကုန်ဝယ်လိုက်ပါ့မယ်"
ကျန်းတန်းချင်းမှာ ကျိုးထောင်ဟွားအား အလွန်ဖော်ဖော်ရွေရွေနှင့်လေးလေးစားစား ပြောဆိုလိုက်သည်။ဤဆရာသခင်ကျိုးမှာ သူ့အသက်ကိုတစ်ကြိမ်ကယ်ခဲ့ရုံတင်မကဘဲ ယခုအခါ သူ့ဆေးခန်းကိုပါကြီးပွားချမ်းသာအောင် လုပ်ပေးနေသူဖြစ်ရာ သူမသည်သူ့အတွက်တော့ ဆရာသခင်ရော လာဘ်လာဘနတ်မင်းကြီးအဖြစ်ပါ ဖြစ်နေတော့၏။
ကျိုးထောင်ဟွားရွာပြန်ရောက်သည်နှင့် ရွာလူကြီးထံသတင်းကောင်းပြောလိုက်သောအခါ ရွာလူကြီးမှာစိတ်လှုပ်ရှားစွာဖြင့် သူမအားချီးကျူးလာတော့သည်။
"ထောင်ဟွား သမီးကတော့အဘိုးတို့ရွာရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲ၊ရွာရဲ့ပြဿနာကြီးကို တန်းဖြေရှင်းပေးလိုက်နိုင်တယ်၊အရင်ကဦးလေးရှန့်ဖျင်နဲ့ အဘိုးတို့အပင်ပန်းခံပြီးလုပ်ခဲ့တာတောင် ဆေးခန်းအနည်းငယ်နဲ့ပဲစာချုပ်ချုပ်နိုင်ခဲ့တာလေ၊အခုတော့ သမီးကကျန်းမိသားစုဆေးခန်းကြီးနဲ့တောင် တိုက်ရိုက်ချိတ်ဆက်ပေးလိုက်နိုင်ပြီ၊အဘိုးတို့ဘာသာ ဘယ်လောက်ခူးခူး သူတို့ကအကုန်ဝယ်မယ်ဆိုတော့ တစ်ကယ့်ကိုဝမ်းသာစရာကိစ္စပဲ အရမ်းတော်တယ် ကလေး"
ရွာလူကြီးမှ ကျိုးထောင်ဟွားအားကြည့်သည့်အကြည့်များမှာပြောင်းလဲသွားပြီး သူမလေးသည် အလွန်တရာအရည်အချင်းရှိပြီး အားကိုးထိုက်သူတစ်ဦးဖြစ်သည်ဟု မြင်လာတော့သည်။
ကျိုးထောင်ဟွားမှ ရောင်းမထွက်ဘဲပိုလျှံနေသည့် နှမ်းရွက်ပြဿနာကိုဖြေရှင်းပေးလိုက်နိုင်သဖြင့် တစ်ရွာလုံးသည် နောက်တစ်နေ့တွင်သွားရောက်ရောင်းချရန်အတွက် ဆေးရွက်ခူးသည့်အလုပ်ဖြင့် အလုပ်ရှုပ်သွားကြတော့၏။လူတိုင်းသည် ဆေးပင်များကို မြို့သို့ထမ်းသယ်သွားကြပြီး ပြန်လာသည့်အခါတွင်မူ ဝယ်ယူလာသောပစ္စည်းများမှာ ခြင်းတောင်းတွင်းပြည့်လျှံနေကာ မျက်နှာများမှာလည်းပြုံးပျော်နေကြတော့သည်။နှစ်သစ်ကူးနီးကပ်လာပြီဖြစ်ရာ အချို့မှာအသားနှင့်ငါးအပါအဝင် အရသာရှိသောမုန့်ပဲသရေစာများ ဝယ်ကြပြီး၊အချို့မှာတော့ ပိတ်စနှင့်ဝါဂွမ်းများ၊အချို့မှာလည်း နှစ်သစ်ကူးစာတန်းများနှင့်ဗြောက်အိုးများဝယ်ယူခဲ့ကြ၏။
အချုပ်အားဖြင့်ဆိုရသော် နှစ်ကုန်ခါနီးအချိန်တွင် ရွာကလေးမှာရယ်မောသံများနှင့်အတူ ပွဲတော်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေတော့သည်။
နှစ်သစ်ကူးရန် နှစ်ရက်သုံးရက်သာလိုတော့သဖြင့် မိသားစုအတော်များများမှာ ဆေးရွက်ခူးခြင်းကိုရပ်နားကာ အိမ်၌ပင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီပင်။သူတို့သည် ပေါက်စီများ၊ပေါင်မုန့်များ၊ကိတ်မုန့်များကိုပေါင်းကြပြီး အသားလုံးကြော်၊အသားဟင်းများနှင့်ငါးဟင်းများကိုလည်း ပြင်ဆင်ကြသည်။ရွာထဲတွင်ဟင်းနံ့မျိုးစုံဖြင့်မွှေးကြိုင်နေပြီး လူတိုင်းသည်လည်း ခေါင်းအစခြေအဆုံးအင်္ကျီအသစ်၊ဂွမ်းအင်္ကျီအသစ်များဝတ်ဆင်ထားကြရာ တစ်ရွာလုံးသစ်လွင်တောက်ပနေတော့၏။
ယနေ့တွင် ချမ်ရှီသည်အိမ်၌အသားလုံးများကြော်နေသည်။ဆီအိုးထဲမှ ပူပူနွေးနွေးဆယ်ယူထားသော အသားလုံးများမှာမွှေးကြိုင်နေသဖြင့် ကျိုးထောင်ဟွားမှာ တစ်လုံးကောက်စားကြည့်လိုက်ရာ အလွန်အရသာတွေ့သွားတော့၏။
အိမ်ခန်းမကြီးထဲတွင်မူ နတ်ဆိုးလေးကောင်သည် စားပွဲဝိုင်းတစ်ခုတွင်ဝိုင်းထိုင်ကာ မာကျောက်ကစားနေကြသည်။သူတို့မှာ အလွန်ဉာဏ်ကောင်းကြပေ၏။ကျိုးထောင်ဟွားမှ မာကျောက်ပုံစံနှင့်စည်းမျဉ်းများကိုရှင်းပြရုံမျှဖြင့် သူတို့ဘာသာသူတို့ပြုလုပ်ကာ အောင်အောင်မြင်မြင်ကစားနေကြပြီဖြစ်သည်။သူတို့သည် ချမ်ရှီချက်သောအစားအစာများကိုမစားနိုင်ကြသဖြင့် မာကျောက်ကစားခြင်းဖြင့်သာ အချိန်ဖြုန်းနေကြတော့၏။
ကျိုးထောင်ဟွားသည် အိမ်ခန်းမကြီးထဲသို့ဝင်ကာ သူတို့ကစားနေသည်အားသွားကြည့်ရန်ပြင်လိုက်စဉ်မှာပင် ရွာထဲရှိတစ်ယောက်ယောက်အော်သံကို ကြားလိုက်ရသည်။
"ဒုက္ခပါပဲ မြစ်ထဲလူတစ်ယောက်ခုန်ချသွားပြီဟေ့"