← Chapters

👑 Immediate Execution

Vol. 18 Ch. 171

👑 Immediate Execution

Vol. 18 Ch. 171

မြို့တော်ဝန်၏အချက်ပေးမှုကြောင့် စုစစ်ယောင်ပါးစပ်ထဲက အဝတ်စကို ရဲမက်များ ပြန်ထုတ်ပေးလိုက်ကြသည်။

ဖြူရော်နေသော မျက်နှာဖြင့် စုစစ်ယောင် အားတင်းကာ ပြောလိုက်သည်။

“လူတစ်ယောက်ကို စွပ်စွဲချင်ရင် အကြောင်းပြချက် အရင်ရှာရတယ်၊ ကျွန်… ကျွန်မက သခင်မချန်နဲ့ ရန်ငြှိုးရန်စမှ မရှိတာ၊ သူ့ကို ဒုက္ခရောက်အောင် ဘာလို့ လုပ်ရမှာလဲ’

ဟယ်ယင်းက ဝင်ပြောလိုက်ပါသည်။

“ရနံ့ငါးပါးအမွှေးတိုင်ဆိုတာ ဒီငယ်သားခင်ပွန်းရဲ့ လျှို့ ဝှက် ပညာတစ်ခုပဲ၊ စုစစ်ယောင် တစ်ယောက်တည်းကိုပဲ အဲ့ဒီပညာ လက်ဆင့်ကမ်း သင်ကြားပေးထားတာ၊ ခင်ပွန်းဖြစ်သူ ထားခဲ့တဲ့ မှတ်တမ်းတွေကြောင့် အဲ့ဒီအဆိပ်အကြောင်းကို ဒီငယ်သား သိခဲ့ရတာဆိုပေမယ့် အတိအ ကျ ဘယ်လိုဖော်စပ်ရမလဲ၊ ပါဝင်ပစ္စည်းတွေကို အချိုး အစားဘယ်လောက် ထည့်သွင်းရမလဲဆိုတာကိုတော့ ဒီငယ်သားရဲ့ခင်ပွန်းနဲ့ စုစစ်ယောင်တို့ နှစ်ယောက်တည်းပဲ သိကြတာပါ”

“ဒီငယ်သားရဲ့ခင်ပွန်းက အခုလို အခြေအနေမျိုးမှာ ဘယ်သူ့ကိုမှ အဆိပ်ခတ်နိုင်စွမ်းရှိမှာမဟုတ်တာ သေချာတယ်၊ အဲ့တာကြောင့် အဲ့ဒီအဆိပ်ကို အသုံးပြုနိုင်တဲ့တစ်ဦးတည်းသောသူဆိုလို့ စုစစ်ယောင်တစ်ဦးတည်းကျန်ပါတော့တယ်”

စုစစ်ယောင် နှုတ်ခမ်းကိုက်လျက် ယွဲ့ဟွာကို လှမ်းကြည့်လိုက်ပါသည်။

ယွဲ့ဟွာလည်း မျက်နှာတစ်ခုလုံး မှောင်မိုက်နေလေပြီ။ သူ့ရင်ထဲ စုစစ်ယောင်အား နာကျည်းသထက် နာကျည်းလာပါပြီ။

သူမ ဖော်စပ်ထားသည့် အဆိပ်တွေကို ဘယ်လိုနည်းလမ်းနဲ့မှာ သဲလွန်စရှာနိုင်မှာမဟုတ်ကြောင်း ယခင်တုန်းက ယုံကြည်မှုလွန်ကဲစွာ အာမခံခဲ့ဖူးသည်။ ယခုမူ…

တခြားသူတွေ သိသွားကြတာပဲ မဟုတ်ဘူးလား!

စုစစ်ယောင်ပြစ်ဒဏ်မှမလွတ်မြောက်နိုင်တော့မှန်း သေချာ သွားပါပြီ။ သို့သော် သူမ ပါးစပ်ကိုပိတ်ထားပါက တခြားသူများတွေကိုတော့ ကာကွယ်ပေးနိုင်လိမ့်မည်။

စုစစ်ယောင် ကိုယ်တိုင် ပေါ့လျော့မှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာဖြစ်သည်။ ထို့ကြောင့် သူမထိုက်နဲ့သူမကံ ခံရသင့်ပါသည်။

စုစစ်ယောင်ကို ကြည့်ရင်း ယွဲ့ဟွာပြောလိုက်သည်။

“သခင်မချန်ရဲ့အဖျားရောဂါကိစ္စ နောက်ဆုံးတော့ အဖြစ်မှန် ပေါ်လာခဲ့ပြီထင်တယ်၊ အကြောင်းအရင်းတစ်ခုခုကြောင့် သခင်မချန်ကို အငြှိုးအတေးထားလို့ စုစစ်ယောင် ဒီလိုလုပ်ခဲ့တာ ဖြစ်မယ်! ပြောစမ်း စုစစ်ယောင်! သခင်မချန်ကို ဒီလို နာမကျန်းဖြစ်အောင်လုပ်ပြီး သခင်ကြီးချန်ကို စိတ်သောကရောက်အောင် ကြံစည်ခဲ့တာ မင်းမဟုတ်လား!”

စုစစ်ယောင်ကို ယွဲ့ဟွာ စူးစူးရှရှ ကြည့်လိုက်သည်။

သူ့စကားအဓိပ္ပာယ်က ဒီ့ထက် ပိုမရှင်းလင်းနိုင်တော့ပေ။

စုစစ်ယောင်ကို ကယ်တင်နိုင်တော့မှာ မဟုတ်သဖြင့် သူမတစ်ယောက်တည်း အပြစ်တွေကို ခံယူသင့်ပါသည်။

မြို့တော်က အရေးကိစ္စအတော်များများကို ကိုင်တွယ်ဖြေရှင်းဖို့ ချန်ကျင်းမင်အား ယွဲ့ဟွာ လိုအပ်ပါသေးသည်။ ထို့ကြောင့် ချန်ကျင်းမင် ဘာမှဖြစ်လို့မရပါ။

သူ့ကို စုစစ်ယောင် မြတ်မြတ်နိုးနိုးချစ်ပါတယ်ဆို!

ဒါဆို သူ့အတွက် ချန်ကျင်းမင်က ဘယ်လောက်အရေးပါသလဲဆိုတာကိုလည်း သူမ သိသင့်သည်။ ထို့ကြောင့် သူ့မဟာရည်မှန်းချက်ကြီးအတွက် သူမတစ်ယောက်တည်း စတေးခံသင့်သည်။

ဒီလိုသာဆို ဒီမိန်းမ၏ဖောက်ပြားမှုကို ယွဲ့ဟွာ ခွင့်လွှတ်ပေးနိုင်ပါသေးသည်။

ယွဲ့ဟွာ၏ပေါ့ပေါ့တန်တန် မျက်နှာကို ကြည့်ရင်း စုစစ်ယောင် ရုတ်တရက် ရီဝေသွားခဲ့သည်။

ဒီနေ့မနက်တုန်းက မန်ကျစ်ကို စတေးဖို့အတွက် ယွဲ့ဟွာကို ဖြောင်းဖြခဲ့တုန်းက သူမကိုယ်တိုင်ပြောခဲ့သည့် စကားတွေကို စုစစ်ယောင်ပြန်အမှတ်ရသွားခဲ့သည်။

ထိုအချိန်တုန်းက သူမ ဒီလိုပြောခဲ့ပါသည်။

‘အရှင်မင်းသားရဲ့ မဟာရည်မှန်းချက်ကို အောင်မြင်နိုင်သရွေ့ မိန်းမတစ်ယောက်လောက်ကို စတေးရတာ ဘာများ အရေးပါမှာမို့လို့လဲ ? ပြီးတော့ မန်ကျစ်က အရှင်မင်းသားအပေါ် သစ္စာရှိတယ်၊ အရှင်မင်းသားသာ တောင်းဆိုလိုက်ရင် သူငြင်းမှာမဟုတ်ပါဘူး’

ထိုအချိန်တုန်းကတော့ သူမစကားတွေ မှန်ကန်သည်ဟု စုစစ်ယောင် ထင်ခဲ့သည်။

သို့သော် ယခုမူ… ယွဲ့ဟွာ စတေးပစ်တော့မည့်လူက သူမကိုယ်တိုင် ဖြစ်လာခဲ့လေပြီ။

စုစစ်ယောင် နှလုံးသားထဲ အလွန်စူးရှနာကျင်သွားခဲ့သည်။

ဒါဘာသဘောလဲ…

ကောင်းကင်ဘုံက သူမကို လှောင်ပြောင်နေတာလား…

“ဝန်ခံစမ်း စုစစ်ယောင်!”

စုစစ်ယောင်ကို ယွဲ့ဟွာ ခြိမ်းခြောက်သည့်အကြည့်ဖြင့် ထပ်ကြည့်လိုက်ပါသည်။

ယွဲ့ဟွာကိုကြည့်ရင်း စုစစ်ယောင် ရုတ်တရက်ကြီး ထရယ်လိုက်လေသည်။

အသက်ရှူကြပ်သွားလောက်သည့်အထိ ရယ်မောလိုက်ပြီး အသွင်အပြင်ကလည်း စိတ္တဇတစ်ဦးသဖွယ် ဖြစ်သွားခဲ့သည်။

ယွဲ့ဟွာ မျက်မှောင်ကြုတ်သထက် ကြုတ်လာခဲ့ပါသည်။

ယခင်တုန်းက သူ့ရှေ့မှာ စုစစ်ယောင် အရာရာကိုထိန်းချုပ် ထားနိုင်သည့် ပုံစံမျိုးနှင့် အမြဲတမ်းဣန္ဒြေရှိခဲ့ပြီး တည်ငြိမ်ခဲ့သည်။ ထိုတည်ငြိမ်မှုလေးကိုပဲ ယွဲ့ဟွာ သဘောကျခဲ့ရခြင်းဖြစ်သည်။

သို့သော် ယခုအခါ…

ရုတ်တရက်ပြောင်းလဲသွားသည့် စုစစ်ယောင်၏ အသွင် အပြင်ကို ကြည့်ရင်း ယွဲ့ဟွာ ပိုပိုစက်ဆုပ်ရွံရှာလာခဲ့သည်။

ဒီလိုမိန်းမမျိုးကို သူအရူးမျက်ကန်းလို ချစ်မြတ်နိုးခဲ့ဖူး သည်။ ယခု စုစစ်ယောင် အပြစ်တွေကို ပြန်ပေးဆပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဆိုလို့ အရာရာကို သူမတစ်ယောက်တည်း ခေါင်းခံလိုက်ဖို့သာ။

ယွဲ့ဟွာ၏ မျက်လုံးတွေကို ကြည့်ရင်း စုစစ်ယောင် မျက် ရည်တွေ၊ နှပ်ချေးတွေ ထွက်သည်အထိ ရယ်မောပစ်လိုက်သည်။ ထို့နောက် သူ့ မျက်ရည်များကို သုတ်ခါပစ်လိုက်သည်။

သူ့ကိုယ် သူ လူကောင်းမဟုတ်မှန်း နားလည်ပါသည်။ သို့ သော် ယွဲ့ဟွာအပေါ်ထားခဲ့သည့် သူမခံစားချက်တွေကတော့ စစ်မှန်သည်။

ယွဲ့ဟွာအတွက် သူမ ဘယ်လောက်တောင် ကြိုးစားပေးခဲ့ရသလဲ…

သူ့အတွက် ဘယ်လောက်တောင် စတေးပေးခဲ့ရသလဲ…

နောက်ဆုံးမှာတော့ သူ့ဆီက ပြန်ရရှိလိုက်သည့်အရာဆိုလို့ စက်ဆုပ်ရွံရှာသည့် အကြည့်တစ်ချက်သာရှိသည်။

စုစစ်ယောင် ခပ်သဲ့သဲ့ ရယ်မောကာ ပြောလိုက်သည်။

“ကျွန်မက သခင်မချန်ကို အဆိပ်ခတ်တယ်ဟုတ်လား ? သခင်မချန်ကို ကျွန်မ ဘယ်လိုအဆိပ်ခတ်ရမှာလဲ ? အဲ့ဒီ ရနံ့ငါးပါးအမွှေးအဆိပ်ကို ကျွန်မ ထုတ်ပေးခဲ့တာမှန်တယ်၊ ဒါပေမယ့် သခင်မချန်ရဲ့ကိုယ်ပေါ်မှာ ကျွန်မကိုယ် တိုင် အဲ့ဒီပစ္စည်းကို သွားထားဖို့ ဖြစ်နိုင်ပါ့မလား၊ အရာရာကို ချန်ကျင်းမင်ကိုယ်တိုင် လုပ်ခဲ့တာဖြစ်မှန်း ဒီလောက်သိသာနေတာကို”

“ချန်ကျင်းမင်က ဝမ့်မိသားစုရဲ့ ထောက်ခံမှုကို လိုချင်နေတာ၊ ဒါပေမယ့် သူ့လုပ်ရပ်တွေကို အရာရာဝင်စွက်ဖက်မယ့် ဇနီးသည်တစ်ယောက်ကိုတော့ အလိုမရှိခဲ့ဘူး၊ အကောင်းဆုံးနည်းလမ်းကတော့ သခင်မချန်ကို အိပ်ရာထဲ လဲသွားအောင် လုပ်လိုက်ဖို့ပဲ”

“အဲ့တာမှ ဝမ့်မိသားစုရဲ့ ထောက်ပံ့မှုကိုလည်း အလွယ်တ ကူရနိုင်သလို နောက်တစ်ဖက်မှာလည်း လူမမာဇနီးသည်ကိုနွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်နေတဲ့ ခင်ပွန်းသည်ဆိုတဲ့ ဂုဏ်ကိုလည်း ရရှိနိုင်မယ်လေ၊ နောက်ဆုံးကျတော့လည်း ဒီကိစ္စကြောင့် အကျိုးအမြတ်ရတာက ချန်ကျင်းမင်ပဲ မဟုတ်ဘူးလား”

“စုစစ်ယောင်! ဒီကိစ္စထဲ မဆိုင်သူတွေကို ဆွဲမထည့်နဲ့!”

ယွဲ့ဟွာ အမျက်ဒေါသအလွန်ကြီးသွားပြီး သူမကို စိုက်ကြည့်လိုက်ပါသည်။

သူ့အမျက်ဒေါသကို ဒီမိန်းမ မကြောက်ဘူးလာား!

စုစစ်ယောင် ပြုံးလိုက်သည်။

“ဪ… ကျွန်မပြောလို့ မပြီးသေးဘူး၊ ဒီအရေးကိစ္စမှာ ချန်ကျင်းမင်က အကျိုးအမြတ်ရခဲ့သလိုမျိုး ကျွန်မရဲ့ အဆိပ်ပညာကြောင့် အကျိုးအမြတ်အရဆုံးက မင်းသားအန်းဟယ်ပဲ မဟုတ်လား”

“မင်းသားအန်းဟယ်အတွက် သေမင်းတမန် စစ်သည်တော်တွေကို ထိန်းချုပ်နိုင်ဖို့ ကျွန်မ အဆိပ်တွေခက်ခက်ခဲခဲ ဖော်စပ်ပေးခဲ့ရတာ၊ အဲ့ဒီ သေမင်းတမန်စစ်သည်တော်တွေ အခု ဘယ်မှာပါလိမ့်…”

စုစစ်ယောင် ဘာအကျိုးဆက်မှ မစဉ်းစားနိုင်တော့ဘဲ ပြောလိုက်သည်။

ယွဲ့ဟွာ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။ စိတ်မထိန်းနိုင်တော့ဘဲ ရှေ့ကို ပြေးထွက်သွားကာ စုစစ်ယောင်အား ပါးဖြတ်ရိုက်ပစ်လိုက်ပါသည်။

“သခင်ကြီးချန်ကို ဆွဲထည့်လို့ မလုံလောက်သေးလို့ ငါ့ကိုပါ ပြဿနာထဲဆွဲထည့်ဖို့ ကြံနေတယ်ပေါ့ ဟုတ်လား!”

“ဒီမိန်းမရဲ့ပြစ်မှုတွေက ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး! သူ့ကို ကွပ်မျက်လိုက်ကြ! အခုချက်ချင်း ကွပ်မျက်ပစ်လိုက်ကြစမ်း!”

ယွဲ့ဟွာ အမိန့်သံထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် သူ့ဘေးနားရှိ တပ်သားတစ်ဦးဓားဆွဲထုတ်လိုက်ပြီး စုစစ်ယောင်အား မဆိုင်းမတွ ကွပ်မျက်ပစ်ဖို့ပြင်လိုက်သည်။

စုစစ်ယောင် မျက်လုံးများ အလွန်တုန်လှုပ်သွားခဲ့သည်။

ထို့နောက် တပ်သား၏ဓားချက် ရုတ်တရက် တားဆီးခြင်းခံလိုက်ရပါသည်။

ရဲမက်တချို့က ယွဲ့ဟွာနှင့် ယွဲ့ဟွာခေါ်ဆောင်လာသည့် လူတွေကို ဝန်းရံလိုက်ကြသည်။

မြို့တော်ဝန် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းသားအန်းဟယ်၊ ဒီမိန်းကလေးက လက်ရှိမှာ အရေးပါတဲ့ ရာဇဝတ်သားတစ်ဦးပါ၊ တခြားသူတွေကို မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာလားဆိုတာ သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ အတည်ပြုနိုင်မှာ၊ မင်းသားအန်းဟယ် ဒီလိုစိတ်လိုက်မာန်ပါလုပ်ဖို့ စောလွန်းပါသေးတယ်”

ယွဲ့ဟွာမျက်နှာ အလွန်အေးစက်ကြမ်းကြုတ်နေပါသည်။

“သခင်ကြီးလင်းက အရှင်မင်းသားတစ်ပါးကို တားဆီးဖို့ ကြံရွယ်နေတာလား၊ ဒီမိန်းမကို ကျုပ်ကိုယ်တိုင် အခုချက် ချင်း သတ်ပစ်ချင်တယ်ဆိုရင်ကော၊ သခင်ကြီးလင်းရဲ့ လူတွေ ကျုပ်ကို တားဆီးရဲလား!”

ယွဲ့ဟွာပြောပြောဆိုဆိုနဲ့ ကိုယ်တိုင်လှုပ်ရှားဖို့အတွက် ဓားကိုထုတ်လိုက်ပါသည်။

ယွဲ့ဟွာ ဆုံးဖြတ်ချက် ချပြီးပြီဖြစ်သည်။ စုစစ်ယောင်ကို အသက်ရှင်ခွင့်ပေးလို့ လုံးဝ မဖြစ်ပါ။ သူ့လျှို့ဝှက်ချက်တွေကို စုစစ်ယောင် အများကြီးသိထားသည်။

သူမ သေသွားသည့်အခါမှ ထိုလျှို့ဝှက်ချက်တွေကို ထာဝရ မြှုပ်နှံနိုင်မှာဖြစ်ပါသည်။

“ပဉ္စမညီတော် ဘာလို့ အဲ့လောက် ဒေါသထွက်နေတာတုန်း!”

ရွှင်ရွှင်မြူးမြူး အသံတစ်သံထွက်ပေါ်လာပြီး ယွဲ့ချန်းနှင့် သူ့လူတွေပါ ရောက်ရှိလာခဲ့သည်။

ယွဲ့ဟွာမျက်နှာ အလွန်အကျည်းတန်သွားပြီး ယွဲ့ချန်းကို ခံစားချက်မဲ့စွာ လှည့်ကြည့်လိုက်ပါသည်။

“စတုတ္ထအစ်ကိုတော် ဒီကိုရောက်လာတာ မယ်တော်ကြင်ယာတော်ယို့ သိလား”

ယွဲ့ချန်း ပြုံးလိုက်သည်။

“ညီနောင်တွေကြားထဲက ပြဿနာကို ဘာလို့ မယ်တော်ကြင်ယာတော်ယို့ဆီ အသိပေးရမှာလဲ”

ယွဲ့ဟွာမျက်နှာ အလွန်မှောင်မိုက်သွားခဲ့သည်။

ယွဲ့ချန်းက နွေးထွေးစွာ ပြောလိုက်ပါသည်။

“တခြားသူတွေကို ဒီမိန်းမ မဟုတ်မမှန်စွပ်စွဲမှာ ပဉ္စမညီတော် စိတ်ပူနေတာ မဟုတ်လား ? စိတ်ချထားစမ်းပါ၊ ပဉ္စမညီတော်ကို ဒီအစ်ကိုတော်က သေချာ စောင့်ရှောက်ပေးမှာပေါ့၊ ညီတော့်ကို ဘယ်သူမှ မဟုတ်မမှန်စွပ်စွဲခွင့် မရှိစေရဘူး!”

ယွဲ့ချန်းကို ယွဲ့ဟွာ စူးရှစွာ ကြည့်လိုက်သည်။

သူ့လက်ထဲက ဓားကို အသုံးပြုချင်နေပါပြီ။ တခြားသူတွေက သူ့ကိုမတားရဲကြသော်လည်း ယွဲ့ချန်းကတော့ တားမှာ သေချာသည်။

ယွဲ့ဟွာက ကိုယ်ခံပညာတစ်ခါမှ မသင်ယူဖူးသလို ဘာစွမ်းရည်မှလည်း မရှိပါ။ ယွဲ့ချန်းကတော့ စစ်မက်ရေးရာကို သေသေချာချာ လေ့ကျင့်သင်ကြားခဲ့သူဖြစ်သည်။

တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် သူရှုံးနိမ့်မှာ သေချာသလောက်ရှိသည်။

ယွဲ့ဟွာအံကြိတ်လျက် ဓားကို တွန့်ဆုတ်စွာ ပြန်ချလိုက်ပါသည်။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။

“နောင်တစ်ချိန် ဒီဆုံးဖြတ်ချက်ကို စတုတ္ထအစ်ကိုတော် နောင်တမရဖို့ မျှော်လင့်ပါတယ်”

ဒီလိုနဲ့ သူ့လူတွေကို ခေါ်ပြီး စုအိမ်တော်မှ ယွဲ့ဟွာပြန်ထွက်ခွာသွားလေတော့သည်။

စုစစ်ယောင်အဖမ်းခံလိုက်ရပါပြီ။ ချန်ကျင်းမင်လည်း ဖမ်းဆီးခံရမှာ သေချာသလောက်ရှိသည်။

ထို့ကြောင့် သူအမြန်လှုပ်ရှားရတော့မည်။

အချိန်ထပ်ဆွဲနေပါက ယွဲ့လင်း၏ထိုးစစ်အောက် သူတစ်စ တစ်စ ပြိုလဲသွားလိမ့်မည်။

အစကတော့ ထီးနန်းကို ယွဲ့ဟွာ အေးအေးချမ်းချမ်း သိမ်း ပိုက်ချင်ခဲ့ခြင်းဖြစ်သည်။

သို့သောာ် ယွဲ့လင်းက ကျေးဇူးမတင် အလိုက်မသိသဖြင့်… သူ့ဘက်မှ တစ်ခါတည်း အပြတ်အသတ်ရင်ဆိုင်ဖို့ရာဆုံး ဖြတ်လိုက်ပြီဖြစ်သည်။

All Chapters