အခန်း (၆၉)
Vol. 7 Ch. 69
ကျိုးထောင်ဟွား လူအုပ်ကြီးထံကြည့်ကာပြောလိုက်သည်။
"အစ်မကျန်းကျူက ဘာမှမဖြစ်ဘူးဆိုမှတော့ အားလုံးလဲအိမ်ပြန်ကြပါတော့"
"ဟုတ်သားပဲ ငါ့မီးဖိုပေါ်မှာအသားအိုးတည်ထားခဲ့တာ သွားကြည့်ဦးမှ"
"နှစ်သစ်ကူးစာတန်းတွေတောင် ငါမကပ်ရသေးဘူးပဲ၊ငါလဲပြန်မှဖြစ်မယ်"
ထိုစကားကိုကြားသည်နှင့် လူတိုင်းလူစုခွဲသွားကြတော့သည်။နောက်ပိုင်းရက်များတွင် ကျိုးရှန့်သဲအိမ်ဘက်မှနေ စကားများရန်ဖြစ်သံနှင့်ဘချောင်ချွင်းရှန်၏အားမလိုအားမရဖြင့် ဒေါသတကြီးဆူငေါက်နေသံများကို ခဏခဏကြားနေရတော့၏။
ချမ်ရှီမှာ ကျိုးရှန့်သဲအိမ်ဘက်သို့မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ဒါမျိုးဖြစ်သင့်တာကြာပြီ၊အစကတည်းက ကျန်းကျူတစ်ယောက် ဒီလိုပြတ်ပြတ်သားသားရှိခဲ့သင့်တာ၊အရင်ကဆို ချောင်ချွင်းရှန်လိုယောက္ခမဆိုးရဲ့နှိပ်စက်မှုကို လေးနှစ်ကြီးတောင်အလကားအနိုင်ကျင့်ခံခဲ့ရတာလေ၊ထောင်ဟွား ရှန်းမင်ကိုသွားခေါ်လိုက်ပါဦး၊နှစ်သစ်ကူးညစာကို အမေတို့အိမ်မှာလာစားဖို့ပြောလိုက် သူတစ်ယောက်တည်း အိမ်မှာစားနေတော့ ဘာအဓိပ္ပာယ်ရှိမှာလဲ"
ကျိုးအာ့ရှုခပ်တိုးတိုးရေရွတ်လာသည်။
"အဲ့လိုသာဆို ကျိုးရှန့်လင်လဲဒီနှစ်တစ်ယောက်တည်းစားရမှာမဟုတ်ဘူးလား"
ကျိုးအာ့ရှုစိတ်ထဲတွင်တော့ ချမ်ရှီမှာရှန်းမင်အပေါ် မျက်နှာသာပေးလွန်းသည်ဟုတွေးနေမိသည်။
ကျိုးထောင်ဟွား ရှန်းမင်အိမ်သို့အချိန်တိုအတွင်းရောက်သွားခဲ့၏။သူ့အိမ်တံခါးမှာပွင့်နေပြီး အိမ်ခန်းမကြီးထဲတွင်လူတစ်ယောက်စကားပြောနေသံကိုကြားလိုက်ရသည်။
"ရှန်းမင်ရေ ဝမ်ဖူရွာကမိန်းကလေးဟွားနဲ့ရှောင်ကျင်းရွာကမိန်းကလေးကျင်းတို့ဆို ဒီနှစ်ဆယ့်ခြောက်နှစ်ပြည့်ကြပြီလေ၊နှစ်ယောက်စလုံးက ရိုးသားပြီးစိတ်ထားကောင်းတဲ့ကောင်မလေးတွေပဲ၊မိန်းကလေးဟွားက ဟင်းချက်သိပ်တော်တာ၊မင်းကယောင်္ကျားကြီးတန်မဲ့အိမ်မှာ တစ်ယောက်တည်းချက်ပြုတ်စားသောက်နေရတာဆိုတော့ သူ့လိုဇနီးမျိုးကျိန်းသေလိုအပ်တယ်ကွဲ့၊မိန်းကလေးကျင်းကတော့ အပ်ချုပ်ပန်းထိုးတဲ့နေရာမှာကျွမ်းကျင်တယ်၊မင်းအတွက် အင်္ကျီတို့ဘာတို့ချုပ်ပေးမယ့်သူရှိလာမှာပေါ့၊ဒါ့အပြင် သူကတင်ပါးလဲကြီးတော့ ကျန်းမာသန်စွမ်းတဲ့သားယောက်ျားလေးတွေ သေချာပေါက်မွေးပေးနိုင်မှာ"
ကျိုးထောင်ဟွား ခြံဝင်းတံခါးအပြင်ဘက်တွင်ရပ်နေရင်း အောင်သွယ်တော်ယိုအသံကိုကြားလိုက်ရသဖြင့် ခြေလှမ်းများရပ်တန့်သွားခဲ့သည်။သူမခြံထဲမဝင်ဘဲနံရံကိုသာမှီရင်း သူတို့စကားပြောပြီးသည်ထိ အပြင်မှာပင်ထိုင်စောင့်နေလိုက်၏။
ရှန်းမိသားစုမှာ ယခုဆိုလျှင်အုတ်အိမ်လေးလုံးဆောက်ထားနိုင်ပြီဖြစ်ရာ ရွာသားများမှာလည်း ယခင်ကကံဆိုးစေတတ်သည်ဆိုသော ရှန်းမင်အငွေ့အသက်များကိုမကြောက်ကြတော့ဘဲ သူ့ကိုလေးစားချစ်ခင်လာကြသည်။ကျိုးကျားရွာတွင် ကျိုးရှန့်လင်မိသားစုမှလွဲ၍ အခြားအိမ်ထောင်စုအားလုံးမှာ အုတ်အိမ်များဆောက်နိုင်ခဲ့ကြပြီပင်။
မကြာသေးမီရက်ပိုင်းတွင်း အောင်သွယ်တော်ယိုတစ်ယောက်ရွာထဲသို့ မကြာမကြာရောက်လာတတ်ကာ လူပျို၊အပျိုများအတွက် အောင်သွယ်ပေးနေခြင်းဖြစ်သည်။ရှန်းမင်သည် ယခုနှစ်တွင်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ရာ အိမ်ထောင်ပြုဖို့အရွယ်ရောက်နေပြီပင်။
"အဘွားယိုကို ကျေးဇူးတင်ပေမယ့် အခုလောလောဆယ်တော့ ကျွန်တော်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိသေးပါဘူး၊မိန်းကလေးဟွားနဲ့မိန်းကလေးကျင်းတို့ကိုတော့ အခြားမိသားစုတွေနဲ့သာမိတ်ဆက်ပေးလိုက်ပါ"
ရှန်းမင်ငြင်းဆိုလိုက်သည်။
"ဟမ်"
အောင်သွယ်တော်ယို အံ့သြသွားရသည်။မည်သည့်ယောင်္ကျားလေးကများ အိမ်ထောင်မပြုချင်ဘဲနေပါမည်နည်း။ချက်ချင်းဆိုသလို သူမအကဲခတ်ကြည့်လိုက်သည်။
"ရှန်းမင် မင်းကသူတို့လိုပုံစံမျိုးကိုမကြိုက်လို့လား၊မင်းဘယ်လိုမိန်းကလေးမျိုးကိုကြိုက်လဲဆိုတာ အဘွားကိုပြောပြလေ၊အဘွား ရှာပေးပါ့မယ်"
ရှန်းမင်မှာ ခဏတာမျှမှင်တက်သွားတော့သည်။သူက ဘယ်လိုလူမျိုးကို ကြိုက်တာလဲ။ရုတ်ချည်းဆိုသလို သူ့လက်ဖဝါးတွင်းဝယ် တစ်စုံတစ်ဦးမှဆုပ်ကိုင်ထားသကဲ့သို့ နွေးထွေးမှုကိုခံစားလိုက်ရပြီး တစ်စုံတစ်ဦးမှသူ့နားသန်သီးလေးအားပွတ်သပ်လာသကဲ့သို့ နားရွက်များပူထူလာတော့သည်။အဘွားယိုမှာ ရှန်းမင်မျက်နှာအမူအရာကိုကြည့်ရင်း မျက်လုံးပြူးသွားရကာ သူမဘာသာတွေးလိုက်၏။
*သူ့မှာကြိုက်နေတဲ့သူ ရှိနေပြီထင်တယ်*
သူမမေးလိုက်သည်။
"ဘယ်အိမ်က ကောင်မလေးကိုများ မင်းကသဘောကျနေတာလဲ"
ရှန်းမင် ချက်ချင်းဆိုသလိုသတိပြန်ဝင်လာပြီး ဖြေလိုက်သည်။
"ကျွန်တော့်မှာ ကြိုက်နေတဲ့သူမရှိပါဘူး"
"အေးပါ အေးပါ မရှိဘူးဆိုတော့လဲ မရှိဘူးပေါ့"
အဘွားယိုမှာ အလိုက်တသိပြုံးလိုက်သည်။ရှန်းမင်မှာ လောလောဆယ်တွင်ပြောလာမည်မဟုတ်မှန်း သူမသိသော်ငြား နောင်တစ်ချိန်တွင်တော့ ရှန်းမင်တစ်ယောက် သူမထံကျိန်းသေရောက်လာပြီး ထိုမိန်းကလေးအား ကမ်းလှမ်းပေးရန် အကူအညီတောင်းလာလိမ့်မည်ဟု ယုံကြည်နေ၏။
သူမသည် အောင်သွယ်တော်အဖြစ်သက်တမ်းတစ်ဝက်ကျော်အတွင်းတွင် လူပေါင်းစုံကိုမြင်ဖူးခဲ့ပြီဖြစ်သည်။လူတစ်ယောက်မှာ ရုတ်တရက်ကြီးကြောင်တောင်တောင်ဖြစ်သွားကာ အကြည့်များနူးညံ့သွားပြီး နှုတ်ခမ်းအစုံ၌ပြုံးရိပ်သန်းလာပြီဆိုလျှင် ၎င်းမှာ သေချာပေါက်သူ့ချစ်ရသူကိုတွေးမိနေ၍သာပင်။
အဘွားယိုသည် ရှန်းမင်အိမ်မှထွက်လာသည်နှင့် သူမဘာသာတိုးတိုးလေးရေရွတ်ရင်းပြုံးလိုက်၏။
"ရှန်းမင်တော့ သူကြိုက်တဲ့မိန်းကလေးကို ရှာတွေ့နေပြီပဲ"
ကျိုးထောင်ဟွား ထိုစကားကိုကြားလိုက်ရာ ခေါင်းမော့ကြည့်လိုက်မိသည်။
*အစ်ကိုရှန်းမင်မှာ ကြိုက်တဲ့သူရှိနေပြီလား၊အဲ့တစ်ယောက်က မိန်းကလေးဟွားလား မိန်းကလေးကျင်းလား*
အဘွားယိုထွက်သွားပြီကိုမြင်လိုက်၍ သူမခြံထဲသို့ဝင်သွားလိုက်သည်။
"အစ်ကိုရှန်းမင် အမေကအစ်ကို့ကိုကျွန်မတို့အိမ်မှာ နှစ်သစ်ကူးညစာလာစားဖို့ဖိတ်ခိုင်းလိုက်လို့"
"ဒေါ်လေးချမ်ကို ကျေးဇူးတင်ရတော့မှာပဲ ဪ ခဏနေပါဦး ကိုယ်ပေးစရာတစ်ခုရှိသေးတယ်"
ရှန်းမင်မှာပြောပြောဆိုဆိုနှင့် အခန်းထဲဝင်သွားပြီး ပြန်ထွက်လာသောအခါ ဝံပုလွေသားရေထုတ်ကြီးတစ်ထုတ်ကို ပွေ့လာခဲ့သည်။
"မင်းတို့အိမ်မှာ နှစ်သစ်ကူးညစာကို အလကားလာမစားချင်ပါဘူး၊ဒါတွေကို ယူသွားလိုက်နော်၊အရင်တစ်ခေါက်က ဆောင်းတွင်းအဝတ်အစားတွေအတွက် ဝံပုလွေသားရေကိုသုံးတာ အရမ်းနွေးတယ်လို့မင်းပြောဖူးတယ်မလား၊ဒေါ်လေးချမ်နဲ့ဦးလေးအာ့ရှုတို့က အသက်ကြီးပြီဆိုတော့ ဒါမျိုးဝတ်ထားရင်ပိုကောင်းမယ်"
ရှန်းမင်သည် ကွေ့ပတ်ပြောမနေတော့ဘဲ ဝံပုလွေသားရေများကို ကျိုးထောင်ဟွားလက်ထဲသို့ အတင်းထည့်ပေးလိုက်တော့သည်။
"ဒါပေမယ့် ဒါတွေကအရမ်းများလွန်းတယ်နော်"
ကျိုးထောင်ဟွားမှာ ဤသားရေထုတ်ကြီးသည် ဆောင်းတွင်းဝတ်စုံလေးစုံစာပင်ရှိလောက်သည်ဟု ခန့်မှန်းကြည့်လိုက်သည်။
"ပိုတာတွေကိုတော့ မင်းအတွက်ပါတစ်စုံချုပ်လိုက်ပေါ့၊မိန်းကလေးတွေက အအေးဒဏ်ကိုပိုဂရုစိုက်သင့်တယ်၊ကိုယ်တို့လို ယောင်္ကျားသားတွေကတော့ အေးတာကိုသိပ်ဂရုစိုက်စရာမလိုပါဘူး"
ကျိုးထောင်ဟွား ချက်ချင်းဆိုသလို ဖြည့်ပြောလိုက်သည်။
"ဒါဆိုရင် ပိုတဲ့သားရေနဲ့အစ်ကိုရှန်းမင်အတွက်ပါ ဆောင်းတွင်းအင်္ကျီတစ်ထည်ချုပ်ပေးမယ်လေ"
ရှန်းမင်မျက်ဝန်းများမှာ အတန်ငယ်မှေးကျဥ်းသွားပြီး ကျိုးထောင်ဟွားထံကြည့်ကာ နှုတ်ခမ်းထောင့်များအလိုလိုကွေးတက်သွားတော့သည်။
ကျိုးထောင်ဟွား အိမ်ပြန်ရောက်ချိန်တွင် ချမ်ရှီမှာ ထိုဝံပုလွေသားရေများကိုကြည့်ပြီး လက်ဖြင့်စမ်းသပ်ရုံမျှဖြင့် ထူးကဲသောနွေးထွေးမှုကို ခံစားလိုက်ရ၏။ချမ်ရှီမှာ ပြုံးရွှင်ကာဖြင့်ချီးကျူးတော့သည်။
"ရှန်းမင်က တစ်ကယ်ကိုစိတ်ထားကောင်းတဲ့ကောင်လေးဆိုတာ အမေသိတာပေါ့၊သူ့ကိုညစာဖိတ်ကျွေးတာလေးနဲ့တင် ဝံပုလွေသားရေတွေအများကြီးပြန်ပေးတာသာကြည့်တော့"
ထို့နောက် ချမ်ရှီသည်ကျိုးအာ့ရှုထံမျက်စောင်းထိုးကာ ကျီစယ်ဟန်ဖြင့်ဆူပူလိုက်၏။
"ကြည့်စမ်းပါဦး ရှန်းမင်ကရှင်အေးနေမှာကိုဂရုစိုက်နေတုန်းပဲ၊ဒီလောက်နွေးတဲ့သားရေတွေကို ပေးလိုက်တာနော်"
ကျိုးအာ့ရှုလည်း သားရေများကိုကိုင်ကြည့်ရင်း ချမ်ရှိီဆူပူမှုကိုနားထောင်ကာ ရင်ထဲတွင်နွေးထွေးသွားရသည်။ကျိုးထောင်ဟွားမှအကြံပေးလိုက်၏။
"သမီးအထင်တော့ ဝံပုလွေသားရေကို အတွင်းလွှာအဖြစ်သုံးရင် ပိုနွေးမယ်ထင်တယ်နော်၊အပြင်ဘက်ကနေ အထည်တစ်ထပ်အုပ်လိုက်ရင် အင်္ကျီကအရမ်းကြီးမထူတော့ဘဲ ပိုကြည့်ကောင်းသွားမှာ"
ချမ်ရှီလည်း ဤအကြံမှာကောင်းသည်ဟု ထင်မိ၏။ဝံပုလွေသားရေဆိုသည်မှာ ရှားပါးလှပြီးပိုက်ဆံရှိတိုင်း ဝယ်၍ရသည့်အရာမဟုတ်ပေ။သူတို့သည် ချက်ချင်းပင် အလုပ်စလိုက်ကြတော့သည်။ချမ်ရှီမှာ ဟင်းချက်ရန်ရှိသေးသဖြင့် ရာသီသွေးမိစ္ဆာကသာ ဒိုင်ခံချုပ်ပေးရပြီး ကျန်နတ်ဆိုးသုံးကောင်ကလည်း ဝိုင်းကူညီကြ၏။
ကျိုးထောင်ဟွားသည် ရှန်းမင်အိမ်တွင် အောင်သွယ်တော်မှ မိန်းကလေးကျင်း၏အပ်ချုပ်ပညာကို ချီးကျူးခဲ့ကြောင်း သတိရသွားပြီး သူမကိုယ်တိုင်လည်း လက်မှုပညာကိုသင်ယူထားရန် ဆုံးဖြတ်ကာ ရာသီသွေးမိစ္ဆာထံ သွားရောက်ကူညီတော့သည်။
ရာသီသွေးမိစ္ဆာမှာမူ ကျိုးထောင်ဟွားတစ်ယောက်သားရေထူထူကို တစ်ခါမှမကိုင်တွယ်ဖူးသဖြင့် ထိုသားရေကောင်းများကို ဖျက်ဆီးမိမည်အားစိုးရိမ်သလို၊သူမကိုယ်သူမ အပ်နှင့်ထိုးမိသွားမည်ကိုလည်း စိတ်ပူနေရ၏။ထို့ကြောင့် သူမသည် ပန်းထိုးစတစ်ထည်ကို ဘောင်တွင်တပ်ကာ ကျိုးထောင်ဟွားကိုပန်းထိုးနည်းသာ သီးသန့်လေ့ကျင့်ခိုင်းလိုက်သည်။
ကျိုးထောင်ဟွားသည် ပန်းထိုးဗြောင်စကို စိုက်ကြည့်ရင်း သူမဦးနှောက်မှာလည်း ထိုအထည်စကဲ့သို့ပင် ဗလာဖြစ်နေတော့၏။နောက်ဆုံးတွင်တော့ မက်မွန်ပန်းတစ်ပွင့်ကိုသာထိုးရန် ဆုံးဖြတ်လိုက်သည်။သူမသည် ထိုင်ခုံပုလေးပေါ်တွင်ထိုင်ကာ လက်ကိုင်ပုဝါလေးကိုအာရုံစိုက်ပြီးပန်းထိုးနေလိုက်၏။အပ်မှာ အထည်စပေါ်တွင် ခဲခဲယဉ်းယဥ်းရွေ့လျားနေပြီး ချည်မျှင်များမှာလည်း ကောက်ကောက်ကွေ့ကွေ့နှင့် မညီမညာဖြစ်နေသည်။
ရုတ်ချည်းတံခါးခေါက်သံကြားလိုက်ရသဖြင့် ကျိုးထောင်ဟွားသည် ပန်းထိုးနေသည်ကိုခဏနားကာ တံခါးသွားဖွင့်ပေးလိုက်၏။အံ့သြစရာကောင်းသည်မှာရောက်လာသူသည် ယန်ကျန်းကျူဖြစ်နေခြင်းပင်။
"အစ်မကျန်းကျူ"
ကျိုးထောင်ဟွားနှုတ်ဆက်ကာ ယန်ကျန်းကျူကို အိမ်ထဲသို့ဖိတ်လိုက်သည်။အိမ်ခန်းမကြီးထဲရှိ နတ်ဆိုးလေးကောင်မှာ ယန်ကျန်းကျူကိုမြင်သည်နှင့် ထူးဆန်းသောအမူအရာများ ဖြစ်သွားကြသော်လည်း သူတို့အလုပ်ကိုသာဆက်လုပ်နေကြ၏။ယန်ကျန်းကျူသည် အိမ်အတွင်းထဲ၌ အပ်ချုပ်သည်ကိုသာလိမ်လိမ်မာမာဖြင့်လုပ်နေကြသော နတ်ဆိုး လေးကောင်ထံကြည့်ကာ ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။
"ဆရာသခင်ထောင်ဟွား ကျွန်မကလူမဟုတ်ဘူးဆိုတာ ဆရာသခင်သိပြီးသားဖြစ်မှာပါ"
ယန်ကျန်းကျူမှ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
သူမကိုယ်ပေါ်တွင် စိမ်းဖန့်ဖန့်မီးခိုးငွေ့အလား အေးစက်လှသောဝိညာဥ်မီးတောက်များထွက်ပေါ်လာကာ တစ်ခန်းလုံးကိုချက်ချင်းအေးစိမ့်သွားစေတော့၏။သူမမှာပြုံးနေသော်ငြား ကျိုးထောင်ဟွားသည်တော့ သူမမျက်ဝန်းများထဲတွင် မျက်ရည်များဝဲနေသည်ကိုမြင်လိုက်ရသည်။
ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။
"အစ်မကျန်းကျူးအပေါ်မှာ အစ်မကမကောင်းတဲ့စိတ်မရှိဘူးဆိုတာ ညီမသိပါတယ်၊ဒီနေ့ ညီမဆီကိုလာတာက ထွက်ခွာဖို့ပြင်ဆင်နေတာမလား"
ယန်ကျန်းကျူ ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်သော်လည်း နှုတ်ခမ်းအစုံမှာပြုံးနေဆဲပင်။အရင်ရက်ပိုင်းများ၌ ယန်ကျန်းကျူခန္ဓာကိုယ်ထဲတွင် ဝင်ရောက်နေထိုင်ခဲ့ရသည်မှာ သူမအတွက်တော့အလွန်ပျော်စရာကောင်းခဲ့သည်။သူမအနေဖြင့် တစ်ခါမှဤမျှလောက် ရင်ခုန်စိတ်လှုပ်ရှားမှုကိုမခံစားခဲ့ရဖူးပေ။သူမအသာခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါတယ် ကျွန်မကယန်ကျန်းကျူကိုယ်ထဲမှာ ဆက်နေလို့မဖြစ်တော့ဘူးလေ မဟုတ်ရင် ယန်ကျန်းကျူခန္ဓာကိုယ်က ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး"
သူ့အငွေအသက်တို့သည် ယန်ကျန်းကျူ၏သက်တမ်းကို ထိခိုက်စေနိုင်သည်လေ။
သူမသည် ယန်ကျန်းကျူကိုကြည့်ရင်း မိမိကိုယ်ကိုယ်ပြန်မြင်ယောင်ကာ သနားနေမိသည်။သူမကိုယ်တိုင်လည်း ယောက္ခမ၏နှိပ်စက်မှုနှင့်ခင်ပွန်းဖြစ်သူ၏လျစ်လျူရှုမှုကို ခံခဲ့ရသူပင်။ထိုစဉ်က သူမသည်ကြာကန်ထဲသို့ခုန်ချလိုက်ပြီးနောက် ချက်ချင်းသေဆုံးသွားခဲ့ရသည်။
သူမဝိညာဉ်သည် ထိုကြာကန်ထဲတွင် နှစ်ပေါင်းတစ်ရာနီးပါးပိတ်မိနေခဲ့ပြီး နေ့စဉ်နှင့်အမျှ နံစော်လှသောရွှံ့နွံ့များကြားတွင် အလူးအလဲခံစားခဲ့ရ၏။လွန်ခဲ့သောနှစ်များအတွင်း သူမသည်မြစ်ထဲခုန်ချမိခဲ့သည့် မိမိဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် နောင်တရခဲ့ဖူးသည်။
သူမသေသွားခဲ့သော်လည်း သူမယောက္ခမနှင့်ခင်ပွန်းမှာမူ ပုံမှန်အတိုင်းပင် စားသောက်ပျော်ပါးနေခဲ့ကြပြီး သူမတစ်ဦးတည်းသာ ဆင်းရဲဒုက္ခခံစားခဲ့ရခြင်းပင်။ထိုစဉ်က သူမ၏ကိုယ့်ကိုကိုယ်သတ်သေမှုသည် မိမိကိုယ်ကိုအပြစ်ပြန်ပေးလိုက်ခြင်းသာဖြစ်ခဲ့သည်။ထို့ကြောင့် ကြာကန်အောက်ခြေမှနေ၍ ချောင်ရှီနှင့်ကျိုးရှန့်သဲတို့မျက်နှာများကို မြင်လိုက်ရသောအခါ သူမသည်တွန့်ဆုတ်မနေဘဲ ယန်ကျန်းကျူကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်လိုက်တော့၏။လေးနှစ်တာပတ်လုံး ယန်ကျန်းကျူခံစားခဲ့ရသမျှ မကျေနပ်ချက်များနှင့်နာကျည်းချက်များကို သူမကကိုယ်စားရင်ဖွင့်ပေါက်ကွဲပေးခဲ့သည်။
ယခုအချိန်မှစ၍ သူတို့အားမည်သူ့ကိုမှ အနိုင်ကျင့်ခွင့်ပေးတော့မည်မဟုတ်ပေ။