← Chapters

👑 New Main Quests

Vol. 17 Ch. 164

👑 New Main Quests

Vol. 17 Ch. 164

နန်းတွင်းရေးရာကိစ္စများကို ကျန်းကျီမြောင် သိပ်စွက်ဖက်လို့ မရပေ။ သို့သော်ကောဟွိုက်ကြောင့် ပဟေဠိ၏နောက် ဆုံးအစိတ်အပိုင်းကို သူမ ရရှိနိုင်ခဲ့ပါပြီ။

သတ်မှတ်ချိန်မတိုင်ခင် ပြီးမြောက်သွားခဲ့တာကြောင့် ချန်ကျင်းမင်၏ လျှို့ဝှက်ချက်များကို စုံစမ်းရမည့် မစ်ရှင်အား သူမ အောင်မြင်သွားပြီဖြစ်သည်။ ဒီလိုနဲ့ အချိန်အကန့်အ သတ် အတင်းအဖျင်းမစ်ရှင် ရုတ်တရက် ပြီးဆုံးသွားခဲ့ပါပြီ။

ကျန်းကျီမြောင်တွန့်ဆုတ်မနေတော့ဘဲ လိုသလောက်အမှတ်တွေကိုသုံးပြီး စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်ဖို့ စနစ်အား စေခိုင်းလိုက်ပါသည်။ စနစ်စတိုးဆိုင်ကို Level 2 အဆင့်မြှင့်တင်ခြင်းက အချိန်အနည်းငယ် ပေးရမည်ဖြစ်သည်။

လက်ကျန်အမှတ်တွေကို ကျန်းကျီမြောင် စစ်ကြည့်လိုက်သည်။ ဒီရက်ပိုင်းအတွင်း ချန်ကျင်းမင်နှင့် ပတ်သတ်သည့် ကိစ္စတွေကြောင့် အံ့ဩတုန်လှုပ်မှုရမှတ်တွေ သူမ ရရှိနေဆဲဖြစ်သည်။ နောက်ဆုံးအကြိမ် စာရင်းရှင်းပြီးနောက်တွင် သူမလက်ထဲ အမှတ် ၅၀၀ ကျန်ခဲ့ပါသည်။

ထိုအမှတ် ၅၀၀ ကို ကျန်းကျီမြောင် ပေါ့ပေါ့တန်တန် မသုံးရဲပါ။ ဘာပဲဖြစ်ဖြစ် မကြာခင် ‘မင်းသမီးအစစ်အမှန်’ ပေါ် လာတော့မှာကြောင့်ဖြစ်သည်။

ထိုဇာတ်လမ်းက အတော်လေး ထူးဆန်းနိုင်သဖြင့် သူမလက်ထဲ အမှတ်တချို့အရန်သင့်သိမ်းထားခြင်းက ပိုစိတ် ချရမည် ဖြစ်သည်။ ကျန်းဟွမ်ရာဇဝင်ကလည်း ပြီးဆုံးသွားပြီဖြစ်ကာ စနစ်စတိုးဆိုင်အဆင့်မြှင့်တင်ပြီးချိန်ကို စောင့်ရင်း ဘာမှ လုပ်စရာမရှိသဖြင့် ညီအစ်မတွေကို စောစောနှုတ်ဆက်ခဲ့ပြီး ဖုန့်ယီနန်းဆောင်သို့ ကျန်းကျီမြောင် ပြန်လာခဲ့ပါသည်။

နာရီဝက်ခန့်ကြာသောအခါ အသိပေးသံတစ်ခု ထွက်ပေါ် လာခဲ့သည်။

“စနစ်စတိုးဆိုင်ကို Level 2 သို့ အောင်အောင်မြင်မြင် အဆင့်မြှင့်တင်လိုက်ပါပြီ။ ပစ္စည်းအသစ်ပေါင်း ၁၂၃ ခုနဲ့ ဆေးဝါးအသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကျေးဇူးပြုပြီး စစ်ကြည့်လိုက်ပါ စနစ်ပိုင်ရှင်”

ကျန်းကျီမြောင် မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်းဖွင့်ကြည့်လိုက်ပါသည်။ Level 2 စနစ်စတိုးဆိုင်က မျက်နှာပြင်ပုံစံအရ Level 1 နှင့် သိပ်မကွာခြားလှပေ။ ပစ္စည်းအသစ်တွေ တိုးလာရုံသာရှိပါသည်။

ဆေးဝါးအကန့်ကို ကျန်းကျီမြောင် အမြန်စစ်ကြည့်လိုက်သည်။ သိပ်မကြာလိုက်ဘဲ ယွဲ့လင်း၏သက်တမ်းကို တိုးမြှင့်ပေးနိုင်မည်ဟု စနစ်ဆိုဖူးသော ပစ္စည်းကို မြင်လိုက်ရပါသည်။

“ဇီဝအသက်ဆက်ဆေးတောင့်

ဖော်ပြချက်: ဒီဆေးကို သောက်သုံးလိုက်ခြင်းအားဖြင့် သောက်သုံးသူရဲ့ သက်တမ်းကို သုံးနှစ်ကြာအတင်း အကြပ်ဆွဲဆန့်ပေးနိုင်ပါတယ်။

မှတ်ချက်: သောက်သုံးသူ၏ အသက် ၆၀ မကျော်ရပါ။

ဆေးတောင့်တန်ဖိုး: ၁၀၀ မှတ်။”

ထိုဖော်ပြချက်ကို ဖတ်ရင်း ကျန်းကျီမြောင်မျက်လုံးထဲက ပျော်ရွှင်မှုအရိပ်အယောင်များ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ စနစ်စတိုးဆိုင်ထဲက ဘယ်ဆေးတောင့်ကမှ ယုံကြည်ချင်စရာ မကောင်းလှပါ။

ဖော်ပြချက်ထဲမှာ အသက်ကို ၃ နှစ်ကြာ အတင်းအကြပ် ဆွဲဆန့်ပေးနိုင်သည်ဟုသာ ဖော်ပြထားသည်။ ထိုသုံးနှစ်အတွင်း ယွဲ့လင်း ဘယ်လိုပုံစံမျိုးနှင့် အသက်ရှင်ရမလဲဆိုသည်အား မဖော်ပြမထားခဲ့ပေ။

မူရင်းဝတ္ထု၏နောက်ဆုံးအပိုင်းတွေမှာ ယွဲ့လင်း ခေါင်းကိုက်ဝေဒနာကို အမြဲမပြတ်ခံစားနေခဲ့ရတာဖြစ်သည်။ တစ်ကိုယ်လုံး အဆိပ်တွေပြန့်နှံ့သွားပြီး အိပ်ရာထဲမှာပဲ တစ်နေကုန်နီးပါး လှဲလျောင်းနေရသည်။

ထိုအခြေအနေမျိုးရောက်မှ သူ့အသက်ကို ဆွဲဆန့်ပေး လိုက်လျှင် ကယ်တင်ရာမရောက်ဘဲ နှိပ်စက်ရာရောက်လိမ့်မည်။

စနစ်ကို ကျန်းကျီမြောင် သေချာမေးကြည့်လိုက်သည်။

“ဒီဆေးတောင့်က သက်တမ်းကိုပဲ ဆွဲဆန့်ပေးတာလား၊ အဲ့သက်တမ်းအတွင်း ခံစားရမယ့် နာကျင်မှုတွေအတွက်ကော ဘယ်လိုကူညီပေးနိုင်လဲ”

စနစ်နဲ့ လက်တွဲလာတာကြာပြီဖြစ်သဖြင့် စနစ်၏ လှည့် ကွက်တွေကို ကျန်းကျီမြောင် ကောင်းကောင်းကြီးသိနေပါပြီ။ ထို့ကြောင့် သူမ မေးခွန်းကလည်း ချက်ကောင်းကိုထိသွားသည်။

စနစ်က လိပ်ပြာမလုံစွာ ရှင်းပြလိုက်ပါသည်။

“ဒီဆေးတောင့်က သက်တမ်းကိုပဲတိုးမြှင့်ပေးနိုင်တာပါ။ တခြားကိစ္စတွေကိုတော့ ဒီဆေးတောင့် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်ပါဘူး”

ထင်တဲ့အတိုင်းပဲ!

ကျန်းကျီမြောင် ချက်ချင်း ပြစ်တင်ဝေဖန်လိုက်ပါသည်။

“ဟိုဟာ မသိရတာနဲ့ ဒီဟာ မလုပ်နိုင်ရတာနဲ့ နင်အသုံးကျတာ ဘာရှိသေးလို့လဲ!”

စနစ်က ပျော့တိပျော့ညံ့ ပြန်ပြောလိုက်သည်။

“စနစ်ပိုင်ရှင်၊ ကျွန်ုပ်တို့ စနစ်စတိုးဆိုင်ကို Level 3 အထိ မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုရှာတွေ့ရင် အားလုံး အဆင်ပြေသွားတော့မှာပါ”

ကျန်းကျီမြောင် ဒေါသပေါက်ကွဲသွားမည်စိုးသဖြင့် စနစ်စကားလမ်းကြောင်း လွှဲလိုက်သည်။

“ကြည့်ပါဦး စနစ်ပိုင်ရှင်၊ ပင်မမစ်ရှင်အသစ်တစ်ခု ပေါ်လာပြီ”

ခွေးစနစ် စကားလမ်းကြောင်းလွှဲနေတာမှန်း ကျန်းကျီမြောင် သိသော်လည်း စနစ်မစ်ရှင်များကိုဖွင့်ကြည့်လိုက်ပါသည်။

“ပင်မမစ်ရှင် ၁: ယွဲ့ဟွာ၏ ဇာတ်သိမ်း

ဖော်ပြချက်: အကြောင်းမျိုးမျိုးကြောင့် ယွဲ့ဟွာ၏ ကံကြမ္မာ အကြီးအကျယ် ပြောင်းလဲသွားပါပြီ။ ယွဲ့ဟွာ သေဆုံးတဲ့အခါ သို့မဟုတ် သူ့ကံကောင်းခြင်းအမှတ် သုညအထိ ရောက်သွားတဲ့အခါ ဒီမစ်ရှင် အောင်မြင်ပါမယ်။

ဆုကြေး: အမှတ် ၃၀၀

ထို့အပြင် ယွဲ့လင်း ပိုင်ဆိုင်ရမယ့် ကံကောင်းခြင်းအမှတ်တွေကိုလည်း ပြန်လည်ပိုင်ဆိုင်သွားရပါလိမ့်မယ်”

ကျန်းကျီမြောင် မျက်လုံးများအရောင်တောက်သွားသည်။

အမှတ်တွေကို ဆုကြေးအဖြစ်ရတာ မထူးဆန်းသော်လည်း ယွဲ့လင်းပိုင်ဆိုင်ရမည့် ကံကောင်းခြင်းအမှတ်တွေဆိုတာ ဘာကိုဆိုလိုမှန်း သူမ မသိပေ။ ထို့ကြောင့် စနစ်ကိုကျန်းကျီမြောင် မေးကြည့်လိုက်သည်။

“ရှင်းပြစမ်း စနစ်!”

စနစ်က ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။

“ယွဲ့ဟွာက ကူးပြောင်းလာသူတစ်ယောက်ပါ၊အဲ့တာကြောင့် ယွဲ့ဟွာ မရှိတဲ့ အချိန်ကာလတစ်ခုမှာ ယွဲ့လင်းက ကိုယ်ပိုင်ကံကြမ္မာရှိနေသင့်တာ၊ ယွဲ့ဟွာ ရောက်လာတော့ ယွဲ့လင်းရဲ့ ကံကောင်းခြင်းအမှတ်တွေ လုယူခံလိုက်ရပြီး အရှုံးသမားဖြစ်သွားခဲ့တာပဲ၊ ယွဲ့ဟွာရဲ့ ကံကောင်းခြင်းအမှတ် သုည ဖြစ်သွားတာနဲ့ လုယူခံထားရတဲ့ ယွဲ့လင်းရဲ့ ကံကြမ္မာ ပြန်ရောက်လာပါလိမ့်မယ်”

ကျန်းကျီမြောင် မျက်နှာထား အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

“အဲ့တာဆို မူလဝတ္ထုထဲမှာ ယွဲ့လင်းရဲ့ကံက ဒီလောက်မဆိုးသင့်ဘူးပေါ့။ တကယ်တော့ ဒီ့ထက် တက်လမ်းရှိခဲ့သင့်တာပေါ့”

ဒါ့ကြောင့်လည်း စနစ်က ကံကောင်းခြင်းအမှတ်တွေကို ဆုကြေးတစ်ခုအဖြစ် သီးသန့်ဖန်တီးပေးလိုက်တာဖြစ်မည်။

စနစ်က ရှင်းပြလိုက်ပါသည်။

“ယွဲ့ဟွာရဲ့ဇာတ်သိမ်းမစ်ရှင်ကို အောင်မြင်သွားတာနဲ့ ကူး ပြောင်းလာသူတွေမရှိတဲ့ ကမ္ဘာထဲက ယွဲ့လင်းရဲ့ မူရင်းဇာတ်လမ်းကို စနစ်ပိုင်ရှင် ရှုမြင်နိုင်ပါလိမ့်မယ်”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်သည်။ ထိုဇာတ်လမ်းကို မမြင်ရသေးခင်မှာတောင် သူမ ခန့်မှန်းကြည့်လို့ရနေပါပြီ။

ယွဲ့ဟွာသာ ကူးပြောင်းလာသူတစ်ယောက် မဟုတ်ဘဲ ကံတရား၏မျက်နှာသာပေးမှုကို ခံထားရတာကြောင့်သာ မဟုတ်လျှင် ယွဲ့လင်း ဒီလောက်ထိ ရုန်းကန်နေရစရာအကြောင်းမရှိပါ။

ယွဲ့ဟွာက နှောင်းဧကရာဇ်မင်းကြီး၏ အရေးပေးမှုကို ခံထားရလျှင်တောင် ယွဲ့လင်းက မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာနိုင်ပါသည်။

စနစ်မစ်ရှင်တွေကို ကျန်းကျီမြောင် ဆက်ဖတ်ကြည့်လိုက်သည်။

“ပင်မမစ်ရှင် ၂: ဘဝအခိုးခံလိုက်ရတဲ့ မင်းသမီးအစစ်အမှန်

ဖော်ပြချက်: ပြန့်ချန်းရှီရဲ့မျိုးရိုးအမည်က ယွဲ့ဖြစ်သင့်ပြီး နှောင်းဧကရာဇ်မင်းကြီးရဲ့ အချစ်ရဆုံး မင်းသမီးလေး ဖြစ်လာခဲ့သင့်ကာ မတော်တဆမှုတစ်ခုကြောင့် သာမန်အရပ်သားတွေထဲ သူပျောက်ဆုံးသွားခဲ့သည်။ ယွဲ့ဟွာကတော့ သူ့နေရာကို လုယူပြီး နှောင်းဧကရာဇ်မင်းကြီးရဲ့ မျက်နှာသာပေးမှုတွေကို ခံခဲ့ရသည်။ ပြန့်ချန်းရှီ မြို့တော်ကို ဒေါသတကြီးရောက်လာချိန် မတော်တဆမှုပေါင်းစုံကြောင့် ကံအကြောင်းမလှစွာသေဆုံးခဲ့ရပါတယ်။ တစ်လလောက်ကြာတော့ အသတ်ခံလိုက်ရတဲ့ ပြန့်ချန်းရှီသည် ငယ်ရွယ်သည့် ခန္ဓာကိုယ်ထဲပြန်လည်မွေးဖွားလာခဲ့တယ်”

ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူ့ဘဝကို ဘယ်လိုရွေးချယ်သွားမလဲ…

၁။ ကံစီမံရာအတိုင်းလိုက်ပြီး ‘ပြန်လည်မွေးဖွားခြင်း: အချစ်ကြီးတဲ့ဧကရာဇ်ရဲ့တစ်ဦးတည်းသော အချစ်ခံလေး’ ဝတ္ထုထဲကအတိုင်း ဇာတ်သိမ်းသွားပါမယ်။ ဒီလိုဇာတ်သိမ်းမျိုးကိုရရှိပါက စနစ်ပိုင်ရှင် ဆုကြေးရမှာမဟုတ်ပါဘူး။

၂။ ပြန့်ချန်းရှီရဲ့ ကံကြမ္မာကို စနစ်ပိုင်ရှင် ဝင်စွက်ဖက်ပေးရပါ့မယ်။ မူလကံကြမ္မာလမ်းကြောင်းကနေ သွေဖယ်လာလေလေဇာတ်သိမ်းကိုရောက်တဲ့အခါ စနစ်ပိုင်ရှင် ဆုကြေး များများ ရလေလေပါပဲ။ ဒီမစ်ရှင်မှာ ရွေးချယ်ခွင့်တွေ အများကြီး ရှိလို့ စနစ်ပိုင်ရှင် လွတ်လွတ်လပ်လပ်ရွေး ချယ်နိုင်ပါတယ်”

ဒီမစ်ရှင်က…

ကျန်းကျီမြောင် အတွေးများ နက်နဲသွားခဲ့သည်။

ပြန်လည်မွေးဖွားလာသည့် ပြန့်ချန်းရှီက အခြားစာအုပ်တစ်အုပ်၏ဇာတ်လိုက်မင်းသမီးတစ်ယောက် ဖြစ်သည်။ ယခင်တစ်ခေါက်တုန်းက ဇာတ်လမ်းအမြည်းအစမ်းကို ကြည့်ခြင်းအားဖြင့် သူမ ဇာတ်နာစရာတွေအများကြီး ကြုံတွေ့ရပြီးမှ ယွဲ့ဟွာနှင့် ပျော်ရွှင်စရာ ဇာတ်သိမ်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်မှန်းမြင်နိုင်ပါသည်။

သို့သော်လည်း ဒီမစ်ရှင်ကိုဖတ်ကြည့်ရသလောက်တော့ ပြန့်ချန်းရှီ၏ကံကြမ္မာကို ပြောင်းလဲဖို့ စနစ်က သူ့အား တွန်းအားပေးနေသလိုပင်…

ကျန်းကျီမြောင်လည်း မကန့်ကွက်ချင်ပါ။ လက်ရှိအခြေအ နေတွေကို ကြည့်ခြင်းအားဖြင့် ဝတ္ထုထဲကအတိုင်း ဇာတ်သိမ်းသွားဖို့ဆိုတာလည်း သိပ်မဖြစ်နိုင်တော့ပေ။

ပင်မမစ်ရှင် နှစ်ခုစလုံးကို ကျန်းကျီမြောင်လက်ခံလိုက်သည်။ ထို့နောက် ယွဲ့ဟွာလက်ရှိ ကံကောင်းခြင်းအမှတ်ကို စစ်ကြည့်လိုက်သည်။

ရိုက်ချက်ပေါင်းစုံကြောင့် ယွဲ့ဟွာ၏ကံကောင်းခြင်းအမှတ်က ၅၀ အောက်ကို လျော့ကျနေပြီဖြစ်ကာ ၄၉ မှတ်သာ ကျန်ရှိပါတော့သည်။

ဒီလိုကံကောင်းခြင်းမျိုးက သာမန်အရပ်သားတစ်ဦးအဆင့်လောက်သာ ရှိသည်။ ချန်ကျင်းမင်ကို အပြတ်အ သတ် စာရင်းရှင်းပြီးသောအခါ ယွဲ့ဟွာကံကောင်းခြင်းအမှတ်တွေ ဒီ့ထက်ကျသွားမှာသေချာပါသည်။

သုညကို ရောက်သွားတာနဲ့ ဘာမှစိတ်ပူစရာမလိုတော့ပါ။ ဒီပင်မမစ်ရှင်အတွက် ကျန်းကျီမြောင် စိတ်ရှည်လက်ရှည် စောင့်နေဖို့သာ လိုအပ်သည်။ ပြန့်ချန်းရှီနှင့်ပတ်သတ်သည့် မစ်ရှင်အတွက်တော့ ပြန့်ချန်းရှီ ပြန်လည်မွေးဖွားလာဖို့ တစ်လလိုသေးသည်ဟု စနစ်ကဆိုသည်။

ကျန်းကျီမြောင် တစ်လလောက်စောင့်ပြီးနောက် ပြန်လည်မွေးဖွားလာသည့် မင်းသမီးအား သွားရောက်တွေ့ဆုံပါမည်။

All Chapters