← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

ထိုအော်ဟစ်သံကိုကြားသည်နှင့် အိမ်ခန်းမကြီးထဲတွင်မာကျောက်ကစားနေကြသော နတ်ဆိုးလေးကောင်သည် လက်ထဲရှိမာကျောက်တုံးများကို ချက်ချင်းချကာ အပြင်သို့ပြေးထွက်သွားကြတော့သည်။ကျိုးထောင်ဟွား၏အကြည့်တစ်ချက်အောက်တွင် ဒူးရင်းသီးနတ်ဆိုးလေးမှာ လိမ်လိမ်မာမာဖြင့်ပင် အိမ်စောင့်ကျန်ရစ်ခဲ့ပြီး လူသန်ကြီးမှာကျိုးထောင်ဟွားအားသယ်ပြီး မြစ်ကမ်းနားသို့အပြေးသွားတော့၏။သူမနောက်တွင် ရာသီသွေးမိစ္ဆာနှင့်ခရုနတ်ဆိုးတို့လည်း ကပ်လျက်လိုက်ပါလာကြသည်။

လေအေးများမှာ ပြင်းပြင်းထန်တိုက်ခတ်နေ၍ မျက်နှာအားစပ်ဖျဥ်းသွားစေ၏။မြစ်ရေမှာအေးစက်လှရုံတင်မကဘဲ ကြာကန်ထဲတွင်ရွှံ့နွံ့များပါ စုပုံနေသဖြင့်ဆင်းလိုက်သည်နှင့် နစ်သွားနိုင်ကာပြန်တက်ရန်ခဲယဉ်းလှသည်။ရွာသားအားလုံးမှာ ကြာကန်ဘေးတွင်စိုးရိမ်တကြီးရပ်နေကြသော်လည်း မည်သူမှဆင်းမကယ်ဝံ့ကြချေ။ဝါးလုံးများနှင့်ကြိုးများသာရှာဖွေပြီး ယန်ကျန်းကျူးရှိရာသို့လှမ်းပစ်ပေးနေကြသည်။

ချောင်ချွင်းရှန်သည် လှိုင်းထနေသောမြစ်ရေပြင်အားကြည့်ကာ မျက်စိပျက်မျက်နှာပျက်ဖြင့် အကျယ်ကြီးဆဲဆိုနေတော့၏။

"ကျက်သရေမရှိတဲ့မိန်းမ နှစ်သစ်ကူးတော့မှာမလို့ တစ်အိမ်လုံးအလုပ်ရှုပ်နေတာတောင် နည်းနည်းလေးမှဝိုင်းမကူဘဲ ဒီအချိန်မှမြစ်ထဲဆင်းသေရလားဟဲ့၊အခြားအိမ်တွေက နှစ်သစ်ကူးပွဲကိုပျော်ပျော်ရွှင်ရွှင်ကျင်းပနေတဲ့အချိန် ငါ့အိမ်ကျမှနာရေးလုပ်ရတော့မှာပေါ့၊ငါတို့ကို နည်းနည်းလေးတောင်အနားပေးလို့မရဘူးလား၊ငါ့သားရှန့်သဲကို နှစ်သစ်ကူးနေ့ကြီးမှာ မုဆိုးဖိုဖြစ်အောင်လုပ်ဖို့ကြံနေတယ်ပေါ့လေ"

ကျိုးရှန့်သဲမှာမူ ဘေးတွင်သာတိတ်တဆိတ်ရပ်နေပြီး မျက်မှောင်ကြုံ့ကာနှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။သူသည်ကလေးမရနိုင်သဖြင့် ယန်ကျန်းကျူအပေါ်အငြိုးအတေးရှိနေသူဖြစ်ရာ သူမသေသွားလျှင် ကွာရှင်းရမည့်ဒုက္ခမှ ကင်းဝေးသွားမည်ဟုပင်တွေးနေမိ၏။ရွာသားတစ်ယောက်မှ ပြောလိုက်သည်။

"ယန်ကျန်းကျူကကြိုးကိုမဖမ်းရင် ဘယ်လိုလုပ်မလဲ၊သူကနည်းနည်းလေးတောင် မရုန်းဘူးနော် တစ်ကယ်သေဖို့ဆုံးဖြတ်ထားတာပဲ"

အဘွားဖုန်းသည် ချောင်ရှီထံဒေါသတကြီးစိုက်ကြည့်ကာ ဆူဆဲလိုက်၏။

"အချို့တွေများနော် ကိုယ့်ချွေးမကို‌တောင် အနိုင်ကျင့်ပြီးနှိပ်စက်နေတာများ ကြည့်ဦး ဝဋ်ပြန်လည်နေပါဦးမယ်"

ယန်ကျန်းကျူခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်းနစ်မြုပ်သွားပြီး သူမအသက်မှာ ရွာသားများ၏မျက်စိရှေ့တွင်ပင် ပျောက်ကွယ်တော့မည့်အလားဖြစ်နေသဖြင့် ရွာသားအားလုံးလည်း စိတ်ထဲနေမထိထိုင်မသာဖြစ်နေတော့သည်။ကျိုးထောင်ဟွားရောက်လာချိန်တွင် ယန်ကျန်းကျူးမှာစုန်းစုန်းမြုပ်တော့မည့်အနေအထားတွင် ရှိနေပြီပင်။လူသန်ကြီးအား ယန်ကျန်းကျူကိုကယ်လိုက်ရန် သူမပြောလိုက်သည်။

"အောက်ဆင်းပြီး အစ်မကျန်းကျူကိုမြန်မြန်သွားကယ်လိုက်ဦး"

ယန်ကျန်းကျူမှာ ကြာကန်၏အနံ့ဆိုးသောရွှံ့ပုပ်များကြားနစ်မွန်းနေသော်လည်း အေးစက်စက်မြစ်ရေမှာ ချောင်ရှီ၏ဆဲဆိုသံများနှင့်သူမခင်ပွန်း၏တိတ်ဆိတ်နေမှုများမှပေးသောနာကျင်မှုကို မမှီနိုင်ပေ။သူမမျက်ဝန်းများတွင် မျှော်လင့်ချက်တို့ကင်းမဲ့နေပြီး အေးစက်စက်ရေပြင်အောက်တွင်သာနစ်မြုပ်ကာ ဤနာကျင်စရာကောင်းသောလောကကြီးမှ ထွက်ခွာသွားချင်နေမိသည်။ရုတ်ချည်းဆိုသလို မြစ်အောက်ခြေတွင် အမျိုးသမီးငယ်တစ်ဦးအားမြင်လိုက်ရသလိုဖြစ်သွားသော်လည်း သေချာမမြင်ရမီမှာပင် သူမသတိလစ်သွားတော့၏။

"လူသန်ကြီးက ကယ်လိုက်ပြီဟေ့"

"သူအသက်ရှိသေးရဲ့လား"

"ဘုရားရေ ဦးလေးရှန့်ဖျင်ကိုမြန်မြန်သွားခေါ်ကြပါဦး"

လူသန်ကြီးသည် ယန်ကျန်းကျူကိုမြစ်ထဲမှပွေ့ချီလာပြီး ရွှံ့နွံ့များကြားခဲခဲယဉ်းယဉ်းဖြတ်ကျော်ကာ ကြာကန်ထဲမှတက်လာနိုင်ခဲ့သည်။ကျိုးထောင်ဟွားသည် ယန်ကျန်းကျူကိုယ်ပေါ်ရှိ ယင်စွမ်းအင်ကို မြင်လိုက်ရသောအခါ မျက်ခုံးလှုပ်သွားရသော်လည်း ခဏအတွင်းမှာပင်ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

အဘွားဖုန်းသည် စိုရွှဲနေသောယန်ကျန်းကျူကိုမြင်သောအခါ သူမဂွမ်းအင်္ကျီကို ချက်ချင်းချွတ်၍ပတ်ပေးလိုက်သည်။ကျိုးထောင်ဟွား၏ညွှန်ကြားချက်အရ လူသန်ကြီးသည် ယန်ကျန်းကျူကိုကျိုးရှန့်သဲအိမ်သို့ သယ်သွားပေး၏။

အမျိုးသမီးအနည်းငယ်မှာ ယန်ကျန်းကျူကို အဝတ်အစားများလဲလှယ်ပေးလိုက်ပြီးနောက် မကြာမီမှာပင် ကျိုးရှန့်ဖျင်ရောက်လာတော့သည်။

ရွာသားများမှာ ယန်ကျန်းကျူအခြေအနေမည်သို့ရှိသည်ကို သိချင်ကြသဖြင့် ကုတင်နားတွင်ဝိုင်းအုံနေကြ၏။လူသန်ကြီးမှာ ကျိုးထောင်ဟွားအားအခန်းပြင်သို့ဆွဲထုတ်သွားပေးပြီး သူတို့နှစ်ဦးတည်းသာကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

"ဆရာသခင် ယန်ရှီဆီမှာတစ်ခုခုမှားနေသလိုပဲ"

သူမထံဘာမှားနေသည်ကို အတိအကျမပြောနိုင်သော်လည်း နှစ်ပေါင်းတစ်ရာသက်တမ်းရှိနတ်ဆိုးဖြစ်သူပီပီ ယန်ရှီကိုယ်ထဲတွင် တစ်စုံတစ်ဦးရှိနေသကဲ့သို့ ခံစားမိခဲ့ခြင်းပင်။ကျိုးထောင်ဟွား သူ့ထံလေးနက်သောအမူအယာဖြင့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါမှ လူသန်ကြီးလည်း သဘောပေါက်သွားတော့၏။ကျိုးထောင်ဟွားမှာသိပြီးသားဖြစ်သော်လည်း တမင်နှုတ်ဆိတ်နေခြင်းပင်။

ကျိုးရှန့်ဖျင်သည် ယန်ကျန်းကျူလက်ကောက်ဝတ်အား စမ်းသပ်ကြည့်လိုက်စဉ်တွင် မျက်မှောင်အသာကြုံ့မိသွားသည်။ရွာသားတစ်ဦးမှာ စိုးရိမ်တကြီးမေးလာ၏။

"ဦးလေးရှန့်ဖျင် ကျန်းကျူအခြေအနေက မကောင်းဘူးလား"

ချောင်ချွင်းရှန်မှာ ထိုစကားကိုကြားသည်နှင့် မကျေမနပ်ဖြင့်ဆဲဆိုမာန်မဲလာပြန်သည်။

"ကျက်သရေမရှိလိုက်တာနော် အခုတော့နှစ်သစ်ကူးကြီးမှာ နာရေးတစ်ကယ်လုပ်ရတော့မှာပဲ"

ကျိုးရှန့်ဖျင်မှာ သူမဘက်လှည့်ကြည့်ကာ ပြောလိုက်၏။

"ကျန်းကျူသေတော့မယ်လို့ ငါပြောမိလို့လား၊ကျန်းကျူက မသေရုံတင်မကဘူး ကျန်းမာရေးကလဲအကောင်းကြီး ဘာရောဂါလက္ခဏာမှမရှိဘူး၊ဆေးလဲသောက်စရာမလိုဘူး၊သူ့ကို ဂျင်းနဲ့သကြားရည်ပူပူလေးပဲ တိုက်ပေးလိုက်ပါ"

ရွာသားများမှာ အလွန်အံ့အားသင့်သွားကြပြီး တစ်ယောက်တစ်ပေါက်ပြောလာကြသည်။

"ဘုရားရေ ဒီလောက်အေးစိမ့်နေတဲ့ဆောင်းတွင်းကြီးမှာ ကြာကန်ထဲပြုတ်ကျတာတောင် ဘာမှမဖြစ်ဘူးတဲ့၊လူငယ်ဆိုတော့လည်း ကွာတာပေါ့အေ၊သူ့ခန္ဓာကိုယ်က တစ်ကယ်သန်မာတာပဲ"

ချောင်ချွင်းရှန်မှာမူ မကျေမနပ်ဖြင့်ပြန်ချေပလိုက်သည်။

"သန်မာတာက ဘာကောင်းလို့လဲ၊ကလေးမှ မရနိုင်တာကို"

"ကလေးမရတာက ငါ့အပြစ်ပဲလား၊ယောင်္ကျားဖြစ်သူကမှ အသုံးမကျတာကို အခြားဘယ်မိန်းမနဲ့ရရ ကိုယ်ဝန်ရလာမှာမဟုတ်ဘူး"

ထိုစဉ်သတိလစ်နေသော ယန်ကျန်းကျူနိုးလာပြီး တွန့်ဆုတ်ခြင်းမရှိချက်ချင်းပြန်တုံ့ပြန်လာလေသည်။သူမမျက်ဝန်းများတွင် ရှိနေကျကြောက်ရွံ့ခြင်းနှင့်သူရဲဘောကြောင်ခြင်းတို့မရှိတော့ဘဲ ချောင်ချွင်းရှန်ထံ တည့်တည့်စိုက်ကြည့်ကာရင်ဆိုင်နေ၏။

သူမစကားမှာ မိုးကြိုးပစ်ချလိုက်သည့်အလား ရှိနေသည့်သူအားလုံးကိုတုန်လှုပ်သွားစေခဲ့သည်။လူတိုင်းအကြည့်များမှာ ကျိုးရှန့်သဲထံရောက်သွားကြ၏။သူက ပန်းသေပန်းညှိုးရောဂါရှိနေတာလား။ကျိုးရှန့်သဲမှာ လူတိုင်းအကြည့်ကြောင့် ပျာယာခတ်သွားပြီး မျက်နှာတစ်ခုလုံးနီမြန်းလာတော့သည်။သူသည်ဒေါသတကြီးဖြင့် ကုတင်အားကန်ပစ်ကာ အော်ဟစ်လိုက်၏။

"ယန်ကျန်းကျူ မင်းဘယ်လိုပေါက်တက်ကရတွေလျှောက်ပြောနေတာလဲ"

"ငါပြောတာ ပေါက်တက်ကရဟုတ်မဟုတ်ဆိုတာ ရှင်အသိဆုံးပဲမလား၊အဘိုးရှန့်ဖျင် ဒီမှာတင်ရှိနေတာပဲ၊ရှင့်လက်ကောက်ဝတ်ကို စမ်းသပ်ခံရဲလား"

ယန်ကျန်းကျူ ကျိုးရှန့်သဲထံအထင်အမြင်သေးသော အကြည့်ဖြင့်ကြည့်ကာ ပြန်ပြောလိုက်သည်။

ကျိုးရှန့်သဲနှုတ်ခမ်းများမှာ တုန်ယင်သွားပြီး ရင်ထဲတွင်လည်းဒေါသကြောင့် နာကျင်သွားရကာ စကားတစ်ခွန်းမှပင်ပြန်မပြောနိုင်တော့ပေ။အခန်းထဲရှိ ရွာသားများမှာလည်း အဘိုးရှန့်ဖျင်ထံ သူ့လက်ကမ်းပေးပြီး စစ်ဆေးခံမည့်အချိန်ကို စောင့်မျှော်နေကြသည်။သူမအဖိုးတန်သားလေးကို ယန်ကျန်းကျူအရှက်ခွဲနေသည်အားမြင်သောအခါ ချောင်ချွင်းရှန်တစ်ယောက် အော်ဟစ်ကြိမ်းမောင်းလာ၏။

"ပေါက်တက်ကရတွေသာ နင်ဆက်ပြောနေမယ်ဆိုရင် ရှန့်သဲကိုနင်နဲ့ကွာရှင်းခိုင်းပစ်မယ်၊လေးနှစ်လုံးမှာ ဥတစ်လုံးတောင်မဥနိုင်ဘဲ ငါ့သားဆီအပြစ်ပုံချနေရတယ်လို့အေ၊နင့်လိုမိန်းမမျိုးက ဇနီးကောင်းတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး"

"အေး ကွာမယ်ဆိုရင်လဲကွာပစ်လိုက်လေ၊သူ့ဘာသာ နောက်ထပ်မိန်းမရှစ်ယောက်ပဲ ယူယူ ဘယ်နှယောက်ယူယူ ကလေးကတော့ရလာမှာမဟုတ်ဘူး"

ယန်ကျန်းကျူ ချောင်ရှီစကားကိုဖြတ်ပြောလိုက်ပြီး ပိုကျယ်သောအသံဖြင့် ဖိနှိပ်ပစ်လိုက်သည်။

ကျိုးထောင်ဟွား ယန်ကျန်းကျူထံကြည့်လိုက်မိ၏။ကြာကန်ထဲတွင် နှစ်ပေါင်း တစ်ရာတိုင်တိုင် ဝေဒနာခံစားခဲ့ရသောသရဲမထံတွင် ထူးခြားသောစွမ်းအားများရှိနေလေသည်။သူမနိုးလာသည်နှင့်တစ်ပြိုင်နက် ဒေါ်လေးချောင်နှင့်ကျိုးရှန့်သဲတို့ကို မျက်နှာပျက်သွားအောင်လုပ်နိုင်ခဲ့သည်မဟုတ်ပါလား။

ကျိုးရှန့်သဲမျက်နှာမှာ လူကြားထဲတွင်အရှက်ခွဲခံလိုက်ရသဖြင့် ပို၍ပင်ပျက်ယွင်းလာတော့သည်။ချောင်ချွင်းရှန်မှ ဆက်လက်ဆဲဆိုရန်ပြင်လိုက်စဉ်မှာပင် ကျိုးရှန့်သဲဖြတ်ပြောလိုက်၏။

"တော်ပါတော့ အမေရယ် ဘာမှဆက်မပြောနဲ့တော့"

"???"

ချောင်ချွင်းရှန်သားဖြစ်သူကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။သူမက သူ့ဘက်ကနေ ကူပြောပေးနေတာလေ။

ရုတ်ချည်း ချောင်ချွင်းရှန်စိတ်ထဲတွင်ဗလာကျင်းသွားတော့သည်။သူမရဲ့အဖိုးတန်သားလေးက တစ်ကယ်ကြီးအသုံးမဝင်တော့တာလား။

"ကျိုးရှန့်သဲ နောက်ကျရင်ငါ့ကိုခါးတူးနံစော်နေတဲ့ အဲ့ဆေးတွေတိုက်ဖို့မစဉ်းစားနဲ့တော့၊သောက်ချင်သပဆိုရင်လဲ ရှင့်ဘာသာရှင်ပဲသောက်"

ယန်ကျန်းကျူစကားအဆုံးတွင် ချောင်ချွင်းရှန်မှာ ကောင်းကင်ကြီးပြိုကျသွားသလိုခံစားလိုက်ရသည်။

ဒါကတစ်ကယ်ကို မသိတတ်တဲ့လုပ်ရပ်ပဲ။

ချွေးမက ယောက္ခမကိုအာခံရဲတယ်ပေါ့လေ။သူမဝယ်ပေးခဲ့သည့် ကလေးအမြန်ရစေသည့်ဆေးများမှာ ငွေကုန်ကြေးကျများလှသော်လည်း ယန်ကျန်းကျူမှာတော့ ထိုဆေးများကိုအပြစ်ပြန်တင်နေသည်ပင်။

All Chapters