အခန်း (၆၂)
Vol. 7 Ch. 62
အဘွားစွင်းမှာ ထိုသတ္တဝါကြီးကိုမြင်သည်နှင့် လူအုပ်ကြီးထံလှမ်းပြောလိုက်သည်။
"ကြည့်လေ ငါ့မြေးမထောင်ဟွားက ဒီနတ်ဆိုးကိုအတင်းထွက်လာအောင်လုပ်လိုက်ပြီ"
ဒေါ်လေးကျိန့်ပြောလာ၏။
"အဲ့အကောင်ကြီးက တီကောင်နဲ့တူမနေဘူးလား"
ကျိုးရှန့်အန်းမှာမူ အင်္ကျီရင်ဘတ်ထဲမှငြိမ်းချမ်းခြင်းအဆောင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အဝေးရှိကျိုးထောင်ဟွားထံသာစိုက်ကြည့်နေမိသည်။ဤတီကောင်နတ်ဆိုးအား သူမအောင်အောင်မြင်မြင်နှိမ်နင်းနိုင်ပါစေဟုလည်း ဆုတောင်းနေမိ၏။
လူအုပ်ထဲတွင်ရပ်နေသော ကျိုးရှန့်လင်မှာ တီကောင်ကြီးအားကြည့်ပြီးပြောလိုက်သည်။
"ဒီတီကောင်နတ်ဆိုးက သာမန်မဟုတ်ဘူးပဲ၊ခြေထောက်မရှိဘဲ ပျံနိုင်တယ်ဆိုတော့ အားလုံးပဲဝေးဝေးကိုပြေးကြဖို့ အကြံပေးချင်တယ်နော်၊ထောင်ဟွားက သူ့ကိုမီးနဲ့ရှို့ပြီး အတင်းထွက်လာအောင်လုပ်ထားတာဆိုတော့ သူမကိုသတ်ပြီးရင် ငါတို့တွေပါမဲကျရာကျောင်းတိုက်ဖြစ်ကုန်လိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် ကျိုးရှန့်လင်သည် အရင်ဆုံးထွက်ပြေးတော့သည်။ကျန်ရွာသားတစ်ဝက်ခန့်မှာလည်း ကြောက်လန့်တကြားဖြင့် ဝါးတောနှင့်ဝေးရာသို့ ဆုတ်ခွာသွားကြ၏။ဤတီကောင်နတ်ဆိုးမှာ အမှန်တစ်ကယ်ထူးခြားလှသည်။ကျိုးထောင်ဟွားမှာ ၁၄နှစ်သာရှိသေးသဖြင့် လူအတော်များများသည်သူမနိုင်မှနိုင်ပါ့မလားဟု စိုးရိမ်နေကြဆဲပင်။လူတိုင်း၏ဘေးကင်းရေးအတွက် ရွာလူကြီးလည်း အားလုံးကိုဝေးဝေးတွင်နေကြရန် အမိန့်ပေးလိုက်၏။
တီကောင်နတ်ဆိုးသူမထံသို့ဦးတည်ပျံသန်းလာသည်ကို ကျိုးထောင်ဟွားကြည့်နေလိုက်သည်။မုဒြာလက်ဟန်တစ်ခုအမြန်ဖွဲ့စည်းကာ မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်၏။
"စိန်သားကဲ့သို့ ခိုင်မာသောစွမ်းအား ဒိုင်းကာတစ်ခုအဖြစ်ပြောင်းလဲစေ"
တစ်ခဏအတွင်းမှာပင် တီကောင်နတ်ဆိုးမှသူမအားဝင်တိုက်တော့မည့်အချိန်တွင် မမြင်နိုင်သောဝိညာဉ်စွမ်းအားဒိုင်းကာတစ်ခုမှာ သူမလက်ထဲတွင်ပေါ်လာပြီး သူမအားလုံလုံခြုံခြုံကာကွယ်ပေးလိုက်သည်။တီကောင်နတ်ဆိုး၏ဝိုင်းဝန်းသောပါးစပ်အတွင်း၌ ချွန်ထက်သောသွားများဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်ဒိုင်းကာကိုဝင်တိုက်မိလိုက်ချိန်တွင် သူ့သွားလေးချောင်းကျိုးထွက်သွားပြီး ရွံရှာဖွယ်ကောင်းသောအစိမ်းရောင် အကျိအချွဲများစီးကျလာလေ၏။သူ့တစ်ကိုယ်လုံးကိုတွန့်လိမ်ကာ အခြားတစ်ဖက်မှနေဒိုင်းကာကိုကျော်ပြီး ကျိုးထောင်ဟွားအားတိုက်ခိုက်ရန် ကြိုးစားပြန်သည်။
ထိုအချိန်တွင် သူမဝိညာဉ်ဓားချက်မှာထိုသတ္တဝါ၏ လေးမီတာရှည်သောခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေခဲ့၏။ကျိုးထောင်ဟွားသည် လက်တစ်ဖက်မှဒိုင်းကာကိုဖန်တီးထားပြီး နောက်တစ်ဖက်၌ဝိညာဉ်စွမ်းအားဖြင့်ဖန်တီးထားသော ဓားရှည်ကိုကိုင်ထားသည်။
တီကောင်နတ်ဆိုး မြေပြင်ပေါ်သို့ကျသွားသည်ကို မြင်ရသောအခါမှ သက်ပြင်းချရန် ပြင်လိုက်သော်လည်း မြေပြင်ထက်နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်နှစ်ခုစလုံးမှာ တွန့်လိမ်လှုပ်ရှားနေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။
နှစ်ပိုင်းစလုံးက အသက်ရှင်နေတာလား။ထိုအပိုင်းများတွင် ခြေရယ်လက်ရယ်ဟုပီပီပြင်ပြင်မရှိသော်လည်း ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီတွင် သေးငယ်သော်လည်း သန်မာလှသည့်အသားပိုခြေထောက်လေးများစွာ ရှိနေသည်။ကျိုးထောင်ဟွား မျက်မှောင်ကြုံ့လိုက်မိ၏။သူမတိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် တီကောင်နတ်ဆိုး၏ပြတ်ထွက်နေသောအပိုင်းနှစ်ပိုင်းစလုံးမှာ သူမထံသို့အစိမ်းရောင်အကျိအချွဲများ တစ်ပြိုင်နက်တည်း မှုတ်ထုတ်လိုက်တော့သည်။
နှစ်ဖက်ပိတ်တိုက်ခိုက်ခံလိုက်ရသဖြင့် ကျိုးထောင်ဟွားမှာ ရှောင်တိမ်းရန်အခွင့်အရေးမရှိတော့ပေ။ဝိညာဉ်ဓားကိုအသုံးပြုရန်မှာလည်း အချိန်မရတော့ရာလက်တစ်ဖက်ဖြင့် ဒိုင်းကာကိုထိန်းချုပ်ကာ ကျန်လက်တစ်ဖက်ဖြင့်မန္တန်ကိုသာ အမြန်ရွတ်လိုက်ရတော့သည်။
သို့သော် သူမဝိညာဉ်စွမ်းအားတို့မှာ လျော့နည်းနေပြီဖြစ်၍ မန္တန်မှာအားနည်းနေပြီပင်။အခြားနည်းလမ်းမရှိသဖြင့် ကျိုးထောင်ဟွားသည် အဆောင်နှစ်ရွက်ကို တီကောင်အစိတ်အပိုင်းများထံပစ်ပေါက်လိုက်ပြီး လှည့်ပြေးတော့သည်။မီးမန္တန်အဆောင်နှစ်ရွက်မှာ တီကောင်နတ်ဆိုးနှစ်ကောင်ကိုယ်ပေါ်တွင် တောက်လောင်သွားသော်လည်း သူတို့အချင်းချင်းအကျိအချွဲများဖြင့်မှုတ်ထုတ်ကာ ငြှိမ်းသတ်လိုက်ကြ၏။
ပဲစေ့ခန့်ရှိသော သူတို့အနီရောင်မျက်လုံးတစ်စုံမှာ ပြေးထွက်သွားသော ကျိုးထောင်ဟွားကျောပြင်ထံစိုက်ကြည့်နေကြသည်။သူတို့မှာ ထိုဆရာသခင်အားသတ်ရန် မြေပေါ်တွင်အရှိန်ဖြင့် တွန့်လိမ်လိုက်ပါလာ၏။
ကျိုးထောင်ဟွားသည် ရှန်းမင်ရှိရာသို့ပြေးသွားကာ သူ့လက်ကိုဆွဲပြီးအော်လိုက်သည်။
"အစ်ကိုရှန်းမင် ပြေးတော့"
အနီးနားရှိ ချမ်ရှီတို့လင်မယား၊ကျိုးရှန့်အန်း၊အဘွားစွင်းနှင့်ကျိုးလျန်ဟွားတို့သည် တီကောင်နတ်ဆိုးကြီးထံမှထွက်လာသော အစိမ်းရောင်အကျိအချွဲများ သူမပေါ်သို့ကျလာတော့မည်ကို အထင်းသားမြင်လိုက်ရသည်။
"သတိထား"
ချမ်ရှီတို့မှာ သူမအားလှမ်းအော်ပြောလိုက်ကြ၏။
မျက်စိလျင်သောရှန်းမင်သည် ထိုအကျိအချွဲများအားမြင်သည်နှင့် ထောင်ဟွားလက်ကောက်ဝတ်ကို အားဖြင့်ဆွဲကာ သူ့ရင်ခွင်တွင်းသို့ဆွဲသွင်းလိုက်တော့သည်။ရှန်းမင်မှရုတ်ချည်းဆွဲလိုက်သောကြောင့် ကျိုးထောင်ဟွားမှာဟန်ချက်ပျက်သွားပြီး ရှန်းမင်ရင်ခွင်ထဲသို့ ခေါင်းနှင့်တိုက်မိသွားတော့၏။
"အ"
ကျိုးထောင်ဟွားမှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာတော့သည်။
*ဘတ်*
ထိုစဉ်မှာပင် သူမနောက်ဘက်တွင်အရည်တစ်ခုခု မြေကြီးပေါ်ကျသွားသည့်အသံကိုကြားလိုက်ရသဖြင့် ထိတ်လန့်တကြားလှည့်ကြည့်လိုက်သည်။ထိုခဏတွင်ပင် တီကောင်နတ်ဆိုး၏နှစ်ပိုင်းစလုံးမှာ သူတို့နားသို့ရောက်ရှိနေပြီဖြစ်ရာ ကျိုးထောင်ဟွားရင်တလှပ်လှပ်ဖြစ်လာရတော့၏။
ဤတိုတောင်းလှသောအချိန်အတွင်း သူမသည်ရှန်းမင်နှင့်လက်ချင်းသာ ဆုပ်ကိုင်ထားရသေးသဖြင့် ဝိညာဉ်စွမ်းအားများမှာပြန်မပြည့်သေးပေ။သူမအနေဖြင့် ဤနတ်ဆိုးအားအရှုံးမပေးဘဲ သေသည်ထိတိုက်ခိုက်ပစ်မည်ဟု ဆုံးဖြတ်လိုက်စဉ်မှာပင် ထိုနတ်ဆိုးမျက်ဝန်းထဲ၌ ကြောက်ရွံ့ရိပ်များကိုတွေ့လိုက်ရပြီး သူတို့၏အသားပိုပုံစံခြေထောက်လေးများမှာလည်း နောက်သို့ဖြည်းဖြည်းချင်းဆုတ်ခွာသွားသည်ကို သတိပြုမိလိုက်သည်။
ကျိုးထောင်ဟွားမှာ နားမလည်နိုင်ဟန်ဖြင့်မှင်တက်သွားရ၏။သူတို့က ဘာဖြစ်သွားကြတာလဲ။
ခုလေးတင်အလွန်ကြမ်းရမ်းမိမိုက်နေခဲ့ကြသော တီကောင်နတ်ဆိုးမှာ ယခုမှမည်သည်ကို ဤမျှထိကြောက်လန့်နေရပါသနည်း။
ကျိုးထောင်ဟွားသည် သူတို့အကြည့်နောက်သို့လိုက်ကြည့်လိုက်ရာ သူမဘေးရှိရှန်းမင်ထံသို့ အကြည့်ရောက်သွားလေသည်။ထိုခဏ၌ သူမခေါင်းထဲတွင် အတွေးတစ်ခုလှစ်ကနဲဖြတ်ပြေးသွား၏။
သူတို့က အစ်ကိုရှန်းမင်ကိုကြောက်နေကြတာလား။
ကျိုးထောင်ဟွားထံတွင် ရဲတင်းသောအကြံတစ်ခုရသွား၏။သူမသည်ရှန်းမင်လက်ကိုဆွဲကာပြောလိုက်သည်။
"အစ်ကိုရှန်းမင် ညီမတို့အတူတူ စမ်းသပ်မှုတစ်ခုလုပ်ကြည့်ရအောင်"
ထိုသို့လုပ်ဆောင်နေစဉ်တစ်လျှောက်လုံး ကျိုးထောင်ဟွားသည် ရှန်းမင်လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။အမှန်တော့ သူမတွင်အစီအစဉ်နှစ်ခုရှိလေ၏။ပထမအစီအစဉ်မှာ ရှန်းမင်ထံမှဝိညာဉ်စွမ်းအားများကို အဆက်မပြတ်ဖြည့်တင်းနေရန်ဖြစ်ပြီး အကယ်၍နတ်ဆိုးမှသူ့အားမကြောက်တော့လျှင် ဒုတိယအစီအစဉ်အဖြစ် ထိုစွမ်းအားများဖြင့်ပြန်လည်တိုက်ခိုက်ရန်ပင်။
ကျိုးထောင်ဟွားသည် ရှန်းမင်ကိုဆွဲကာ ရှေ့သို့ရဲရဲဝံ့ဝံ့တိုးသွားသော်လည်း စိတ်ထဲတွင်မူ သူမခန့်မှန်းချက်မှားသွားမည်အား အလွန်စိုးရိမ်နေမိသည်။မလှမ်းမကမ်းရှိ ချမ်ရှီနှင့်အခြားသူများမှာ ကျိုးထောင်ဟွား၏နောက်ပြန်လှည့်ပြေးလာသော လုပ်ရပ်အားကြည့်ကာ မျက်လုံးအပြူးသားဖြစ်ကုန်ကြ၏။
"ထောင်ဟွား မြန်မြန်ပြန်လာခဲ့"
ချမ်ရှီအော်ဟစ်လိုက်သည်။
"ငါ့မြေးမလေးရေ ဒီကိုလာခဲ့ပါတော့"
အဘွားစွင်းမှာလည်း ပျာယာခတ်နေတော့သည်။
ကျိုးမိသားစုထဲတွင် အရည်အချင်းရှိပြီး မိသားစုအား ငွေအမြောက်အမြားရှာပေးနိုင်သည့် မြေးမလေးတစ်ယောက်ရလာသည်မှာ လပိုင်းသာရှိသေးသည်ဖြစ်၍ သူမတစ်ခုခုဖြစ်သွားမည်ကို အဘွားစွင်း လုံးဝကြည့်မနေနိုင်ပေ။ကျိုးရှန့်အန်း၊ကျိုးလျန်ဟွားနှင့်အခြားသူများမှာလည်း စိုးရိမ်တကြီးကြည့်နေကြသည်။
လူအနည်းငယ်ကသာ ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့၏နောက်ကျောကိုကြည့်ပြီး မျှော်လင့်ချက်တစ်ခုခုထားခဲ့ခြင်းပင်။ကျိုးရှန့်လင်မှာတော့ ပြုံးတုံ့တုံ့ဖြင့်ပြောလာသည်။
"တွေ့လား ဒီတီကောင်နတ်ဆိုးက အရမ်းအစွမ်းထက်တာမလို့ ထောင်ဟွားလဲ နှိမ်နင်းနိုင်မှာမဟုတ်ပါဘူးဆို၊အခုတော့ ရှန်းမင်နဲ့လက်တွဲပြီး အရူးလိုနောက်ပြန်ပြေးနေရပြီလေ"
ကျိုးရှန့်လင်သည် ကျိုးထောင်ဟွားအပေါ်ရန်ငြိုးကြီးကြီးမားမားမရှိသော်လည်း ရှန်းမင်အားတီကောင်နတ်ဆိုးသတ်မိမည်ကိုတော့ အမှန်တစ်ကယ်လိုလားနေခြင်းဖြစ်သည်။
သို့သော်နောက်တစ်ခဏတွင်ပင် မယုံနိုင်စရာမြင်ကွင်းတစ်ခုကို သူမြင်လိုက်ရ၏။ကျိုးထောင်ဟွားအားသတ်ရန် တာဆူနေသော တီကောင်နတ်ဆိုး၏နှစ်ပိုင်းစလုံးမှာ ယခုအခါတွင်တော့ကြောက်လန့်တကြားဖြင့် နောက်ဆုတ်နေကြသည်မဟုတ်ပါလား။ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့မှ ရှေ့သို့တစ်လှမ်းတိုးတိုင်း သူတို့မှာနောက်သို့တစ်လှမ်းဆုတ်သွားကြလေသည်။သူတို့နှစ်လှမ်းတိုးလျှင် နတ်ဆိုးများမှာ သုံးလှမ်းဆုတ်လာ၏။ကျိုးရှန့်လင်မှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်ဖြစ်နေတော့သည်။
"ဒါ ဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခုနကမှ ထိုနတ်ဆိုးသည်အလွန်မိမိုက်နေခဲ့သည် မဟုတ်ပါလား။အခုချိန်မှ မည်သည်ကိုကြောက်ရွံ့ပြနေကြသနည်း။
ဤသည်ကိုမြင်သောအခါ အဘွားစွင်းတစ်ယောက်စိတ်လှုပ်ရှားလာပြီး ကြွေးကြော်အော်ဟစ်လာ၏။
"ငါပြောသားပဲ ငါ့မြေးမလေးကအကုန်နှိမ်နင်းနိုင်ပါတယ်ဆိုတာကို၊နတ်ဆိုးက ဘယ်လောက်ပဲအစွမ်းထက်ထက် ထောင်ဟွားရှေ့မှာတော့ အတူတူပဲလေ"
ကျိုးထောင်ဟွားသည် သူမခြေလှမ်း အမူအကျင့်အတိုင်း နောက်ဆုတ်နေသော တီကောင်နတ်ဆိုးနှစ်ကောင်ထံကြည့်ကာ သူမခန့်မှန်းချက်မှန်သွားပြီမှန်း သိလိုက်သည်။ရှန်းမင်ကိုယ်မှ ထွက်ပေါ်နေသော နတ်ဆိုစွမ်းအင်နှင့်ကုသိုလ်စွမ်းအားတို့မှာ ဤတီကောင်နတ်ဆိုးများအား ထိတ်လန့်တုန်လှုပ်စေခဲ့ခြင်းပင်။
သူတို့သည် ရှန်းမင်အားမြင်လိုက်ရချိန်မှာပင် ကြောက်ရွံ့လွန်းသဖြင့်တစ်ကိုယ်လုံးတုန်ယင်နေကြပြီဖြစ်သည်။ဤမျှ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါနှင့်တောက်ပလှသောကုသိုလ်ရောင်ဝါရှိသည့်လူသားမျိုးကို သူတို့တစ်သက်တစ်ခါမှမတွေ့ဖူးခဲ့ပေ။
တီကောင်နတ်ဆိုးနှစ်ကောင်မှာ အချင်းချင်းကြည့်လိုက်ကြပြီးနောက် လှည့်ပြေးရန်ပြင်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီပင်။ထိုအချိန်တွင် ကျိုးထောင်ဟွားသည် ဝိညာဉ်စွမ်းအားများကို အလုံအလောက်စုပ်ယူပြီးနေပြီဖြစ်သည်။ သူမသည် နက်ရှိုင်းပြီးအားမာန်ပါသောအသံဖြင့် မန္တန်ကိုရွတ်ဆိုလိုက်၏။
"ကောင်းကင်မိုးကြိုး မိစ္ဆာကိုနှိမ်နင်းစေ"
မန္တန်အဆုံးတွင် ပတ်ဝန်းကျင်ရှိလေများမှာ ပြင်းပြင်းထန်ထန်တိုက်ခတ်လာပြီး ကောင်းကင်ယံထက်တွင်လည်း တိမ်မည်းများလိပ်တက်လာကာ တစ်လောကလုံးအမှောင်အတိကျသွားတော့သည်။
"မိုးရွာတော့မှာလားဟ"
"မဟုတ်ဘူး ဒါကမိုးကြိုးမုန်တိုင်းပဲကွ"
ရွာသားများမှ ကောင်းကင်အားမော့ကြည့်လိုက်ရာ နဂါးများအလားတွန့်လိမ်ကောက်ကွေးနေသော အပြာရောင်လျှပ်စီးတန်းများမှာ တိမ်တိုက်များကြား၌ရစ်ဝဲနေပြီး နားကွဲလုမတတ်ထစ်ချုန်းသံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
*ဂျိန်း*
မိုးကြိုးများသည် တီကောင်နတ်ဆိုးရှိရာသို့ ချက်ချင်းပစ်ချလိုက်ပြီး ငွေရောင်မြွေများအလား သူတို့ခန္ဓာကိုယ်ကိုရစ်ပတ်ကာ ချုပ်နှောင်လိုက်တော့သည်။တီကောင်နတ်ဆိုး၏ခန္ဓာကိုယ်မှာ မိုးကြိုးဒဏ်ကြောင့် လောင်ကျွမ်းသွားပြီး နာကျင်လွန်းလှသော အော်ဟစ်သံများမှာလည်း ဝါးတောတစ်ခုလုံးအားဖုံးလွှမ်းသွားတော့၏။