← Chapters

👑 The Promise 

Vol. 18 Ch. 179

👑 The Promise 

Vol. 18 Ch. 179

ချန်ကျင်းမင် စကားကိုကြားသောအခါ တရားရေးရာဝန်ကြီးမျက်ခုံးများလှုပ်ခါသွားပြီး ခက်ထန်စွာအော်ငေါက် လိုက်သည်။

“တိတ်စမ်း!”

ထို့နောက် ထောင်မှူးများကိုလှည့်ကြည့်ကာ သူချက်ချင်း အမိန့်ပေးလိုက်ရသည်။

“မင်းတို့အားလုံး သွားလို့ရပြီ၊ ဒီနေရာကို ဘယ်သူမှ အကပ်မခံနဲ့!”

ထောင်မှူးတွေလည်း ကြားလိုက်ရသည့်စကားကြောင့် အနည်းငယ် စိတ်ချောက်ချားသွားကြသဖြင့် အမြန်အမိန့် နာခံလိုက်ကြသည်။ တစ်စက္ကန့်လေးပင် ဆက်မနေရဲတော့ဘဲ အမြန်လစ်ထွက်လာခဲ့ကြလေသည်။

“ကြောက်နေပြီလား ? သူတို့တွေ နားမထောင်ရဲပေမယ့် ခင်ဗျားကတော့ နားထောင်ရဲတယ်ပေါ့!”

ချန်ကျင်းမင် သရော်ကာ မေးလိုက်သည်။

တရားရေးရာဝန်ကြီးမျက်နှာ မှောင်မိုက်သွားခဲ့သည်။

“နှောင်းဧကရာဇ်မင်းကြီးရဲ့နာမည်အရင်းက မင်းစိတ် ကြိုက် ခေါ်ဝေါ်သုံးနှုန်းခွင့်ရှိတဲ့အရာ မဟုတ်ဘူး!”

ချန်ကျင်းမင် လှောင်ပြုံးပြုံးလိုက်သည်။

“နှောင်းဧကရာဇ်မင်းကြီးဟုတ်လား ? သူလည်း ကောင်း ကင်ဘုံရဲ့သား‌တော် ဖြစ်ခဲ့တာပဲ မဟုတ်လား၊ ဒါတောင် ငါ့လက်ထဲမှာ ရုပ်သေးရုပ်တစ်ရုပ်လို ကစားခံခဲ့ရတာပဲလေ!”

တရားရေးရာဝန်ကြီး မျက်ခုံးများလှုပ်ခါသွားသည်။

“အဲ့တာ ဘာကိုဆိုလိုတာလဲ!”

ချန်ကျင်းမင်မျက်နှာထားကမူ တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

ထို့နောက် မျက်မှောင်ကြုတ်လျက် သူ‌မေးလိုက်သည်။

“ခုနက စကားလုံးတွေကို ယွဲ့လင်းပြောခိုင်းလိုက်တာ မဟုတ်လား”

တရားရေးရာဝန်ကြီး အလွန်ဒေါသထွက်သွားပါသည်။

“အရှင်မင်းကြီးရဲ့အမည်နာမကို ခေါ်ဝေါ်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ!”

ဒီလိုအရာတွေကို ချန်ကျင်းမင် ဂရုမစိုက်တော့ပါ။ သူ့သေ ရေးရှင်ရေးကိုတောင် ချန်ကျင်းမင် ဂရုစိုက်ပုံမပေါ်တော့ချေ။

ချန်ကျင်းမင် ခေါင်းငုံ့သွားပြီး ရေရွတ်လိုက်သည်။

“ဒါဆို… ယွဲ့လင်း သိပြီးလောက်ပြီပေါ့…”

တော်ဝင်သွေးမပါရင် တော်ဝင်အိမ်တော်ရဲ့လူတစ်ယောက်ဖြစ်မလာနိုင်ဘူးတဲ့…

ထိုစကားက သူ့ကိုရည်ရွယ်ခြင်းဖြစ်သည်။

ယွဲ့ဟွာ၏မျိုးရိုးအစစ်အမှန်ကို ယွဲ့လင်းသိပြီးသားဖြစ် ကြောင်း သူ့ကို အသိပေးချင်တာဖြစ်လိမ့်မည်။

ချန်ကျင်းမင် ရင်တုန်သွားခဲ့သည်။

နှစ်ပေါင်းများစွာ သူဆောက်တည်ခဲ့ရသည့် အဆက်အ သွယ်တွေကို ယွဲ့လင်းအချိန်တိုအတွင်း ဘယ်လို သုတ်သင် ရှင်းလင်းခဲ့တာလဲဆိုတာကို မသိခဲ့သလိုမျိုး ယခုယွဲ့ဟွာ၏ ကိစ္စကိုလည်း ယွဲ့လင်းဘယ်လိုသိသွားခဲ့မှန်း ချန်ကျင်းမင် နားမလည်နိုင်ခဲ့ပေ။

သို့သော်… ချန်ကျင်းမင် နားလည်လိုက်တာ တစ်ခုတော့ရှိသည်။

ယွဲ့ဟွာ… ဒီတိုက်ပွဲမှာ အနိုင်ရဖို့အခွင့်အရေးမရှိတော့ပေ။

ချန်ကျင်းမင် ထိုင်ခုံမှာ နုံးချည့်စွာပြန်ထိုင်နေလိုက်သည်။

ယွဲ့လင်းလက်ထဲ ယထုလိုလျှို့ဝှက်ချက်မျိုး ရောက်ရှိသွားပြီဖြစ်သဖြင့် အပြင်လောကကိုဖွင့်ချပြလိုက်ဖို့ အချိန်တစ်ခုသာလိုတော့သည်။

ထိုအခါ ယွဲ့ဟွာကို မယ်တော်ကူညီပေးတော့မည်မဟုတ်ပါ။ တုံရှောင်းလည်း ယွဲ့ဟွာအတွက် အနစ်နာခံပေးတော့မှာ မဟုတ်ချေ။

တုံရှောင်း၏စစ်သည်များနှင့် မြင်းတပ်တွေမရှိဘဲ ယွဲ့ဟွာ ထီးနန်းအား မည်သို့မှ သိမ်းပိုက်နိုင်မည်မဟုတ်တော့ပေ။

နှစ်ပေါင်းများစွာ သူကြံစည်ထားခဲ့သမျှ အရာအားလုံး သဲထဲရေသွန်ဖြစ်သွားခဲ့ရပြီ။

“ကျုပ်နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ မင်းသားအန်းဟယ်မှာ သိုဝှက်ထားတဲ့ ယမ်းမှုန့်တွေ ရှိနေသေးလား ? ရှိနေသေးတယ်ဆိုရင် အဲ့ဒီ ယမ်းမှုန့်တွေ အခုဘယ်မှာလဲ”

တရားရေးရာဝန်ကြီး ဖြည်းညှင်းစွာမေးလိုက်သည်။

ခုနက ခေါင်းမာနေသည့် ပုံစံနှင့်ယှဉ်လိုက်လျှင် ယခုလက် ရှိ ချန်ကျင်းမင် အားအင်တွေအတော် ကုန်ခမ်းသွားပုံရပြီး စိတ်ဓာတ်လည်း အလွန်အမင်းကျသွားပုံပေါက်သည်။

ထို့ကြောင့် တရားရေးရာဝန်ကြီး ထပ်မေးခဲ့သည်။

ကျန်းနန်ဒေသရှိ ယွဲ့ဟွာ၏အင်အားစုများကို ကောဟွိုက် အမြစ်ပြတ် နှိမ်နင်းခဲ့ပြီးဖြစ်သည်။

တော်ဝင်ကိုယ်စောင့်တပ်ဖွဲ့အတွင်းရှိ ယွဲ့ဟွာဘက်တော် သားများကိုလည်း တစ်ယောက်ချင်း ဖယ်ရှားပစ်ခဲ့ပြီးပြီ။ ကိုယ်စောင့်တပ်ဖွဲ့အတွင်းမှာ နက်နက်ရှိုုင်းရှိုင်းပုန်းကွယ်နေသူတချို့ ရှိသော်လည်း တစ်ရက်တော့ အရှင်မင်းကြီး နာမည်အတိအကျဖော်ပြပြီး စုံစမ်းစစ်ဆေးစေခဲ့သည်။

စုံစမ်းစစ်ဆေးပြီးနောက် ထိုလူများသည် ချန်ကျင်းမင်နှင့် ပတ်သတ်မှု အမှန်တကယ်ရှိနေမှန်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ထိုလူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်သည်။

မြို့တော်အတွင်းမှာ ယွဲ့ဟွာ လျှို့ဝှက်ပျိုးထောင်ထားသည့် အင်အားစုများကိုလည်း စုစစ်ယောင်အကူအညီဖြင့် ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ယခုမူ ယွဲ့ဟွာ အားကိုးနိုင်သည့်အရာ နှစ်ခုသာရှိတော့ သည်။

တစ်ခုမှာ တုံရှောင်း၏အကူအညီဖြစ်ပြီး နောက်တစ်ခုကမူ ယမ်းမှုန့်များသာ။

တုံရှောင်းနှင့်ပတ်သတ်သည့် သတင်းအချက်အလက် ဘာမှမရရှိသေးသော်လည်း တုံရှောင်း ပုန်ကန်မှာသေချာသည်ဟု အရှင်မင်းကြီးက တပ်အပ်ပြောဆိုနေသည်။

အရှင်မင်းကြီးကိုယ်တိုင် မိန့်ကြားထားတာဖြစ်သဖြင့် မမှားယွင်းနိုင်ပါ။ ခန့်မှန်းကြည့်ရလျှင် အရှင်မင်းကြီးလည်း မိဖုရားကြီးထံမှ သတင်းကြားခဲ့ခြင်းဖြစ်လိမ့်မည်။

မိဖုရားကြီးသာ် နတ်ဘုရားတမျှအစွမ်းထက်လှသည်။

တုံရှောင်း စစ်တပ်သည် မြို့တော်နှင့် အနီးဆုံးစစ်တပ်ဖြစ် သည်။ တုံရှောင်းသာ ချီတက်လာမည်ဆိုလျှင် မြို့တော်သို့ ခုနစ်ရက်အတွင်းရောက်လာနိုင်သည်။

တုံရှောင်း၏စစ်တပ်အတွင်းမှာ ယမ်းမှုန့်တွေပိုင်ဆိုင်ထားပါက ခုခံနိုင်မည်ဆိုလျှင်တောင် အသေအပျောက်များပြား ပါလိမ့်မည်။

ယမ်းမှုန့်ဟုခေါ်သည့်အရာကို မည်သို့အသုံးပြုရမည်နည်း ဆိုသည်အား ဝူကျီးနှင့် တခြားသူများ နားလည်သွားခဲ့ကြပြီဖြစ်သည်။

သုတေသနစမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ယမ်းမှုန့်စွမ်းအားမှယ အလွန်ကြောက်မက်ဖွယ်မှန်း သူတို့ နားလည်ခဲ့ရသည်။

မြို့တော်တွေ၊ ခံတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် ထိုယမ်းမှုန့်က ကြောက်စရာကောင်းသည့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်။

ဒီတစ်ခေါက် ချန်ကျင်းမင်ကို စစ်ဆေးမေးမြန်းနေရသည့် အဓိကရည်ရွယ်ချက်က ထိုယမ်းမှုန့်တွေ ဘယ်မှာရှိနေလဲဆိုတာကို သိရှိရဖို့ဖြစ်သည်။

တစ်ကိုယ်ကောင်းဆန်သော ယွဲ့ဟွာကမူ တုံရှောင်းလက်ထဲ ထိုသို့အန္တရာယ်များသည့် လက်နက်မျိုး စောစောစီးစီး ထည့်ပေးထားမည်မဟုတ်လောက်ပေ။ ထို့ကြောင့် မြို့တော် အနီးနားတစ်ဝိုက်မှာ သိုဝှက်ထားမည်မှာသေချာသလောက်ရှိသည်။

ထိုယမ်းမှုန့်တွေကို စောစောရှာနိုင်လေလေ တိုင်းပြည်အတွက် အန္တရာယ်ပိုကင်းနိုင်လေလေပင်။

ချန်ကျင်းမင် မျက်လုံးများအနည်းငယ်ပြောင်းလဲသွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။

“ကျုပ်ပြောပြရင် ကျုပ်အတွက် ဘာအကျိုးအမြတ်ရှိမှာလဲ”

ယခင်ကလောက်တော့ ချန်ကျင်းမင် ခေါင်းမမာတော့ပါ။ သူ့စကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် ချန်ကျင်းမင် တစ်ခုခုကို သိထားမှန်းရိပ်စားမိနိုင်သည်။

တရားရေးရာဝန်ကြီးလည်း ယွဲ့လင်း မှာကြားထားသည့်အတိုင်း ဖြည်းညှင်းစွာပြောလိုက်ပါသည်။

“အခုလို အခြေအနေတွေအထိ ရောက်လာမှတော့ ယွဲ့ဟွာ အနိုင်ရမှာ မဟုတ်တော့မှန်း ခင်ဗျားသိသင့်တယ်၊ ဖြစ်လာမယ့် ပဋိပက္ခမှာ တန်ဖိုးတွေ ဘယ်လောက်ထိပေးဆပ်ရမှာလဲဆိုတာကိုပဲ စဉ်းစားဖို့လိုတော့တာ”

“အရှင်မင်းကြီးက စိတ်သဘောထားဖြူစင်တဲ့အတွက် အသေအပျောက်တွေ အများကြီးမရှိစေချင်ဘူး၊ အဲ့တာကြောင့် ယမ်းမှုန့်တွေ သိုဝှက်ထားတဲ့နေရာကို ဖော်ထုတ်ဖို့ ကျုပ်ကို တာဝန်ပေးခဲ့တာ၊ ခင်ဗျားသာ ဝန်ခံမယ်ဆိုရင် အရှင်မင်းကြီး ကတိပြုထားတယ်၊ ခင်ဗျားသေဆုံးတဲ့အခါ ဘယ်နေရာမှာ မြှုပ်နှံခွင့်ရချင်သလဲဆိုတာကို ရွေးချယ်နိုင်လိမ့်မယ်”

တရားရေးရာဝန်ကြီးသည် ယွဲ့လင်း ပြောခိုင်းသည့်အတိုင်းတသွေမတိမ်းပြောပြခဲ့ခြင်းဖြစ်သည်။

အရှင်မင်းကြီးပေးထားသည့် ညွှန်ကြားချက်များက တရားရေးရာဝန်ကြီးအတွက်တော့ နားလည်ရခက်နေသည်။ သေ ဆုံးပြီးမြှုပ်နှံရမည့်နေရာကို ရွေးချယ်ခွင့်ရစေရမည်ဟူသည့် ကတိတစ်ခုတည်းနှင့် ချန်ကျင်းမင်၏စိတ်ကို အပြောင်းအလဲဖြစ်စေနိုင်ပါ့မလား တရားရေးရာဝန်ကြီးမသေချာခဲ့ပေ။

သို့သော် ချန်ကျင်းမင်၏စိတ်မှာ အမှန်တကယ်လှုပ်ခတ်သွားခဲ့သည်။

သူ့မျက်လုံးတွေ ရုတ်တရက်ဝိုင်းစက်သွားပြီး အသံများပင် တုန်ယင်သွားခဲ့သည်။

“အဲ့တာအမှန်ပဲလား…”

“အမှန်ပဲ!”

တရားရေးရာဝန်ကြီး အမြန်ပြောလိုက်သည်။

အရှင်မင်းကြီး အမြော်အမြင် ကြီးမားလွန်းလှသည်ဟုတရားရေးရာဝန်ကြီး ရင်ထဲမှတွေးလိုက်မိသည်။ ချန်ကျင်းမင်လို လူမျိုး၏ပျော့ကွက်ကို အရှင်မင်းကြီး အမှန်တကယ်သိနေခဲ့လေသည်။

ချန်ကျင်းမင်မျက်လုံးထဲ အရိပ်အယောင်တွေပြေးသွားခဲ့သည်။

ယွဲ့လင်း ထိုသို့သောကတိမျိုး ကမ်းလှမ်းခဲ့သဖြင့် ‘ထိုကိစ္စ’ ကိုလည်း သိထားပြီးဖြစ်လောက်မည်…

အမှန်မှာ နှောင်းဧကရာဇ်မင်းကြီး၏ရုပ်အလောင်းအား တော်ဝင်သုဿန်၌ ဂူသွင်းမြှုပ်နှံထားခြင်းမဟုတ်ပေ။

ရို့ရို့သည် ယခင်မင်းဆက်၏ မင်းသမီးတစ်ပါးဖြစ်သဖြင့် ယွဲ့တော်ဝင်မိသားစုအား အလွန်တရာမုန်းတီးခဲ့သည်။ အသက်ရှိစဉ် ရို့ရို့စိတ်ကို နှောင်းဧကရာဇ်မင်းကြီး ပြောင်းလဲမပေးနိုင်ခဲ့ပေ။

နတ်ရွာစံပြီးနောက် ဧကရာဇ်မင်းကြီးဟူသည့် ဂုဏ်ကိုစွန့်ပယ်ပြီး ရို့ရို့နဲ့အတူလှပစိမ်းစိုသည့်တောင်တန်းတွေ၊ ကြည် လင်အေးမြသည့် စမ်းချောင်းတွေရှိသည့် နေရာတစ်ခုမှာ အမြှုပ်နှံခံချင်သည်ဟု ဆိုခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီး၏ လူယုံတော်ဖြစ်ခဲ့သည့်အလျောက် ထိုနေရာကို ချန်ကျင်းမင်သိနေသည်။

ချန်ကျင်းမင် အသက်ရှင်လိုသည့် ဆန္ဒမရှိတော့ပါ။ မည်သို့ပင်ဆိုစေကာမူ သူ့အား ယွဲ့လင်း ကွပ်မျက်မည်ဖြစ်မှန်းသိသည်။

သို့သော်… သူ့ရုပ်အလောင်း မြှုပ်နှံနိုင်မည့်နေရာအား ယွဲ့လင်း ရွေးချယ်ခွင့်ပေးခဲ့ခြင်းက သေဆုံးပြီးနောက် ရို့ရို့နှင့် ပြန်လည်ဆုံဆည်းခွင့်ပေးလိုက်ခြင်းပင်။

ချန်ကျင်းမင် နှုတ်ခမ်းထက်အပြုံးတစ်ခုပေါ်လာခဲ့သည်။

ဟုတ်တယ်…

ယွဲ့မို အရင်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူလည်း အမြန်လိုက်သွားမှဖြစ်ပါမည်။

အသက်ရှိစဉ် ရို့ရို့အား သူ အရင်ဆုံးဆုံတွေ့ခဲ့ရခြင်းဖြစ်သော်လည်း အဆုံးသတ်မှာမူ ရှုံးနိမ့်ခဲ့ရသည်။

တမလွန်မှာ ရို့ရို့အား ယွဲ့မို အရင်ရှာတွေ့သွားလိမ့်မည်။

သို့သော်…

ရို့ရို့နှင်ဘအတူတူ မြှုပ်နှံခွင့်ရမည်ဆိုလျှင် သူလည်း ရို့ရို့အား ရှာဖွေနိုင်မည်မှာသေချာသည်။

ထို့နောက် ဒီတစ်ခါတော့ ဘယ်သူအနိုင်ရရှိပြီး ဘယ်သူ ရှုံးနိမ့်သွားမလဲဆိုတာကို ပြတ်ပြတ်သားသားသိရဖို့အတွက် သေသေချာချာယှဉ်ပြိုင်ရလိမ့်မည်။

ချန်ကျင်းမင် အားရပါးရ ရယ်မောလိုက်သည်။

“ကောင်းပြီ၊ ယွဲ့လင်းဘက်က ကတိတည်ပေးမယ်ဆိုရင် ယမ်းမှုန့်တွေ သိုဝှက်ထားတဲ့နေရာကို ကျုပ် လိုက်ပြပေးမယ်”

“အရှင်မင်းကြီးရဲ့ အမည်နာမကို မခေါ်ဝေါ်ရဘူးလို့ ပြောနေတယ်!”

တရားရေးရာဝန်ကြီး ဟိန်းဟောက်လိုက်သည်။

“ဒီကိစ္စက အရှင်မင်းကြီးအတွက် အသေးအဖွဲကိစ္စတစ်ခုပဲ၊ ကတိမတည်စရာအကြောင်း မရှိဘူး”

ချန်ကျင်းမင်လည်း ထူးထူးခြားခြားပြုံးလိုက်သည်။

ယွဲ့လင်း…

သူလည်း ယွဲ့မိုကိုမုန်းတီးနေတာသေချာသည်။ ထို့ကြောင့် သေဆုံးပြီးတာတောင် ယွဲ့မိုအား အနှောင့်အယှက်ပေးချင်နေသေးခြင်းဖြစ်လိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ချန်ကျင်းမင်အတွက်တော့ အဆင်ပြေပါသည်။

တမလွန်ကိုရောက်ခါမှ နှောင်းဧကရာဇ် ဆယ်နှစ်ကျော်လောက် အမြတ်တနိုးတန်ဖိုးထားခဲ့ရသည့် သားတော်ယွဲ့ဟွာမှာ ချန်ကျင်းမင်ဟူသည့် သူ့သွေးသားဖြစ်နေကြောင်း ယွဲ့မိုကို ထုတ်ပြောလိုက်မည်။

ထိုအခါ ယွဲ့မို၏မျက်နှာ မည်သို့ဖြစ်သွားမလဲ ချန်ကျင်းမင်သိချင်လှပါပြီ။

ထိုအတွေးဖြင့် ချန်ကျင်းမင် စိတ်ရွှင်ပြသွားခဲ့သည်။

ယွဲ့ဟွာအတွက်ကမူ…

တကယ်တော့ သားဖြစ်သူအပေါ် ချန်ကျင်းမင်အများကြီး မျှော်လင့်မထားခဲ့ပေ။

ယွဲ့ဟွာသည် ချန်ကျင်းမင် ကျပန်းရှာဖွေခဲ့သည့် ကိုယ်လုပ် တော်တစ်ယောက်မှမွေးဖွားလာသည့် သားတစ်ယောက်မျှ သာ။

ယွဲ့ဟွာအပေါ် အခုလောက်ထိ သစ္စာစောင့်သိခဲ့ရသည်မှာ ကလဲ့စားချေချင်စိတ်ကြောင့်ပင်။

ယွဲ့ဟွာသာ နန်းတက်နိုင်ခဲ့လျှင် ယွဲ့မိုအတွက်အကြီးမားဆုံး အရှက်တကွဲအကျိုးနည်းမှုဖြစ်သွားလိမ့်မည်။

ယခုတော့ ထိုသို့မဖြစ်နိုင်တော့မှန်း ချန်ကျင်းမင်သိလိုက် ပါပြီ။ ထို့ကြောင့် အတွေးအခေါ်တွေကို ချက်ချင်းပြောင်း လဲပစ်ခဲ့သည်။

ရှင်သန်နေစဉ်မှာ မျှော်လင့်ချက်မရှိတော့သဖြင့် တမလွန်ဘဝကိုသာ မျှော်လင့်ချက်ထားတော့မည်။

ယွဲ့လင်းကလည်း သူ့ဆန္ဒကိုဖြည့်ဆည်းပေးချင်ပုံရသည်။

ဒါဆိုလည်း ရှိပါစေတော့…

All Chapters