မြာပွေသူ ( ၃ )
Vol. 8 Ch. 104
ထိုလူများထဲတွင် လောဘရောင်လွှမ်းနေသော အကြည့်များဖြင့် လူများ ပုန်းလျှိုးကွယ်လျှိုး ရှိနေသည်ဖြစ်၍ အကြေးခွံများ ရသွားကြသည့်လူများအားလုံး သတိထားနေကြသည်။
သူတို့သည် အကြေးခွံများကို ရရှိသွားခဲ့ပါသော်လည်း ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုသည်ကို ပြောရန်ခဲယဉ်းသည်။
မကြာခင် လူအားလုံး လူစုခွဲသွားကြပြီး လူအများစုက ပစ်မှတ်ထားခြင်း ခံလိုက်ရသည်။ ရွှီချင်းအပေါ်သို့လည်း အကြည့်တချို့ ကျရောက်လာသည်။ သို့သော် ပြီးခဲ့သည့် ရက်အနည်းငယ်က ချင်းယွမ်ကျစ်ကို သတ်ဖြတ်ပြီးနောက် ရွှီချင်းက အနည်းငယ် ထင်ရှားကျော်ကြားသွားခဲ့သည်ဖြစ်ရာ ထိုအကြည့်ပိုင်ရှင်များသည် တွေဝေတွန့်ဆုတ်နေကြပြီး အလျင်စလို မပြုမူကြပေ။
ရွှီချင်းက ထိုလူများကို အေးတိအေးစက်ကြည့်၍ ထိုနေရာမှ ထွက်ခွာသွားသည်။ ထို့နောက် သူ၏ဆိပ်ကမ်းကို စိုးရိမ်ပူပန်စိတ်ဖြင့် ပြန်ရောက်လာသည်။ ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးနောက် သူ၏မှော်လှေကလေးကို ထုတ်လိုက်သည်။
သူက မှော်လှေကလေးကို ကြည့်ကာ မင်းသားသုံး၏ ဧရာမသင်္ဘောကြီးကို တွေးမိသွားသည်။
ထိုနှစ်ခုအကြားရှိ ကွာခြားချက်က ကြီးမားလွန်းသည်။ ရွှီချင်းသည် အတန်ငယ် ငြိမ်သက်နေပြီး လှေထဲကို ဝင်၍ မကျင့်ကြံသေးပေ။ ထိုအစား လှေကလေးကို သူ ပြန်သိမ်းဆည်းလိုက်ပြီး ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ ဖွင့်ထားသည့် ဆိုင်ကလေးများဆီ လျှောက်သွားသည်။
သူ၏ မှော်လှေကလေးကို သူ ပြင်ဆင်တော့မည်ဖြစ်သည်။
သူ ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားပြီးနောက် အကြေးခွံနှင့် ကျန်းစန်းပေးခဲ့သည့် ငါးအရိုးကို ထုတ်ကာ ကျသင့်ငွေကို ပေးလိုက်သည်။
လှေကလေးကို ပြုပြင်ပေးမည့် ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း လှေကလေးကို ပြင်ဆင်ပြီးသွားမည်ဖြစ်ကြောင်း သူ့ကို ပြောလိုက်သည်။
ရွှီချင်းက စောင့်နေရင်း ဆိုင်ထဲရှိ တခြား ပစ္စည်းအမျိုးမျိုးကို လှည့်ပတ်ကြည့်လိုက်သည်။ ပစ္စည်းအများစုက သတ္တဝါများမှ ရရှိထားသော ပစ္စည်းများဖြစ်ကြပြီး အလွန် အဖိုးတန်သည်။
၎င်းတို့အနက် ပုတ်သင်ညိုအရေခွံတစ်ခုကို သူ မြင်လိုက်ရပြီး ဘေးရှိ အလုပ်သမားကို ဈေးမေးလိုက်ရာ အရေခွံတစ်ခုလျှင် ဝိညာဉ်ကျောက်တုံးတစ်ရာ့ငါးဆယ် ကျသင့်ကြောင်း သူ သိလိုက်ရသည်။
“ ဈေးက ခေါင်ခိုက်နေတာပဲ ”
ကျင့်ကြံခြင်းရင်းမြစ်များက အလွန် ဈေးကြီးကြောင်း သူ သိထားသည့်တိုင်အောင် ဈေးနှုန်းကြောင့် အံ့အားသင့်သွားရဆဲပင်။
“ ဒါက ချီစုစည်းခြင်းအဆင့်ငါးကို ရောက်နေတဲ့ ပင်လယ်ပုတ်သင်ညိုတစ်ကောင်ရဲ့ အရေခွံပါ။ ဒီလိုအရေခွံမျိုးကို ထိုးဖောက်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ဒါက သိပ်ကို သန်မာတယ် ”
ဆိုင်အလုပ်သမားလေးက မျက်လုံးထောင့်စွန်းမှနေ၍ ရွှီချင်းကို ကြည့်ကာ ရှင်းပြလိုက်သည်။
ရွှီချင်းက တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်သည်။ ပစ္စည်းများအားလုံးကို သူ စစ်ဆေးကြည့်ပြီးနောက် သူ၏အကြည့်က လူသားတစ်ယောက်၏ ခေါင်းအရွယ်ရှိသော နှလုံးသားတစ်ခုအပေါ် ကျရောက်သွားသည်။
ထိုနှလုံးက ဖန်ပုလင်းထဲတွင် ရှိနေပြီး တဖျပ်ဖျပ် ခုန်နေသည်။
“ ဒါက နဂါးမုတ်ဆိတ်သားရဲတစ်ကောင်ရဲ့ နှလုံးပဲ။ ဒါက အခြေတည်အဆင့်မှော်လှေတွေရဲ့ အဆင့်ကို မရောက်နိုင်ပေမဲ့ သာမန်မှော်လှေတွေအတွက်တော့ စွမ်းအားအရင်းအမြစ်အနေနဲ့ အသုံးချနိုင်ပါတယ် ”
ဆိုင်အလုပ်သမားလေးက ရှင်းပြလိုက်ပါသော်လည်း ရွှီချင်းက ဈေးကို မေးမကြည့်တော့ပေ။ ထိုကဲ့သို့ စွမ်းအားအရင်းအမြစ်တစ်ခုက ကြောက်ခမန်းလိလိ ဈေးကြီးနေမည်ကို သူ ကောင်းစွာ သိနေပြီ မဟုတ်ပါလား။
အတိုချုပ်ပြောရလျှင် ကုန်ကြမ်းပစ္စည်းအားလုံး၏ ဈေးနှုန်းများက မဖြစ်နိုင်လောက်အောင်ပင်။
ရွှီချင်းမှာ သူ၏ငွေကြေးများက မဖြစ်စလောက်ဖြစ်သွားသလို ခံစားလိုက်ရပြီး ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုပြီးသောအခါ သူ၏မှော်လှေကလေးက ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
ဆိုင်ရှင်က ပုလင်းလေးကို သူ့ကို ပေးလိုက်သောအခါ ပုလင်းထဲရှိ မှော်လှေကလေးက ယခင်ကနှင့် မတူတော့သည်ကို သူ ချက်ချင်း မြင်လိုက်ရသည်။ ၎င်းက ကြီးမားသွားသည်သာမက ၎င်းအပေါ်တွင် အကြေးခွံတစ်ခုကဲ့သို့ ရုပ်ပုံတစ်ခုလည်း ရှိနေသည်။
သူ၏ ဝိညာဉ်စွမ်းအားများကို ပုလင်းထဲသို့ ထည့်သွင်း၍ အာရုံခံကြည့်လိုက်သည်။ လှေကလေး၏ အပြင်ပန်းအသွင်အပြင်သာ ပြောင်းလဲသွားသည်သာမက လှေကလေးက များစွာ ခိုင်ခံလာခဲ့ပြီဖြစ်ကြောင်းကိုလည်း သူ သိလိုက်ရသည်။ သူ ကျေနပ်အားရန်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကားဆိုကာ ဆိပ်ကမ်းကို တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။
မှော်လှေကလေးကို သူ စမ်းသပ်ကြည့်မည် ဖြစ်သည်။
ဆိပ်ကမ်းကို သူ နီးလာပြီး သူ၏ ကျောက်ချရာနေရာကို ပြန်ရောက်သောအခါ ဘေးပတ်ဝန်းကျင်တွင် ဘေးကင်းလုံခြုံကြောင်း အတည်ပြုပြီးနောက် မှော်လှေကလေးကို ထုတ်လိုက်သည်။
အလင်းတန်းများ ဝင်းလက်သွားပြီး အလျား ပေခုနစ်ဆယ်၊ရှစ်ဆယ်ခန့်နှင့် အနံ ဆယ်ပေရှိသော လှေတစ်စင်း ရွှီချင်း၏ရှေ့တွင် ပေါ်လာသည်။ လှေကလေးကို ကြည်လင်တောက်ပသော အကြေးခွံအရုပ်က ဖုံးလွှမ်းထားသည်။
ယခင်ကနှင့် ယှဉ်လျှင် လက်ရှိလှေကလေးသည် အလွန် ရက်စက်ကြမ်းကြုတ်လာကာ ဧရာမမိကျောင်းကြီးတစ်ကောင်ကို မြင်လိုက်ရသလို ခံစားချက်က ပို၍ အားကောင်းလာသည်။ အထူးသဖြင့် မိချောင်းခေါင်းရုပ်ထုကြီးဖြစ်သည်။ ၎င်းအထဲတွင် ငါးရိုးကို မြှုပ်ထားပြီး လေပြေတစ်ချက်က ၎င်းကို လှည့်ပတ်၍ တိုက်ခတ်နေသည်။
လှေကလေးသာ ပေါက်ကွဲထွက်လာသည်နှင့် ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်နေမည်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်သည်။
ထိုအခြင်းအရာအားလုံးက ရွှီချင်း၏မျက်လုံးများကို ဝင်းလက်သွားစေသည်။
“ ငါ့မှာသာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ အများကြီးရှိနေရင် ငါ့လှေကလေး ဘယ်လိုဖြစ်လာမလဲ မသိဘူး ”
“ ငါ ပိုက်ဆံရှာရမယ် ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။