← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

သူတို့ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုမည်းတူးသွားပြီး အနက်ရောင်အခိုးအငွေ့များလွင့်တက်လာတော့သည်။မိုးကြိုးဒဏ်ကြောင့် ဧရာမခန္ဓာကိုယ်ကြီး နှစ်ခုစလုံးမှာ ဖြည်းဖြည်းချင်းတွန့်လိမ်ပုံပျက်သွားကာ မီးလောင်ခံထားရသောအသားတုံးကြီးများအလား မြေပေါ်သို့တစ်စတစ်စပြုတ်ကျလာ၏။အနက်ရောင်မီးခိုးများနှင့်အတူ ထိုနတ်ဆိုးများသည် ပြာအတိဖြစ်သွားကြတော့သည်။

ထို့နောက် မိုးကြိုးများငြိမ်သက်သွားကာ တိမ်မည်းများကွယ်ပျောက်၍ ကောင်းကင်ကြီးမှာပုံမှန်အတိုင်း ပြန်လည်သာယာလာတော့၏။နေရောင်ခြည်မှာ ကျိုးထောင်ဟွားပေါ်သို့ဖြာကျလာပြီး သူမနောက်ဘက်တွင်မူ မိုးကြိုးဖြင့်သန့်စင်ခံလိုက်ရသော မီးလောင်ပြင်ကြီးကျန်ရစ်ခဲ့လေသည်။အဝေးမှကြည့်နေကြသော ရွာသားများမှာ ခုနကမြင်ကွင်းကြောင့် မှင်တက်နေကြဆဲပင်။

"ဘုရားရေ အဲဒါကမိုးကြိုးမုန်တိုင်း မဟုတ်ဘဲ ထောင်ဟွားရဲ့မန္တန်နဲ့ဆင့်ခေါ်ခံလိုက်ရတဲ့မိုးကြိုးတွေဖြစ်နေတာကိုး"

"သူက တီကောင်နတ်ဆိုးနှစ်ကောင်လုံးကို ပြာဖြစ်အောင်လုပ်ပစ်လိုက်နိုင်ပြီပေါ့"

"ထောင်ဟွားကတော့ တစ်ကယ့်ကိုအံ့မခန်းပဲကွာ"

ရွာသားများမှာ အားပါးတရချီးကျူးနေကြတော့သည်။

ကျိုးရှန့်လင်မှာမူ ထိတ်လန့်တုန်လှုပ်နေသောမျက်နှာဖြင့် ကျိုးထောင်ဟွားထံကြည့်နေမိသည်။သူမက တစ်ကယ်ကြီးကောင်းကင်ကမိုးကြိုးကို ဆင့်ခေါ်နိုင်ခဲ့တာလား။ကျိုးထောင်ဟွားသည်မိုးကြိုးပစ်ခံထားရသဖြင့် ညီညာသွားသောမြေပြင်အားကြည့်ကာ သက်ပြင်းချနိုင်သွားတော့သည်။ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်စွမ်းအားကိုအချိန်မီ ဖြည့်တင်းနိုင်ခဲ့၍ပင် ထိုသို့မဟုတ်ခဲ့ပါက ထိုနတ်ဆိုးများအားလွတ်သွားနိုင်လေ၏။

သို့သော်ရှန်းမင်တွင်လည်း နတ်ဆိုးများအား ခြောက်လှန့်နိုင်စွမ်းရှိနေသည်မှာ ထင်မထားခဲ့သောအချက်ပင်။

"ထောင်ဟွား အဲ့တီကောင်နတ်ဆိုးကြီး သေသွားပြီလား"

ဘေးကင်းပြီဟုယူဆကာ ရွာသားများလည်း အပြေးအလွှားပြန်ရောက်လာကြသည်။

ရှန်းမင်သည် ကျိုးထောင်ဟွားဆုပ်ကိုင်ထားဆဲဖြစ်သော သူ့လက်အားငုံ့ကြည့်လိုက်ပြီး အမြန်ပြန်ရုပ်သိမ်းလိုက်၏။ကျိုးထောင်ဟွားမှာ သူ့လှုပ်ရှားမှုအားသတိထားမိလိုက်ပြီး လှည့်ကြည့်ရန်ပြင်လိုက်စဉ်မှာပင် ချမ်ရှီမှာသူမအနားသို့ရောက်လာပြီဖြစ်သည်။

သူမသည် ကျိုးထောင်ဟွားအား ခေါင်းအစခြေအဆုံးကြည့်ကာ စိုးရိမ်တကြီးမေးလာ၏။

"ထောင်ဟွား တစ်နေရာရာထိခိုက်သွားသေးလား"

"အမေ သမီးဘာမှမဖြစ်ပါဘူး"

ချမ်ရှီ့စိုးရိမ်မှုကိုမြင်နေရသဖြင့် ကျိုးထောင်ဟွားရင်ထဲတွင် နွေးထွေးသွားရသည်။

"ခုနက အစ်ကိုရှန်းမင် သမီးနဲ့အတူရှိနေပေးခဲ့လို့လေ၊သူ့ရဲ့နတ်ဆိုးစွမ်းအင်နဲ့ကုသိုလ်စွမ်းအားတွေက တီကောင်နတ်ဆိုးကို ခြောက်လှန့်ပေးခဲ့လို့သာ သမီးလဲနှိမ်နင်းဖို့ အခွင့်အရေးရသွားခဲ့တာပါ"

ထိုစကားကိုကြားသောအခါ လူတိုင်းသည်ရှန်းမင်ထံ စပ်စုသောအကြည့်များဖြင့် ဝိုင်းကြည့်လာကြတော့သည်။ရှန်းမင်ထံတွင် နတ်ဆိုးအငွေ့အသက်များရှိနေသည်ကို သူတို့အစောကတည်းမှသိထားကြ၏။သူ့မိဘများနှင့်ဘိုးဘွားများအားလုံးမှာလည်း ထိုအငွေ့အသက်ကြောင့်ပင် သေဆုံးခဲ့ရသည်မဟုတ်ပါလား။

ရှန်းမင်အဘွားဖြစ်သူမှာ ယခင်ကတာအိုဆရာကြီးတစ်ဦးနှင့် တိုင်ပင်ဖူးရာ ထိုဆရာကြီးသည် ရှန်းမင်ထံ၌နမိတ်မကောင်းသောအရှိန်အဝါများ ပါလာသဖြင့် မည်သူမှသူ့အနားမကပ်ကြရန်နှင့် ကပ်မိပါက ကံဆိုးခြင်းဖြစ်စေ သေဆုံးခြင်းဖြစ်စေကြုံရလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။ထို့ကြောင့်ပင် သူ့ခမျာတစ်ကောင်ကြွက်ဖြစ်နေရခြင်းပင်။ထိုအချိန်မှစ၍ လူတိုင်းမှာကံဆိုးမည်စိုး၍ သူ့အားဖယ်ကြဉ်ခဲ့ကြ၏။

"ထောင်ဟွား ရှန်းမင်မှာ ကုသိုလ်စွမ်းအားတွေလဲရှိတာလား"

ရွာသားတစ်ယောက်မှ လှမ်းမေးလာသည်။လူတိုင်းမှာ ကုသိုလ်ဆိုသည်မှာ ကောင်းမှုလုပ်မှရသည်ကို နားလည်ကြ၏။

ကျိုးထောင်ဟွား ခေါင်းငြိမ့်ကာရှင်းပြလိုက်သည်။

"အဲ့ဆရာကြီးမှာ အရည်အချင်းနည်းနည်းရှိပေမယ့် အစ်ကိုရှန်းမင်ကိုယ်ထဲက တောက်ပနေတဲ့ရွှေရောင်ကုသိုလ်စွမ်းအားတွေကို မြင်နိုင်လောက်တဲ့ထိတော့ သူ့ပညာကမနက်နဲသေးဘူး၊နမိတ်မ‌ကောင်းတဲ့အရှိန်အဝါဆိုတာက တစ်ခုခုအပေါ်ထိခိုက်စေနိုင်သလို ကုသပေးနိုင်စွမ်းလဲရှိကြပါတယ်၊ဒီနေ့တော့ အဲ့ဒီနတ်ဆိုးစွမ်းအင်နဲ့ကုသိုလ်စွမ်းအားက ပေါင်းစပ်သွားတာကြောင့်သာ တီကောင်နတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့တာပါ၊နောက်ဆိုအစ်ကိုရှန်းမင်ကိုမြင်ရင် မကြောက်ကြပါနဲ့တော့၊သမီး သူ့အတွက်ကာကွယ်ပေးမယ့်အဆောင်တစ်ခု လုပ်ပေးထားပါ့မယ်၊အဲအဆောင်ကိုသာ ဆောင်ထားရင် သူ့အငွေ့အသက်တွေက အခြားလူတွေကိုမထိခိုက်စေတော့ပါဘူး"

ကျိုးထောင်ဟွားသည် ချက်ချင်းပင်အဆောင်တစ်ခုရေးဆွဲလိုက်ပြီး ခြောက်သွေ့သွားသောအခါ တြိဂံပုံစံခေါက်၍ ရှန်းမင်ထံကမ်းပေးလိုက်သည်။

"အစ်ကိုရှန်းမင် ဒါကအစ်ကို့အတွက်ပါ"

ရှန်းမင်သည် သူမလက်ထဲရှိ အကာအကွယ်အဆောင်ကို စိုက်ကြည့်နေမိသည်။ကျိုးထောင်ဟွားမှ ကျိုးရှန့်အန်းထံ ငြိမ်းချမ်းခြင်းအဆောင်ပေးခဲ့သည့်ပုံရိပ်မှာ သူ့ခေါင်းထဲတွင်လှစ်ကနဲပေါ်လာပြီး အနည်းငယ်မနာလိုဖြစ်သွားရ၏။အမှုမထားဟန်ဖြင့် သူမေးလိုက်သည်။

"ဒီအဆောင်က ကိုယ့်ဆီရောင်းဖို့လား ဒါမှမဟုတ် လက်ဆောင်ပေးဖို့လား"

"ဒါက အစ်ကို့အတွက်လက်ဆောင်လေ၊ဒီနေ့ အစ်ကိုသာမကူညီရင် ညီမတော့ကျိန်းသေဒုက္ခရောက်မှာပဲ"

ကျိုးထောင်ဟွားသည် သူ့လက်ကိုဆွဲယူကာ ဘာမှထပ်ပြောမနေတော့ဘဲ အဆောင်အားထည့်ပေးလိုက်သည်။ကျိုးထောင်ဟွားမျက်ဝန်းထဲတွင် အပြုံးတစ်ခု လင်းလက်သွား၏။ခုနက လူများရောက်လာ၍ သူမလက်အားကမန်းကတန်းဖြင့် သူလွှတ်ချလိုက်သည် မဟုတ်ပါလား။အခုတော့ လူပုံအလယ်မှာပင် သူ့လက်ကိုပြန်ဆွဲပြီး ဝိညာဉ်စွမ်းအားများအား ခိုးသိမ်းထားရပေဦးမည်။

သူမမှလက်ဆောင်ဟုပြောလာသည်ကိုကြားသောအခါ ရှန်းမင်ရင်ထဲတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသော်လည်း သူ့မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။သူသည်အကာအကွယ်အဆောင်ကို အဖိုးတန်ရတနာတစ်ခုအလား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့အင်္ကျီရင်ဘတ်ထဲသို့ ဂရုတစိုက်ထည့်သိမ်းထားလိုက်တော့သည်။

ကျိုးထောင်ဟွားမှ ရှန်းမင်နှင့်ထိတွေ့ဆက်ဆံမိလျှင်ပင် သူ့နတ်ဆိုးစွမ်းအင်များမှာ သက်ရောက်မှုရှိလာတော့မည်မဟုတ်ကြောင်းပြောလာ၍ လူတိုင်း၏ရှန်းမင်အပေါ်ထားသောအကြည့်များမှာ ပိုမိုနွေးထွေးလာကြတော့၏။

ရွာသားတစ်ယောက်မှ ပြောလာသည်။

"တစ်ကယ်တော့ ရှန်းမင်ကသိပ်ကိုလိမ္မာတဲ့ကလေးပါ၊အရင်က ငါရွာပြင်က‌နေပြန်လာတော့ ပစ္စည်းတွေအများကြီးမနိုင်မနင်းဖြစ်နေတာလေ သူပဲအိမ်အထိဝိုင်းသယ်ပေးခဲ့တာ"

"လွန်ခဲ့တဲ့နှစ်ရက်ကလဲ ငါတောထဲမှာ ထင်းခုတ်ရင်းသတိမထားမိလို့ သစ်ပင်ကြီးက ငါ့ပေါ် ပိတော့မလို့လေ၊သူကအတင်းတွန်းထုတ်ပေးလိုက်လို့သာ ငါ အသက်ဘေးကလွတ်ခဲ့ရတာ"

"မနှစ်ကလည်း ငါ့မြေးလေးရေထဲပြုတ်ကျတော့ ရှန်းမင်ပဲရေထဲခုန်ဆင်းပြီး ကယ်ခဲ့တာလေ"

မကြာမီမှာပင်လူတိုင်းသည် ရှန်းမင်ယခင်ကလုပ်ခဲ့ဖူးသော ကောင်းမှုကိစ္စများကို ပြန်လည်ပြောပြကြတော့သည်။ယခင်ကမူ လူတိုင်းသည်သူ့နတ်ဆိုးစွမ်းအင်ကို ကြောက်ကြသဖြင့်သာ အဝေးမှနေရှောင်ရှားနေခဲ့ကြခြင်းပင်။

လူတိုင်း၏ချီးမွမ်းစကားများကိုကြားလိုက်ရသောအခါ ရှန်းမင်နှုတ်ခမ်းဖျားတွင်အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ဤသည်မှာ သူတစ်ခါမှမခံစားဖူးသော ခံစားချက်မျိုးပင်။သူမ၏အကာအကွယ်အဆောင်တစ်ခုနှင့်စကားတစ်ခွန်းမှာ သု့အပေါ်လူတိုင်း၏အမြင်အား ဤမျှပြောင်းလဲသွားစေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ရှန်းမင်သည် ကျိုးထောင်ဟွားထံကြည့်ကာ သူ့မျက်ဝန်းများထဲတွင်လည်း ကျေးဇူးတင်ခြင်းနှင့်စိတ်လှုပ်ရှားခြင်းတို့ဖြင့် ပြည့်နှက်နေတော့သည်။

ရွာလူကြီးမှာ မိုးကြိုးပစ်ချခံထားရသော တွင်းနက်ကြီးအားကြည့်ကာမေးလိုက်၏။

"ထောင်ဟွား တီကောင်နတ်ဆိုးလဲသေသွားပြီဆိုတော့ ငါတို့ရက်မတိုင်တွေကိုရောပြန်ရှာလို့ရနိုင်ပါဦးမလား"

"ဟုတ်တယ် ထောင်ဟွား ငါတို့ရက်မတိုင်တွေကဘယ်မှာလဲ"

မိသားစုတိုင်း၏ရက်မတိုင်မှာ ပိုက်ဆံနှင့်ဝယ်ထားရခြင်းဖြစ်ရာ ပြန်မရလျှင်ငွေထပ်ကုန်ကြရဦးမည် မဟုတ်ပါလား။

"မစိုးရိမ်ကြပါနဲ့"

ထိုစဉ်မှာပင် သူတို့နောက်ဘက်ရှိဝါးတောထဲမှမြေသားထုကြီးမှာ တစ်စုံတစ်ဦးမှအောက်မှနေ၍ပင့်တင်ပေးလိုက်သကဲ့သို့‌ ဖောင်းမို့တက်လာတော့သည်။လူတိုင်းမှာ နတ်ဆိုးတစ်ကောင်ထပ်ထွက်လာမည်စိုး၍ ကြောက်လန့်တကြားဖြင့်နောက်ဆုတ်သွားကြသော်လည်း ကျိုးထောင်ဟွားမှာ ရှေ့သို့တိုးကာရှင်းပြလိုက်၏။

"မကြောက်ကြပါနဲ့ တီကောင်နတ်ဆိုးက အဲ့တိုင်တွေကိုမြေအောက်မှာဝှက်ထားတာလေ၊အခု သူမရှိတော့ဘူးဆိုတော့ တိုင်တွေကလဲမြေပေါ်ကိုပြန်ပေါ်လာတော့မှာပေါ့"

နောက်တစ်ခဏတွင် ဖောင်းတက်လာ‌သောမြေပုံကြီးကြားမှ ရက်မတိုင်တစ်ခု ထွက်လာတော့သည်။လူတိုင်းမှာ အတိုင်းမသိ ဝမ်းသာသွားကြပြီး ထိုနေရာသို့အော်ဟစ်ပြေးသွားကာ ရက်မတိုင်များအားတူးထုတ်၍သူတို့အိမ်သို့ပြန်သယ်သွားကြ၏။

"တစ်ကယ်ကြီးကို ငါတို့ရက်မတိုင်တွေပဲ"

ရက်မတိုင်များပြန်တွေ့ပြီဖြစ်သဖြင့် ထပ်ဝယ်စရာမလိုတော့ရာ ငွေအကုန်အကျသက်သာသွားလေသည်။

"ထောင်ဟွား ရက်မတိုင်တွေကိုပြန်ရှာပေးတဲ့အတွက် တစ်ကယ်ကျေးဇူးတင်ပါတယ်ကွယ်"

ရွာလူကြီးမှပြောလာသည်။အကယ်၍ တီကောင်နတ်ဆိုးသာမသေခဲ့လျှင် လူတိုင်းအိမ်သစ်ဆောက်သည့်တိုင် သူကထပ်လာခိုးနေဦးမည်ဖြစ်ရာ အိမ်ဆောက်မည့်ကိစ္စမှာ မည်သည့်အခါမှပြီးစီးတော့မည်မဟုတ်ပေ။

ကျိုးထောင်ဟွားအပြုံးလေးဖြင့်သာ ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့အိမ်တိုင်များကိုတူးနေကြသော ရွာသားများထံကြည့်ကာပြောလိုက်သည်။

"အဘိုးရွာလူကြီး နှင်းမုန်တိုင်းကြီးကကျတော့မယ်နော်၊လူတိုင်းကို အိမ်မြန်မြန်ပြီးအောင်ဆောက်ခိုင်းလိုက်ပါဦး"

ရွာသားများမှာလည်း ရက်မတိုင်များကို အိမ်သို့ခပ်သုတ်သုတ်သယ်သွားကြတော့သည်။ပုံမှန်အားဖြင့် ရက်မတိုင်တစ်ခုကို လူသုံးယောက်သယ်ရသော်လည်း ရှန်းမင်မှာမူ တိုင်နှစ်လုံးကိုတစ်ယောက်တည်းသယ်သွားနိုင်သဖြင့် ရွာသားများမှာအံ့သြနေကြရ၏။

"ရှန်းမင်က တစ်ကယ်အားကြီးတာပဲ"

ထိုနေ့မှာပင် အိမ်ခြေငါးလုံး၏ရက်မတိုင်များကို အောင်အောင်မြင်မြင်စိုက်ထူနိုင်ခဲ့ပြီး လက်သမားများမှာလည်းစိတ်ချလုံခြုံ‌စေရန် သေသေချာချာသပ်ရိုက်လိုက်ကြသည်။အုတ်ကြွပ်အပြာများကိုလည်း စနစ်တကျလက်ဆင့်ကမ်းသယ်ယူကာ အိမ်ခေါင်မိုးထက်သို့တင်လိုက်ကြ၏။

ငါးရက်ခန့်အကြာတွင် ရွာသားအားလုံး၏ရက်မတိုင်တင်ခြင်းနှင့်အုပ်ကြွပ်မိုးခြင်းတို့ ပြီးစီးသွားကြသည်။အဝေးမှကြည့်လျှင် ကျိုးကျားရွာတစ်ရွာလုံးမှာ အပြာရောင်အုတ်အိမ်သစ်ကြီးများဖြင့် သပ်ရပ်လှပနေတော့၏။မိမိတို့အိမ်သစ်ကြီးများကိုကြည့်ကာ လူတိုင်းစိတ်ထဲတွင်လည်း စိတ်လှုပ်ရှားနေကြသည်။လပိုင်းအတွင်းမှာပင် အုတ်အိမ်နှင့်နေနိုင်လိမ့်မည်ဟု မည်သူထင်ထားခဲ့ပါမည်နည်း။

ရွာလူကြီးမှာလည်း ရွာ၏အသွင်သစ်ကိုကြည့်ကာ ကျေနပ်စွာဖြင့်ပြုံးလိုက်မိသည်။ကျိုးကျားရွာ၏တိုးတက်မှုမှာ အလွန်လျင်မြန်လှ၏။ကျိုးထောင်ဟွားကို သူအလွန်ကျေးဇူးတင်မိသည်။သူမသာရှိမနေလျှင် ရွာသားများမှာ ဤကဲ့သို့ငွေရှာနိုင်မည်မဟုတ်ပေ။ယခုတော့ လူတိုင်းမှာရွာထဲမှာပင် ငွေရှာနိုင်ကြပြီဖြစ်၍ မြို့တက်အလုပ်လုပ်ပြီး မိသားစုနှင့်ခွဲခွာနေစရာလည်းမလိုတော့ချေ။

နောင်တွင် ရွာ၏ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ထောင်ဟွားနှင့်ဆွေးနွေးရမည်ဟု သူ တွေးနေမိသည်။ထိုစဉ်မှာပင် ကောင်းကင်ယံမှနှင်းပွင့်လေးတစ်ပွင့်ကျလာတော့၏။ချက်ချင်းဆိုသလိုပင် နှင်းများမှာသည်းကြီးမည်းကြီးကျဆင်းလာတော့၏။

"နှင်းမုန်တိုင်းလာပြီဟေ့"

All Chapters