အခန်း (၇၀)
Vol. 7 Ch. 70
ယန်ကျန်းကျူသည် တစ်တေးထုတ်ကာ ကျိုးထောင်ဟွားထံကမ်းပေးလိုက်သည်။
"ဆရာသခင်ထောင်ဟွား ကျွန်မကိုမြေအောက်ကမ္ဘာဆီပို့ပြီး လူပြန်ဝင်စားနိုင်အောင် ကူညီပေးပါဦး"
သူမ ဤစကားကိုပြောလိုက်သည်နှင့် သူမခန္ဓာကိုယ်ပေါ်တွင် နှစ်ပေါင်းတစ်ရာနီးပါးစုပြုံနေခဲ့သော အငြိုးအတေးများမှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားတော့သည်။ဘေးနားမှ နတ်ဆိုးလေးကောင်မှာလည်း အံ့အားသင့်သွားကြ၏။အငြိုးအတေးများ၏အကာအကွယ်မရှိတော့သောအခါ သူမဝိညာဉ်သည်ချက်ချင်းဆိုသလို အားနည်းဖျော့တော့သွားပြီး ဝိညာဉ်ပုံစံကိုပင်ဆက်ထိန်းထားနိုင်စွမ်းမရှိတော့ချေ။
ကျိုးထောင်ဟွားသည် ချက်ချင်းဆိုသလိုဝိညာဉ်စွမ်းအားအနည်းငယ် လွှတ်ထုတ်ပေးကာ သူမဝိညာဉ်ပုံစံကိုထိန်းပေးလိုက်ပြီး လမ်းပြစက္ကူရုပ်လေးတစ်ခုပြုလုပ်ပေးလိုက်သည်။ထိုအခါ သရဲမလေးသည် ယန်ကျန်းကျူကိုယ်ထဲမှ ချက်ချင်းထွက်လာပြီး လမ်းပြစက္ကူရုပ်လေးနောက်မှနေ၍ မြေအောက်ကမ္ဘာသို့ လိုက်ပါသွားတော့၏။
ခဏချင်းမှာပင် ယန်ကျန်းကျူမျက်လုံးများမှ မျက်ရည်များစီးကျလာပြီး သူမနှင့်မသက်ဆိုင်သော မှတ်ဉာဏ်ပေါင်းများစွာမှာ ခေါင်းထဲသို့တိုးဝင်လာတော့သည်။ထိုမှတ်ဉာဏ်များထဲတွင် သရဲမလေးအသက်ရှိစဉ်၌ ယောက္ခမ၏အနိုင်ကျင့်မှုကိုခံစားခဲ့ရပုံများနှင့် ခင်ပွန်းဖြစ်သူ၏အေးစက်သောလျစ်လျူရှုမှုများအပြင် နောက်ဆုံးသူမကဲ့သို့ပင် ကြာကန်ထဲသို့ခုန်ချကာကိုယ့်ကိုကိုယ်သတ်သေခဲ့ပြီး ကြာကန်အောက်ခြေ၌ နှစ်ပေါင်းတစ်ရာနီးပါးခံစားခဲ့ရပုံများ ပါဝင်နေ၏။
ထိုသရဲမလေး၏မှတ်ဉာဏ်များကိုမြင်ပြီးနောက်တွင် ယန်ကျန်းကျူသည်မြစ်ထဲခုန်ချခြင်းမှာ မိမိကိုယ်ကိုအပြစ်ပေးခြင်းသာ ဖြစ်ကြောင်း ရုတ်ချည်းသဘောပေါက်သွားတော့သည်။ယန်ကျန်းကျူသတိပြန်ဝင်လာသောအခါ ချက်ချင်းဆိုသလိုမတ်တပ်ထရပ်၍ ဟိုဟိုဒီဒီရှာဖွေလိုက်သော်လည်း ဘာကိုမှမတွေ့ရတော့ပေ။
"ထောင်ဟွား သူမထွက်သွားပြီလား"
ယန်ကျန်းကျူ တွန့်ဆုတ်ဟန်ဖြင့်ကြည့်ကာမေးလာသည်။
တစ်ခါတစ်ရံတွင် တစ္ဆေဝိညာဉ်များသည်လူသားများထက်ပင် ပိုမိုနူးညံ့နွေးထွေးတတ်ကြ၏။ယခင်ရက်ပိုင်း၌ ထိုသရဲမလေး၏အပြောအဆိုနှင့်လုပ်ရပ်များကြောင့် ကျိုးရှန့်သဲအိမ်တွင် သူမခံစားခဲ့ရသောလေးနှစ်တာနာကျည်းချက်များမှာ အကုန်လုံးပေါက်ကွဲထွက်သွားပြီး ပေါ့ပါးသွားသကဲ့သို့ခံစားလိုက်ရသည်။သူမသည် နောက်များကျလျှင် မည်သည့်အရာကိုမှသည်းခံနေတော့မည်မဟုတ်သလို ကျိုးရှန့်သဲမျက်နှာအားထောက်ထားပြီး အရာအားလုံးကိုတစ်ဦးတည်းကြိတ်မှိတ်ခံစားနေတော့မည်လည်း မဟုတ်ပေ။
ဤအရာအားလုံးကိုနားလည်သွားပြီးနောက် ယန်ကျန်းကျူသည် ယခင်ကထက် ပို၍လွတ်လပ်ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
"သူ လူပြန်ဝင်စားဖို့ထွက်သွားပါပြီ"
ကျိုးထောင်ဟွားပြန်ဖြေလိုက်၏။
ယန်ကျန်းကျူ ရယ်မော၍ပြောလာသည်။
"မြစ်ထဲခုန်ချခဲ့တဲ့ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ အစ်မကိုယ်တိုင်လည်း စိတ်သစ်လူသစ်နဲ့ ပြန်မွေးဖွားလာသလိုခံစားရတယ်"
"အစ်မမြစ်ထဲခုန်ချလိုက်တုန်းက သူ့ရဲ့ယင်စွမ်းအားတွေနဲ့ အစ်မကိုကာကွယ်ပေးထားလို့သာ ကြာကန်ထဲကအေးစက်နေတဲ့ရေအေးဒဏ်ကို အစ်မ,မခံစားခဲ့ရတာ"
ကျိုးထောင်ဟွား ဤလျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။ထိုသရဲမလေးမှာ စိတ်ထားကောင်းလှပြီး ယန်ကျန်းကျူကို ဘာအန္တရာယ်မှမပေးခဲ့သည့်အပြင် သူမကျင့်စဉ်စွမ်းအားများဖြင့်ပင် ကာကွယ်ပေးခဲ့၏။သူမမှာ တစ္ဆေဝိညာဉ်တစ်ကောင်နှင့်ပင်မတူဘဲ အလွန်တရာနူးညံ့သိမ်မွေ့လှပေသည်။ထို့ကြောင့်လည်း အဘိုးရှန့်ဖျင်မှာ ယန်ကျန်းကျူရေထဲကျသွားသော်လည်း ဘာမှမဖြစ်ဟုပြောခဲ့ခြင်းပင်။
ထိုစကားကိုကြားသောအခါ ယန်ကျန်းကျူအံ့သြမှင်သက်စွာဖြင့်ရေရွတ်ရင်း စိတ်ထဲမှနေလည်း ကျေးဇူးတင်နေမိသည်။
"ထောင်ဟွား အစ်မပြန်တော့မယ်နော်၊ဒါတွေကို ပြောပြပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်"
ယန်ကျန်းကျူသည် အိမ်သို့အားမာန်အပြည့်ဖြင့် လျှောက်သွားတော့သည်။သူမ၏သရဲအစ်မကြီးမရှိတော့သဖြင့် ယခုမှစ၍သူမကိုယ်တိုင်သာအားကိုးရတော့မည်ဖြစ်သော်လည်း အရင်ကကဲ့သို့ အားနည်းသူတစ်ယောက်တော့လုံးဝဖြစ်လာတော့မည်မဟုတ်ပေ။
ယန်ကျန်းကျူကို ပြန်ပို့ပြီးနောက် ကျိုးထောင်ဟွားသည် သူမထိုင်ခုံတွင်ပြန်ထိုင်ကာ လက်ကိုင်ပုဝါကို ပန်းဆက်ထိုးနေတော့သည်။နာရီဝက်ခန့်ခဲခဲယဉ်းယဥ်းကြိုးစားပြီးနောက်တွင်တော့ ပထမဆုံးပန်းတစ်ပွင့်ပြီးသွားခဲ့၏။သူမသည် သူမလက်ရာကိုစိုက်ကြည့်ရင်း မျက်မှောင်ကြုံ့ကာ အားမလိုအားမရဖြစ်နေမိသည်။
ဘာဖြစ်လို့ ဒီလိုကြီးထွက်လာရတာလဲ။မက်မွန်ပန်းပုံစံအဖြစ်မြင်ရန် သေချာပုံဖော်ကြည့်ရပြီး အကယ်၍သူမသာ ဤသည်မှာမက်မွန်ပန်းဖြစ်ကြောင်း ကြိုသိမထားခဲ့ပါလျှင် မည်သူမှခန့်မှန်းနိုင်တော့မည်မဟုတ်ချေ။လှပနူးညံ့နေရမည့် ပွင့်ချပ်များမှာလည်း လုံးချေထားသောစက္ကူလုံးများအလား အရွယ်အစားအမျိုးမျိုးဖြစ်နေတော့သည်။
ကျိုးထောင်ဟွား နှုတ်ခမ်းစူကာပြန်ပြင်ရန်လုပ်လိုက်စဉ် တစ်ယောက်ယောက်မှခြံတံခါးကိုခေါက်လာပြန်၏။ကျိုးထောင်ဟွားသည် သူမပန်းထိုးခြင်းတောင်းကိုချကာ နားမလည်နိုင်ဖြစ်နေတော့သည်။
မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးတော့မည်ဖြစ်ရာ အဘယ်ကြောင့်လူများမှာ သူမအိမ်သို့ခဏခဏရောက်လာနေကြပါသနည်း။
ထင်မထားသည်မှာ တံခါးဖွင့်လိုက်သည်နှင့်ရောက်လာသူမှာ အဘွားစွင်းဖြစ်နေပြီး သူမနောက်တွင်ကျိုးလျန်ဟွားလည်း ပါလာသည်။
"အဘွား ဝမ်းကွဲအစ်မ"
အဘွားစွင်းသည် ကျိုးထောင်ဟွားနှုတ်ဆက်သံကိုကြားသောအခါ ဝမ်းသာအားရပြောလိုက်သည်။
"ထောင်ဟွား အိမ်မှာရှိနေတာပဲ၊သမီးအဖေနဲ့ အမေရောဘယ်မှာလဲ"
အဘွားစွင်းသည် ကျိုးထောင်ဟွားမှမီးဖိုချောင်ထံ လက်ညှိုးထိုးပြသည်ကိုမြင်သည်နှင့် ထိုဘက်သို့လျှောက်သွားတော့သည်။ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားလက်ထဲတွင် ခြင်းတောင်းတစ်လုံးပါလာသည်ကိုမြင်လိုက်ရာ စပ်စုချင်စိတ်ဖြင့်နောက်မှလိုက်သွားတော့၏။
အဘွားစွင်းသည် မီးဖိုချောင်ထဲသို့ဝင်သွားပြီးနောက် အရင်ဆုံးချိုချိုသာသာအသံဖြင့် ခေါ်လိုက်သည်။
"အာ့ရှုရေ ဟုန်ယန်ရေ"
ကျိုးအာ့ရှုနှင့်ချမ်ရှီတို့မှာ ထိုအသံကိုကြားသည်နှင့် တစ်ကိုယ်လုံးကြက်သီးများပင်ထသွားကြတော့သည်။သူတို့သည် အဘွားစွင်းထံမှ ဤမျှထိနွေးထွေးသောခေါ်သံမျိုး တစ်ခါမှမကြားဖူးခဲ့ကြပေ။
အထူးသဖြင့် သားအလတ်ဖြစ်သောကျိုးအာ့ရှုမှာ အဘွားစွင်း၏လျစ်လျူရှုမှုကို အမြဲခံခဲ့ရသူဖြစ်၍ ယခုကဲ့သို့ဆက်ဆံမှုမျိုး တစ်ခါမှမကြုံဖူးခဲ့ချေ။
သူ့ရင်ထဲတွင် မကောင်းသောခံစားချက်တစ်ခုပေါ်လာတော့သည်။သူစကားမပြောရသေးမီမှာပင် အဘွားစွင်းသည် ကျိုးလျန်ဟွားကို စားပွဲထက်သို့ခြင်းတောင်းတစ်လုံး တင်ခိုင်းလိုက်သည်အားမြင်လိုက်ရ၏။သူမသည် ခြင်းတောင်းထဲမှ ဝက်အူချောင်းများ၊ဘဲဥများ၊ငန်းဥများနှင့်ကောက်ညှင်းထုပ်များကို ထုတ်လိုက်သည်။
"???"
ကျိုးအာ့ရှုမှာ လုံးဝကိုကြောင်အသွားတော့သည်။
သူ့အမေ ဘာတွေလုပ်နေတာလဲ။အရင်ကဆို ဒုတိယအိမ်အတွက်အရမ်းကပ်စေးနည်းပြီး သူတို့ဆီကပိုက်ဆံတောင်ပြန်တောင်းတတ်တာမဟုတ်ဘူးလား။အခုကျမှ ဒါတွေအားလုံးလာပေးနေတယ်ပေါ့လေ။နေလုံးကြီး အနောက်ဘက်ကနေများထွက်လာသလားပဲ။
"အာ့ရှု ဟုန်ယန် ဒါတွေကအိမ်မှာငါကိုယ်တိုင်လုပ်ထားတဲ့ အစားအစာတွေမလို့မြည်းကြည့်လိုက်ကြဦး၊မနက်ဖြန်ညကျရင်တော့ နင်တို့လင်မယားနဲ့ထောင်ဟွားပါ အိမ်ဟောင်းကိုလာခဲ့ကြနော်၊နှစ်သစ်ကူးညစာ အတူတူစားကြမယ်"
အဘွားစွင်း၏တက်ကြွမှုမှာ လျော့မသွားသည့်အပြင် မျက်နှာချိုသွေးနေသည့် အဆင့်ထိပင် ရောက်နေတော့သည်။ညစာစားရန်ဖိတ်သည်ကို ကြားသောအခါ ကျိုးအာ့ရှုချက်ချင်းခေါင်းယမ်းကာပြောလိုက်၏။
"အမေ မနက်ဖြန်ညတော့မရဘူး၊ကျွန်တော်တို့ကရှန်းမင်ကိုပါ ညစာစားဖို့ ဖိတ်ထားပြီးသား၊အမေယူလာတဲ့ ပစ္စည်းတွေကိုလဲ ပြန်ယူသွားပါဦး"
ထိုသို့ပြောရင်း ပစ္စည်းများကိုခြင်းတောင်းထဲပြန်ထည့်ရန်လုပ်တော့သည်။
သို့သော် အဘွားစွင်းမှာအခွင့်အရေးမပေးဘဲ ခြင်းတောင်းကိုသူမနောက်ကျောဘက်တွင် အမြန်ဝှက်လိုက်၏။သူမခဏတာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ညဘက်မအားရင် နေ့ခင်းဘက်လာခဲ့ကြလေ"
သူမသည် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ အပြုံးမပျက်ပင် နေ့လည်စာစားရန်အချိန်သတ်မှတ်လိုက်တော့၏။
"ဒါဆိုအတည်ပဲနော်၊မနက်ဖြန် နေ့လည်ကျရင် သုံးယောက်လုံးသေချာပေါက်လာခဲ့ကြ၊ပုံမှန်ထမင်းစားချိန်မှလာရင်ရပြီ၊အကုန်လုံးအဆင်သင့်ဖြစ်အောင် ငါပြင်ထားလိုက်မယ်"
အဘွားစွင်းသည် ပြန်ခါနီးတွင်လည်း မနက်ဖြန်၌ နေ့လည်စာကျိန်းသေလာစားရမည်ဟု ကျိုးထောင်ဟွားကိုထပ်ခါတလဲလဲမှာကြားသွားသေးသည်။အဘွားစွင်းထွက်သွားသောအခါ ကျိုးထောင်ဟွားနှင့်သူမမိဘများမှာ တစ်ယောက်ကိုတစ်ယောက်ကြောင်ကြည့်နေမိကြတော့၏။
ကျိုးအာ့ရှုမှာ သားအမိနှစ်ယောက်ထံကြည့်ကာ မေးလိုက်သည်။
"မင်းတို့ သွားကြမှာလား"
ယခင်ဆောင်းဦးလယ်ပွဲတော်တုန်း၌ အဘွားစွင်းသည်ထောင်ဟွားနှင့်ဟုန်ယန်ကို အနိုင်ကျင့်ခဲ့သဖြင့် နောင်အားလပ်ရက်များ၌ အိမ်ဟောင်းသို့ဘယ်တော့မှ မသွားတော့သလို လက်ဆောင်လည်းမပေးတော့ဟု သူပြောခဲ့ဖူးသည်။ယခုမူ အဘွားစွင်းမှာ ထမင်းစားချိန်ကျမှလာရန်ဖိတ်ခေါ်နေခြင်းပင်။
ကျိုးအာ့ရှုသည် ချမ်ရှီတစ်ယောက်အိမ်ဟောင်းတွင်နေခဲ့စဉ်၌ အဘွားစွင်း၏အနှိမ်ခံခဲ့ရပုံကိုပြန်တွေးမိသွားသည်။ထိုစဉ်ကဆို ဟုန်ယန်သည်တစ်ရက်လျှင်ထမင်းသုံးနပ်လုံး ချက်ပြုတ်ပြင်ဆင်ပေးခဲ့ရပြီး သူမခဲအို၊မတ်နှင့်ယောင်းမများမှာမူ အသင့်ပြင်ထားသည်ကိုထိုင်စားရုံသာပင်။
အိမ်ခွဲမနေခင်အချိန်ထိ ဟုန်ယန်မှာတစ်အိမ်လုံးအတွက် အလုပ်အကျွေးပြုခဲ့ရခြင်းဖြစ်သည်။ယခုတွင်မူ ချမ်ရှီအားအိမ်ဟောင်းသို့ပြန်သွားကာ သူတစ်ပါးပြင်ဆင်ပေးသည်ကို ပြန်ခံစားစေချင်သော်လည်း သူမသဘောမတူမည်ကို စိုးရိမ်နေမိ၏။
ချမ်ရှီသည် စားပွဲပေါ်ရှိအဘွားစွင်းယူလာသော ပစ္စည်းများကိုကြည့်လိုက်သည်။ကျိုးမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသည့် ဆယ့်ခြောက်နှစ်တာကာလအတွင်း အဘွားစွင်းမှဤမျှထိနှိမ့်ချဆက်ဆံလာသည်ကို သူမပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။သူမပြန်ဖြေလိုက်၏။
"သွားကြတာပေါ့၊သူကမရမကဖိတ်နေတာပဲဟာကို၊ရှင့်အမေမျက်နှာကိုလဲ ထောက်ထားရဦးမယ်လေ၊ဘာပဲဖြစ်ဖြစ် သူကနေ့လည်စာလို့ပြောတာဆိုတော့ ကျွန်မတို့ရဲ့ညစာစားပွဲကိုလဲ မထိခိုက်စေပါဘူး"
သူမ ကျိုးမိသားစုသို့ရောက်ကာစပထမ ခြောက်နှစ်တာကာလအတွင်း အိမ်ဟောင်းရှိလူများအတွက် မနားမနေအလုပ်လုပ်ပေးခဲ့ရသည်များကို ပြန်တွေးမိရာ ယခုတစ်ကြိမ်တွင်တော့ အသင့်ပြင်ထားသော ထမင်းကိုသွားစားရန်ဆုံးဖြတ်လိုက်ခြင်းပင်။
သူတို့တိုင်ပင်ပြီးသွားသည်ကိုမြင်သောအခါ ကျိုးထောင်ဟွားလည်း သူမလက်ကိုင်ပုဝါကိုသာ ပန်းဆက်ထိုးရန်ပြန်သွားတော့သည်။
နောက်တစ်နေ့နေ့လည်စာစားချိန်၌ ကျိုးမိသားစုဝင်သုံးဦးလုံး အိမ်ဟောင်းသို့ရောက်ရှိလာချိန်တွင် အဘွားစွင်းမှာသူတို့အားလုံးကို အဓိကစားပွဲဝိုင်းကြီးတွင် ထိုင်ခိုင်းထားသည်အား တွေ့လိုက်ရတော့၏။