← Chapters

👑 Obstruction

Vol. 17 Ch. 166

👑 Obstruction

Vol. 17 Ch. 166

မြို့တော်ဝန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဝန်ကြီးစု၊ သခင်မချန်နဲ့ ပတ်သတ်တဲ့အမှုက အခု အဆင့်အသစ်ကို ရောက်ရှိနေပြီ၊ ကျုပ်တို့ ရရှိထားတဲ့သက်သေတိုင်းက ဝန်ကြီးစုရဲ့ကိုယ်လုပ်တော်ဖွားသမီး စုစစ်ယောင်ဆီကိုပဲ မြှားဦးညွှန်ပြနေတာ!”

“ကျုပ်လူတွေက စုစစ်ယောင်ရဲ့အိပ်ခန်းဆောင်ကိုပဲ ရှာဖွေ ချင်တာပါ၊ အနောက်ဆောင်ထဲက အခြားအမျိုးသမီးတွေကိုနှောင့်ယှက်ဖို့ အစီအစဉ်မရှိဘူး၊ ဝန်ကြီးစုလည်း ဒါကိုနားလည်မှုရှိပြီး အားလုံး အဆင်ပြေအောင် လမ်းဖယ်ပေးဖို့ တောင်းဆိုပါတယ်”

စုမင်ယွမ်ကြက်သေသေသွားပြီး ကျောက်ရုပ်လို ရပ်တန့်သွားခဲ့ပါသည်။

ကိုယ်လုပ်တော်ဖွားသမီး စုစစ်ယောင်ဟုတ်လား…

ထိုသမီးတော်အကြောင်း စုမင်ယွမ် သိပ်မမှတ်မိပါ။ သူမှတ်မိသလောက်ဆို စုစစ်ယောင်သည် အနေအေးပြီး အတော်လေး လိမ္မာသည့် မိန်းကလေးတစ်ယောက်ဖြစ် သည်။

ချန်ကျင်းမင် ဇနီးကိစ္စက ခန်းဆောင်အပြင်ကိုတောင်ထွက်လေ့ထွက်ထမရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဘာများ ပတ်သတ်နိုင်မှာမို့လို့လဲ…

စုမင်ယွမ် မျက်မှောင်အလွန်ကြုတ်သွားသည်။

“အဲ့ဒီစကားတွေကို ကျုပ်လုံးဝ နားမလည်နိုင်ဘူး သခင်ကြီးလင်း၊ သခင်မချန် နာမကျန်းဖြစ်တာမဖြစ်တာက ချန်မိသားစုရဲ့ အရေးကိစ္စမဟုတ်ဘူးလား ? ကျုပ်သမီးအပေါ် ဘာလို့ အပြစ်လာပုံချနေတာလဲ”

“ဒီနေ့ခင်ဗျားတို့ကို ဝင်ခွင့်ပြုလိုက်ရင် စစ်ယောင်ရဲ့ဂုဏ် သိက္ခာလုံးဝ ပျက်စိးသွားလိမ့်မယ်၊ ရှေ့လျှောက်လူတွေရှေ့မှာ သူ့မျက်နှာ ဘယ်လိုပြရတော့မလဲ”

စုမင်ယွမ် အလွန်ဒေါသကြီးစွာ ပြောလိုက််သည်။

သခင်မစုလည်း အနည်းငယ် မျက်နှာပျက်သွားပြီးတည် ငြိမ်စွာ ဝင်ပြောလိုက်သည်။

“သခင်ကြီးလင်းတို့ကို ကြည်ကြည်ဖြူဖြူ စုံစမ်းစစ်ဆေးခွင့်ပေးလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ် သခင်ကြီး…”

“သခင်မ…”

စုမင်ယွမ် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ စုစစ်ယောင်က သခင်မစု၏သမီးအရင်းမဟုတ်သော်လည်း သူ့ဇနီးက အလွန်သဘောထားကြည်ဖြူပြီး ကိုယ်လုပ်တော်ဖွား သား သမီးတွေအပေါ်လည်း တစ်ခါမှ နိုင်စီးမှုမရှိခဲ့ဖူးပေ။

ဒီလိုရှာဖွေခွင့်ပြုလိုက်ခြင်းက စုစစ်ယောင်၏ ဂုဏ်သိက္ခာကိုပျက်စီးစေမှာ သခင်မစု မသိတာမဖြစ်နိုင်ပါ။

ဒါဆို ဘာလို့ ရုတ်တရက်ကြီး သဘောတူနေရတာလဲ…

သခင်မစု ရှင်းမပြနိုင်ခင် စုအိမ်တော်သို့ စုစစ်ယောင်ကိုယ်တိုင် အပြေးရောက်ရှိလာခဲ့ပြီဖြစ်သည်။

စုစစ်ယောင် မျက်လုံးများ နီမြန်းနေပြီး စုမင်ယွမ်ရှေ့မှာ ချက်ချင်း ဒူးထောက်ချလိုက်ပါသည်။

“ခမည်းတော်…”

မတရားမှုတစ်ခုကို ခံစားနေရသကဲ့သို့ စုစစ်ယောင် အသံတွေပင် တုန်ယင်နေသည်။

“အိမ်တော်မှာ ပြဿနာကြီးကြီးမားမားတက်နေတယ်လို့ ဒီသမီးတော် သတင်းကြားလို့ အမြန်ဆုံးပြန်လာခဲ့တာပါ၊ လမ်းမတွေပေါ်မှာလည်း ကောလဟာလတွေ ပြန့်နေပြီ။ အဲ့ဒီကောလဟာလတွေကို နားထောင်ကြည့်မှ ပြဿနာက ဒီသမီးကြောင့်ဆိုတာ သိခဲ့ရပါတယ်!”

“အပြင်ကလူတွေ အားလုံး အတင်းအဖျင်း မျိုးစုံပြောဆိုနေကြတယ် အဖေ၊ တချို့က ဒီသမီး မသင့်လျော်တဲ့လုပ် ရပ်တွေကို လုပ်နေတယ်လို့ပြောကြတယ်၊ တချို့က ဒီသမီးတော် သူပုန်သူလျှိုတွေကို ဖွက်ထားပေးနေတယ်လို့ ပြောကြတယ်၊ တချို့ဆို ဒီသမီးတော် လူသတ်မှုကျူးလွန်ထားတယ်လို့တောင် စွပ်စွဲနေကြပါတယ်…”

စုစစ်ယောင် မျက်ရည်များ စီးကျလာပြီဖြစ်သည်။

“ဒီသမီးတော်အကြောင်းကို ခမည်းတော် အသိဆုံးပါ… ဒီသမီးက အနေအေးပြီး လူကြီးသူမတွေရဲ့ စကားကိုလည်း အမြဲတမ်း နားထောင်ခဲ့ပါတယ်၊ တခြားသူတွေရဲ့ စွပ်စွဲစကားတွေကြောင့် အဲ့ဒီဆင်ခြေဖုံးကအိမ်ကိုပြန်ပို့ခံရမှာစိုးရိမ်လို့ နေ့စဉ်ဘဝမှာ ခြေလှမ်းတိုင်းကို သတိထားပြီး လျှောက်လှမ်းခဲ့သူပါ!”

“အဲ့ဒီစွပ်စွဲချက်တွေ အားလုံးက ယုတ္တိမရှိတဲ့ အလိမ်အညာတွေချည်းပဲ၊ အဲ့ဒီအလိမ်အညာတွေကြောင့် ဒီသမီးရဲ့ ဂုဏ် သိက္ခာလည်း အဖတ်ဆည်မရအောင် ပျက်စီးသွားခဲ့ပြီ!”

စုစစ်ယောင်တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

“ဒီလို မလိုတမာ စောင့်ကြည့်မှုတွေအောက်မှာ ဒီသမီး အသက်ရှင်ချင်စိတ်မရှိတော့ပါဘူး၊ ဒီသမီး အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ အခုပဲသေခွင့်ပြုပါ အဖေ!”

ထိုသို့ပြောပြီးနောက် စုစစ်ယောင် မတ်တပ်ထရပ်လိုက်ပြီး အိမ်တော်ဝင်ပေါက်ရှိ ခြင်္သေ့ကျောက်ရုပ်ကြီးကို ခေါင်းဖြင့် ဝင်တိုက်ဖို့ ကြိုးစားလေသည်။ သို့သော် လူတွေအများကြီး ရှိနေသဖြင့် သူမကို ဝိုင်းတားနိုင်ခဲ့ကြပါသည်။

စုစစ်ယောင်ကို လူတချို့က ဝိုင်းချုပ်ထားလိုက်ကြသည်။ စုမင်ယွမ်ကိုလှည့်ကြည့်ပြီး စုစစ်ယောင် ငိုကြွေးမြည်တမ်းလိုက်ပါသည်။

“အဖေ… ဒီသမီးမှာ သေလမ်းကို ရွေးချယ်ခွင့်တောင် မရှိတော့ဘူးလား”

စုစစ်ယောင် အသက်ရှူရခက်ခဲလာသည်အထိ ပြင်းပြင်း ထန်ထန် ငိုကြွေးနေသည်။ တစ်ကိုယ်လုံးလည်း တုန်ယင်နေသဖြင့် အလွန်အားနည်းပျော့ညံ့ပြီး သနားစရာကောင်းသည့်ပုံစံလေး ဖြစ်နေသည်။ သူမကို သံယောဇဉ် သိပ်မရှိသော်လည်း စုမင်ယွမ် ဖခင်တစ်ဦး၏ကာကွယ်ပေးလိုစိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။

ဒါစုစစ်ယောင်တစ်ဦးတည်းနဲ့ သက်ဆိုင်နေသည့်ကိစ္စမဟုတ်ပေ။ စုအိမ်တော်တစ်ခုလုံးနဲ့ သက်ဆိုင်နေသည့်ကိစ္စ ဖြစ်သည်။ ထို့ကြောင့် သူခေါင်းငုံ့ခံနေလို့ မဖြစ်တော့ပါ။

မြို့တော်ဝန်ကို စုမင်ယွမ်စိုက်ကြည့်လိုက်သည်။

“ကျုပ်သမီးက အိမ်တော်ထဲကနေ အပြင်ကိုတောင်ထွက်လေ့ထွက်ထမရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ပါ၊ ချန်မိသားစုအမှုနဲ့ သူပတ်သတ်နေတယ်ဆိုတာ ကျုပ်လုံးဝ မယုံကြည်နိုင်ဘူး၊ သခင်ကြီးလင်း ဒီနေ့ ခိုင်လုံတဲ့ သက်သေတစ်ခုခု ထုတ်မပြနိုင်ရင် ကျုပ်စကားအရှည်ကြီးတွေ ပြောရတော့မယ်”

မျက်ရည်တွေကိုသုတ်ရင်း စုစစ်ယောင် အခြေအနေတွေကို အကဲခတ်နေခဲ့ပါသည်။ ရင်ထဲမှာတော့ သူမ အတော်လေးထိတ်လန့်နေမိသည်။ သူ အဆိပ်ခတ်သည့် နည်းလမ်းတွေက ခြေရာခံဖို့ရာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့ ကြောင့် သူ့ကိုဘာကြောင့် ဒီလိုပစ်မှတ်ထားလာရတာလဲဆိုတာ စုစစ်ယောင် နားမလည်ပေ။

ဧကန္တ ချန်အိမ်တော်မှာ သဲလွန်စတစ်ခုခု ရသွားလို့များလား…

မဖြစ်နိုင်ပါဘူး!

“ဝန်ကြီးစုရဲ့ သမီးက ဝန်ကြီးစုထင်ထားသလောက် မရိုးရှင်းဘူး”

စုစစ်ယောင်ကို မြို့တော်ဝန်အဓိပ္ပာယ်ပါစွာ ကြည့်လိုက်ပါသည်။

ထိုအကြည့်ကြောင့် စုစစ်ယောင် မျက်ရည်များ ပိုမို စီးကျလာခဲ့သည်။

“သခင်ကြီးက ရာထူးမြင့်တဲ့ အရာရှိတစ်ဦးပါ၊ ကျွန်မကတော့ အဆင့်မရှိတဲ့ ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်ပဲ၊ သခင်ကြီး ပြောသမျှသာ အမှန်တရား ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ကျွန်မ သေဆုံးရမှာပဲ မဟုတ်လား”

စုမင်ယွမ် ဒေါသပိုထွက်သွားခဲ့သည်။

“သခင်ကြီးလင်း! ခင်ဗျားမှာ သက်သေရှိရင် ချက်ချင်းထုတ်ပြလိုက်စမ်း! မရှိရင်တော့ အရှင်မင်းကြီးဖြေရှင်းပေးမှာကို စောင့်နေစရာမလိုဘူး! ခင်ဗျားကို ကျုပ်ကိုယ်တိုင် စာရင်းရှင်းမယ်!”

ပြောပြောဆိုဆိုနဲ့ စုမင်ယွမ် အင်္ကျီလက်တွေ ခေါက်တင်ရင်း လက်သီးဖြင့် စာရင်းရှင်းဖို့ အသင့်ပြင်နေပြီဖြစ် သည်။

“သခင်ကြီး!”

သခင်မစု အော်ခေါ်လိုက်ပြီး စုမင်ယွမ်ကို အတင်းလာဆွဲထားခဲ့ပါသည်။

စုမင်ယွမ်လည်း သခင်မစုကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ဘာလို့ ငါ့ကိုဝင်တားနေတာလဲ ? ငါက မင်းကို ကလေးတွေအားလုံးအပေါ် မျှမျှတတ ဆက်ဆံတတ်တဲ့ သခင်မကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ၊ ဒီနေ့မှ အဲ့ဒီ ကိုယ်ကျင့်တရားဆိုတဲ့ စကားလုံးတွေက အခွံသက် သက်ဆိုတာ သိလိုက်ရတယ်၊ စုစစ်ယောင်က ငါ့တစ် ယောက်တည်းကိုပဲ ဘာလို့ အားကိုးတိုင်တည်နေတာလဲသိလား ? မင်းအပေါ် ဘာမျှော်လင့်ချက်မှ မရှိတော့လို့ပဲ!”

“အမေ့ကို အပြစ်မတင်ပါနဲ့ အဖေ! သမီးကို ဒီအိမ်တော်မှာ နေခွင့်ပေးထားတာနဲ့တင် အမေ့စေတနာကြီးမားလွန်းလှပါပြီ”

စုစစ်ယောင် အမြန်ဝင်ပြောလိုက်ပါသည်။

“မင်းရဲ့ မျိုးရိုးအမည်က စုလေ! စုအိမ်တော်မှာ နေထိုင်ခွင့်ရတာက မင်းရဲ့မွေးရာပါအခွင့်အရေးပဲ၊ သူခွင့်ပြုဖို့လိုအပ်လို့လား”

သခင်မစုကို စုမင်ယွမ် ဆက်ငေါက်လိုက်ပါသည်။

“ကလေးတစ်ယောက်ကို အမြဲတမ်း အကြောက်တရားနဲ့ နေထိုင်ရအောင် ဖိအားပေးတဲ့မင်းကတော့ တကယ့် မိခင်ကောင်းပဲ!”

သခင်မစု မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် အေးစက်သွားခဲ့သည်။

“ဒီကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်အတွက် သခင်ကြီးအရာရာကို စတေးချင်ရင် ကျွန်မ မတားဘူး၊ ဒါပေမယ့် တစ်ခုတော့ သတိပေးထားမယ်နော်၊ သခင်ကြီး ဒီလို ရပ်တည်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင် စုအိမ်တော်တစ်ခုလုံး ဒုက္ခတွင်းထဲ ကျရောက်သွားနိုင်ချေရှိတယ်!”

“သူနဲ့အတူ ဒုက္ခတွင်းထဲ ခုန်ဆင်းဖို့ သခင်ကြီး ဆုံးဖြတ် ချက်ချထားရင် ဒီနေ့ပဲ ကျွန်မနဲ့ ကွာရှင်းပြတ်စဲပေးပါ၊ ပြီးတော့ အနောက်နန်းဆောင်ထဲက ကြင်ယာတော်စုနဲ့လည်း ပတ်သတ်မှုမရှိတော့တဲ့အကြောင်း တရားဝင်ထုတ်ပြန်ပေးပါ၊ ကျွန်မနဲ့ ကြင်ယာတော်စုတို့ကို ပြဿနာမရှာသရွေ့ သခင်ကြီး ကြိုက်သလိုဆောင်ရွက်နိုင်တယ်”

ထိုစကားပြောပြီးနောက် သခင်မစု ပြတ်ပြတ်သားသား နောက်ဆုတ်ပေးလိုက်သည်။ သူမ၏ပြတ်သားမှုကြောင့် စုမင်ယွမ်ပင် အလွန်မှင်သက်သွားခဲ့သည်။ ထို့နောက် စုစစ်ယောင်ကို သံသယမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

ဧကန္တ တစ်မိသားစုလုံး အန္တရာယ်ရှိနိုင်တဲ့ ပြစ်မှုမျိုး သူ့သမီး တကယ်ကျူးလွန်ထားလို့များလား…

“အဖေ! ဒီသမီး ဘာအပြစ်မှမလုပ်ခဲ့ပါဘူး”

စုစစ်ယောင် ခေါင်းတွေကို ဆက်တိုက်ခါရင်း ပြောလိုက်သည်။

“အမေ့ဘာလို့ ဒီလောက်နှလုံးသားမဲ့တဲ့ စကားတွေ ပြောရတာလဲ သမီး နားမလည်တော့ဘူး”

အခြေအနေတွေ တင်းမာနေစဉ် ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“မင်းသားအန်းဟယ် ကြွလာပါပြီ!”

ရုတ်တရက် ရောက်ရှိလာသည့် ယွဲ့ဟွာကို အားလုံးလှည့်ကြည့်လိုက်ကြသည်။

“သခင်ကြီးလင်း… သခင်မလေးစုက သာမန်မိန်းကလေးငယ်တစ်ဦးပါ၊ ပြဿနာကို ဒီလိုအင်အားသုံးပြီး ဖြေရှင်းဖို့ သင့်တော်ရဲ့လား”

အသေးအဖွဲကိစ္စတစ်ခုလို ယွဲ့ဟွာ အေးအေးလူလူ ပြောလိုက်သည်။

“မိန်းကလေးငယ်တစ်ဦးရဲ့ အိပ်ခန်းဆောင်ကို အင်အားသုံး ရှာဖွေတာက သူ့ဂုဏ်သိက္ခာကိုဖျက်ဆီးလိုက်တာနဲ့အတူတူပဲ သခင်ကြီးလင်း၊ အပြစ်မရှိတဲ့ မိန်းကလေးတစ်ဦးကို အသက်ဆုံးရှုံးရအောင်လုပ်နေတာလား ? သခင်ကြီးလင်းရဲ့ လုပ်ရပ်တွေက မလျော်ကန်ပေမယ့် အရင်တုန်းက တိုင်းပြည်အတွက် အမှုထမ်းပေးခဲ့တာတွေကို ထည့်သွင်းစဉ်းစားပေးမယ်၊ ဒီကိစ္စ ဒီမှာပဲ ပြီးစေတော့၊ သခင်မလေးစုကိုပြန်တောင်းပန်ပြီး သခင်ကြီးလင်းရဲ့လူတွေကို ပြန်ခေါ်သွားလိုက်ပါ၊ ဒီတစ်ခါတော့ သခင်ကြီးလင်းကို ခွင့်လွှတ်ပေးလိုက်မယ်”

ထိုစကားလုံးတွေနဲ့အတူ အရာရှိအမတ်တွေကို ပြန်လွှတ်ဖို့ ယွဲ့ဟွာ ကြိုးစားလိုက်သည်။ စုစစ်ယောင်က ယွဲ့ဟွာကို ကျေးဇူးတင် ပီတိဖြာနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး ယွဲ့ဟွာလည်းမြတ်နိုးသောအကြည့်ဖြင့်အဓိပ္ပာယ် ပါပါ ပြန်ကြည့်လိုက်ပါသည်။

“မင်းသားအန်းဟယ်… သက်သေခိုင်ခိုင်လုံလုံမရှိဘဲ ငယ် သားတစ်ယောက်ဖြစ်တဲ့ ကျုပ်က ဒီလိုလုပ်ရပ်မျိုး လုပ်ရဲပါ့မလား”

မြို့တော်ဝန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အစကတော့ စုအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ဒီပြဿနာကို တိတ်တဆိတ်ဖြေရှင်းချင်ခဲ့တာ၊ ဒါပေမယ့် ဝန်ကြီးစုက ခေါင်းမာမာနဲ့ ဝင်ပေါက်မှာ ပိတ်ရပ်နေပြီး မင်းသားအန်းဟယ်ကလည်း ကျုပ်ရဲ့ဂုဏ်သိက္ခာကို မေးခွန်းထုတ်လာပြီဆိုတော့ အားလုံးမြင်နိုင်အောင် အရာရာကို ရှင်းရှင်းလင်းလင်းချပြကြရတာပေါ့”

All Chapters