← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

ကျိုးရှန့်ဖျင်သည် သားဖြစ်သူအားဆေးစာတစ်စောင်ပေးကာ ဆေးဆယ်အိုးစာချက်ချင်းသွားကျိုခိုင်းလိုက်ပြီးမှ ကျိုးရှန့်လင်ထံ လှည့်ပြောတော့သည်။

"ငိုမနေနဲ့ မင်းသိတာဆိုလို့ ငိုဖို့ပဲရှိတယ်၊မင်းအမေခမျာ စောင်ပါးလေးတစ်ထည်ပဲခြုံထားရတာ၊ဒီလောက်အေးတဲ့ ရာသီဥတုမှာတောင် မင်းတို့မိသားစုကအပူပေးကုတင်ကို အပူမပေးခဲ့ကြဘူး၊အိမ်ခေါင်မိုးပြိုမကျခဲ့ရင်တောင် ဒီနှင်းတွေကြားမှာ မင်းအမေကနောက်နှစ်ရက်ဆို အေးခဲပြီးသေမှာပဲ၊မင်းကအရွယ်ရောက်နေတဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ကမလုပ် ပိုက်ဆံလဲမရှာဘဲ လေလွင့်နေရုံတင်မကဘူး တောင်ပေါ်ကနေ အလကားရတဲ့ထင်းကိုတောင် သွားခုတ်ဖို့မသိတတ်ခဲ့ဘူး၊မင်းက အရမ်းအပျင်းကြီးလွန်းတယ်၊မင်းအမေက အခုအသက်အန္တရာယ်သိပ်စိုးရိမ်ရတာမလို့ ဒီဆေးဆယ်အိုးစာကို ရွာသားချင်းစာနာတဲ့အနေနဲ့ ငါအလကားပေးလိုက်မယ်၊သတိပြန်ရမရဆိုတာကတော့ သူ့ကံတရားအပေါ်မှာပဲမူတည်တာပဲ"

ကျိုးရှန့်ဖျင်သည် ရှန့်လင်၏ပျင်းရိမှုနှင့်ကြိုးစားအားထုတ်မှုမရှိပုံကို ဒေါသထွက်လွန်းသဖြင့် စကားတစ်ခွန်းချင်းစီကိုအံကြိတ်၍ပြောလိုက်ခြင်းပင်။အသက်၁၉နှစ်အရွယ် ခြေကောင်းလက်ကောင်းဖြင့်လူငယ်တစ်ယောက်မှာ အခြားသူများနည်းတူ အလုပ်လုပ်ခဲ့မည်ဆိုလျှင် အိမ်ခေါင်မိုးပြင်ရန်ငွေမှာ အလွယ်လေးရနိုင်သည်မဟုတ်ပါလား။ထိုသို့ဆိုလျှင် အိမ်ခေါင်မိုးပြိုကျ၍ ရှုရှီလည်းယခုကဲ့သို့အသက်အန္တရာယ်ကြုံရတော့မည်မဟုတ်ပေ။

ကျိုးရှန့်လင်သည် မနေ့ည၌အိပ်ရာမဝင်ခင်တွင် သူ့မိခင်မှာစောင်တစ်ထည်လာခြုံပေးခဲ့သည်ကို ပြန်သတိရသွားသည်။ထိုအချိန်တွင် သူအလွန်အေးနေသဖြင့်ဘာမှမစဉ်းစားမိခဲ့သော်လည်း အမှန်တော့မိခင်ဖြစ်သူမှာ မိမိအတွက်စောင်ပေးလိုက်သဖြင့် သူမကိုယ်တိုင်မှာတော့ စောင်မရှိဘဲဖြစ်သွားခဲ့ရခြင်းပင်။သူ့မိခင်ကျန်းမာရေးမှာလည်း မူလကတည်းမှမကောင်းခဲ့ရာ မနေ့ညအအေးဒဏ်ကို မည်သို့ခံနိုင်ပါမည်နည်း။ကျိုးရှန့်လင် တွေးမိလေလေ နောင်တရလေလေဖြစ်နေတော့သည်။

"အဘိုးရှန့်ဖျင် ကျွန်တော့်အမေကိုကယ်ပေးပါဦး၊ကျွန်တော်ပိုက်ဆံရှာနိုင်တဲ့အချိန်ကျရင် ဆေးဖိုးဝါးခတွေကိုပြန်ဆပ်ပေးပါ့မယ်"

ကျိုးရှန့်လင်သည် အပူပေးကုတင်ပေါ်တွင်မလှုပ်မယှက်လဲလျောင်းနေသော ရှုရှီအားကြည့်ကာ ထိတ်လန့်နေမိသည်။အကယ်၍ သူ့အမေသာသေသွားပါက သူသည် လောကကြီးထဲတွင်တစ်ကိုယ်တည်းကျန်ရစ်တော့မည် မဟုတ်ပါလား။ကျိုးရှန့်ဖျင် မျက်မှောင်ကြုံ့ကာ ပြန်ဖြေလိုက်၏။

"ငါကသမားတော်ကွ နတ်ဘုရားမဟုတ်ဘူး"

ကျိုးရှန့်ဖျင်ကို တောင်းပန်၍မရမှန်းသိသည်နှင့် ကျိုးရှန့်လင်သည် ကျိုးထောင်ဟွားထံအကူအညီတောင်းပြန်သည်။

"ညီမထောင်ဟွား ငါ့အမေကိုကယ်ပေးပါဦး၊အဘိုးရှန့်ဖျင်က ဦးလေးစန်းရှီနဲ့ရှန့်အန်းတို့ကို မကယ်နိုင်တော့ဘူးဆိုပြီးပြောတုန်းကလဲ ညီမပဲကယ်ပေးခဲ့တာမလား၊ငါ့အမေကိုလဲ ကယ်ပေးပါဦးနော်"

ကျိုးထောင်ဟွား သက်ပြင်းချကာပြန်ဖြေလိုက်သည်။

"ဦးလေးနဲ့အစ်ကိုရှန့်အန်းတို့က နတ်ဆိုးဝင်ပူးခံခဲ့ရတာလေ၊ဒါပေမယ့် ဒေါ်လေးရှုကတော့ နတ်ဆိုးဝင်ပူးခံရတာမှမဟုတ်တာ၊သူကခန္ဓာကိုယ်အားနည်းပြီး အအေးမိလို့ သတိလစ်သွားတာမလား"

ရွာလူကြီးမှာ ငိုယိုနေသောကျိုးရှန့်လင်အားကြည့်ကာ

"မင်းသာအားလုံးနဲ့အတူတူ ဆေးပင်တွေစိုက်ပြီး ပိုက်ဆံရှာခဲ့ရင် အုတ်အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘဲနေပါ့မလား၊မင်းသာ ထင်းသွားခုတ်ပြီးအပူပေးကုတင်ကိုနွေးအောင်လုပ်ထားရင် မင်းအမေလဲဒီလို အေးခဲ‌နေမှာမဟုတ်ဘူး၊ရှန်းမင်ဆို မင်းထက်တစ်နှစ်ငယ်တယ် ပြီးတော့သူကတစ်ကောင်ကြွက်၊မင်းမှာတော့ မင်းကိုချစ်တဲ့အမေရှိသေးတယ် သူကျတော့ ဘာရှိလို့လဲ၊ဒါပေမယ့် သူ့ရဲ့နေထိုင်ပုံနဲ့မင်းကိုယ်မင်းပြန်ကြည့်လိုက်စမ်း"

ကျိုးရှန့်လင်မှာ ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။ရှန်းမင်ကို သူမနှစ်မြို့သော်လည်း ရှန်းမင်မှာသူ့ထက်အဆပေါင်းများစွာ ဝီရိယရှိသည်ကိုတော့ဝန်ခံရပေလိမ့်မည်။ယခင်ကဆိုလျှင် တောင်ပေါ်မှနေဝံပုလွေများဆင်းလာတတ်သည့်တိုင် ရှန်းမင်မှာတော့အမဲလိုက်ရန် တောင်ပေါ်သို့တက်မြဲတက်ဆဲဖြစ်သည်။

နှစ်ရက်အကြာတွင် နှင်းမုန်တိုင်းမှာနောက်ဆုံးတော့ရပ်တန့်သွားခဲ့၏။အိမ်ခေါင်မိုးပြိုကျသွားသော ကျိုးရှန့်လင်အိမ်မှလွဲလျှင် ကျန်ရွာသားအားလုံးမှာ သုံးရက်တာနှင်းဒဏ်ကို ဘေးကင်းကင်းဖြင့်ကျော်ဖြတ်နိုင်ခဲ့ကြသည်။

နှင်းကျပြီးနောက်ပိုင်းတွင် ရာသီဥတုမှာ နှင်းကျစဉ်ကထက်ပင် ပိုအေးလာတော့၏။လူတိုင်းမှာအပြင်ထွက်၍ နှင်းများအားရှင်းလိုက်ကြပြီး လယ်ကွင်းထဲရှိ ဆေးပင်များအေးခဲသေဆုံးခြင်း ရှိမရှိကိုလည်းသွားစစ်ဆေးကြည့်ခဲ့ကြသည်။ကံကောင်းထောက်မစွာဖြင့် နှင်းထုမှာထူထဲလှသဖြင့် အောက်ဘက်ရှိနှမ်းရွက်ပင်နှင့်ယီမူချောင်တို့မှာ အေးခဲမသွားခဲ့ပေ။

လွန်ခဲ့သောရက်များ၌ အိမ်ဆောက်ခြင်းနှင့်နှင်းခိုခြင်းတို့ဖြင့်သာ အချိန်ကုန်ခဲ့ရာ ယခုနှင်းများရပ်သွားပြီဖြစ်သဖြင့် နှစ်သစ်ကူးရန်လည်းနီးကပ်လာပြီဖြစ်ရာ ပိုက်ဆံရရန်အတွက် နှမ်းရွက်များအားဆက်ခူးကြရမည်ပင်။ချမ်ရှီနှင့်ကျိုးအာ့ရှုတို့မှာ မနက်စာစားပြီးသည်နှင့်လယ်ထဲဆင်းသွားကြတော့သည်။ကျိုးမိသားစုမှာ ဆေးပင်၁၀မူတောင် စိုက်ထားခဲ့သည်လေ။

ထိုနေ့မနက်တွင် ဆေးရည်များသုံးရက်တိုင်တိုင်သောက်ခဲ့ရသော ရှုရှီသည် နောက်ဆုံး၌သတိပြန်ရလာခဲ့သည်။ကျိုးရှန့်လင်မှာ ဝမ်းသာလွန်းသဖြင့် မိခင်ဖြစ်သူရင်ခွင်ထဲသို့ တိုးဝင်ကာငိုချလိုက်တော့၏။ရှုရှီသည်ဘေးဘီအားဝေ့ကြည့်လိုက်ရာ ရွာလူကြီးအိမ်ဖြစ်မှန်းချက်ချင်း သိလိုက်ရတော့သည်။

ရှုရှီသည် အားယူကာအိပ်ရာမှထပြီး ရွာလူကြီးနှင့်အဘွားယန်တို့ရှေ့တွင် ဒူးထောက်ချလိုက်တော့၏။

"ရွာလူကြီး အစ်မယန် ကျွန်မရှန့်လင်ကို အရင်ကသေချာမဆုံးမခဲ့မိဘူး၊သူအခုလိုဖြစ်နေရတာ ကျွန်မမှာတာဝန်အများကြီးရှိပါတယ်၊နောက်ဆို သူဒုက္ခရောက်တဲ့အခါ ဝိုင်းပြီးကူညီဖေးမပေးပါနော်"

ရွာလူကြီး သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်၏။

"ရှန့်လင်က ငါတို့ကျိုးကျားရွာသားတစ်ယောက်ပဲလေ၊ငါ မကူညီဘဲမနေပါဘူး"

ဘေးမှနားထောင်နေသော အဘွားယန်မှာမူ ရှုရှီစကားများမှာတစ်ခုခုလွဲနေသည်ဟုခံစားလိုက်ရသည်။သို့သော် သူမဘာမှမစဉ်းစားရသေးမီတွင်ပင် ခုနလေးတင်မှ ပုံမှန်အတိုင်းရှိနေသော ရှုရှီမျက်နှာမှာဖြူဖျော့သွားပြီး ပြန်လဲကျသွားတော့၏။မည်မျှပင်ခေါ်နေစေကာမူ မျက်လုံးပြန်မပွင့်တော့ချေ။

ရွာလူကြီးမှာ ရှုရှီနှာခေါင်းနားလက်ကပ်ကြည့်ပြီးနောက် ခေါင်းယမ်း၍ပြောလိုက်သည်။

"သေပြီ"

ကျိုးရှန့်လင်မှာ မျက်လုံးအပြူးသားဖြင့် ထိတ်လန့်တကြီးပြောလာသည်။

"အမေက ခုလေးတင်နိုးလာတာမဟုတ်ဘူးလား"

"ဒါကသေခါနီးအချိန်ထတောက်လာတဲ့ နောက်ဆုံးမီးစပဲလေ၊မင်းအမေက မင်းအတွက်စိတ်မချနိုင်လို့ သေခါနီးမှာတောင် အားတင်းပြီးမင်းကိုစောင့်ရှောက်ပေးဖို့ ငါတို့ကိုလာတောင်းဆိုသွားတာ"

အဘွားယန် ပြောလိုက်သည်။အစောမှ ရှုရှီစကားများမှာ သေတမ်းစာအလားဖြစ်နေသည်ကို သူမယခုမှသဘောပေါက်တော့၏။

"အမေ"

ကျိုးရှန့်လင်သည် မြေပြင်ထက်တွင်ဒူးထောက်ကာ မိခင်၏ရုပ်အလောင်းကို ဖက်၍အော်ဟစ်ငိုကြွေးတော့သည်။အရင်က သူသည်မိခင်ဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အခြားသူများ၏မိခင်များကဲ့သို့ အားမကိုးရဟုတွေးကာငြိုငြင်ခဲ့ဖူး၏။သို့သော် ယခုတော့တစ်ဦးတည်းကျန်နေခဲ့သည့် မိခင်ဖြစ်သူမှာ သူ့ကိုထားရစ်ခဲ့ပြီဖြစ်ရာ သူ့ရင်ထဲတွင်ဟာလာဟင်းလင်းဖြစ်သွားရတော့သည်။

လယ်ထဲတွင် ဆေးရွက်ခူးနေကြသော ရွာသားများမှာလည်း ထိုအသံကိုကြားလိုက်ရရာ ရွာဘက်သို့လှည့်ကြည့်လိုက်ကြ၏။လူသေလျှင် နာရေးကိစ္စပြင်ဆင်ရမည်ဖြစ်ရာ ကျိုးရှန့်လင်အိမ်မှာ ပြိုကျနေသဖြင့် အသုဘကိုရွာလူကြီးအိမ်မှာပင် ကျင်းပရန်စီစဉ်လိုက်ကြသည်။မြှုပ်နှံခြင်းမပြုမီ ခြောက်ရက်တိုင်တိုင် အလောင်းထားရှိရမည်ပင်။ရွာသားများသည်စေတနာအလျောက် ငွေစက္ကူများဝယ်ကာရွှေတုံးငွေတုံးပုံစံများခေါက်ကြပြီး နောင်ဘဝတွင် ရှုရှီသုံးနိုင်ရန်မီးရှို့ပေးကြသည်။

ကျိုးထောင်ဟွားသည်လည်း ရွှေတုံးငွေတုံးခေါက်ရန်ရောက်လာရာ သူမထိုင်မည့်နေရာရှာနေစဉ်မှာပင် ကျိုးရှန့်လင်သည်သူမရှေ့သို့ရုတ်ချည်းပြေးဝင်လာလေ၏။ထောင်ဟွားမှာ လန့်သွားပြီးဟန်ချက်ပျက်ကာ နောက်သို့လဲကျသွားတော့သည်။

"ထောင်ဟွား သတိထား"

အဘွားယန်မှာ ထောင်ဟွားခေါင်းသည် တံခါးဘောင်နှင့်တိုက်မိတော့မည်အားမြင်လိုက်၍ လှမ်းအော်လိုက်သည်။သို့သော် အဘွားယန်မျက်စိရှေ့မှာပင် ကြီးမားသောလက်တစ်စုံမှာ တံခါးဘောင်ပေါ်အုပ်မိုးလိုက်ပြီး ထောင်ဟွားခေါင်းနောက်ဘက်ကို ကာကွယ်ပေးလိုက်သည်ကိုတွေ့လိုက်ရ၏။

ရှန်းမင်သည် လက်တစ်ဖက်ဖြင့်ထောင်ဟွားခေါင်းကိုကာပေးကာ ကျန်လက်တစ်ဖက်ဖြင့် သူမကိုယ်ကို ထိန်းပေးလိုက်သည်။ထောင်ဟွား လှည့်ကြည့်လိုက်ရာ ရှန်းမင်ဖြစ်နေသဖြင့်

"ကျေးဇူးတင်ပါတယ် အစ်ကိုရှန်းမင်"

"ညီမထောင်ဟွား ငါတစ်ခုလောက်တောင်းဆိုပါရစေ၊ငါ့အမေကို နောက်ဆုံးတစ်ကြိမ်လောက်ထပ်တွေ့ခွင့်ပေးပါလား၊အမေ ဒီနားမှာရှိနေသေးတယ်လို့ ငါ ခံစားနေရတယ်၊သူထွက်မသွားသေးဘူးမလား"

ကျိုးရှန့်လင်သည် ထောင်ဟွားလက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ အသည်းအသန်တောင်းဆိုနေတော့သည်။

"ဘာရယ် ရှုရှီကဒီမှာရှိနေသေးတာလား"

အဘွားဖုန်းသည် လက်ထဲရှိငွေစက္ကူခေါက်လက်စကိုရပ်ကာ မယုံနိုင်ဟန်ဖြင့်မေးလိုက်သည်။အခြားသူများမှာလည်း ထို့အတူပင်။သူတို့သည် ရှုရှီ၏ဝိညာဉ်ကို မကြောက်ကြသော်လည်း သူမကိုသနားနေမိကြသည်။ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ကာ ကျိုးရှန့်လင်အားတစ်ဦးတည်းအားဖြင့်ကျွေးမွေးခဲ့ရ၏။သို့သော် သားဖြစ်သူမှာ အသုံးမကျသည့်အပြင် နောက်ဆုံးတွင်တော့ အိမ်ခေါင်မိုးပိပြီး အသက်၃၇နှစ်အရွယ်မှာတင် သေဆုံးခဲ့ရသည်ပင်။

ကျိုးထောင်ဟွားသည် ကျိုးရှန့်လင်အားကြည့်ရင်း သူ့အနောက်ခြေသုံးလှမ်းစာအကွာသို့လှည့်ကြည့်လိုက်ရာ ရှုရှီ၏ဝိညာဉ်ကို အမှန်တစ်ကယ်တွေ့လိုက်ရသည်။

"ဒေါ်လေးရှု ဘာလို့ဒီမှာ ရှိနေသေးတာလဲ၊ဝိညာဉ်ပို့ဆောင်သူတွေနဲ့အတူ ငရဲကိုလိုက်မသွားသေးဘူးလား"

(ငရဲရောက်မှ ယမမင်းကကောင်းမှုဆိုးမှုဆုံးဖြတ်ပြီး သက်ဆိုင်ရာဘုံကိုပို့ပေးမှာပါ)

ကျိုးထောင်ဟွား မျက်မှောင်ကြုံ့ကာမေးလိုက်၏။

ထိုစကားကို ကြားသည်နှင့် ကျိုးရှန့်လင်သည် အံ့သြတကြီးဖြင့်နောက်သို့လှည့်ကာ ထောင်ဟွားကြည့်နေသည့်နေရာကို လိုက်ရှာတော့သည်။သို့သော် သာမန်လူဖြစ်သော သူသည်ဝိညာဉ်ကိုမည်သို့ မြင်နိုင်ပါမည်နည်း။သူသည် လေထဲသို့သာလှမ်းအော်နေမိသည်။

"အမေ သားအသုံးမကျလို့ အမေသေခဲ့ရတာပါ"

ကျိုးရှန့်လင်သည် မိခင်ကိုမမြင်ရ မထိတွေ့ရသဖြင့် ရှုရှီရှိရာဘက်သို့သာဒူးထောက်လိုက်ပြီး ထောင်ဟွားကိုထပ်မံတောင်းဆိုလိုက်သည်။

"ညီမထောင်ဟွား ငါ့အမေကိုနောက်ဆုံးတစ်ခေါက်လောက်တွေ့ခွင့်ပေးပါ၊ညီမကို ငါအရိုအသေပေးပါ့မယ်"

ထိုသို့ပြောပြီး ကျိုးရှန့်လင်သည်ထောင်ဟွားရှေ့တွင်ဒူးထောက်ချကာ ခေါင်းနှင့်မြေကြီးကို တဒုန်းဒုန်းမြည်အောင်တိုက်၍ ဦးချတော့သည်။ရှုရှီသည် အနောက်မှနေ၍ ဤမြင်ကွင်းကိုကြည့်ကာ ရင်ကွဲမတတ်ခံစားနေရသော်လည်း သူမမှာလူမဟုတ်တော့ရာ သားဖြစ်သူကိုမထိတွေ့နိုင်သလို သူမစကားများကိုလည်း သူမကြားနိုင်ပါပေ။

ကျိုးထောင်ဟွားသည် သူမရှေ့တွင်ဦးတိုက်နေသော ကျိုးရှန့်လင်အားကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပြီးမိုးခြိမ်းသံကဲ့သို့ မာန်ပါပါအသံဖြင့်ပြောလိုက်သည်။

"ကျိုးရှန့်လင် မတ်တတ်ပြန်ရပ်လိုက်စမ်း"

သူမအသံတွင် ငြင်းဆန်၍မရသော အာဏာစက်များပါဝင်နေသဖြင့် ကျိုးရှန့်လင်မှာလန့်ဖြန့်သွားရသည်။ကျိုးထောင်ဟွား ဘာကြောင့်ဤသို့ပြောသည်ကို သူနားမလည်သော်လည်း သူမခိုင်းသည့်အတိုင်း မတ်တတ်ရပ်လိုက်မိ၏။

"ယောင်္ကျားဆိုတာ မျက်ရည်အလွယ်တကူမကျရဘူး၊ယောင်္ကျားတစ်ယောက်ရဲ့ ဒူးကရွှေထက်တန်ဖိုးရှိတယ်၊ယောင်္ကျားကောင်းတစ်ယောက်က ကောင်းကင် မြေကြီးနဲ့မိဘကိုပဲ ဒူးထောက်ရတာ၊နင်က ဘာလို့ငါ့ကိုဒူးထောက်နေတာလဲ၊နင်ဒူးထောက်ပြရုံနဲ့ ငါကနင့်ကိုကူညီမယ်လို့ထင်နေတာလား"

All Chapters