← Chapters

👑 A Race of Speed

Vol. 18 Ch. 173

👑 A Race of Speed

Vol. 18 Ch. 173

ကြင်ယာတော်စု၏ ရှင်းပြမှုကြောင့် ပဟေဠိတွေအားလုံး အချိတ်အဆက် မိသွားခဲ့သည်။

ကျန်းကျီမြောင်လည်း အရာရာကိုစိတ်ဝင်တစားနားထောင် နေခဲ့လေသည်။

စုစစ်ယောင်ဆိုတာ နဂိုကတည်းက ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။

တူးဖော်ရရှိထားသည့် အလောင်းတွေမှာ အဆိပ်ခတ်ခံရသည့် လက္ခဏာတွေ တွေ့မြင်ခဲ့ရသဖြင့် စုစစ်ယောင်နဲ့သာ သက်ဆိုင်နေဖို့များသည်။

ဧကန္တ စုစစ်ယောင် အဆိပ်တွေကို စမ်းသပ်ဖို့ အဲ့ဒီလူတွေကို အသုံးချခဲ့တာများလား…

စံအိမ်မှာနေထိုင်နေကြသူတွေ ရောဂါလက္ခဏာ ပေါင်းစုံခံစားနေရကလည်း စုစစ်ယောင် အဆိပ်တွေကို စမ်းသပ်ဖို့အတွက် ၎င်းတို့ကို စမ်းသပ်ခံအဖြစ် အသုံးချနေတာကြောင့် ဖြစ်နိုင်သည်။

သို့သော်… စံအိမ်မှာ တရားဝင်စာရင်းသွင်းခံထားရသည့် အစေခံတွေကိုတော့ စုစစ်ယောင် လက်လွတ်စပါယ် သတ် ဖြတ်ရဲမည် မဟုတ်ပေ။

သူမ စမ်းသပ်ခဲ့သည့် လူတွေက ဘယ်သူမှ ဂရုမစိုက်လောက်အောင် ဘဝဆိုးရွားကြသည့် တစ်ကိုယ်တည်းသမားတွေသာ ဖြစ်လိမ့်မည်။ မဟုတ်ပါက ဒီကိစ္စကို နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ထားနိုင်ခဲ့မည်မဟုတ်ပေ။

ယွဲ့လင်း ခေါင်းညိတ်လိုက်ပြီး ထိုလက်ကောက်ကို သိမ်း ဆည်းဖို့ အစောင့်တပ်သားတစ်ဦးအား အမိန့်ပေးလိုက်ပါသည်။

ထို့နောက် မိန့်ကြားလိုက်သည်။

“ကြင်ယာတော်စုရဲ့ ညီမဖြစ်သူမှာ တကယ်ပြဿနာရှိနေတယ်၊ သူက နတ်ဆေးသမားတော်ကြီးတစ်ဦးရဲ့ လက် အောက်မှာ ပညာသင်ကြားခဲ့တာ၊ ဒါပေမယ့် ပညာရည်ကြွယ်ဝလာတဲ့ အခါမှာတော့ ဆရာဖြစ်သူကို သစ္စာဖောက်ခဲ့တယ်”

“အဲ့ဒီနတ်ဆေးသမားတော်ကြီး ရှန်းကွမ့်ပေါ်ကို စည်ပိုင်းကြီးတစ်လုံးထဲထည့်ပြီး လျှို့ဝှက်မြေအောက်ခန်းထဲမှာ ဖမ်းဆီးနှိပ်စက်ထားခဲ့တာ၊ ကြင်ယာတော်ချန်ရဲ့ မယ်တော်ကိစ္စကလည်း စုစစ်ယောင်နဲ့ သက်ဆိုင်နေနိုင်တယ်”

ချန်ရှုယိလည်း အခုမှ အမှန်တရားကို သိလိုက်ရသည့် ပုံစံဖြင့် အံ့အားသင့်စွာ ပြောလိုက်ပါသည်။

“မယ်တော်က သူနဲ့ ဘာရန်ငြှိုးရန်စမှလည်း မရှိပါဘူး! သူဘာလို့ အဲ့လို လုပ်ရတာလဲ!”

ချန်ရှုယိ၏အံ့အားသင့်နေသော မျက်နှာကို ကြည့်ရင်း ယွဲ့လင်းတိတ်ဆိတ်သွားခဲ့သည်။

သူ့ကိုယ်လုပ်တော်တွေအားလုံး သရုပ်ဆောင်စွမ်းရည် ပိုပိုကောင်းလာကြပါပြီ။

ယွဲ့လင်း ဖြည်းညှင်းစွာ မိန့်လိုက်သည်။

“လောလောဆယ်တော့ အဲ့ဒီအမှုကို စုံစမ်းထားတုန်းပဲ၊ စုစစ်ယောင်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို မသိနိုင်သေးဘူး။ ကြင်ယာတော်စုက အခု သဲလွန်စအသစ်တွေပေး လိုက်ပြီဆိုတော့ လေးလေးနက်နက် ထပ်စုံစမ်းရတော့မှာပေါ့”

“အရှင်မင်းကြီး”

ကြင်ယာတော်အန်းလည်း ဝင်လျှောက်တင်လိုက်ပါသည်။

“စုစစ်ယောင်က သူ့အဆိပ်ပညာကို အသုံးချပြီး ယုတ်ညံ့တဲ့လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တာပါ၊ သူ့ကို အရှင် မင်းကြီး လုံးဝခွင့်လွှတ်ပေးလို့ မဖြစ်ပါဘူး”

“အမှန်ပဲ၊ အရမ်းအန္တရာယ်များလွန်းတယ်”

“သူ့အဆိပ်မိထားတဲ့လူတွေ နန်းတော်ထဲမှာ ဘယ်နှစ်ယောက်လောက် ရှိနေပြီလဲ မသိနိုင်ဘူး”

ကိုယ်လုပ်တော်တွေအားလုံး တစ်ယောက်တစ်ပေါက် ဝင်ထောက်ခံလိုက်ကြသည်။

ယွဲ့လင်းကမူ တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေခဲ့ပါသည်။

ကျန်းကျီမြောင်လည်း လက်ကိုင်ပဝါကို ဆုပ်ကိုင်ရင်း ဟန်ဆောင်ပန်ဆောာင် စိတ်ပူပြလိုက်သည်။

“အမှန်ပဲ၊ ကြောက်ဖို့ကောင်းလိုက်တာနော်၊ အဲ့ဒီကိစ္စကို သေသေချာချာ မစုံစမ်းနိုင်ဘူးဆိုရင် ဒီမိဖုရား ညဘက်တွေ ကောင်းကောင်းအိပ်စက်နိုင်မှာ မဟုတ်ဘူး အဟင့် အဟင့်…”

ယွဲ့လင်း မျက်နှာချက်ချင်းပြောင်းလဲသွားပြီး နူးညံ့သိမ်မွေ့စွာ မိန့်လိုက်ပါသည်။

“ဘာမှကြောက်စရာမလိုဘူး မြောင်မြောင်၊ စုစစ်ယောင်ကို အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပြီးပြီ၊ ဒီတစ်သက်လုံး သူအဲ့ဒီထဲက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ မြောင်မြောင် မကြောက်ရအောင် ဒီနေ့ည ဖုန့်ယီနန်းဆောင်ကို ကျန်းစောစော ကြွလာခဲ့ပေးမယ်နော်”

ကျန်းကျီမြောင် : “???”

[ဒီမိဖုရားက စကားအဖြစ်ပြောတာပါ! ဘော့စ်အစုတ်ပ လုတ်က ဘာလို့ အခွင့်အရေးတစ်ခု ရသွားသလိုမျိုးကြီး လုပ်နေတာလဲ!]

ယွဲ့လင်းကို ကိုယ်လုပ်တော်များအားလုံး နားလည်ရခက် သောမျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

အရှင်မင်းကြီး…

အရှက်တရား နည်းနည်းလေးတောင် မရှိဘူးလား…

ကျန်းကျီမြောင် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။

“စုစစ်ယောင်က ရှန်းကွမ့်ပေါ်ကို စည်ပိုင်းကြီးထဲထည့်ပြီး လျှို့ဝှက်မြေအောက်ခန်းတစ်ခုထဲမှာ ဖမ်းဆီးထားခဲ့တာ ဟုတ်လား ? အဲ့ဒီ မြေအောက်ခန်းကို ဘယ်လိုများ ရှာတွေ့သွားခဲ့တာလဲ”

ကျန်းကျီမြောင် မျက်လုံးထဲ သိချင်စိတ်ဖြင့် အရောင်တောက်နေခဲ့သည်။

ထိုကူပိုးကောင်ဆိုသည့် သတ္တဝါအကြောင်းကိုလည်း ကျန်းကျီမြောင် သိချင်ပါသေးသည်။

ဒီကမ္ဘာကြီးမှာ အဲ့လို မှော်ဆန်တာတွေ တကယ်ရှိလို့လား…

သူလည်း ချစ်စရာပိုးကောင်လေးတွေ မွေးလိုက်ရင် ကောင်းမလား…

ယွဲ့လင်း ပြုံးလိုက်သည်။

“ရှန်းကွမ့်ပေါ်ရဲ့ ဇနီးက မြို့တော်ကို ရောက်လာခဲ့တာလေ၊ အပေါ်ယံကကြည့်ရင်တော့ ရှန်းကွမ့်ပေါ်ရှိနေတဲ့နေရာကို ရှာဖို့ ကူပိုးကောင်လေးတွေကို သုံးခဲ့တာပေါ့”

ကျန်းကျီမြောင် ပိုစိတ်ဝင်စားသွားခဲ့သည်။

“အပေါ်ယံကကြည့်ရင် ဟုတ်လား”

[နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတဲ့သဘောပေါ့]

ယွဲ့လင်း ရွှင်မြူးသွားပြီး ရှင်းပြလိုက်ပါသည်။

“အဲ့ဒီ ကူပိုးကောင်တွေဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာပါ၊ တကယ်ရှိရင်တောင် သခင်မဟယ်က ဘယ်လိုလုပ်အသုံး ပြုတတ်မှာလဲ၊ တကယ်တော့ အဲ့ဒီပိုးကောင်တွေက သာမန် ပိုးကောင်တွေပါ”

“စုအိမ်တော်က လူတစ်ယောက် သဲလွန်စတစ်ခုခုရသွားပြီး ရုံးတော်ကို လာတင်ပြခဲ့တာ၊ အဲ့ဒီနေရာမှာ မြေအောက်ခန်း ရှိနေမှန်း မြို့တော်ဝန်အစောကြီးကတည်းက သိထားပြီးသားပဲ၊ အဲ့တာကြောင့် ပြဿနာတွေဖြစ်နေတုန်း စုစစ်ယောင်ရဲ့ ကုတင်ဆီကို သွားတဲ့ လမ်းတစ်လျှောက် ပိုးကောင်လေးတွေ ကြိုက်နှစ်သက်တဲ့ အစာမှုန့်တွေကို ဖြူးထားခဲ့လိုက်တာ၊ အဲ့တာကြောင့် ပိုးကောင်လေးတွေက မှော်ဆန်နေသလို ခံစားခဲ့ရတာပါ”

ဆိုလိုရင်းက ကုပိုးကောင်တွေဆိုတာ အတုသာဖြစ်သည်။

ကျန်းကျီမြောင်လည်း နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ တခြားကိုယ်လုပ်တော်တွေလည်း ယွဲ့လင်းကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။

စုအိမ်တော်အတွင်းမှ သဲလွန်စရှာတွေ့ခဲ့သည့် လူတစ်ယောက်ဆိုတာလည်း အရှင်မင်းကြီးလုပ်ကြံဖန်တီးထားတာဖြစ်လိမ့်မည်။

ရှန်းကွမ့်ပေါ်ရှိနေသည့် တည်နေရာကို မိဖုရားကြီး၏ အတင်းအဖျင်းကြောင့် သိခဲ့ရတာဖြစ်သည်။ ရလဒ်တစ်ခုကို အရင်ဆုံးသိရှိခဲ့ရကာ ထိုရလဒ်ပေါ်အခြေပြုလျက် နောက်ကြောင်းပြန်ပြီး ထောင်ချောက်ဆင်ရခြင်းကအလွန် လွယ်ကူပါလိမ့်မည်။

ထင်တဲ့အတိုင်း မိဖုရားကြီးကသာ အတော်ဆုံးပဲ!!!

အားလုံး စကားတွေများနေကြစဉ် လက်ကောက်ကိုယူ ဆောင်ပြီး အစီရင်ခံဖို့အတွက် တော်ဝင်သမားတော်ချန်းကိုယ်တိုင်ကြွလာခဲ့သည်။

လက်ကောက်က နှစ်ပိုင်းပင် ကျိုးနေပါပြီ။ အထဲမှာ အဖြူရောင်အမှုန့်တချို့ကို တွေ့ခဲ့ရသည်။ ထိုအဖြူရောင် အမှုန့်တွေကို သမားတော်ချန်းက သေသေချာချာထိန်းသိမ်းထားလိုက်ပြီ ဖြစ်သည်။

တော်ဝင်သမားတော်ချန်း လေးစားသမှုဖြင့် လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး၊ စုစစ်ယောင်ကို ဒီနေ့ ဖမ်းဆီးနိုင်ခဲ့ပြီး သခင်မဟယ်ယင်းကလည်း ရှန်းကွမ့်ပေါ် ပြုစုထားတဲ့ အဆိပ်မှတ်တမ်းတစ်ခုကို ဆက်သလာခဲ့ပါတယ်၊ အဲ့ဒီမှတ်တမ်းကို ဖတ်ကြည့်ခြင်းအားဖြင့် ဒီအမှုန့်တွေက ‘အဖြူရောင်ဟင်းလင်းနယ်အမှုန့်’လို့အမည်ရမှန်း ကောက် ချက်ချနိုင်ခဲ့တယ်၊ ဒီအမှုန့်တွေက အသားနဲ့ ထိတွေ့လိုက်ရုံနဲ့ လူ့ခန္ဓာကိုယ်အတွင်းထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိတယ်”

“ဒီလက်ကောက်ကို အချိန်ကြာကြာ ဝတ်ဆင်ထားခြင်းအားဖြင့် လက်ကောက်မှာပါတဲ့ အပေါက်ကလေးတွေကတဆင့် အရေပြားနဲ့ အမှုန့်တွေ ထိတွေ့သွားပါလိမ့်မယ်၊ အစပိုင်းမှာတော့ ဝတ်ဆင်သူက စိတ်မကြည်မလင်ဖြစ်တာ၊ ကိုယ်ခန္ဓာ အားနည်းတာတွေကိုပဲ ခံစားရပါလိမ့်မယ်၊ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေအထိ အဆိပ်ရောက်ရှိသွားပြီး လမ်းလျှောက်နိုင်စွမ်း မရှိတော့တာတွေ၊ စကားပြောနိုင်စွမ်း၊ လှုပ်ရှားနိုင်စွမ်း မရှိတော့တာတွေအထိ ဖြစ်လာနိုင်တယ်၊ နောက်ဆုံးမှာတော့ ဆိုးဆိုးရွားရွား သေဆုံးသွားရတဲ့အထိ ဖြစ်နိုင်ပါတယ်”

ထိုအမှုန့်တွေအကြောင်း ကြင်ယာတော်စု သိထားပြီးသားဖြစ်သည်။

သို့သော် တော်ဝင်သမားတော်ချန်၏အသေးစိတ်ကျကျ ရှင်းပြချက်ကို နားထောင်ရင်းနဲ့ တစ်ကိုယ်လုံး ဇောချွေးများပြန်လာမိသည်။

ယခင်ဘဝတုန်းက အဆိပ်ကြောင့်သေဆုံးခဲ့ရတာ သူမရဲ့ ဇာတ်သိမ်းသာ။

သူမရဲ့ ‘ညီမတော်’ကို လုံးဝသံသယမဖြစ်ခဲ့ပါ။ သေဆုံးသည့်အချိန်အထိ ကိုယ်လုပ်တော်ရှားကိုသာ အငြှိုးထားခဲ့မိသည်။

ကံကောင်းစွာဖြင့်… ဒီဘဝမှာတော့ ဒါတွေကို ထပ်ကြုံတွေ့ရတော့မည် မဟုတ်ပေ။

“သူတပါးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလက် ကောက်ကို ဖန်တီးခဲ့တာ သေချာပါတယ်၊ ဒီလက်ကောက်ကို ဘယ်သူပိုင်ဆိုင်တာလဲ၊ ဘယ်လောက်ကြာကြာဝတ် ဆင်ထားတာလဲဆိုတာတော့ ဒီငယ်သား မသိပါဘူး အရှင် မင်းကြီး၊ ဒီလက်ကောက်ရဲ့ သားကောင်မဖြစ်သွားပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်”

တော်ဝင်သမားတော်ချန်း စိုးရိမ်ပူပန်စွာ ပြောလိုက်ပါသည်။

ကြင်ယာတော်စုကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

ကြင်ယာတော်စုလည်း အမြန်ရှင်းပြလိုက်ပါသည်။

“အဲ့ဒါ ဒီကြင်ယာတော် အနောက်နန်းဆောင်ထဲ ဝင်မလာခင်တုန်းက စုစစ်ယောင် လက်ဆောင်ပေးထားတဲ့လက် ကောက်ပါ၊ ဒီကြင်ယာတော် သုံးလလောက်ပဲ ဝတ်ခဲ့မိတာ…”

သမားတော်ချန် အနည်းငယ် စိတ်သက်သာသွားပြီးသက် ပြင်းချလိုက်သည်။

“ဒီအဆိပ် သက်ရောက်မှုရှိဖို့က အချိန်နည်းနည်းယူရတယ်၊ သုံးလလောက်နဲ့ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိနိုင်ဘူး၊ ကြင်ယာတော်စုလည်း လစဉ်လတိုင်း သွေးခုန်နှုန်း စစ်ဆေးမှုခံယူခဲ့တယ် မဟုတ်လား၊ မှတ်တမ်းတွေကို ကြည့်ရသလောက်တော့ ကြင်ယာတော်စု ကျန်းမာရေး ကောင်းမွန်ပါသေးတယ်”

“ဒါဆို တော်သေးတာပေါ့”

ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်သည်။

“တော်ဝင်သမားတော်ချန်းအတွက် အစောင့်တပ်သားတစ်ဦးကို စေလွှတ်ပေးလိုက်မယ်။ နောက်ဆုံးရအချက်အ လက်တွေကို ရုံးတော်ဆီ သွားပို့ဆောင်လိုက်ပါ”

တော်ဝင်သမားတော်ချန်း အမြန်ဆုံး အမိန့်နာခံလိုက်ပါသည်။

စံအိမ်ကြီးအောက်မှ အလောင်းများ၊ နှိပ်စက်ခံထားရသည့် ရှန်းကွမ့်ပေါ်နှင့် ဘယ်ကိုပျောက်ဆုံးသွားမှန်း မသိရသေးသည့် သူ့တပည့်နှစ်ဦး၊ ယခု ကြင်ယာတော်စု ဆက်သထားသည့် လက်ကောက်သက်သေတို့ အားလုံးကိုစုပေါင်းလိုက်လျှင်…

စုစစ်ယောင် သေဒဏ်ကျခံရမှာ ရာနှုန်းပြည့်သေချာနေပါပြီ။

လောလောဆယ် စုစစ်ယောင်နဲ့ ယွဲ့ဟွာတို့ကြားထဲမှာလည်း ပဋိပက္ခဖြစ်နေသည်။ ထို့ကြောင့် စုစစ်ယောင်ကို သေသေချာချာ စစ်ဆေးမေးမြန်းလိုက်ပါက ယွဲ့ဟွာ၏ လျှို့ဝှက်ချက်များကိုပင် သိရနိုင်သည်။

ထို့အပြင် စုစစ်ယောင်နဲ့အတူ ချန်ကျင်းမင်ကိုပါဖမ်းဆီးထားလိုက်ပြီဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ ပါးစပ်တွေကို ဆွဲဖွင့်နိုင်သရွေ့ ယွဲ့ဟွာရဲ့ လျှို့ဝှက်ချက်တွေက လျှို့ဝှက်ချက်တွေ မဖြစ်နိုင်တော့ပါ။

ယခင်တုန်းက ယွဲ့ဟွာကို ယွဲ့လင်း လက်ဖျားနဲ့တောင် မထိခဲ့ခြင်းက ဒီလိုနေ့မျိုးရောက်ရှိလာစေဖို့အတွက်ဖြစ်သည်။

ယခုတော့ အချိန်လု တိုက်ပွဲတစ်ခုဖြစ်သွားခဲ့ပါပြီ။

ယွဲ့လင်းဘက်ကပဲ ယွဲ့ဟွာရဲ့ လျှို့ဝှက်တပ်ဖွဲ့တွေကို အရင်ရှာတွေ့နိုင်မလား၊ ယွဲ့ဟွာဘက်ကပဲ အရင်ဆုံးတန်ပြန်တိုက်ခိုက်နိုင်မလားဆိုတာ မသေချာပေ။

ထိုအတွေးများနဲ့အတူ ကျန်းကျီမြောင် ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိပါသည်။

သူမ မေ့လျော့သွားတော့မလိုပင် ဖြစ်သွားသည်။ ဒီနေ့အတွက် အတင်းအဖျင်းများကို ဖတ်မကြည့်ရသေးပေ။

အစက ဖတ်ဖို့ကြံစည်နေသော်လည်း ယွဲ့လင်း ရုတ်တရက်ကြွမြန်းလာတာကြောင့် နှောင့်နှေးသွားခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် အတင်းအဖျင်းစနစ်ကို ကျန်းကျီမြောင် အမြန်ဖွင့်ကြည့်လိုက်ပါသည်။

ယနေ့အတွက် အတင်းအဖျင်းသုံးခုကတော့ ကျန်းကျီမြောင်ကို တိတ်တဆိတ် စောင့်ကြိုနေကြလေပြီ။

All Chapters