← Chapters

👑 Secret Chamber 

Vol. 17 Ch. 168

👑 Secret Chamber 

Vol. 17 Ch. 168

ဟယ်ယင်းကတော့ စုစစ်ယောင်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေခဲ့သည်။

စုစစ်ယောင် မျက်လုံးများ အလွန် ဂနာမငြိမ်ဖြစ်လာခဲ့လေသည်။

သူမတို့နှစ်ယောက် မတွေ့ရတာ နှစ်နဲ့ချီကြာခဲ့ပြီဖြစ်သည်။ ဟယ်ယင်းက ခြေထောက်နှစ်ဖက်စလုံးကိုပင် မသုံးနိုင်တော့ဘဲ ဒုက္ခိတဖြစ်နေပါပြီ။ မျက်နှာပေါ်မှာလည်း အမာ ရွတ်တွေအများကြီးဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်က ပိန်ပါးလွန်းသဖြင့် လူနှင့်ပင် မတူတော့ပါ။

သို့သော် တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူမကို စုစစ်ယောင် မှတ်မိသည်။ ဟယ်ယင်းကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း သူမနှုတ်ခမ်းတွေ တုန်ယင်လာခဲ့ပါသည်။

သို့သော်လည်း စုစစ်ယောင် စိတ်ကို အမြန်ပြန်ထိန်းလိုက်သည်။

စွေ့ယွင်တောင်ပေါ်က အတိတ်ဘဝကို ဖုံးကွယ်ဖို့အတွက် သူ ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရတာဖြစ်သည်။ ဟယ်ယင်းဒီလို ရုတ်တရက် ရောက်ရှိလာတာကြောင့် သူမ လက်ထဲမှာ ထိန်းချုပ်နိုင်ခဲ့သည့်အရာတွေ တဖြည်းဖြည်းလွတ်ထွက်လာသလို ခံစားနေရပါပြီ။

စုစစ်ယောင်ရင်ထဲ ဒေါသများ တလိမ့်လိမ့်တက်လာခဲ့သည်။

အဲ့ဒီ ရှန်းကွမ့်ပေါ် ဘာတွေလုပ်ခဲ့တာလဲ!

သူပြောတော့ ဟယ်ယင်းကို သင်ခန်းစာကောင်းကောင်း ပေးခဲ့ပြီဆို!

အဲ့တာဆို ဘာလို့ အခုချိန်ထိ အသက်ရှင်နေသေးတာလဲ!

ဘယ်လို ‘သင်ခန်းစာ’မျိုး ပေးခဲ့တာမို့လို့လဲ!

ဟယ်ယင်း အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။ ထို့ နောက် ပါးစပ်ဟကာ ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။ နှစ်ပေါင်းများစွာ စကားပြောဖော်မရှိဘဲ တစ်ယောက် တည်း နေထိုင်ခဲ့ရတာကြောင့် သူမအသံက အလွန်အက်ကွဲနေပြီး စကားပြောဖို့လည်း အလွန်ခက်ခဲနေပုံရသည်။

သို့သော် ဟယ်ယင်း တစ်လုံးချင်း သေချာပြောလိုက်ပါသည်။

“ဒီမှာပါ၊ ကျွန်မရဲ့ကူပိုးကောင်ကို အာရုံရနေတယ်”

ထို့နောက် သူမလက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်ပြလိုက်သည်။ ဟယ်ယင်းက အသက်သိပ်မကြီးသေးသော်လည်း သူ့လက်တွေမှာ အသက် ၇၀ - ၈၀ အရွယ်ရှိ အဘွားကြီးတစ်ဦးသဖွယ် အရေတွေတွန့်နေပါပြီ။

သူ့လက်ထဲမှာ တွန့်လိမ်နေသည့် အဖြူရောင် ပိုးကောင်လေးတစ်ကောင် ရှိနေသည်။

“ဒီ ကူပိုးကောင်ကို ကျွန်မ ခင်ပွန်း ချန်ထားပေးခဲ့တာ၊ ကူပိုးကောင်ဆိုတာ သခင်ဖြစ်သူနဲ့ စိတ်ချင်းဆက်နွယ်မှုရှိတယ်၊ ကူပိုးကောင်ရဲ့ တုန့်ပြန်မှုကို ကြည့်ရသလောက်တော့ သူဒီနားမှာပဲ ရှိလိမ့်မယ်”

ဟယ်ယင်း စကားကို ခက်ခက်ခဲခဲပြောလိုက်ရသည်။

ထို့နောက် ကုပိုးကောင်ကို ကြမ်းပြင်ပေါ်ချပေးလိုက်သည်။ ကြမ်းပြင်ပေါ်မှာ ပိုးကောင် ခဏမျှ တွားသွားပြီးနောက် စုစစ်ယောင်၏အိပ်ခန်းဆောင်ဆီသို့ ဦးတည်လိုက်လေသည်။

စုစစ်ယောင်မျက်နှာ အလွန်အမင်းအကျည်းတန်သွားခဲ့ပါသည်။

ကူပိုးကောင်ဟုတ်လား…

ရှန်းကွမ့်ပေါ်မှာ အဲ့လိုပညာရှိမှန်း သူ တစ်ခါမှ မကြားဖူးခဲ့ပါလား!

သူ့ကို ပညာတွေအကုန် သင်ပေးခဲ့တာ မဟုတ်ဘူးလား!

ဒီလိုပညာမျိုး လျှို့ဝှက်ထားခဲ့တာပေါ့!!

လခွီးပဲ လခွီးပဲ လခွီးပဲ!!!

အဲ့ဒီ ရှန်းကွမ့်ပေါ်ကို အခွင့်ရကတည်းက သတ်ပစ်ခဲ့သင့်တာ!

စုစစ်ယောင်ကိုကြည့်ရင်း ယွဲ့ဟွာလည်း မျက်မျောင်ကြုတ်သွားခဲ့သည်။ သူလည်း ဘာမှမတတ်နိုင်တော့ပါ။

စုစစ်ယောင်နှင့် ယွဲ့ဟွာ စဆုံခဲ့စဉ်တုန်းက သူမ အဆိပ်ပညာကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီးသားဖြစ်သည်။ ထိုပညာတွေကို စုစစ်ယောင် ဘယ်ကရလာသလဲဆိုတာ ယွဲ့ဟွာ မသိပါ။

အခုရုတ်တရက်ကြီး ပေါ်လာတဲ့အမျိုးသမီးက ဘယ်သူလဲ…

အဲ့ဒီအမျိုးသမီးကို မြင်ပြီး စုစစ်ယောင် ဘာလို့ မျက်စိမျက်နှာပျက်သွားရတာလဲ…

ပြီးတော့ ကူပိုးကောင်တွေဆိုတာကကော ဘာတွေလဲ!!!

ယွဲ့ဟွာရင်ထဲ မကျေမနပ်သော ခံစားချက်တချို့ဖြစ်ပေါ် လာခဲ့သည်။ သူ့အမျိုးသမီးတွေအားလုံး သူ့ထိန်းချုပ်မှု အောက်မှာပဲ ရှိနေလိမ့်မည်ဟု ယွဲ့ဟွာ ယုံကြည်ခဲ့သည်။ သို့သော် သူ့ကို စုစစ်ယောင် ဖုံးကွယ်ထားတာတွေ အများကြီးရှိနေမှန်း သိသာနေပါပြီ။

အတင့်ရဲလိုက်တာ!

ယွဲ့ဟွာ၏မကျေမနပ်ဖြစ်နေသော အကြည့်ကို စုစစ်ယောင်လည်း သတိပြုမိသည်။ သူ့ရင်ထဲ ခါးသီးမှုတစ်ခု ခံစားလိုက်ရသည်။ သို့သော် ယခု ယွဲ့ဟွာ၏စိတ်အခြေအနေကို ဂရုစိုက်နေဖို့ အချိန်မရှိပါ။

ထိုပိုးကောင်ဖြူဖြူကိုသာ သူမ မျက်လုံးတွေက စူးစူးဝါး ဝါးစိုက်ကြည့်နေမိသည်။ အိပ်ခန်းဆောင်ထဲ ဝင်ဖို့ ပြင်နေသည့် ကုပိုးကောင်ကို ကြည့်ရင်း စုစစ်ယောင် လက်သည်းကြားထဲမှာ ဖွက်ထားသည့် အမှုန့်တချို့ကို တိတ်တိတ်လေး ခါချပစ်လိုက်သည်။

ထိုအမှုန့်တွေကို ထိလိုက်တာနဲ့တစ်ပြိုင်နက် ကုပိုးကောင်လည်း သွေးအိုင်အဖြစ် ပြောင်းလဲသွားလေတော့သည်။

စုစစ်ယောင် အလွန်စိတ်သက်သာရာရသွားပြီး သက်ပြင်း ချလိုက်မိပါသည်။။

“ဒီကုပိုးကောင် ဘာဖြစ်သွားတာလဲ ? ဘာလို့ ရုတ်တရက်ကြီး သေသွားတာလဲ!”

စုမင်ယွမ် စိတ်ချောက်ချားစွာ ပြောလိုက်သည်။

“သခင်ကြီးလင်း! ကျုပ်အတွက် တရားမျှတမှု ရယူပေးပါ! ကျုပ်ဘာမှ မလုပ်ဘူးနော်!”

ခုနကတော့ အိမ်တော်ဝင်ပေါက်ကို သူ့အသက်နဲ့ရင်းပြီး ပိတ်ဆို့ထားခဲ့သော်လည်း ယခုတော့ ဒီပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်ပါစေဟုသာ စုမင်ယွမ်မျှော်လင့်မိပါသည်။

စုမင်ယွမ်ကိုကြည့်ရင်း မြို့တော်ဝန်စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

“စိတ်အေးအေးထားစမ်းပါ ဝန်ကြီးစု!”

“အဖေ ဒီကူပိုးကောင်တွေဆိုတာ အပြင်လောကမှာ အောက်လမ်းပညာ မိစ္ဆာအတတ်တွေနဲ့ ညီမျှတယ်! ပိုးကောင်ကိုယ်တိုင်က တစ်ခုခုလွဲမှားနေတာပဲဖြစ်မှာ၊ ခုနက အာရုံရနေတယ်ဆိုတာကိုလည်း ယုံကြည်လို့ မဖြစ်ပါဘူး အဖေ”

စုစစ်ယောင် အမြန်ဝင်ပြောလိုက်သည်။

စုမင်ယွမ်ကို စုစစ်ယောင် မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။ ဒီလို ကျဉ်းထဲကျပ်ထဲရောက်နေချိန် ဖခင်ဖြစ်သူ၏ ကူညီထောက်ပံ့မှုကို သူမ လိုအပ်သည်။

သမီးဖြစ်သူကိုကြည့်ရင်း စုမင်ယွမ် ချက်ချင်းခပ်ခွာခွာ နေလိုက်ပါသည်။ ဒီလိုပုန်ကန်သည့် သမီးတစ်ယောက်ကို သူကာကွယ်ပေးမှာမဟုတ်မှန်း အရှင်မင်းကြီးကို မြင်အောင် ပြရပါမည်။

စုစစ်ယောင် မျက်နှာချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။ သူ့နှလုံးသားထဲမှာလည်း အငြှိုးတရားများဖြင့် ပြည့်နှက်သွားခဲ့သည်။

စုမင်ယွမ် အချိုး အလွန်ပြောင်းလဲသွားသည်။ သူမက ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်ဖြစ်နေသောကြောင့် စုမင်ယွမ် ဒီလို ပြုမူရက်တာဖြစ်လိမ့်မည်။

ဒီနေ့ သူ့နေရာမှာ သူ့အချစ်တော်သမီးဖြစ်သူ၊ အနောက်နန်းဆောင်ထဲက စုကျဲယွီသာဆို စုမင်ယွမ် ယခုလိုပြုမူမည် မဟုတ်မှန်း စုစစ်ယောင်ယုံကြည်သည်။

အားလုံး လခွီးပဲ!

စုမိသားစုဝင်တွေ အကုန်သေသင့်တယ်!

စုစစ်ယောင်ကို ဟယ်ယင်းလှည့်ကြည့်လိုက်ပြီး လက်ကို ထပ်ဖြန့်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ကျွန်မမှာ ရှိသေးတယ်”

သူ့လက်ထဲမှာ နောက်ထပ် ဖြူဖြူတုပ်တုပ် ကူပိုးကောင်တစ်ကောင် ရှိနေပါသေးသည်။

စုစစ်ယောင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

ဒါ ဘယ်လိုဖြစ်တာလဲ…!

အဲ့ဒီ ကူပိုးကောင်တွေက ငွေနဲ့ဝယ်လို့ရတဲ့ ပစ္စည်းတွေမို့လို့လား!

တစ်ကောင်သတ်လိုက်ပြီး နောက်တစ်ကောင်ချက်ချင်း ပေါ်လာတယ်!

“သခင်မလေးစုရဲ့အိပ်ခန်းဆောင်ကို ရှာဖွေပါမယ်၊ သံသ ယဖြစ်စရာ မရှိရအောင် ခပ်ခွာခွာမှာနေပေးဖို့ သခင်မလေးစုကို တောင်းဆိုပါတယ်”

မြို့တော်ဝန် ပြောလိုက်သည်။

စုစစ်ယောင်ကို ဆယ်မီတာအကွာအဝေးလောက်အထိ အတင်းအကြပ် ဆွဲခေါ်သွားကြသည်။ ထိုအကွာအဝေးမှာဆို စုစစ်ယောင် ဘာအမှုန့်ပဲ သုံးချင်သုံးချင် သုံးနိုင်တော့မှာ မဟုတ်ပါ။

ဒီတစ်ခါတော့ ကူပိုးကောင်က အိပ်ခန်းဆောင်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်ခဲ့သည်။ ထို့နောက် စုစစ်ယောင်၏ကုတင်အောက်ထဲ ဝင်သွားလေသည်။

ရဲမက်တွေ ကုတင်ကို လှန်ကြည့်လိုက်သောအခါ ကြမ်းပြားတစ်ပြားပေါ်မှာ မလှုပ်မယှက်ငြိမ်သက်နေသည့် ကုပိုးကောင်ကို မြင်လိုက်ရသည်။

စုစစ်ယောင်ကို အိပ်ခန်းဆောင် အပြင်ဘက်မှာ ထိန်းသိမ်းထားကြပါသည်။ အထဲက အခြေအနေတွေကိုကြည့်ဖို့ စုစစ်ယောင် အသည်းအသန်ကြိုးစားသော်လည်း ဘာမှမမြင်ရသဖြင့် စိတ်တွေအလွန်ချောက်ချားလာခဲ့သည်။

အိပ်ခန်းဆောင်ဆီ အားလုံး အာရုံရောက်နေကြတာကို အခွင့်ကောင်းယူလျက် စုစစ်ယောင်အနားသို့ ယွဲ့ဟွာ လျှောက်လာပြီး တီးတိုးမေးမြန်းလိုက်လေသည်။

“ဘာတွေဖြစ်နေတာလဲ! ဒီလူတွေ ဘာလာရှာနေကြတာလဲ!”

စွေ့ယွင်တောင်ပေါ်က အဖြစ်အပျက်တွေကို ယွဲ့ဟွာအား စုစစ်ယောင်ပြောမပြရဲခဲ့ပါ။ ထို့ကြောင့် ယွဲ့ဟွာကို နီမြန်း စိုစွတ်နေသော မျက်ဝန်းများဖြင့် ကြည့်ကာပြောလိုက်သည်။

“အစ်ကိုဟွာ… ကျွန်… ကျွန်မလည်း မသိပါဘူး၊ သူတို့ ကျွန်မကို မဟုတ်မမှန်စွပ်စွဲဖို့ အကွက်ဆင်နေကြတာဖြစ်မယ်”

စုစစ်ယောင် စိတ်ချောက်ချားနေသော်လည်းရင်ထဲမှာတော့ မျှော်လင့်ချက်လေးတစ်ခု ရှိနေပါသေးသည်။

လျှို့ဝှက်မြေအောက်ခန်းကို သူတို့ ရှာမတွေ့လောက်ပါဘူးနော်…

ဟုတ်တယ်မလား…!

စုစစ်ယောင်၏ သနားကမား မျက်နှာလေးကို မြင်သော အခါ ယွဲ့ဟွာလည်း စိတ်ပျော့သွားလေသည်။

“စိတ်မပူနဲ့ ကိုယ်ရှိတယ်၊ သူတို့လုပ်ချင်တိုင်း လုပ်လို့မရစေရဘူး”

“အစ်ကိုဟွာကိုပဲ အားကိုးရတော့မယ်”

စုစစ်ယောင် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

ယွဲ့ဟွာ ခေါင်းညိတ်လိုက်ပြီး အိပ်ခန်းဆောင်ထဲသို့ ချက် ချင်းဝင်ကာ ဒေါသတကြီး ပြောလိုက်ပါသည်။

“ပြဿနာရှာလို့ မပြီးကြသေးဘူးလား! သခင်မလေးစုက စုအိမ်တော်ရဲ့ အပျိုစင် သခင်မလေးတစ်ယောက်နော်! သူ့အိပ်ခန်းဆောင်ထဲ အတင်းဝင်လာတာနဲ့တင် တရားလွန်လှပြီ၊ အခု-…”

ယွဲ့ဟွာ စကားမဆုံးခင် မျက်နှာပျက်သွားရလေသည်။

သူ့စကားမဆုံးခင်မှာပင် စုစစ်ယောင်၏ကုတင်အောက်မှ ကြမ်းပြားတွေကို ရဲမက်တွေက ဖယ်ရှားပစ်လိုက်ကြပါပြီ။ ထိုအခါ ကြမ်းပြားတွေအောက်မှာ ထင်မှတ်မထားသည့် မြေအောက်လမ်းကြောင်းတစ်ခု အထင်းသားပေါ်လာလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ စုမင်ယွမ်လည်း မျက်နှာ ဖြူဖပ်သွားခဲ့သည်။ စုအိမ်တော်မှာ ဒီလိုလျှို့ဝှက်မြေအောက်ခန်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးမှန်း သူသေချာသိသည်။

ဒီကိုယ်လုပ်တော်ဖွားသမီးက တော်တော်အစွမ်းအစရှိပါလား!

“စစ်ဆေးကြစမ်း! ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးမှဖြစ်မယ်! သခင်ကြီးလင်းကို တောင်းဆိုပါတယ်!”

စုမင်ယွမ် ခိုင်ခိုင်မာမာ ရပ်တည်လိုက်သည်။

မြို့တော်ဝန်လည်း ခေါင်းညိတ်လိုက်ပါသည်။

“စုံစမ်းစစ်ဆေးရမှာတော့ သေချာပါတယ်”

ထို့နောက် ယွဲ့ဟွာကို လှည့်ကြည့်ကာ မြို့တော်ဝန်မေးလိုက်သည်။

“မင်းသားအန်းဟယ် ခုနက ဘာပြောလိုက်တာလဲ”

မှောင်မိုက်နေသည့် မြေအောက်ခန်းဝင်ပေါက်ကြီးကို ကြည့်ကာ ယွဲ့ဟွာမျက်နှာထား အမျိုးမျိုးပြောင်းလဲသွားခဲ့သည်။ သူ ဘာပြောရမှန်း မသိတော့ပေ။

စုစစ်ယောင်၏ကုတင်အောက်မှာ လျှို့ဝှက်မြေအောက်ခန်းတစ်ခု ဖုံးကွယ်ထားမှန်း သူလည်းမသိခဲ့ရပါ၊ ယွဲ့ဟွာ ခေါင်းထဲ ပထမဆုံးဝင်လာသည့်အတွေးက…

ငါ ဖောက်ပြန်ခံနေရတာလား!

ဒီမြေအောက်ခန်းနဲ့ စစ်ယောင်ရဲ့အိပ်ခန်းဆောင်နဲ့က တစ်ဆက်တည်းပဲ!

ဘယ်လိုစဉ်းစားကြည့်ကြည့် သာမန်မြေအောက်ခန်းမဖြစ်နိုင်ဘူး!

စုစစ်ယောင်အတွက် ကာကွယ်ပြောဆိုပေးဖို့ ယွဲ့ဟွာ ချက် ချင်းမေ့လျော့သွားခဲ့သည်။ သူ အံကြိတ်လျက် ပြောလိုက် ပါသည်။

“ဒီမှာ လျှို့ဝှက်မြေအောက်ခန်းတစ်ခု ရှိနေလိမ့်မယ်လို့ ကျုပ်လည်း ထင်မထားခဲ့ဘူး၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးမှ ဖြစ်မယ်!”

မြို့တော်ဝန် ခေါင်းညိတ်လိုက်ပြီး မြေအောက်ခန်းထဲသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆင်းသွားခဲ့ကြပါသည်။

အိပ်ခန်းဆောင်အပြင်ဘက်မှာ ပထမတော့ စုစစ်ယောင်တည်ငြိမ်နေခဲ့သော်လည်း မြေအောက်ခန်းကို ရှာတွေ့သွားကြပြီး အားလုံးဆင်းသွားကြတာကိုမြင်သောအခါ မျက်နှာတစ်ခုလုံး သွေးမဲ့ ဖြူရော်သွားလေတော့သည်။

သွားပြီ… ပွဲသိမ်းသွားပြီ…

မြေအောက်ခန်းကို ရှာတွေ့သွားကြပြီ!

စုစစ်ယောင် ဘယ်ညာ တစ်ဖက်တစ်ချက်ကို လှည့်ကြည့်လိုက်သည်။ သူ့ခေါင်းထဲ ပထမဆုံးဝင်ရောက်လာသည့် အတွေးက ထွက်ပြေးဖို့ပင်။

အဆိပ်တွေလွှတ်ဖို့ အကြံအစည်ဖြင့် သူ့လက်ကို မြှောက်လိုက်တော့သည်။

All Chapters