← Chapters

👑 One Bad News After Another

Vol. 18 Ch. 180

👑 One Bad News After Another

Vol. 18 Ch. 180

တရားရေးရာဝန်ကြီးဌာန အကျဉ်းထောင်ရှေ့တွင်…

တန့်ရွှေ့လန် ခါးခါးသီးသီး စောင့်မျှော်နေဆဲဖြစ်သည်။

ဒီနေရာမှာ သူမ စောင့်နေခဲ့တာ ရက်အတော်ကြာပါပြီ။

အစာလည်းမစား၊ ရေလည်းမသောက်ခဲ့ဘဲ တစ်နေရာတည်းမှာပဲ မဆုတ်မနစ် ဆန္ဒပြခဲ့သည်။ သူမရဲ့ ဇွဲကြီးမှုကို သူမ ကိုယ်တိုင်ပင် လေးစားသွားမိပါသည်။

သူမ ဘယ်လောက်ထိ အနစ်နာခံပေးခဲ့မှန်း အစ်ကိုကျင်းမင်သာ တွေ့သွားလျှင် သူ့အပေါ်ဘယ်သူက အကောင်းဆုံးလဲဆိုတာ သိသွားပါလိမ့်မည်။

အစ်ကိုကျင်းမင်ကို ကယ်တင်ပြီးတာနဲ့ သူမတို့နှစ်ယောက် အနာဂတ်မှာ အေးအေးချမ်းချမ်းဘဝလေးတစ်ခုနဲ့ နေထိုင်နိုင်တော့မည်ဖြစ်သည်။

တန့်ရွှေ့လန် စောင့်မျှော်ရင်း စောင့်မျှော်နေခဲ့သည်။

နောက်ဆုံးတော့ သူမ စောင့်မျှော်နေခဲ့သည့်လူကို တွေ့ရှိခဲ့ရသည်။

ချန်ကျင်းမင်တစ်ယောက် လက်မှာ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရပြီး ရဲမက်တွေ ဝန်းရံလျက်ထွက်လာခဲ့သည်။

ဒါကိုမြင်တော့ တန့်ရွှေ့လန် အလွန်ရင်နာသွားခဲ့သည်။

အစ်ကိုကျင်းမင် ဆံပင်တွေ ရှုပ်ပွနေပြီး မျက်နှာတစ်ခုလုံးလည်း ရင့်ရော် ကြမ်းတမ်းနေပါသည်။ အကျဉ်းထောင်ထဲမှာ အစ်ကိုကျင်းမင် ဘယ်လောက်တောင် ဒုက္ခခံစားခဲ့ရမလဲ တန့်ရွှေ့လန်မတွေးဝံ့တော့ပါ။

အစ်ကိုကျင်းမင်ကို ကမ္ဘာကြီးတစ်ခုလုံး သစ္စာဖောက်သွားခဲ့လျှင်တောင် သူ့ဘက်မှာ သူမ အမြဲတမ်းရှိနေပေးမည်ဟု ပြောပြချင်ပါသည်။

“အစ်ကိုကျင်းမင်!”

တန့်ရွှေ့လန် မျက်ရည်များဖြင့် ပြေးလာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ချန်ကျင်းမင် ကြက်သေသေသွားခဲ့သည်။

ထို့နောက် သူပြောလိုက်ပါသည်။

“ဒီအရူးမ ဘယ်ကထွက်လာတာလဲ”

ရဲမက်တွေကလည်း တန့်ရွှေ့လန်ကို အချိန်မှီတားဆီးလိုက်ကြသည်။

“အစ်ကိုကျင်းမင်! ကျွန်မပါ ရွှေ့လန်လေ!”

တန့်ရွှေ့လန် ကြင်နာမှုအပြည့်ဖြင့် ပြောလိုက်သည်။

“အစ်ကိုကျင်းမင်အတွက် ကျွန်မဒီမှာ စောင့်နေခဲ့တာ၊ အစ် ကိုကျင်းမင် တစ်ရက်နဲ့မှ ထွက်မလာသေးရင် နောက်တစ်ရက်ထပ်စောင့်မယ်၊ ဆယ်ရက်မှထွက်မလာသေးရင်လည်း နောက်ထပ် ဆယ်ရက်ဆက်စောင့်နေမယ်လို့ ဆုံးဖြတ်ခဲ့တာ…အစ်ကိုကျင်းမင် တစ်သက်လုံးပြန်ထွက်မလာတော့ဘူးဆိုရင်တောင် ကျွန်မ တစ်သက်လုံး စောင့်နေမှာပါ…”

ပြောပြောဆိုဆိုနှင့် ရဲမက်တွေတားဆီးထားသည့်ကြားမှ တန့်ရွှေ့လန် ရအောင် ရှေ့တိုးလာခဲ့သေးသည်။

တန့်ရွှေ့လန် ဒီနေရာမှာလာစောင့်နေသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သဖြင့် ခန္ဓာကိုယ်ကလည်း အနံ့ဆိုးတွေ ထွက်နေပါပြီ။ ချန်ကျင်းမင် နှာခေါင်းအုပ်လိုက်မိပြီး ခြေ လှမ်းများပင် နောက်ဆုတ်သွားခဲ့သည်။

တန့်ရွှေ့လန် ကြက်သေသေသွားပြီး မျက်လုံးထဲဝမ်းနည်းမှုအရိပ်အယောင်များပေါ်လာခဲ့သည်။

“အစ်ကိုကျင်းမင်… ကျွန်…ကျွန်မကို မုန်းတီးနေတာလား”

ချန်ကျင်းမင် အေးစက်စွာရယ်မောလိုက်သည်။

ယခင်တုန်းက သူ့အတွက် တန့်ရွှေ့လန်အသုံးဝင်ခဲ့သဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ချော့မြူထားခဲ့ခြင်းဖြစ်သည်။

နောက်တော့ ဖောက်ပြန်မှုကိစ္စတွေ ပေါ်လာသောအခါ အန်းယွီ၏စွန့်ပစ်မှုကိုလည်း တန့်ရွှေ့လန် ခံခဲ့ရသေးသည်။ ထိုအချိန်ကတည်းက သူ့အတွက် တန့်ရွှေ့လန် တန်ဖိုးမရှိတော့ခြင်းဖြစ်သည်။

သို့သော် တန့်ရွှေ့လန် ပြဿနာရှာမည်စိုးသဖြင့် သူမအတွက် စံအိမ်တစ်လုံးစီစဉ်ပေးခဲ့သည်။ လွတ်လပ်မှုကို ချုပ်ချယ်ထားခဲ့သော်လည်း စကားလုံးလှလှလေးတွေကို အသုံးပြုပြီး တန့်ရွှေ့လန်ကိုချန်ကျင်းမင်လှည့်စားခဲ့သည်။

ထို့ကြောင့် သူမအပေါ် ချန်ကျင်းမင် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးနေသည်ဟု တန့်ရွှေ့လန် ယုံကြည်သွားခဲ့တာဖြစ် သည်။

ယခင်တုန်းက ချန်ကျင်းမင် မလုပ်ချင်သည့် လုပ်ရပ်တွေအများကြီး လုပ်ခဲ့ရသလို မပြောချင်သည့်စကားလုံးတွေကိုလည်း အများကြီးပြောခဲ့ရသည်။

ယခုတော့… ရို့ရို့နဲ့ မကြာခင် ဆုံတွေ့ရတော့မည်ဖြစ်သဖြင့် ဒီမိန်းမတွေကို ဂရုစိုက်နေစရာအကြောင်းမရှိတော့ပါ။

ချန်ကျင်းမင် မျက်လုံးထဲက ရွံရှာမုန်းတီးမှုကို မဖုံးကွယ်ခဲ့ပေ။

“မင်းက ဘယ်လိုထင်လို့လဲ ? ကိုယ့်ပုံစံ ကိုယ်လည်း ပြန်ကြည့်စမ်းပါဦး! မင်းကို မြင်လိုက်ရတာနဲ့ ငါစိတ်ရွှင်နေတာတွေတောင် ပျောက်သွားတယ်! ငါ့အတွက် စိတ်ပူပေးတယ်ဆိုရင် ကျေးဇူးပြုပြီးထွက်သွားလိုက်စမ်းပါ၊ ငါနဲ့ ဝေးဝေးမှာနေ! မင်းကို မတွေ့ရရင် အနည်းဆုံးတော့ ငါ့မျက်လုံးတွေကြည်လင်သွားလိမ့်မယ်!”

ချန်ကျင်းမင် လှောင်ပြောင်သရော်ကာပြောလိုက်သည်။

တန့်ရွှေ့လန်တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ချန်ကျင်းမင်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

အစ်ကိုကျင်းမင် အချစ်ဆုံးက သူမပါဆို…

တန့်ရွှေ့လန် အားတင်းပြီး ပြုံးကာထပ်ပြောလိုက်ပါသည်။

“ကျွန်မနားလည်ပါတယ် အစ်ကိုကျင်းမင်၊ ကျွန်မပါအပြစ် ဒဏ် ခံစားရမှာကို အစ်ကိုကျင်းမင်စိတ်ပူနေတာ မဟုတ်လား ? စိတ်မပူပါနဲ့ ကျွန်မ ဘာမှမကြောက်တော့ပါဘူး”

ချန်ကျင်းမင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“မင်းအပြစ်ဒဏ်ခံရမှာကို ငါက စိတ်ပူရမယ်ဟုတ်လား? တော်တော်အရှက်မရှိတဲ့မိန်းမပဲ! အဲ့လောက်သေချင်နေရင် သေလိုက်၊ မသေချင်ရင် ဘေးဖယ်နေ! မင်းကို မြင်နေရတဲ့ စက္ကန့်တိုင်း စက်ဆုပ်ရွံရှာမှုပဲ ခံစားရတယ်! ရှေ့လျှောက် ငါ့ရှေ့ကို ထပ်မလာခဲ့နဲ့! မဟုတ်ရင် ရို့ရို့ကို ငါရှင်းပြရခက်လိမ့်မယ်!”

ရို့ရို့ ဟုတ်လား…

ရို့ရို့က ဘယ်သူလဲ!

တန့်ရွှေ့လန်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“မင်းလိုလူမျိုး ဘယ်တော့မှယှဉ်နိုင်မှာမဟုတ်တဲ့လူပဲ”

ချန်ကျင်းမင်လှောင်ပြုံး ပြုံးလိုက်သည်။

“မင်း… ဝမ့်ဝမ်ရုန်… မင်းတို့အားလုံး ပေါင်းလိုက်ရင် တောင် သူ့လက်ချောင်းလေး တစ်ချောင်းစာကိုတောင် မမှီနိုင်ဘူး၊ ကဲပါ မင်းထွက်သွားလိုက်စမ်းပါ!”

တန့်ရွှေ့လန် ကြက်သေသေကာ မလှုပ်မယှက်ရပ်တန့်သွားခဲ့သည်။

ချန်ကျင်းမင် စိတ်မရှည်တော့ဘဲ တန့်ရွှေ့လန် ရင်ဝတည့်တည့်ကို ဆောင့်ကန်လိုက်သည်။

တန့်ရွှေလန် မြေကြီးပေါ်သို့ ရီဝေစွာလဲကျသွားခဲ့သည်။

ချန်ကျင်းမင်ကိုကြည့်ကာ တရားရေးရာဝန်ကြီးပြောလိုက် ပါသည်။

“ခင်ဗျား တော်တော်ရက်စက်တဲ့လူပဲ”

ချန်ကျင်းမင်ကတော့ အေးစက်စွာသာ ပြုံးနေခဲ့သည်။

“အရေးမပါတာတွေ မပြောနဲ့တော့! ဒီမှာ အချိန်ဖြုန်းမနေနဲ့!”

ချန်ကျင်းမင်ကို တန့်ရွှေ့လန် မှင်သက်စွာငေးကြည့်မိနေဆဲဖြစ်သည်။

သူ သိခဲ့ရသည့် ချန်ကျင်းမင်က နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိ က္ခာရှိသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော်… ထိုအရာတွေအားလုံးက မျက်နှာဖုံးတစ်ခုသာ ဖြစ်ခဲ့သည်။

ချန်ကျင်းမင်မှာ လူကြီးလူကောင်းလုံးဝ မဟုတ်ပေ…

ငရဲမှတက်လာသော မိစ္ဆာတစ်ကောင်သာ။

တရားရေးရာဝန်ကြီးဌာနမှလူတွေ ချန်ကျင်းမင်ကို အမြန်ဆုံး ခေါ်ဆောင်သွားလေတော့သည်။

-

မင်းသားအန်းဟယ်စံအိမ်တွင်…

ယွဲ့ဟွာတစ်ယောက်တည်း ခံစားချက်မဲ့စွာ သေရည်ထိုင်သောက်နေသည်။

မင်းသားအန်းဟယ်၏စံအိမ်တစ်ခုလုံးကို ယွဲ့လင်းလူတွေ လျှို့ဝှက် ဝန်းရံထားခဲ့ကြတာကြာပါပြီ။ သူလိမ်လိမ်မာမာနေလျှင် ကိစ္စမရှိသော်လည်း အပြင်ထွက်ဖို့ ကြိုးစားသည်နှင့် တားမြစ်ကြလိမ့်မည်။

လွန်ခဲ့သည့် ရက်ပိုင်းလောက်က တုံရှောင်းထံသို့ သတင်း ပါးဖို့အတွက် လျှို့ဝှက်သတင်းအချက်အလက်ဌာနမှ လူတစ်ဝက်ကျော်လောက်ကို စတေးခဲ့ရသည်။

ယခုမူ… သူ့အတွက် လွတ်လမ်းမရှိတော့ပေ။

သို့သော် သူ့ကို ဖမ်းဆီးဖို့ ယွဲ့လင်းနှောင့်နှေးနေပါသေးသည်။

ယွဲ့ဟွာ လှောင်ရယ်ရယ်လိုက်မိသည်။

သူ့အစ်ကိုတော်က အရည်အချင်းတွေကို တကယ်သိုဝှက်ထားနိုင်သူတစ်ယောက်ဖြစ်သည်။ ဒီလိုအစွမ်းအစတွေ ယွဲ့လင်း ဘယ်ကရလာသလဲဆိုတာ ယွဲ့ဟွာ မသိပါ။ နန်းတက်တာ လပိုင်းလောက်သာ ကြာသေးသော်လည်း သူ့အင်အားစုတွေ အားလုံးနီးပါးကို ယွဲ့လင်း နှိမ်နင်းနိုင်ခဲ့သည်။

သူ့ကို ချက်ချင်း မဖမ်းဆီးသေးတာက သူစိတ်သောကရောက်နေတာကို ယွဲ့လင်း အရသာခံကြည့်ရှုချင်‌တာကြောင့်သာ ဖြစ်ပါလိမ့်မည်။

သူ့ကိုယ်သူ အောင်နိုင်သူဟု ယွဲ့လင်းထင်နေလိမ့်မည်။

သို့သော်… အောင်နိုင်သူကို အခုချိန်မှာ ဆုံးဖြတ်လို့ မရနိုင်သေးပါ။

ယွဲ့ဟွာမျက်လုံးထဲ ရက်စက်ကြမ်းကြုတ်မှု အရိပ်အ ယောင်တချို့ ထင်ဟပ်လာခဲ့သည်။ သူ့မှာ အနည်းဆုံး ဝှက်ဖဲ သုံးချပ်တော့ ကျန်ရှိနေပါသေးသည်။

မကြာခင် ဒီကို တုံရှောင်း ရောက်ရှိလာလိမ့်မည်။

နောက်ထပ် ယမ်းမှုန့်တစ်သုတ်ကိုလည်း သူထုတ်လုပ်ထားသည်။ အချိန်ကျသည့်အခါ မြို့တော်တံတိုင်းတွေကို ယမ်းမှုန့်သုံးပြီး ဖောက်ခွဲပစ်ပါမည်။

နန်းတော်ထဲမှာလည်း ပြိုင်ဘက်ကင်း သိုင်းပညာရှင် မန်ကျစ်ရှိနေသေးသည်။ ထို့အပြင် မယ်တော်ကလည်း သူ့ကို အပြည့်အဝကူညီပေးပါလိမ့်မည်။

သူရှုံးနိမ့်မည်ဟု အတပ်ပြောလို့မရသေးပါ။ ထို့ကြောင့် ယွဲ့လင်း အောင်ပွဲခံတာစောလွန်းပါသေးသည်။

တုံရှောင်းရဲ့လူတွေ ရောက်ရှိလာသောအခါ ဘယ်သူက ဘယ်သူ့လက်ထဲမှာ သေဆုံးရမလဲဆိုတာ ယွဲ့ဟွာ ကောင်း ကောင်းကြီး စောင့်ကြည့်ပါဦးမည်။

“အရှင်မင်းသား”

ထိုစဉ် အနက်ရောင်ဝတ်ရုံခြုံထားသည့် လူတစ်ဦး ရောက်ရှိလာပြီး စိတ်ပူပန်စွာ လျှောက်တင်လိုက်ပါသည်။

“ဝန်ကြီးချန်… တရားရေးရာဝန်ကြီးဌာနကလူတွေနဲ့အတူ မြို့တော်ကနေ ထွက်သွားပါတယ်၊ စစ်မက်ရေးရာဝန်ကြီးကလည်း သူတို့ကို ကာကွယ်ဖို့အတွက် ရာချီတဲ့ တပ်သားတွေကို စေလွှတ်ထားတယ်၊ သူတို့ ဘယ်ကို ဦးတည်နေတာလဲ မသိခဲ့ရပါဘူး”

ယွဲ့ဟွာ မျက်လုံးများ ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

စုစစ်ယောင်ဆိုသည့် မိန်းမက သူ့ကို မဆိုင်းမတွ သစ္စာ ဖောက်ခဲ့တာ ယွဲ့ဟွာ မအံ့ဩပါ။

ချန်ကျင်းမင် အဖမ်းဆီးခံခဲ့ရသော်လည်း သူ့အပေါ် ချန်ကျင်းမင် သစ္စာဖောက်မည်မဟုတ်ကြောင်း ယွဲ့ဟွာ ယုံကြည်သည်။

ယွဲ့ဟွာအတွက် အယုံကြည်ရဆုံး လူနှစ်ယောက်က မန်ကျစ်နဲ့ ချန်ကျင်းမင်တို့ပင်။ သူ့ရင်ထဲမှာ ထိုနှစ်ယောက်၏ အဆင့်က တန်းတူနီးပါးရှိသည်။

ယခုမူ ချန်ကျင်းမင် အဲ့ဒီလူတွေကိုခေါ်ပြီး မြို့တော်ပြင်ပကို ထွက်သွားတယ်တဲ့လား…

သူ ဘာလုပ်ဖို့ ကြံနေတာလဲ!

ချန်ကျင်းမင်လည်း သူ့ကို သစ္စာဖောက်သွားပြီလား!

သေရည်ခွက်ကို ယွဲ့ဟွာ ဒေါသတကြီး ရိုက်ခွဲပစ်လိုက်သည်။

“ထပ်သိရအောင် သွားစုံစမ်းခဲ့စမ်း!”

အနက်ရောင်ဝတ်ရုံနဲ့လူ ပြူတင်းပေါက်မှတဆင့် ထွက်သွားဖို့ ပြင်သောအခါ ယွဲ့ဟွာ အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်ပါသည်။

“ခိုးကြောင်ခိုးဝှက်သွားစရာမလိုဘူး၊ ဝင်ပေါက်ကနေပဲ ထွက်၊ ယွဲ့လင်းလူတွေ မင်းကို ရည်ရွယ်ချက်ရှိရှိလွှတ်ထားတာကြောင့်သာ မဟုတ်ရင် မင်း ဒီထဲရောက်လာမှာ မဟုတ်ဘူး”

အစ်ကိုတော်က သူ့စံအိမ်ထံသို့ သတင်းဆိုးတွေတစ်ခုပြီးတစ်ခု ရည်ရွယ်ချက်ရှိရှိပို့ဆောင်နေခဲ့ခြင်းဖြစ်သည်။

ယွဲ့လင်းရဲ့ရည်ရွယ်ချက် အမှန်ပင်အောင်မြင်ခဲ့သည်။

စုစစ်ယောင်၏သစ္စာဖောက်မှုတစ်ခုတည်းကြောင့် ယွဲ့ဟွာ အတော်လေး အင်အားယုတ်လျော့သွားခဲ့သည်။ မင်းသားအန်းဟယ် စံအိမ်တစ်ခုလုံးလည်း လက်ရှိမှာ ဖိနှိပ်ခံထားရပါသည်။

ဒီကြားထဲကမှ ချန်ကျင်းမင်ပါ သူ့ကို သစ္စာဖောက်သွားလျှင်တော့…

ယွဲ့ဟွာ အံကြိတ်လိုက်မိသည်။

ထိုအမှန်တရားကို သူလက်မခံချင်သေးပါ။

နောက်ရက်တွေအတွင်းမှာ တရားရေးရာဝန်ကြီးဌာနနှင့် စစ်မက်ရေးရာဝန်ကြီးဌာနကလူတွေကို ခေါ်ဆောင်ပြီး ယမ်းမှုန့်များသိုဝှက်ထားသည့် နေရာများအား ချန်ကျင်းမင် တစ်နေရာပြီးတစ်နေရာ လိုက်ပြခဲ့လေသည်။ ထို့ ကြောင့် ယွဲ့ဟွာ ထုတ်လုပ်ထားသည့် ယမ်းမှုန့်တွေအားလုံး အချိန်တိုအတွင်း သိမ်းပိုက်ခံလိုက်ရလေတော့သည်။

ထိုသတင်းကို ကြားပြီးနောက် ယွဲ့ဟွာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ချန်ကျင်းမင်လည်း သူ့ကို သစ္စာဖောက်သွားပြီ!!

ချန်ကျင်းမင်ကို ဒီလိုစိတ်ပြောင်းလဲသွားအောင် ယွဲ့လင်း ဘယ်လိုအကွက်ရွှေ့လိုက်သလဲ ယွဲ့ဟွာ နားမလည်ပါ။

သို့သော် အခုချိန်မှာ ဒါတွေစဉ်းစားနေလို့ မထူးတော့ပေ။

“မန်ကျစ်ရှိသေးတယ်… တုံရှောင်းလည်း ရှိသေးတယ်… ငါ အောင်နိုင်ပါသေးတယ်… ငါ အောင်နိုင်သေးတယ်…”

ယွဲ့ဟွာ စိတ်အလွန်ချောက်ချားနေပြီဖြစ်ကာ တစ်ယောက် တည်း ပါးစပ်မှတတွတ်တွတ်ရေရွတ်နေမိတော့သည်။

All Chapters