← Chapters

အလုပ်ကြိုးစားသော ရွှီချင်း ( ၁ )

Vol. 8 Ch. 105

အလုပ်ကြိုးစားသော ရွှီချင်း ( ၁ )

Vol. 8 Ch. 105

ကျင့်ကြံခြင်းက ရင်းမြစ်များ လိုအပ်သည်။

အထူးသဖြင့် နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်ရှိလာခြင်းကြောင့် အရာအားလုံး ဓာတ်နှောများ၏ စိမ့်ဝင်ခြင်း ခံလိုက်ရသည်။ ထို့ကြောင့် ရင်းမြစ်များ ရရှိရန် အလွန် ခက်ခဲသွားပြီး သွေးထွက်သံယို တိုက်ပွဲများ ပေါ်ပေါက်လာရတော့သည်။

ရွှီချင်း၏မျက်နှာပေါ်တွင် စဉ်းစားတွေးတောနေသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူ လိုအပ်သော ဝိညာဉ်ကျောက်တုံးများနှင့် ကုန်ကြမ်းပစ္စည်းပမာဏက အလွန် ကြီးမားနေပြီး အဖြူရောင်ဆေးလုံးများ ရောင်းချရာမှ အကျိုးအမြတ်များဖြင့်လည်း မလုံလောက်နိုင်ချေ။

“ လူဆိုးထိန်းဌာနက တစ်လကို ဝိညာဉ်ကျောက်တုံးသုံးဆယ်ပေးတယ်။ အဖြူရောင်ဆေးလုံးကတော့ … ငါ ကြိုးစားပမ်းစားလုပ်ရင် တစ်လကို ဝိညာဉ်ကျောက်တုံးနှစ်ဆယ်လောက်တော့ စုမိလောက်မယ်။ ဒါဆိုရင် တစ်လကို ငါ ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်သုံးတုံးလောက် ရလောက်မယ် ”

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။

ယခုလောလောဆယ် သူ၏ကျင့်ကြံခြင်းအမြန်နှုန်းကို သူ ဆက်လက် ထိန်းထားချင်ပါက တစ်နေ့ကို ဝိညာဉ်ကျောက်တုံးတစ်တုံး သူ သုံးစွဲရမည်ဖြစ်သည်။ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသား၏ ဆိုင်တွင် သူ မြင်ခဲ့ရသည့် ကုန်ကြမ်းပစ္စည်းများသည်လည်း ဈေးအချိုဆုံး ကုန်ကြမ်းပစ္စည်းသည်ပင် ဝိညာဉ်ကျောက်တုံးဆယ်တုံး ရှိနေသည်။

“ လှေဆိုက်ကပ်ခက တစ်လကို ဝိညာဉ်ကျောက်တုံးသုံးဆယ်ပဲ။ ဒါဆိုရင် ငါ့ကျင့်ကြံခြင်းကို ထိန်းထားဖို့ အနိမ့်ဆုံး တစ်လကို ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်လောက်ကုန်မယ်။ မှော်လှေကို ငါ ပြုပြင်ချင်ရင် ကုန်ကျစရိတ်က အဲဒီထက်တောင် ကြီးလာအုံးမယ် ”

ရွှီချင်းက သူ၏သိုလှောင်အိတ်ကိုဖွင့်၍ ကြည့်လိုက်သည်။

သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ရှိနေသေးသည်။ ယင်းသည် ချင်းယွမ်ကျစ်ကို သူ သတ်ဖြတ်ပြီးနောက် လူဆိုးထိန်းဌာနမှ သူ ရရှိခဲ့သော ဆုကြေးငွေဖြစ်သည်။

“ ဝိညာဉ်ကျောက်တုံးတွေ ပိုရချင်ရင် နည်းလမ်းသုံးမျိုးတော့ရှိတယ်။ တစ်ခုက တားမြစ်နယ်မြေထဲ အမဲလိုက်တာ။ နောက်တစ်ခုက ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်တွေကို သတ်တာ၊ နောက်ဆုံးတစ်နည်းက ပင်လယ်ထဲသွားပြီး ကုန်ကြမ်းပစ္စည်းတွေ ရှာတာပဲ ”

ရွှီချင်း စဉ်းစားကြည့်လိုက်သည်။ ပထမတစ်နည်းက ပထမမြောက်တောင်ထိပ်ကို သွားရန် လိုအပ်သည်။ ပထမတောင်ထိပ်ထံမှ ခွင့်ပြုချက် ရသောအခါမှသာ ဂိုဏ်းဘေးရှိ တားမြစ်နယ်မြေထဲကို သွားခွင့်ရှိမည်ဖြစ်သည်။ ယင်းအပြင် တခြားတောင်ထိပ်များမှ ဂိုဏ်းသားများအနေဖြင့် ဝင်ကြေးလည်း ပေးဆောင်ရဦးမည်ဖြစ်သည်။

တတိယမြောက်နည်းလမ်းဖြစ်သော ပင်လယ်ထဲ ကုန်ကြမ်းသွားရှာခြင်းသည် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းလိုအပ်ချက်များအပြင် မှော်လှေကလည်း အဆင့်မြင့်နေမှရမည်ဖြစ်သည်။ မှော်လှေ၌ လုံလောက်သော အစွမ်းမရှိပါက သေချာပေါက် ပျက်စီးသွားမည်ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းက အဆင်ပြေနေပါသော်လည်း မှော်လှေက အဆင့်နိမ့်လွန်းနေသည်ဟု သူ ခံစားနေရသည်။ မှော်လှေကို ဝိညာဉ်ကျောက်တုံးများ၊ ကုန်ကြမ်းပစ္စည်းများဖြင့် အဆင့်မြှင့်တင်ရန် လိုအပ်သည်။ ယင်းသည် အဆုံးမရှိသော အဆင့်မြှင့်တင်ခြင်းတစ်ခု ဖြစ်သည်။

“ အမြန်ဆုံးနည်းလမ်းကတော့ ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်တွေကို သတ်ပြီး တခြားဂိုဏ်းသားတွေဆီကနေ ပစ္စည်းတွေလုတာပဲ။ ဒါဆိုရင် ငါ့မှော်လှေနဲ့ ကျင့်ကြံခြင်းအဆင့်က မြန်မြန် တိုးတက်သွားမှာပဲ။ အဲဒါပြီးရင် ငါ ပင်လယ်ထဲကို သားကောင်သွားဖမ်းလို့ ရမယ်။ အဲဒီနည်းက အားလုံး အဆင်ပြေချောမွေ့သွားအောင် လုပ်ပေးနိုင်တယ် ”

ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက် ဝင်းလက်သွားသည်။ သူ့ကို ရန်မစသော ဂိုဏ်းသားများထံမှ လုယက်ရသည်ထက်စာလျှင် ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များကို သတ်ဖြတ်ရသည်က ပို၍ သင့်တော်သည်ဟု သူ ခံစားနေရသည်။

ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏အဆင့်နှစ် မှော်လှေကလေးထဲတွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ပြီးနောက် ဝိညာဉ်စုစည်းစေသော မန္တန်အစီအရင်ထဲကို ဝိညာဉ်ကျောက်တုံးတစ်တုံး ထည့်ကာ ကျင့်ကြံလိုက်သည်။

သူ ကျင့်ကြံပြီးနောက် မကြာခင် မျက်လုံးများ ပွင့်လာပြီး ဂိုဏ်းတံဆိပ်ပြားကို စိတ်ရှုပ်ထွေးစွာဖြင့် ထုတ်ယူလိုက်သည်။ ဂိုဏ်းတံဆိပ်ပြားပေါ်တွင် အသံလှိုင်းစာတစ်စောင် ပေါ်လာ၏။

“ ဂိုဏ်းတူညီလေး ရွှီချင်း၊ ငါ ကျိုးချင်ဖုန်းပါ။ ဆေးဆိုင်မှာ တွေ့ခဲ့တာ မင်းလား။ မင်း အများကြီး ပြောင်းလဲသွားတာပဲဟ။ ငါ အတော်လေး စဉ်းစားပြီးတော့မှ မင်း မှန်း တွေးမိတာ။ အဲဒီတုန်းက တစ္ဆေဆန္ဒကို မင်း စိတ်ဝင်စားနေတာကို ငါ မြင်လိုက်တယ်။ အဲဒီကောင်ကို ငါ ကောင်းကောင်းသိတယ်။ ငါ့မိသားစုက ဆေးပင်တွေနဲ့ စီးပွားရေးလုပ်နေတာ။ မင်း လိုချင်ရင် တစ်ကောင်လောက် ငါ ရှာပေးမယ်။ အဲဒါက သိပ်ဈေးမကြီးပါဘူး ”

အသံလှိုင်းကို နားထောင်ပြီးနောက် ရွှီချင်း အတွေးနက်သွားသည်။ ကျိုးချင်ဖုန်းက သူ့ထံမှ ဝိညာဉ်ကျောက်တုံးအနည်းငယ် လိုချင်နေကြောင်း သူ ပြောနိုင်ပြီး သူသည်လည်း တစ္ဆေဆန္ဒ၏ အဆိပ်ကို လေ့လာချင်နေသည်။ ထို့ကြောင့် သူ သဘောတူလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ခြောက်ရက် ကုန်ဆုံးသွားသည်။

ထိုခြောက်ရက်တာအတောအတွင်း လူဆိုးထိန်းဌာနကို ရွှီချင်း အလုပ်တင်ပြရန် သွားသည့်အခါ ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များကို သေချာအာရုံစိုက်၍ လေ့လာခဲ့သည်။ သူ၏သတင်းပေးသမားသည်လည်း သူ၏တောင်းဆိုချက်အရ ထိုကဏ္ဍကို အထူးအလေးထားခဲ့သည်။

လူဆိုးထိန်းဌာန၌ ထိုနည်းလမ်းကို အသုံးချ၍ ပိုက်ဆံရှာနေကြသော လူများစွာ ရှိသည်ဖြစ်၍ ထိုကဲ့သို့ သတင်းအများစုကို လျှို့ဝှက်ချက်အဖြစ် သိမ်းထားကြ၏။ ထို့ကြောင့် ရံဖန်ရံခါ အလုပ်ကောင်းကောင်းလေးများ ရှိလာသည့််အခါမျိုးတွင် ဌာနကို ရွှီချင်း ရောက်သွားသည့်အခါ ဘာမှရှာမတွေ့ခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။

ထိုအနေအထားက ရွှီချင်းကို နည်းလမ်းပြောင်းအောင် အတင်းအကြပ် စေ့ဆော်နေသည်။

တချိန်တည်းမှာပင် လူဆိုးထိန်းဌာနကို လူသစ်လေးတစ်ယောက် ရောက်လာသည်။

သို့သော်လည်း ထိုလူသစ်ကလေးက ရွှီချင်း၏ဌာနခွဲကို ရောက်မလာခဲ့ပေ။ သူက နောက်ခံအင်အားတောင့််တင်းပြီး ရောက်ရောက်ချင်း သာမန်အသင်းဝင်တစ်ယောက်မဟုတ်ဘဲ တိဌာနခွဲ၏ အမှတ်သုံးအသင်းခေါင်းဆောင် တစ်ခါတည်းဖြစ်သွားသည်။

ထို့ပြင် ထိုလူသစ်လေးတွင် ဝှက်ဖဲအနည်းငယ် ရှိနေဟန်တူသည်။ သူ တာဝန်ယူပြီး နှစ်ရက်မပြည့်ခင်မှာပင် သူ့လက်အောက်၌ ရှိနေသော အသင်းဝင်အားလုံး ရိုသေကျိုးနွံသွားကြသည်။

သို့သော်လည်း လက်ထောက်ဌာနမှူးအသီးသီး ရှိကြသည့်အတွက်ကြောင့် လူဆိုးထိန်းဌာန၏ ဌာနခွဲလေးခုက အများအားဖြင့် သီခြားစီ ဆောင်ရွက်ကြပြီး ကြီးကြီးမားမား တာဝန်များ ရှိသောအခါမှသာ ပူးပေါင်းဆောင်ရွက်ကြသည်။ ရံဖန်ရံခါ တာဝန်ကြီးများဆောင်ရွက်ရင်း ဌာနခွဲအချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများပင် ရှိသည်။

တခြားဌာနခွဲများက တိဌာနခွဲအမှတ်သုံးအသင်း၌ အသင်းခေါင်းဆောင်အသစ်တစ်ယောက် ပြောင်းသွားကြောင်း သိခဲ့ကြသည်။ အစက သူတို့ များစွာ ဂရုမစိုက်ခဲ့ပါသော်လည်း မကြာခင် ထိုခေါင်းဆောင်သစ်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။

အဘယ်ကြောင့်ဆိုရသော် အသစ်ခန့်အပ်လိုက်သော အမှတ်သုံးအသင်းခေါင်းဆောင်က လူသားတစ်ယောက် မဟုတ်ပေ။

ထိုခေါင်းဆောင်သစ်ကို ရွှီချင်း အဝေးမှ လှမ်းမြင်ခဲ့ရပြီး ချက်ချင်း မှတ်မိသွားခဲ့သည်။ ထိုခေါင်းဆောင်သစ်သည် ပြီးခဲ့သည့်ရက်များက မင်းသားသုံးနှင့် အတူ ပြန်ရောက်လာသော လူသားမဟုတ်သည့် မျိုးနွယ်မှ လူငယ်ဖြစ်သည်။

ထို့နေ့က ထိုလူငယ်သည် မျိုးနွယ်တူ အမျိုးသမီးနှစ်ယောက်အား ဖက်နေသော မင်းသားသုံးအား အထင်သေးစွာ ကြည့်နေသည်ကို ရွှီချင်း သတိထားမိခဲ့သည်။

ထိုလူငယ်၏ ဇစ်မြစ်နှင့်ပတ်သက်၍ လူဆိုးထိန်းဌာနအား အာရုံစိုက်နေသော လူများစွာက အလျင်အမြန် ဖော်ထုတ်နိုင်ခဲ့ကြသည်။ ထိုလူငယ်က ရေသူထီးတစ်ကောင်ဖြစ်ကြောင်း အမှတ်ခြောက်အသင်းဝင်များ ပြောနေကြသည်ကို ရွှီချင်း ကြားခဲ့ရသည်။

ရေသူမမျိုးနွယ်က လူသားမျိုးနွယ်မဟုတ်သော်လည်း ချီရွှဲ့ထုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားပြီး စီးပွားရေးများစွာ စပ်တူလုပ်ကိုင်နေကြသည်။ ထိုလူငယ်က ရေသူမမျိုးနွယ်၌ ထင်ရှားကျော်ကြားသောပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ပြောကြသည်။

မင်းသားသုံးနှင့်အတူ သူ ရောက်လာပြီးနောက် သူက ချီရွှဲ့ထုံဂိုဏ်းကို ဝင်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး မင်းသားသုံး၏ စီစဉ်ပေးမှုအောက်တွင် လူဆိုးထိန်းဌာနကို ဝင်ရောက်ခဲ့သည်။

မင်းသားသုံး၏ ဇစ်မြစ်နှင့်ပတ်သက်၍ ရွှီချင်း၌ ခန့်မှန်းချက်များ ရှိသည်။ သူ၏အယူအဆများ မှန်၊မမှန်ကိုလည်း တခြားလူများထံ စုံစမ်းကာ အတည်ပြုခဲ့သည်။

သတ္တမမြောက်တောင်၏ တောင်သခင်ထံတွင် တပည့်သုံးဦးရှိပြီး ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ ဖြစ်ကြသည်။

ထိုလူသုံးဦးသည် သတ္တမမြောက်တောင်ထိပ်၌ အိမ်ရှေ့စံမင်းသားများပမာ ဖြစ်ကြသည်။ သူတို့ထံမှ စကားတစ်ခွန်းသည် သတ္တမမြောက်တောင်ထိပ်မှ မရေမတွက်နိုင်လောက်သော ဂိုဏ်းသားများကို ဦးညွှတ်သွားအောင် လုပ်နိုင်သည်။ အမှန်တကယ်တော့ ချီရွှဲ့ထုံဂိုဏ်းတစ်ခုလုံးအနေဖြင့် ဆိုလျှင်လည်း အတူတူပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုရသော် သတ္တမမြောက်တောင်သခင်ကိုယ်တိုင်က ထူးချွန်ပြီး သူ၏ဂုဏ်သတင်းက နန်းဟွမ်ဒေသတစ်ခွင် ပျံ့နှံ့နေသည်။ သူ၏ အစွမ်းက ကြောက်ခမန်းလိလိ ဖြစ်ပြီး သူ၏အမိန့်အာဏာစက်သည်လည်း ထပ်တူပင် ဖြစ်သည်။ သူ၏တပည့်ရင်းများဖြစ်ကြသည့်အတွက်ကြောင့် ထိုသုံးဦး၏အဆင့်သည်လည်း ချီရွှဲ့ထုံဂိုဏ်းထဲတွင် အလွန် မြင့်မားသည်။

ထိုလူများအနက် အကြီးဆုံးမင်းသားက အဆင့်တက်ရန် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသည်။ သူ့ကို မမြင်ရသည်မှာ နှစ်အတော်ကြာနေပြီဖြစ်၏။ သို့သော်လည်း ရွှီချင်းသည် သူ၏အသင်းဖော်များထံမှနေ၍ အကြီးဆုံးမင်းသားက အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ် တိုက်ရည်ခိုက်ရည်ရှိကြောင်း သိခဲ့ရသည်။

All Chapters