← Chapters

👑 CPU Fried

Vol. 18 Ch. 174

👑 CPU Fried

Vol. 18 Ch. 174

ပထမဆုံး အတင်းအဖျင်းကို ကျန်းကျီမြောင် ဖတ်ကြည့်လိုက်သည်။

ထို့နောက် မျက်နှာပေါ် ဇဝေဇဝါဖြစ်သွားသည့် အရိပ်အ ယောင်များ အထင်းသားပေါ်လာခဲ့လေသည်။

ယခင်ဘဝတုန်းက ခေတ်သစ်ကမ္ဘာ၏အရှုပ်အထွေးပေါင်းစုံကို ကြုံတွေ့ရဖူးသဖြင့် သူ့ကိုယ် သူအတော်လေးအတွေ့ အကြုံရှိနေပြီဟု ကျန်းကျီမြောင် ခံယူထားခဲ့တာဖြစ်သည်။

သို့သော် ပထမအတင်းအဖျင်း၏စာကြောင်းတစ်ကြောင်းကို ဖတ်ကြည့်ရုံနဲ့ သူမ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။

[ယွဲ့ဟွာက နှောင်းဧကရာဇ်မင်းကြီးရဲ့သွေးသားအရင်းမဟုတ်ဘူးတဲ့]

ဒီစာကြောင်းကတော့ အံ့ဩစရာမရှိပါ။ အားလုံးသိထားပြီးတာကြာပါပြီ။ နှောင်းဧကရာဇ်မင်းကြီး၏သမီးအရင်းက အရပ်သားတွေကြားထဲမှာရှိနေပြီး ချန်ကျင်းမင်က သူ့သားတော်နဲ့ နေရာချင်းလဲခဲ့တာဖြစ်သည်။

သို့သော်… ဒုတိယ စာကြောင်းကတော့ နားလည်ရခက်သည်။

[နှောင်းဧကရာဇ်မင်းကြီး သတ်ပစ်ခဲ့တဲ့ မွေးကင်းစကလေးကလည်း သူ့သွေးသားအရင်း မဟုတ်ဘူးတဲ့]

ထိုစာကြောင်းကြောင့် ကျန်းကျီမြောင် ကြက်သေသေသွားခဲ့တာဖြစ်သည်။

အခြားကိုယ်လုပ်တော်တွေလည်း ရီဝေသွားခဲ့ကာ ယွဲ့လင်းလည်း မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

မူရင်းဝတ္ထုထဲက ဇာတ်လမ်းအရဆို နှောင်းဧကရာဇ်မင်းကြီးက သူနှင့်မယ်တော်ကြီးတို့ရရှိထားသည့်သွေးသား အရင်းကို သတ်ပစ်ခဲ့တာဖြစ်ပြီး သူ့ ‘အချစ်စစ်’၏ ရင် သွေးလေးဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

သို့သော် နှောင်းဧကရာဇ်နှင့် ယခင်မင်းဆက်မင်းသမီးတို့ ရရှိထားသည့် သွေးသားအရင်းကိုလည်း ချန်ကျင်းမင်က သူ့သား ယွဲ့ဟွာနဲ့ အစားထိုးခဲ့ပြန်သည်။

ထို့ကြောင့် ယွဲ့ဟွာမှာ ချန်ကျင်းမင်၏သားဖြစ်ပြီး နှောင်းဧကရာဇ်မင်းကြီး၏ သွေးသားအရင်းမဟုတ်တာ အဓိပ္ပာယ်ရှိသည်။

သို့သော် နှောင်းဧကရာဇ်မင်းကြီး သတ်ပစ်ခဲ့တဲ့ မွေးကင်း စကလေးကလည်း… သူ့သွေးသားအရင်း မဟုတ်ဘူးတဲ့လား???

ယွဲ့လင်း ခေါင်းတွေထဲ တဂျီဂျီ မြည်နေပါပြီ။

အဲ့ဒီကလေးက နှောင်းဧကရာဇ်နဲ့ မယ်တော်ကြီးတို့ရထားတဲ့ သွေးသားအရင်း မဟုတ်ဘူးလား!

ထိုကလေးကို နန်းတော်ထဲက လူတွေအားလုံးရဲ့စောင့်ကြည့်မှုအောက်မှာ မွေးဖွားခဲ့တာဖြစ်သဖြင့် အစားထိုးဖို့ကလည်း ခက်ခဲပါလိမ့်မည်။

ကျန်းကျီမြောင် အတွေးတွေ တရစပ်လည်ပတ်နေခဲ့ပြီး ကြိုးထုံးတွေလို ရစ်ပတ်ချည်နှောင်ကုန်ပါပြီ။ ဦးနှောက် CPU အပူတက်ကာ လောင်ကျွမ်းမတတ် ဖြစ်နေလေပြီ။

[နေပါဦး နေပါဦး! သေချာ ပြန်ရှင်းလင်းပါရစေဦး! အဲ့ဒီကလေးကို မွေးမွေးပြီးချင်း နှောင်းဧကရာဇ်မင်းကြီးက ချစ်ဟန်ဆောင်ပြီး ခေါ်ဆောင်သွားခဲ့တာ၊ အဲ့ဒီမတိုင်ခင် လူစားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ အဲ့တာကြောင့် မယ်တော်ကြီးရဲ့သွေးသားအရင်းဆိုတာတော့ သေချာတယ်!]

[မယ်တော်ကြီးရဲ့သွေးသားအရင်းဖြစ်ပေမယ့်… နှောင်းဧကရာဇ်ရဲ့သွေးသားအရင်းမဟုတ်ဘူးဆိုတော့… ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တာပေါ့]

ကျန်းကျီမြောင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

[မယ်တော်ကြီး တခြားတစ်ယောက်နဲ့ ရထားတဲ့ ကလေးလား!!]

ကျန်းကျီမြောင် အာရုံထဲ အော်ဟစ်လိုက်မိသည်။

ခန်းဆောင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါသည်။

ခွမ်း!

အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသဖြင့် ကျန်းကျီမြောင် ခေါင်းလှည့်ကြည့်လိုက်သည်။ ယွဲ့လင်း အတွေးနွံထဲနစ်မျောသွားပြီး လက်ထဲမှာကိုင်ထားသည့် ခွက်ကိုညှစ်ခွဲလိုက်မိခြင်းဖြစ်သည်။

“အရှင်မင်းကြီး ဘာဖြစ်သွားသေးလဲ”

ကျန်းကျီမြောင် စိုးရိမ်တကြီး မေးလိုက်သည်။

ယွဲ့လင်း ရီဝေစွာ ခေါင်းခါလိုက်ပါသည်။

“ဘာမှမဖြစ်ပါဘူး… ဒီနေ့ ရာသီဥတု နည်းနည်းပူလို့ ကျန်းခေါင်းမူးနေတာ”

ကျန်းကျီမြောင် ကြောင်စီစီဖြစ်သွားခဲ့ရသည်။

ရာသီဥတုက နည်းနည်းပူတယ်ဟုတ်လား…

နေ့လို့ထိုင်လို့ကောင်းတဲ့ ဆောင်ဦးရာသီ နေ့လေးတစ်နေ့ကို…

ဘာပဲဖြစ်ဖြစ် ယွဲ့လင်းက ဘာမှမဖြစ်ဘူးဟု ဆိုသဖြင့် ယောက်ျားသိက္ခာကို ငဲ့ညှာပြီး ကျန်းကျီမြောင် အတင်းအ ဖျင်းတွေကိုသာ အာရုံပြန်စိုက်နေလိုက်ပါသည်။

[ပထမအတင်းအဖျင်းက နည်းနည်းနားလည်ရခက်ပေမယ့် သေချာစဉ်းစားကြည့်ရင်တော့… နားလည်ရခက်တုန်းပဲ!]

[ငါ့ဉာဏ်ထက်မြက်နေလို့ တော်သေးတာပေါ့! အမှန်တရားက ဒီလို… မယ်တော်ကြီးမှာ လျှို့ဝှက်အချစ်ဟောင်းတစ်ယောက်ရှိနေလိမ့်မယ်၊ သူတို့နှစ်ယောက် ဖောက်ပြန်ခဲ့ကြပြီး ကလေးရသွားတယ်! ယွဲ့ဟွာကို မယ်တော်ကြီး ဘာလို့ အဲ့လောက် ဂရုစိုက်နေရတာလဲ အခုမှနားလည်နိုင်တော့တယ်!]

[ဖြစ်ပုံက ဒီလို၊ ယွဲ့ဟွာက ချန်ကျင်းမင်ရဲ့ သားအရင်းဆိုပေမယ့် နှောင်းဧကရာဇ်မင်းကြီးက ယွဲ့ဟွာကို သူနဲ့အရင်မင်းဆက်မင်းသမီးတို့ ရထားတဲ့ ရင်သွေးလို့ ထင်နေခဲ့တာ၊ အဲ့တာကြောင့် ယွဲ့ဟွာ ထီးနန်းပိုင်ဆိုင်နိုင်ဖို့အတွက် သူနတ်ရွာမစံခင် အရာရာစီစဉ်ပေးခဲ့တာလေ]

[တစ်ဖက်က မယ်တော်ကြီးမှာလည်း အချစ်ဟောင်းလေး တစ်ယောက်ရှိနေတယ်၊ သူနဲ့ အဲ့ဒီအချစ်ဟောင်းလေးတို့ ရထားတဲ့ ရင်သွေးကို နှောင်းဧကရာဇ်မင်းကြီး အနှီးနဲ့ သတ်ပစ်လိုက်တာကို မယ်တော်ကြီး မသိရှာဘူး၊ ယွဲ့ဟွာကို သူနဲ့အချစ်ဟောင်းလေးတို့ ရထားတဲ့ ရင်သွေးလို့ မယ်တော်ကြီး ထင်နေတုန်းပဲ၊ အဲ့တာကြောင့် ယွဲ့ဟွာကို ဒီလောက်ထိ မျက်နှာလိုက်ခဲ့တာကိုး!]

[မတော်တဆမှုတွေ အမှားအယွင်းတွေ အများကြီးကြားထဲမှာ ယွဲ့ဟွာက အားလုံးရဲ့အချစ်ဆုံးလေးဖြစ်လာတာပဲ… ဒါပေမယ့် တကယ်တမ်းတော့ အားလုံးနားလည်မှုလွဲနေကြတာ၊ နောက်ဆုံးမှာ အနိုင်ရသွားတဲ့လူက ချန်ကျင်းမင် တစ်ယောက်တည်းပဲ]

ကျန်းကျီမြောင် အတော်လေးမှင်သက်နေခဲ့ပါပြီ။

နှောင်းဧကရာဇ်မင်းကြီးနဲ့ မယ်တော်ကြီးတို့… အတော်လေး ထက်မြက်ကြသည်ဟုသာ ဆိုနိုင်တော့သည်။

ယွဲ့လင်းကမူ တစ်ကိုယ်လုံး ထုံကျင်နေလေပြီ။ ငယ်စဉ်တုန်းက သူအသုံးမကျတာကြောင့် ခမည်းတော်နှင့် မယ် တော်တို့ သူ့အား မုန်းတီးခဲ့တာလားဟု ယွဲ့လင်းတွေးထင်ခဲ့မိသည်။

ထိုအချိန်တုန်းက ခံစားခဲ့ရသည့် ဝမ်းနည်းမှုတွေ နာကျင်မှုတွေကို ယခုအချိန်အထိ ယွဲ့လင်း ရံဖန်ရံခါခံစားနေရဆဲ ဖြစ်သည်။

သို့သော် ယခုတော့ သူ့တစ်ကိုယ်လုံး ထုံကျင်နေရုံသာရှိတော့သည်။

သူ အမြတ်တနိုးတန်ဖိုးထားခဲ့ပြီး ထီးနန်းအပ်နှင်းဖို့ပါ မျှော်လင့်ထားခဲ့သည့် သားဖြစ်သူက ချန်ကျင်းမင်၏ သွေးသား ဖြစ်နေတာကို နှောင်းဧကရာဇ်မင်းကြီး သိသွားခဲ့လျှင်…

သူမနှင့် အချစ်ဟောင်းတို့ရဲ့သားအရင်းကို မွေးဖွားပြီးသိပ်မကြာခင်မှာပဲ နှောင်းဧကရာ်မင်းကြီးက သတ်ပစ်ခဲ့တာကို မယ်တော်ကြီး သိသွားခဲ့လျှင်…

သူတို့နှစ်ယောက် ဘယ်လိုတုန့်ပြန်မလဲ ယွဲ့လင်း အလွန်သိချင်မိပါသည်။

တစ်ချိန်ချိန်မှာ မယ်တော်ကြီး မြေအောက်လောကကို ရောက်သွားသည့်အခါနှောင်းဧကရာဇ်မင်းကြီးနဲ့ ကျိန်းသေ ပေါက်တိုက်ပွဲဖြစ်လိမ့်မည်ဟု ယွဲ့လင်း စိတ်ကူးယဉ်မိ သည်။

‘ငတုံးကောင်! စကားတောင် မပြောချင်တော့ဘူး! ကိုယ့်သွေးသားမဟုတ်တဲ့ မျိုးမစစ်သားတစ်ယောက်ကို ဆယ်နှစ်ကျော်ကြာအောင် ပြုစုပျိုးထောင်ပေးပြီး တိုင်းပြည်ပါ ပေးအပ်ဖို့ ကြံစည်ခဲ့တာ နည်းတဲ့ သတ္တိလား!’

‘မင်းကကော ဘာထူးလို့လဲ! မင်းရဲ့မျိုးမစစ်တဲ့ သားအရင်းကို ငါ သတ်ပစ်လိုက်တာ ကြာလှပြီ! မင်းလည်း မင်းသွေး သားမဟုတ်တဲ့ မျိုးမစစ်ကို ဆယ်နှစ်ကျော်ကြာ‌အောင် ပြုစုပျိုးထောင်ပြီး မျက်နှာလိုက်ခဲ့တာပဲ မဟုတ်ဘူးလား!’

ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကုတ်ဖဲ့ဆုတ်ဖြဲကြလိမ့်မည်။ ယွဲ့လင်း အာရုံထဲမှာ ပုံရိပ်များကိုပင်မြင်ယောင်လာမိသည်။

ထိုအတွေးများကြောင့် ယွဲ့လင်း ရုတ်တရက် စိတ်သက်သာသွားခဲ့သည်။ ဝမ်းနည်းမှုကိုလည်း မခံစားရတော့ပေ။

သူက ကံဆိုးမိုးမှောင်ကျသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သော်ငြား နှောင်းဧကရာဇ်မင်းကြီးနဲ့ မယ်တော်ကြီးတို့မှာ သိပ်မထူးလှပါ။

ကျန်းကျီမြောင် ဒုတိယအတင်းအဖျင်းကို ဆက်ဖတ်ကြည့်လိုက်ပါသည်။

[စုအိမ်တော်ကနေ ယွဲ့ဟွာ ပြန်သွားတော့ ကျန်းပေစစ်တပ်ရဲ့တိုင်းမှူး တုံရှောင်းကို လျှို့ဝှက်သူလျှိုတွေကနေတဆင့် ချက်ချင်းသတင်းပို့ခဲ့တယ်တဲ့!]

ယွဲ့လင်းမျက်လုံးများ ချက်ချင်းစူးရှသွားခဲ့သည်။

မြောက်ပိုင်းရှိ တိုင်းတစ်ပါးသားတွေက တောင်းပိုင်းကို သိမ်းပိုက်ဖို့ အမြဲတမ်းကြံရွယ်နေကြတာဖြစ်သည်။ ထို့ ကြောင့် အနောက်ပိုင်းမှာ လောတိုင်းပြည်ကို ခုခံနေရသကဲ့သို့ မြောက်ပိုင်း ကာကွယ်ရေးတွေကလည်း အလွန်တ ရာအရေးပါသည်။

မြောက်ပိုင်းကို စစ်သူကြီးအန်းဟယ်ချန်းက အဓိက ကာကွယ်ပေးထားသည်။ သို့သော် သူ့စစ်တပ်တွေက နယ်စပ်ကို ကာကွယ်ပေးဖို့သာ အဓိကတာဝန်ယူထားရတာဖြစ် သည်။

မြောက်ပိုင်းဒေသသုံးခုမှာ စစ်တပ်အာဏာ ပိုင်ဆိုးထားသည့် နောက်ထပ်လူတစ်ဦး ရှိနေပါသေးသည်။ စစ်သူကြီး တုံရှောင်းပင်။ မြောက်ပိုင်းမှာ ပဋိပက္ခတွေများ ပြားသဖြင့် တုံရှောင်း၏စစ်တပ်မှာ အခြားသောစစ်သူကြီးတွေထက်ပိုကြီးမားနေခဲ့သည်။

နယ်စပ်ကို စစ်ကူပေးဖို့အတွက် တုံရှောင်းထံ ဒီလို အာဏာအပ်နှင်းထားရခြင်းဖြစ်သည်ဟု နှောင်းဧကရာဇ်မင်းကြီးကဆင်ခြေပေးခဲ့သည်။ သို့သော် ယခု သေချာစဉ်းစားကြည့်လိုက်ပါက ယွဲ့ဟွာအတွက် စစ်ကူပေးဖို့ထားခဲ့ခြင်းဖြစ်မှန်း သေချာနေပါပြီ။

နေပါဦး…

ယွဲ့လင်း ရုတ်တရက် ကြက်သေသေသွားခဲ့သည်။

ဒီအတင်းအဖျင်းတစ်ခုတည်းကိုသာ ဖတ်မိပါက ယွဲ့လင်း တခြားအတွေးဝင်မှာမဟုတ်ပါ။ သို့သော် ပထမအတင်းအ ဖျင်းနဲ့ ဆက်စပ်ကြည့်လိုက်သောအခါ…

ယွဲ့လင်း တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ မယ်တော်နှင့်တုံရှောင်းတို့ ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြဖူးသည်ဟူသော ကောလဟာလတွေကို ယွဲ့လင်းငယ်စဉ်တုန်းကကြားဖူးခဲ့သည်။

သူ့မယ်တော်အား နှောင်းဧကရာဇ်က မိဖုရားအဖြစ်ရုတ် တရက် တင်မြှောက်လိုက်တာကြောင့်သာ မဟုတ်လျှင် တုံရှောင်းနဲ့ လက်ဆက်ထိန်းမြှားဖို့ အစီအစဉ်ရှိခဲ့ခြင်းဖြစ် သည်။

ဒါဆို… မယ်တော်ကြီးရဲ့အချစ်ဟောင်းဆိုတာ… တုံရှောင်းလား???

ယွဲ့လင်း တုန်လှုပ်သွားခဲ့သည်။ သဲလွန်စတွေကို ဆက်စပ်ကြည့်သောအခါ ဖြစ်နိုင်ချေအများဆုံးက ဒါပင်။

ယွဲ့လင်းမျက်နှာ အလွန်မှောင်မိုက်သွားခဲ့ပါသည်။

ဒီလိုအရေးနိမ့်မှုကို ယွဲ့ဟွာခေါင်းငုံ့ခံနေမှာမဟုတ်မှန်း သိသာသည်။ ထို့ကြောင့် ရက်ပိုင်းအတွင်း သူ့မှာရှိသမျှ အင်အားစုတွေကို အကုန်လှုပ်ရှားပြီး ပုန်ကန်မှုစတင်လိမ့်မည်။ ယွဲ့လင်း ဒါတွေကို မျှော်မှန်းထားပြီးသားဖြစ် သည်။

လောလောဆယ် ယွဲ့ဟွာက မြို့တော်အတွင်းမှာ ရှိနေသေးသည်။ သို့သော် သူ့အင်အားစုတွေ အကုန်လုံးနီးပါးက မြို့တော်အပြင်ဘက်တွေမှာသာ ရှိနေတာဖြစ်သည်။

ယွဲ့ဟွာကို အတင်းအကြပ်ဖမ်းဆီးလိုက်ပြီး ကွပ်မျက်လိုက် ပါက ထိုအင်အားစုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့် မည်။ ယွဲ့ဟွာကို သူ့သားအရင်းမှန်း တုံရှောင်းလည်း သိနေလောက်သဖြင့် ယွဲ့ဟွာ သေဆုံးတာနဲ့တစ်ပြိုင်နက် သူချက် ချင်း ပုန်ကန်ပါလိမ့်မည်။

လောတိုင်းပြည်ကလည်း ကျားတစ်ကောင် သားရဲချောင်းသလို စောင့်ကြည့်နေသည်။ ပြည်တွင်းစစ်ဖြစ်ပွားတာနဲ့ ယုံမင်းဆက်တစ်ခုလုံး ကျဉ်းထဲကျပ်ထဲ ကျရောက်သွားတော့မည်ဖြစ်သည်။

ထို့ကြောင့် ဒီပုန်ကန်မှုကို အမြန်ဆုံး ဖိနှိပ်ပစ်မှဖြစ်လိမ့် မည်။ မဟုတ်ပါက လောတိုင်းပြည် အခွင့်ကောင်းဝင်ယူ သွားလိမ့်မည်။

တိုင်းပြည်နှစ်ခုအကြားက နယ်စပ်တွေကိုလည်း စစ်သည်အင်အားထပ်ဖြည့်တင်းဖို့လိုအပ်သည်။ လောလောဆယ် ယွဲ့လင်း ရွှေ့ပြောင်းနိုင်သည့် တပ်ဖွဲ့တွေက နည်းပါးလွန်းပါသည်။ နယ်စပ်တပ်သားတွေကို ရွှေ့ပြောင်းလို့မဖြစ်သလို တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တွေကိုလည်း သူအပြည့် အဝ မထိန်းချုပ်နိုင်သေးပါ။

တုံရှောင်း၏စစ်တပ်နှင့် မြို့တော်ကြားက အကွာအဝေးကို တွက်ဆကြည့်လိုက်လျှင် ဝေးလံခေါင်ဖျားသည့် ပြည်နယ်တပ်ဖွဲ့တွေကလည်း အချိန်မှီရောက်လာနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် အနီးနားမှာရှိနေသည့် တပ်ဖွဲ့တွေကိုသာယွဲ့လင်း လှုပ်ရှားနိုင်မည်ဖြစ်သည်။

သူတို့တွေကို ယွဲ့လင်း ကြောက်ရွံ့နေလို့မဟုတ်ပါ။ သို့သော် အမှားအယွင်းတစ်ခုလောက် လုပ်မိတာနဲ့ ကာလရှည်ကြာ စစ်ပွဲကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားနိုင်သည်။

ဒါမျိုးဖြစ်လာမှာကို ယွဲ့လင်း မလိုလားပါ။ ထို့ကြောင့် ယွဲ့ဟွာ၏ပုန်ကန်မှုကို အမြန်ဆုံးဖိနှိပ်ပစ်မှ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ယွဲ့လင်း အတွေးများ နက်နဲသွားခဲ့လေတော့ သည်။

All Chapters