← Chapters

👑 Chapter 183 👑 An Insecapable Net

Vol. 19 Ch. 183

👑 Chapter 183 👑 An Insecapable Net

Vol. 19 Ch. 183

ယွဲ့လင်းမျက်နှာ အလွန်မှောင်မိုက်သွားခဲ့သည်။

ဒီကာလအတွင်း ရှို့အန်းနန်းဆောင်ကို ဘယ်သူမှ ဝင်ထွက်သွားလာခွင့်မရှိစေဘဲ ပိတ်ဆို့ထားခဲ့ပါသည်။

ဒီလိုကာကွယ်ထားရခြင်းက ထိုပြိုင်စံရှား သိုင်းပညာရှင်ဆိုသူကြောင့်ပင်။

မြောင်မြောင့်ကို ဖုန့်ယီနန်းဆောင်သို့ ပြန်စေချင်တာကလည်း မန်ကျစ်လက်မှ သူမကို ကာကွယ်ပေးချင်တာကြောင့် ဖြစ်ပါသည်။

နန်းတော်အတွင်း မတည်မငြိမ်ဖြစ်လာဖို့ မန်ကျစ်ရည်ရွယ်ထားတာဆို သူမရဲ့ ပစ်မှတ်က ယွဲ့လင်းသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ယွဲ့လင်းရှိနေသည့်နေရာတိုင်းက မန်ကျစ်၏ ပစ်မှတ်ဖြစ်လာနိုင်ပါသည်။

ဖုန့်ယီနန်းဆောင်ကို လက်ရွေးစင်တပ်သားများ ကာကွယ်ပေးထားတာ အလကားမဟုတ်ပါ။ ထိုနေရာမှာ နေထိုင်ခြင်းက မြောင်မြောင့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မည်။

ယွဲ့လင်းအာရုံထဲ အတွေးပေါင်းစုံဝင်လာခဲ့သည်။

သူ့လက်ကို ကျန်းကျီမြောင် ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့လေသည်။ ကျန်းကျီမြောင်ကို ယွဲ့လင်း ရီဝေစွာမော့ ကြည့်လိုက်ပါသည်။

သူတို့ အတွေးချင်းဆက်နွယ်နေတာကို ယွဲ့လင်း မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူ့အတွေးတိုင်းကို မြောင်မြောင့်အား ဖုံးကွယ်ထားနိုင်မှာ မဟုတ်တော့ပါ။

ဒါဆိုလည်း ရပါတယ်…

မြောင်မြောင်က နူးညံ့သိမ်မွေ့မည့်ပုံစံပေါက်သော်လည်း အလွန်ခေါင်းမာပါသည်။ သူမ ကြံရွယ်ထားသည့် အရာမှန်သမျှကို ဖြစ်အောင် လုပ်တတ်သည်။

ယွဲ့လင်းလည်း ကျန်းကျီမြောင် လက်ကို တင်းကြပ်စွာ ပြန်ဆုပ်ကိုင်လိုက်ပါသည်။

ဒီတစ်ခေါက် သူအနိုင်ရဖို့ များသည်။

မြောင်မြောင်လည်း ရှိနေပြီဖြစ်သဖြင့် အောင်မြင်ဖို့က ရွေးချယ်ခွင့်တစ်ခု မဟုတ်တော့ပါ။ သေချာပေါက် အောင်မြင်မှ ဖြစ်လိမ့်မည်။ သူရှိနေသေးသရွေ မြောင်မြောင့်ကို နည်းနည်းလေးမှ ထိခိုက်ခွင့်မပေးနိုင်ပေ။

သူ့အတွေးသံတွေကို ကျန်းကျီမြောင် ကြားနေရမှန်း သိသဖြင့် ယွဲ့လင်း အတတ်နိုင်ဆုံး အတွေးတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့သည်။

သူ့အတွေးတွေကို ဖိနှိပ်ရင်း ယွဲ့လင်း မိန့်လိုက်ပါသည်။

“မြောင်မြောင် ဒီမှာ အလုပ်တွေ ရှုပ်လာတော့မှာမို့လို့ ဘေးမှာ ခဏလောက်စောင့်ပေးလို့ရမလား”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်သည်။

ယွဲ့လင်း အရေးကိစ္စတွေ ဆက်လက်စီမံခဲ့ပြီး ကျန်းကျီမြောင်ကတော့ ထောင့်တစ်ခုမှာ ထိုင်စောင့်နေခဲ့ပါသည်။

ကျန်းကျီမြောင်ကို နေရာချပေးပြီးနောက် ယွဲ့လင်း အမြော် အမြင်ရှိသော ဧကရာဇ်မင်းတစ်ပါးပြန်ဖြစ်သွားပြီး တည်ငြိမ်စွာ မိန့်လိုက်ပါသည်။

“မယ်တော်ကြီးက သူ့အသက်ကိုသူ ခြိမ်းခြောက်ပြီး ရှို့အန်းနန်းဆောင်ထဲက ထွက်လို့ရအောင် ကြိုးစားနေတာ၊ သူ့ကို သေခွင့်ပေးလိုက်ရင် ကျန်း သားဆိုးသားမိုက် ဖြစ်မသွားနိုင်ဘူးလား”

ယွဲ့လင်း မျက်လုံးထဲ လှောင်ပြောင်သရော်သည့် အရိပ်အ ယောင်များ ထင်ဟပ်လာခဲ့သည်။

သို့သော် မယ်တော်ကြီးကို ထွက်ခွင့်မပေးခဲ့လျှင်လည်း မန်ကျစ်က မယ်တော်ကြီးကို သတ်ပစ်လိုက်နိုင်သည်။

မယ်တော်ကြီး သေဆုံးသွားလျှင် ယွဲ့လင်းကိုယ်တိုင်ကိုယ် ကျ ကြွမြန်းရတော့မည်ဖြစ်သည်။ ထိုအခါမှ မန်ကျစ်က သူ့ကိုပါ လုပ်ကြံသတ်ဖြတ်ဖို့ နည်းလမ်းရှာဖွေကြိုးစားပါလိမ့်မည်။

ဒါက အကြောင်းပြချက် တစ်ခုသာရှိသေးသည်။ တစ်ဖက်မှာလည်း ယွဲ့လင်းက အမြဲတမ်း ခုခံနေရရုံနှင့် ကျေနပ်သူ မဟုတ်ပေ။

ထိုမန်ကျစ်က အလွန်အန္တရာယ်များလွန်းပါသည်။ သူမ ဒီနေ့ည လာဖို့ အစီအစဉ်မရှိလျှင်တောင် တုံရှောင်းတို့ စစ်တပ်ရောက်လာခင် မန်ကျစ်ကို စာရင်းရှင်းဖို့ ယွဲ့လင်း ကြံရွယ်ထားပြီးသား ဖြစ်သည်။

မန်ကျစ်ကို ရှင်းထုတ်ပြီးမှ လာမည့် ကပ်ဘေးကို ယွဲ့လင်း ယုံကြည်မှုအပြည့်ဖြင့် ရင်ဆိုင်နိုင်မှာဖြစ်သည်။

“မယ်တော်ကြီး အပင်ပန်းခံပြီး ကြွလာစရာမလိုပါဘူး” ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

“ကျန်းကိုယ်တိုင် ရှို့အန်းနန်းဆောင်ဆီကို ကြွမြန်းပေးမှာပေါ့”

တော်ဝင်ကိုယ်စောင့်တပ်သားများ အမိန့်အမြန်နာခံလိုက်ကြသည်။

ထို့နောက် ဝန်ကြီးမှူးမတ်တွေကိုကြည့်ရင်း ယွဲ့လင်း လေးလေးနက်နက် မိန့်ကြားလိုက်သည်။

“မယ်တော်ကြီးက ကျန်းနဲ့ ဆွေးနွေးစရာအရေးကိစ္စတွေ ရှိနေတယ်ထင်တယ်၊ အားလုံးဒီမှာပဲ စောင့်နေကြပါ၊ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်လာရင်…”

ဝန်ကြီးချုပ်ကျန်းကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

“ဝန်ကြီးချုပ်ကျန်းက ဦးဆောင် ဆုံးဖြတ်ပေးပါ”

အားလုံး အမိန့်နာခံလိုက်ကြသည်။

ထို့နောက် ကျန်းကျီမြောင်ကို ကြည့်လျက် ယွဲ့လင်း မိန့်လိုက်ပါသည်။

“မြောင်မြောင်လည်း…”

ကျန်းကျီမြောင် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

“အတူတူ ကြွမြန်းကြစို့ အရှင်မင်းကြီး၊ ဒီမိဖုရားလည်း မယ်တော်ကြီးနဲ့ မတွေ့ရတာကြာလို့ လွမ်းဆွတ်သတိရနေတာ”

ဒီအဖြေကို ယွဲ့လင်းမျှော်လင့်ထားပြီးသားဖြစ်သဖြင့် ပြုံးသာ ပြုံးလိုက်ပါသည်။

“ကောင်းပြီ”

သူ့အတွေးတွေကို ထိန်းချုပ်ဖို့ ယွဲ့လင်း အစွမ်းကုန်ကြိုး စားခဲ့သော်လည်း အချို့အတွေးတွေကတော့ တားဆီးမရနိုင်အောင် ပေါက်ထွက်လာခဲ့သည်။

[ခဏနေရင် မြောင်မြောင့်ကို ငါနဲ့ ခပ်ဝေးဝေးမှာခွာထားဖို့ နည်းလမ်းရှာရမယ်]

ယွဲ့လင်းကို ကျန်းကျီမြောင် ကြည့်လိုက်သည်။

[ခပ်ဝေးဝေးမှာနေရင် သက်ရောက်မှုရှိမှာ မဟုတ်ဘူး]

ယွဲ့လင်းလည်း ကျန်းကျီမြောင်ကို လှည့်ကြည့်လိုက်သည်။

[အဲ့တာ ဘာအဓိပ္ပာယ်လဲ]

ကျန်းကျီမြောင် ရှင်းပြဖို့ အစီအစဉ်မရှိဘဲ ရှေ့မှဦးဆောင်ကာ ထွက်ခွာသွားခဲ့ပါသည်။

ယွဲ့လင်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ကျန်းကျီမြောင်အနောက်မှ လိုက်သွားခဲ့ရတော့သည်။

ထွက်ခွာကြွမြန်းသွားသည့် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ကို ကြည့်ရင်း ကျန်းဝေ သက်ပြင်းချလိုက်မိပါသည်။

သူ့ရင်ထဲ အလွန်ရှုပ်ထွေးနေခဲ့သည်။ ကျန်းကျီမြောင်၏ အတွေးသံကို စကြားခဲ့ရကတည်းက ကျန်းဝေနားလည်ခဲ့ပါသည်။

ကျန်းကျီမြောင်က သူ့သမီးမဟုတ်တော့ပေ။

သူ့သမီးသည် စာအုပ်ကြီးအတိုင်း လိုက်လုပ်တတ်သူဖြစ်ပြီး ကြမ်းတမ်းခက်ထန်မှုလည်းရှိသည်။ ထို့ကြောင့် သူမခေါင်းထဲ ဒီလိုအတွေးမျိုးတွေ လုံးဝရှိနေမည်မဟုတ်ပါ။

လက်ရှိ ကျန်းကျီမြောင်ကတော့ နတ်စွမ်းအင်တွေကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အရှင်မင်းကြီးနှင့် ကြီးမြတ်သည့်ယုံမင်းဆက်အတွက် ပိုမိုသင့်လျော်သော မိဖုရားတစ်ပါးဖြစ် သည်။

သို့သော် အခွင့်အရေးတစ်ခု ရှိလာခဲ့လျှင် ကျန်းကျီမြောင်ကို သူ မေးကြည့်ချင်မိသည်။

သူ့သမီးလေး ဘယ်များရောက်သွားတာလဲ…

လောလောဆယ်တော့ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ အန္တရာယ်တွေကို အမြန်နှိမ်နင်းနိုင်ပြီး ဘေးကင်းကင်းနဲ့ ပြန်လည်ကြွမြန်းလာနိုင်ပါစေဟုသာ ကျန်းဝေ ဆုတောင်းနိုင်ခဲ့ပါသည်။

-

ရှို့အန်းနန်းဆောင်တွင်…

“အရှင်မင်းကြီးကိုယ်တိုင် ရှို့အန်းနန်းဆောင်ကို ကြွမြန်းလာမယ်ဟုတ်လား”

မယ်တော်ကြီး အံ့ဩတုန်လှုပ်သွားခဲ့သည်။

“တော်ဝင်ကိုယ်စောင့်တပ်တွေကတော့ အဲ့လိုပြောတာပဲ”

အထိန်းတော်ဖန့် တိုးညှင်းစွာ ပြောလိုက်သည်။

မယ်တော်ကြီးခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှာ ရပ်နေသည့် ‘ချိုးလီ’အား အေးစက်မှောင်မိုက်သောအကြည့်ဖြင့် ကြည့်ကာမေးလိုက်သည်။

“နင်နဲ့ ၁၀ မီတာအတွင်းမှာ ယွဲ့လင်းရှိနေရင် သူ့ကို သတ်နိုင်မယ်ဆိုတာ ရာနှုန်းပြည့်သေချာတယ်လို့ ပြောခဲ့တယ်‌ နော်၊ အခု ရှို့အန်းနန်းဆောင်ကို သူကိုယ်တိုင် ကြွလာနေပြီ၊ ဒီကိုရောက်ရင် သူ ၁၀ မီတာအတွင်းမှာပဲ ရှိနေမှာ သေချာတယ်၊ နင့်ဘက်က သေချာရဲ့လား”

မန်ကျစ် ဝံ့ကြွားစွာ ပြောလိုက်သည်။

“စိတ်ချပါ မယ်တော်ကြီး၊ ၁၀ မီတာအတွင်းမှာ ရှိနေသရွေ့ ယွဲ့လင်းကို ဘယ်သူမှ မကွာကွယ်နိုင်စေရဘူး!”

မယ်တော်ကြီး ခေါင်းညိတ်လိုက်သည်။ သူမ မျက်နှာက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

သူမရင်ထဲ တွန့်ဆုတ်မှုုတချို့ ရှိနေသော်လည်း သနားစရာ သားငယ်ဖြစ်သူကို ပြန်လည်သတိရပြီးနောက် ဆုံးဖြတ် ချက် ပြတ်သားသွားခဲ့ပါသည်။

“ကောင်းပြီ ဒါဆို… ယွဲ့လင်းကို သတ်မှဖြစ်မယ်”

ယွဲ့လင်းကို လုပ်ကြံနိုင်တာနဲ့ နန်းတော်တစ်ခုလုံး ဦးဆောင်သူမရှိတော့ဘဲ အခြေယိုင်သွားလိမ့်မည်။

ထိုအခါ တုံရှောင်း စစ်တပ်တွေ မြို့တော်အတွင်းသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး ယွဲ့ဟွာလည်း ထီးနန်းကို ပိုင်ဆိုင်သွားပါတော့မည်။

သူမလည်း တုံရှောင်းနဲ့ ပြန်လည်စုံစည်းခွင့်ရမည်ဖြစ်သည်။

ဖြစ်နိုင်လျှင်… သူမတို့ရဲ့ သံယောဇဉ်ဟောင်းတွေကို ပြန်လည်ဆက်နွယ်နိုင်မည့် အခွင့်အရေးတစ်ခု ရကောင်း ရလာနိုင်ပါသည်။

မယ်တော်ကြီးမျက်လုံးတွေထဲ မျှော်လင့်ချက် အလင်း ရောင်များ တောက်ပသွားခဲ့သည်။

ယွဲ့လင်းကလည်း သူမကိုယ်တိုင် ကိုးလလွယ်ဆယ်လဖွားမြင်ပေးခဲ့သည့် သားတော်တစ်ယောက်ပင်။ သို့သော် ယွဲ့လင်းက နှောင်းဧကရာဇ်မင်းကြီး၏သွေးသား ကံဆိုးသွားခဲ့ရသည်။

နှောင်းဧကရာဇ်မင်းကြီးသာ သူမကို အနောက်နန်းဆောင်ထဲ အတင်းအကြပ် ခေါ်မသွင်းခဲ့လျှင် တုံရှောင်းနဲ့ ရှင်ကွဲ ကွဲခဲ့ရမှာ မဟုတ်ပေ။ အိပ်ခန်းဆောင်ထဲ ညပေါင်းများစွာကို သူမတစ်ယောက်တည်း ဖြတ်သန်းခဲ့ရမည် မဟုတ်ပေ။

ယွဲ့လင်းအပေါ် မယ်တော်ကြီး မျှော်လင့်ချက်လုံးဝ မထား ခဲ့ပါ။ သူ့ရင်ထဲမှာ ယွဲ့ဟွာသာရှိသည်။

သူမ အချစ်ရဆုံးလူ၏ရင်သွေးဖြစ်သည့်အတွက် ယွဲ့ဟွာသာ ထီးနန်းကို ပိုင်ဆိုင်သင့်သည်။

ဒီလိုလုပ်ခြင်းအားဖြင့် နှောင်းဧကရာဇ်မင်းကြီးကိုလည်း ကလဲ့စားချေရာ ကျလိမ့်မည်။

ဒီနေ့ဒီအချိန်အထိ မယ်တော်ကြီး နားမလည်နိုင်ခဲ့ပါ။ အနောက်နန်းဆောင်ထဲ အတင်းအကြပ်ခေါ်ဆောင်ခဲ့သော်လည်း သူမအပေါ် နှောင်းဧကရာဇ်မင်းကြီး မေတ္တာသိပ်ရှိပုံမပေါ်ခဲ့ပေ။

ဒါဖြင့်ရင် သူမဘဝရဲ့ပျော်ရွှင်မှုကို ဘာကြောင့် အကြောင်း မဲ့ဖျက်ဆီးခဲ့ရတာလဲ!

နှောင်းဧကရာဇ်မင်းကြီး၏စိတ်ဓာတ်ကား ယုတ်ညံ့လွန်းသည်။ ထို့ကြောင့် သူ့ဘက်က ဒီလိုပြန်ယုတ်မာတာကို အပြစ်တင်လို့မရပါ။

ချိုးလီကို အထိန်းတော်ဖန့် နူးညံ့ညှင်သာသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ လက်ရှိမှာ ချိုးလီအယောင် ဟန်ဆောင်ထားသူက သူမ သမီးလေး မန်ကျစ်ဖြစ်မှန်း အထိန်းတော်ဖန့် သိပါသည်။

မင်းသားအန်းဟယ်ထံမှာ အမှုထမ်းပြီးနောက် သူမသမီးလေး ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

ဒီနေ့ အကြံအစည်တွေသာ အောင်မြင်သွားခဲ့လျှင် သူမသမီးလေးက သူရဲကောင်းတစ်ယောက် ဖြစ်သွားတော့မည် ဖြစ်ကာ ယွဲ့ဟွာ၏နှစ်သက်မြတ်နိုး အရေးပေးမှုကိုလည်း ပိုခံစားရပါလိမ့်မည်။

မန်ကျစ်ကတော့ ခံစားချက်မရှိသော မျက်လုံးများဖြင့် ဒီတိုင်း ရပ်စောင့်နေခဲ့ပါသည်။

ယွဲ့လင်းခြေသံတွေကို သူမ ကြားနိုင်နေပြီဖြစ်သည်။

ခြေသံတွေက ပိုပိုပြီး နီးကပ်လာခဲ့ပါပြီ။

မီတာ ၁၀၀ …

၅၀ မီတာ …

၃၀ မီတာ …

ပတ်ဝန်းကျင်တစ်ခုလုံးကို မန်ကျစ် အာရုံခံနိုင်သည်။

ရှို့အန်းနန်းဆောင်တစ်ခုလုံးမှာ တပ်ပုန်းတွေအများကြီး ရှိနေပါသည်။

မန်ကျစ်၏ သိုင်းပညာက ဘယ်လောက်ပဲ ထူးချွန်နေပါစေ လက်နှစ်ဖက်တည်းနဲ့ လက်ပေါင်းများစွာကို ယှဉ်နိုင်မှာ မဟုတ်ပေ။

ဒီတစ်ခေါက် အစီအစဉ်တွေစတာနဲ့ သူမအတွက် ရလဒ်က နှစ်ခုပဲရှိသည်။

ပထမရလဒ်က ယွဲ့လင်းကို အရင်သတ်ဖြတ်ပြီး မြှားမိုးတွေကြားထဲ သူမ သေဆုံးသွားဖို့ဖြစ်သည်။

ဒုတိယရလဒ်ကတော့ ယွဲ့လင်းကို သတ်ဖြတ်ဖို့ မအောင် မြင်ဘဲ မြှားမိုးတွေကြားထဲ သူမ သေဆုံးသွားဖို့ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက်က သေလမ်းတစ်ခုသာရှိသည်။ သို့သော် သူမ မသေခင် ယွဲ့လင်းကို တပါတည်း ခေါ်ဆောင်သွားနိုင်ပါက အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်ပါသည်။

ယွဲ့ဟွာအတွက် သူမ နောက်ဆုံးလုပ်ပေးနိုင်တာ ဒါပဲ ရှိသည်။

“မန်… ချိုးလီ၊ သတိထားပါနော်”။ အထိန်းတော်ဖန့်က သတိပေးလိုက်ပါသည်။

အထိန်းတော်ဖန့်ကို မန်ကျစ် တည်ငြိမ်စွာ လှည့်ကြည့်လိုက်သည်။

ဒီအမျိုးသမီးက သူမကို သူ့သမီးဟု အမြဲတမ်းထင်နေခဲ့ပြီး မကြာခဏဆိုသလို ထူးထူးဆန်းဆန်း ပစ္စည်းတွေ ပေးတတ်ပါသည်။

သူမကိုယ်တိုင် ဖန်တီးထားသည့် အဝတ်အစားများ…

သူမကိုယ်တိုင် ခက်ခက်ခဲခဲ ရှာဖွေထားသည့် ဆေးပင်ဆေးမြစ်များ…

ရံဖန်ရံခါ ပစ္စည်းအသစ်အဆန်းလေးများ…

စသည်ဖြင့် မျိုးစုံအောင် ပို့ဆောင်ပေးတတ်သည်။ ထိုပစ္စည်းတွေကို ကြည့်ရင်း မန်ကျစ်ရင်ထဲ ခံစားချက်တချို့ လှုပ်ခတ်သွားတတ်သော်လည်း ဒီ့ထက် မပိုခဲ့ပါ။

သူမရဲ့ ဘဝကို ယွဲ့ဟွာသာ ပိုင်ဆိုင်သည်။

သူမတို့အားလုံးရဲ့ ဘေးပတ်လည်မှာ လွတ်လမ်းမရှိသည့် ကျော့ကွင်းကြီးတစ်ခုကို ထောင်ထားပြီဖြစ်မှန်း ထိုအမျိုးသမီးမသိရှာပေ။ ဒါတောင် သူမသမီး ‘မန်ကျစ်’ကို ဒီကပ်ဘေးမှ လွတ်မြောက်စေချင်ပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဘဝကို ဖြတ်သန်းနိုင်စေဖို့ မျှော်လင့်ထားပုံရသည်။

ကံမကောင်းစွာဖြင့်…

အထိန်းတော်ဖန့် မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရပါတော့မည်။

All Chapters