← Chapters

👑 Accusation

Vol. 17 Ch. 170

👑 Accusation

Vol. 17 Ch. 170

စုစစ်ယောင် ဘာမှမပြောနိုင်ခဲ့ပါ။ မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက်ကျရင်း ခေါင်းကိုသာ ဆက်တိုက်ခါရမ်းနေခဲ့သည်။

မဟုတ်ဘူး…

အဲ့လို မဟုတ်ဘူး!

တစ်ချိန်တုန်းက သူမ ဆန္ဒမပါသည့် အရာတွေကိုအတင်း အကြပ် လုပ်ခဲ့ရသော်လည်း နှလုံးသားထဲမှာတော့ အစ်ကိုဟွာ တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးခဲ့တာ သေချာသည်။

အစ်ကိုဟွာ ဘာလို့ ဒီလိုတွေးရတာလဲ!

ယွဲ့ဟွာကတော့ စုစစ်ယောင်ကို တစ်ချက်လေးတောင်မကြည့်ချင်တော့ပါ။ စည်ပိုင်းကြီးထဲက လူကို ယွဲ့ဟွာ အေးစက်စွာ ကြည့်လိုက်သည်။

“ခင်ဗျားရဲ့ယောက်ျားက ဒီလူလား”

သူ့ကို ဧရာမ ဦးထုပ်စိမ်းကြီး ဆောင်းပေးခဲ့တာ ဒီလူလား!

ဟယ်ယင်းပြုံးလိုက်ပြီး ရှန်းကွမ့်ပေါ်ခေါင်းကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးလိုက်ပါသည်။

ရှန်းကွမ့်ပေါ်လည်း ‘ဝူးဝူးဝါးဝါး’အသံတွေ ထပ်လုပ်ပြီး တစ်ခုခု ပြောဖို့ကြိုးစားပြန်သည်။ သို့သော် သူ့ကို ဘယ်သူမှ အရေးမစိုက်ကြပေ။

ဟယ်ယင်းက နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

“အခု လူလား မိစ္ဆာလား ခွဲခြားမရတော့တဲ့ သူ့အခြေအနေကို မကြည့်ပါနဲ့ အရှင်မင်းသား၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက နတ်ဆေးသမားတော်ကြီးဆိုပြီး ဆေးပညာမှာကော အဆိပ်ပညာမှာပါ ပြိုင်ဘက်ကင်းအောင် ထူးချွန်ပြောင်မြောက်ခဲ့တာ ကျွန်မခင်ပွန်းပဲ”

“ကျွန်မ ခင်ပွန်းမှာသာ တကယ်တမ်းအစွမ်းအစမရှိရင် သခင်မလေးစုက စွေ့ယွင်တောင်ပေါ်ကို အားတက်သရော ရောက်လာခဲ့ပါ့မလား၊ သူတို့နှစ်ယောက်အကြားက ဆက် ဆံရေး တကယ်ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ဘူးဆိုရင် သခင်မလေးစုကို ကျွန်မခင်ပွန်းက သူ့လျှို့ဝှက်ပညာတွေအကုန် လုံး လိုလိုလားလားသင်ကြားပေးခဲ့ပါ့မလား”

စုစစ်ယောင်ကို ဟယ်ယင်းလှည့်ကြည့်လိုက်သည်။

“ကျွန်မပြောတာ မှန်ရဲ့လား သခင်မလေးစု”

စုစစ်ယောင်မျက်နှာ အလွန်ကြည့်ရဆိုးနေပါပြီ။ ကျန်တာဘာမှဂရုမစိုက်တော့ဘဲ့ သူမကို ဒီတစ်ကြိမ်တစ်ခါလောက် ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ချက်ဖြင့် ယွဲ့ဟွာကိုသာအား ကိုးတကြီး ကြည့်နေခဲ့ပါသည်။

ယွဲ့ဟွာလည်း သူမကို လှည့်ကြည့်လိုက်ပါသည်။

သို့သော် ထိုအကြည့်ကြောင့် စုစစ်ယောင် ရေခဲပြင်ပေါ်လဲကျသွားသလို ခံစားလိုက်ရသည်။

သူမကို ကြည့်နေသည့် ယွဲ့ဟွာမျက်လုံးတွေထဲ ယခင်တုန်းကလို ချစ်မြတ်နိုးမှု၊ နူးညံ့သိမ်မွေ့မှုတွေ မရှိတော့ပါ။ အငြှိုးတရားတွေ၊ အမျက်ဒေါသတွေသာ ရှိနေတော့သည်။

ထိုမျက်လုံးများဖြင့် အကြည့်ခံရသောအခါ စုစစ်ယောင် တစ်ကိုယ်လုံး အင်အားချည့်နဲ့သွားခဲ့ပြီး မြေပေါ် ဒူးထောက်လျက်သား လဲကျသွားတော့သည်။

စုစစ်ယောက်ကို စက်ဆုပ်စွာကြည့်ပြီးနောက် ယွဲ့ဟွာ အကြည့်ပြန်လွှဲလိုက်သည်။ ဒီမိန်းမ သနားစရာကောင်းချင်ယောင် ဆောင်ပြနေတာခြင်းဖြစ်သည်။

သူ့ရှေ့မှာ အတိတ်ဘဝကို ဖုံးကွယ်ထားပြီး သန့်ရှင်းဖြူစင်သည့် မိန်းကလေးတစ်ယောက်ဖြစ်ချင်ယောင်ဆောင်ခဲ့တာကို ပြန်စဉ်းစားမိပြီး ယွဲ့ဟွာ အန်ချင်စိတ်ပေါ်လာခဲ့သည်။

သူ့အပေါ် စုစစ်ယောင် အကူအညီတွေ အများကြီး ပေးခဲ့သဖြင့် သူနန်းတက်တာနဲ့တစ်ပြိုင်နက် စုစစ်ယောင်ကို အနည်းဆုံး ကြင်ယာတော်ဘွဲ့တစ်ခု ပေးအပ်မည်ဟု ကြံရွယ်ထားခဲ့တာဖြစ်သည်။

ယခုတော့… ဒီမိန်းမကို သူအလိုမရှိတော့ပါ။

သို့သော် ယောက်ျား မိန်းမကိစ္စတွေကို ဘေးဖယ်ထားလိုက်ပါက သူ့အတွက် စုစစ်ယောင်က အစွမ်းအစရှိသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေပါသေးသည်။

စုစစ်ယောင်သာ ကျဆုံးသွားလျှင် စုစစ်ယောင်၏ အဆိပ်တွေကြောင့် သူ့လက်အောက်ကို ရောက်နေသည့် ငယ်သားတွေအားလုံးလည်း လွတ်မြောက်သွားကြလိမ့်မည်။

အန်ချင်စိတ်ကို မနည်းထိန်းရင်း စုစစ်ယောင်ဘက်မှ ယွဲ့ဟွာ ကာကွယ်ပြောဆိုပေးလိုက်ပါသည်။

“အဲ့တာတွေက မလိုတမာ လုပ်ကြံဖန်တီးထားတဲ့ ခန့်မှန်းချက်သာသာပဲ! စည်ပိုင်းထဲက လူက စကားတောင် မပြောနိုင်ဘူး၊ အဲ့တာကြောင့် ခင်ဗျားရဲ့ယောက်ျားပါလို့ ဘယ်လို သက်သေပြနိုင်မှာလဲ”

ဟယ်ယင်း ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်ပါသည်။

“ကုပိုးကောင်ရဲ့ လမ်းပြပေးမှုနဲ့ မလုံလောက်သေးဘူးဆိုရင် တခြား နည်းလမ်းတွေရှိပါသေးတယ်၊ ကျွန်မ ခင်ပွန်းက နှစ်ပေါင်းများစွာတိုင်အောင် ဆေးတွေကို စမ်းသပ်လေ့လာခဲ့တာမို့လို့ သူ့သွေးက အဆိပ်တော်တော်များများကို ဖြေပေးနိုင်စွမ်းရှိတယ်၊ အရှင်မင်းသား စမ်းသပ်ကြည့်လိုက်ရင် သိနိုင်ပါလိမ့်မယ်”

အဆိပ်တော်တော်များများကို ဖြေပေးနိုင်တယ် ဟုတ် လား…

ဖရုံစေ့ဝါးနေသည့် ကျန်းကျီမြောင် ရုတ်တရက် ခါးမတ်သွားခဲ့ပါသည်။

ယွဲ့လင်းခန္ဓာကိုယ်ကလည်း ငယ်စဉ်ကတည်းက အဆိပ်မိထားတာဖြစ်သည်။ ရှန်းကွမ့်ပေါ်၏သွေးမှာ ဒီလို ဂုဏ် သတ္တိမျိုး အမှန်တကယ်ရှိနေပါက ယွဲ့လင်းကိုယ်ထဲက အဆိပ်တွေကိုလည်း…

ရှန်းကွမ့်ပေါ်ကို ကျန်းကျီမြောင် ကြည့်နေသည့်အကြည့်က ရုတ်တရက် ရတနာတစ်ပါးကို ကြည့်နေသည့် အကြည့်လို ပြောင်းလဲသွားခဲ့သည်။

ရှန်းကွမ့်ပေါ်ကို ယွဲ့ဟွာ စူးစူးဝါးဝါး လှည့်ကြည့်လိုက်ပါသည်။

လူရုပ်တောင်မပေါက်တော့တဲ့ ဒီသတ္တဝါမှာ တန်ဖိုးရှိနေသေးတယ်ပေါ့!

“သခင်ကြီးတို့…”

ဟယ်ယင်း ခက်ခက်ခဲခဲ ဒူးထောက်လိုက်ပါသည်။

“ဒီနေ့ သခင်မလေးစုကို ဒီငယ်သား စွဲချက်တင်ချင်တဲ့ အချက်နှစ်ချက်ရှိပါတယ်၊ ပထမတစ်ချက်ကတော့ ဒီငယ်သားရဲ့ ခင်ပွန်းကို ဖြားယောင်းခေါ်ဆောင်သွားပြီး အခုလို အခြေအနေထိ ရောက်အောင် ရက်ရက်စက်စက် နှိပ်စက်ပစ်ခဲ့တာပါ၊ ခင်ပွန်းဖြစ်သူကို ဒီငယ်သား ရှာဖွေနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ”

“မြို့တော်ကို ရောက်လာတော့ ဒီငယ်သားနဲ့အတူ ယူဆောင်လာတဲ့ ကူပိုးကောင်လေးတွေက ရုတ်တရက် တုန့်ပြန်လာခဲ့ပြီး ဝန်ကြီးစုရဲ့ အိမ်တော်ထံကို ညွှန်ပြခဲ့ပါတယ်၊ စုအိမ်တော်ရှေ့မှာ ဒီငယ်သား လျှို့ဝှက်စောင့်ကြည့်နေခဲ့တာ ကြာပါပြီ၊ ဒီငယ်သားရဲ့ ခင်ပွန်းလက်အောက်မှာ ပညာသင်ယူခဲ့တဲ့ တပည့်မလေးက စုအိမ်တော်ရဲ့ သခင်မလေးတစ်ယောက် ဖြစ်နေမှန်း အခုမှ သိခဲ့ရတာပါ၊ ကူပိုးကောင်လေးတွေရဲ့ တုန့်ပြန်မှုနဲ့ စုစစ်ယောင်တို့ကို ချိတ်ဆက်မိပြီး ဘာတွေဖြစ်နေသလဲဆိုတာ ဒီငယ်သား ခန့်မှန်းနိုင်ခဲ့ပါတယ်”

“သို့ပေမယ့် စုအိမ်တော်က စိတ်ရှိတိုင်းကျူးကျော်ဝင်ရောက်နိုင်တဲ့အိမ်တော် မဟုတ်ပါဘူး၊ အဲ့တာကြောင့် ဒီငယ်သား ရုံးတော်ဆီသွားပြီး စွဲချက်တင်ခဲ့တာပါ၊ အခုတော့ ဒီငယ်သားရဲ့ သနားစရာ ခင်ပွန်းလေးကို သခင်မလေးစုရဲ့ ကုတင်အောက်မှာ အမှန်တကယ် ရှာတွေ့ခဲ့ပါပြီ၊ အဲ့တာကြောင့် ဒီငယ်သား ပြောခဲ့တာတွေက အလိမ်အညာမဟုတ်မှန်း သိနိုင်ပါတယ်”

ဟယ်ယင်း၏ စကားလုံးတွေက မှန်တစ်ဝက် မှားတစ်ဝက်ဖြစ်သည်။

ခင်ပွန်းဖြစ်သူကို နှစ်ပေါင်းများစွာ ကြာအောင် ရှာဖွေနေခဲ့သည်ဆိုတာက အလိမ်အညာသာဖြစ်သည်။

ယွဲ့လင်းလူတွေကယ်ဆယ်ပေးမှုဖြင့် သူမပင် လွတ်မြောက်လာတာ မကြာသေးပါ။ မြို့တော်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက် ရုံးတော်ကို သူမ ချက်ချင်း တိုင်ကြားခဲ့သည်။

“အမှန်ပဲ”

မြို့တော်ဝန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“စည်ပိုင်းထဲကလူကို စုစစ်ယောင်ရဲ့ ကုတင်အောက်မှာ ရှာတွေ့ခဲ့တာ မှန်တယ်။ လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတဲ့ပုံပဲ။ စုစစ်ယောင် အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

စုမင်ယွမ်ပင် တုန်လှုပ်သွားခဲ့ရသည်။

စည်ပိုင်းကြီးထဲကလူကို ကြည့်ရင်း စုမင်ယွမ် ရွံလည်းရွံမိသလို ကြောက်လည်း ကြောက်မိပါသည်။ ဒီလူ့ကို လူဟု ထင်ရက်စရာမရှိအောင် ညှင်းပန်းနှိပ်စက်ခဲ့တာက သူ့သမီးတော်တစ်ယောက် ဖြစ်နေလေသည်။

ထိုသို့တွေးမိရုံနဲ့တင် စုမင်ယွမ် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာခဲ့ပါသည်။

“သခင်ကြီးလင်း! ဒီမိန်းကလေးကို မြန်မြန်ဖမ်းပြီး တရားမျှတမှု ရယူပေးပါ!”

စုမင်ယွမ် စိတ်မရှည်လက်မရှည် တောင်းဆိုလိုက်လေသည်။

စုမင်ယွမ်ကို သခင်မစု အထင်အမြင်သေးစွာကြည့်လိုက်သည်။

ဒီလူ အပြောင်းအလဲမြန်ချက်က အရှက်ကောရှိသေးရဲ့လား!

စုစစ်ယောင်လည်း စုမင်ယွမ်ကို အငြှိုးအတေးကြီးစွာ ကြည့်လိုက်ပါသည်။

မြို့တော်ဝန်က အလျှင်မလိုသေးပေ။ ဟယ်ယင်းကို သူ ထပ်မေးလိုက်သည်။

“သခင်မဟယ်မှာ စွဲချက် နှစ်ချက်ရှိတယ်လို့ ပြောတယ်နော်၊ ဒုတိယတစ်ချက်က ဘာများလဲ”

ဟယ်ယင်း ခေါင်းညိတ်လိုက်ပါသည်။

“ဒုတိယတစ်ချက်ကတော့ အဆိပ်ပညာကို စုစစ်ယောင် အလွဲသုံးစားလုပ်ပြီး ယုံမင်းဆက်ကို ဘေးအန္တရာယ်ကျရောက်စေခဲ့တာပါ! မြို့တော်ကို ဒီငယ်သား ရောက်ရှိခါစတုန်းက ချန်အိမ်တော်မှာ သခင်မချန် နာမကျန်းဖြစ်နေတဲ့အကြောင်းကို ကြားသိခဲ့ရပါတယ်၊ လုပ်ကြံမှုတစ်ခုလို့ သူ့သမီးတော်က ယုံကြည်အတွက် ကြိမ်ဒဏ်တွေကိုတောင် ခံယူခဲ့ပြီး ဝန်ကြီးဌာနသုံးခုရဲ့ အကူအညီကို တောင်းခံခဲ့မှန်းလည်း ကြားခဲ့ရပါတယ်၊ သို့ပေမယ့် တစ်လလောက်ထိ စုံစမ်းပြီးတာတောင် ဘာသဲလွန်စမှ မရခဲ့ဘူး၊ ဒီကိစ္စက နားလည်မှုလွဲတာတစ်ခုပဲ ဖြစ်သွားမလားလို့ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေခဲ့တယ်”

“အဲ့ဒီအချိန်တုန်းကတော့ စိတ်ဝင်စားစရာသတင်းတစ်ခုလိုပဲ ဒီငယ်သား သဘောထားခဲ့တာ၊ သို့ပေမယ့် စုစစ်ယောင်ကို တွေ့လိုက်ရပြီးတဲ့နောက် သခင်မချန်ရဲ့ ရောဂါလက္ခဏာတွေနဲ့ ဆက်စပ်ကြည့်မိပြီး ဒီငယ်သား သံသယဖြစ်လာမိတယ်၊ ချန်အိမ်တော်အတွက် သံသယတွေကို ဒီငယ်သား ရုံးတော်မှာ တင်ပြခဲ့ပြီးသားပါ”

မြို့တော်ဝန် ခေါင်းညိတ်လိုက်ပါသည်။

“အမှန်ပါပဲ၊ အခု အားလုံးရှေ့မှာနောက်တစ်ခေါက်လောက် ထပ်ပြောကြားပေးလို့ ရနိုင်မလား”

ဟယ်ယင်း ရှင်းပြလိုက်သည်။

“ဒီငယ်သားရဲ့ ခင်ပွန်းမှာ တစ်ချိန်တုန်းက သူဖော်စပ်ဖူးခဲ့တဲ့ အဆိပ်ပေါင်းများစွာအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်၊ အဲ့ဒီအဆိပ်တွေကြားထဲမှာ သခင်မချန်ရဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီမှု ရှိနေတဲ့ အဆိပ်တစ်မျိုးကို တွေ့ခဲ့ရတယ်၊ ဒီငယ်သားရဲ့ ခင်ပွန်း ဖော်စပ်ထားတဲ့ အဆိပ်တွေက ခြေရာခံဖို့လည်း အရမ်း ခက်ခဲပါတယ်”

“သခင်မချန် သုံးဆောင်ခဲ့တဲ့အရာတွေ အားလုံးကို အရာရှိတို့လည်း သေသေချာချာ စုံစမ်းစစ်ဆေးပြီးလောက်ရောပေါ့၊ အားလုံးက သာမန်ပစ္စည်းတွေဖြစ်နေပြီး သခင်မချန်ကို နာမကျန်းဖြစ်စေမယ့် ပစ္စည်းတစ်ခုမှမပါဘူး၊ ဒါပေမယ့် အဆိပ်ဆိုတာ နှုတ်ကနေဝင်မှ သက်ရောက်မှရှိတာ မဟုတ်ပါဘူး”

စုစစ်ယောင်ကို လှည့်ကြည့်လိုက်ပြီး ဟယ်ယင်း ဖြည်း ညှင်းစွာ ပြောလိုက်သည်။

“ဥပမာအားဖြင့် သခင်မလေးစု အသုံးပြုခဲ့တဲ့ ရနံ့ငါးပါး အမွှေးတိုင်လိုမျိုးပေါ့”

ဟယ်ယင်းပါးစပ်မှ ရနံ့ငါးပါး အမွှေးတိုင်ဟူသည့် အခေါ်အဝေါ် ထွက်လာသောအခါ စုစစ်ယောင် မျက်နှာတစ်ခုလုံး သွေးမဲ့ဖြူရော်သွားခဲ့သည်။

ဟယ်ယင်းကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ရှင်းပြလိုက်ပါသည်။

“အဲ့ဒီအချက်ကို ဒီငယ်သား တင်ပြခဲ့တုန်းက အရာရှိတွေအားလုံး စုံစမ်းအတည်ပြုခဲ့ကြပါတယ်၊ အမည်ကသာ ‘ရနံ့ငါးပါး’ဖြစ်ပေမယ့် တကယ်တမ်းတော့ အနံ့က အရမ်းကို ပါးလွှာပြီး ရှူရှိုက်မိမှန်းတောင် သိဖို့ခက်ခဲလွန်းပါတယ်”

“မှန်ပါတယ်၊ အဲ့ဒီ အမွှေးတိုင်ရနံ့က သိရှိဖို့ တကယ် ခက်ခဲတယ်”

မြို့တော်ဝန် ခေါင်းညိတ်ထောက်ခံလိုက်သည်။

“သခင်မဟယ် ပေးအပ်ထားတဲ့ သဲလွန်စတွေကို ရရှိပြီးတော့ ချန်အိမ်တော်ကို နောက်တစ်ခေါက် စုံစမ်းစစ်ဆေးခဲ့ကြသေးတယ်၊ သခင်မချန်ဆီမှာ နံ့သာအိတ်လေးတစ်လုံးကိုအမြဲတမ်း ဆောင်ထားလေ့ရှိတာကိုတွေ့ရှိခဲ့ရတယ်။ အဲ့ဒီနံ့သာအိတ်ထဲက ပါဝင်ပစ္စည်းတွေကို တော်ဝင်သမား တော်တွေ စစ်ဆေးကြည့်တဲ့အခါမှာ ဘာပြဿနာမှမရှိပါဘူး။ တကယ်တော့ စိတ်ကိုကြည်လင်စေတဲ့ အာနိသင်တောင်ရှိတယ်လို့ ဆိုခဲ့ကြတယ်။ ဒါပေမယ့်…”

“အဲ့ဒီနံ့သာအိတ်ရဲ့ မွှေးရနံ့ရယ်၊ သခင်မချန်ရဲ့ဆေးခေါင်း အုံးပေါ်က မွှေးရနံ့ရယ် နှစ်ခု ပေါင်းစပ်သွားတဲ့အခါ ထူးခြားတဲ့ အဆိပ်တစ်မျိုးဖြစ်သွားပြီး ရှူရှိုက်မိသူကို ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်စေတယ်ဆိုတာ သခင်မဟယ် သတိပေးမှုကြောင့် ကျုပ်တို့ သိခဲ့ရပါတယ်”

“သခင်မလေးစု”

စုစစ်ယောင်ကို မြို့တော်ဝန် လှမ်းကြည့်လိုက်သည်။

“သခင်မချန်က သွေးရိုးသားရိုး နာမကျန်းဖြစ်နေတာ မဟုတ်ဘူး၊ မင်း သူ့ကို အဆိပ်ခတ်ထားတာ မဟုတ်လား”

All Chapters