← Chapters

👑 Chapter 184 👑 Is It Too Late?

Vol. 19 Ch. 184

👑 Chapter 184 👑 Is It Too Late?

Vol. 19 Ch. 184

အထိန်းတော်ဖန့်အတွက် မန်ကျစ် စိတ်ကိုခေတ္တလွတ်လပ်ခွင့်ပေးခဲ့သည်။

ထို့နောက် အတွေးတွေအားလုံးကို ဖယ်ရှားလိုက်ပြီး ယွဲ့လင်း၏ လှုပ်ရှားမှုတွေကိုသာ အာရုံပြန်စိုက်ထားခဲ့သည်။

သိပ်မကြာခင် သူမသတ်မှတ်ထားသည့် စည်းဝိုင်းထဲ ယွဲ့လင်း ဝင်ရောက်လာတော့မည်။

ယွဲ့လင်း ခြေသံများကို မန်ကျစ်သေသေချာချာ အာရုံစိုက် နားထောင်နေစဉ် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။

သူမ သတ်မှတ်ထားသည့် စည်းဝိုင်းထဲ ဝင်ရောက်ခါနီးတွင် ယွဲ့လင်းခြေသံများ ရုတ်တရပ် ရပ်တန့်သွားခဲ့သည်။

ယခု သူမနဲ့ ယွဲ့လင်းတို့အကြား အကွာအဝေးက မီတာ ၂၀ လောက်ရှိနေသေးသည်။ ယွဲ့လင်းကို လုပ်ကြံဖို့ အောင်မြင်နိုင်ချေက ၈၀ ရာခိုင်နှုန်းလောက်သာ။

ယွဲ့လင်း ၁၀ မီတာအတွင်း ရောက်လာမှ အောင်မြင်မှုက ၁၀၀ ရာခိုင်နှုန်းသေချာမှာဖြစ်သည်။

ယွဲ့လင်းခြေလှမ်းများ ရပ်တန့်သွားပြီး နန်းဆောင်ဝန်းကျင်တစ်ခုလုံးမှာပုန်းအောင်းနေသည့် လေးသမားတွေကို ကြည့်လိုက်သည်။ မန်ကျစ်ပေါ်လာတာနဲ့ မြားချက်တွေကြောင့် သေမှာသေချာပါသည်။

သို့သော်… ထိုမိန်းမနဲ့အတူ ယွဲ့လင်းသေဖို့ အစီအစဉ်မရှိပေ။

နန်းဆောင်အတွင်းမှာ ယွဲ့လင်းအမိန့်ပေးနိုင်သည့် အတိုက် အခိုက်ကျွမ်းကျင်သူများစွာ ရှိပါသည်။

ထို့အပြင် သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိသေးသည်။ ထိုလျှို့ဝှက်ချက်က ဒီအစီအစဉ်အောင်မြင်မှုအတွက် အချက် အချာ ကျနိုင်သည်။

ငယ်စဉ်ကတည်းက ယွဲ့လင်း သိုင်းပညာကို အတင်းအ ကြပ် သင်ယူလေ့ကျင့်ခဲ့ရသည်။ ယွဲ့လင်းကို သိုင်းပညာမှာ မဖြစ်မြောက်ခဲ့ဟု အားလုံးထင်နေခဲ့ကြသည်။

သို့သော် လက်တွေ့မှာတော့ သူ့သိုင်းပညာစွမ်းပကားကလည်း… မနိမ့်လှပေ။

နှောင်းဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့သည် ယွဲ့ဟွာကိုသာအရေးစိုက်ခဲ့ကြသဖြင့် လျှို့ဝှက်နိုင်သည့် စွမ်းရည်ဟူသမျှကို ယွဲ့လင်း လျှို့ဝှက်ထားခဲ့သည်။

ဒီနေ့တော့ ထိုလျှို့ဝှက်သိုင်းပညာများမှာ အဓိကသော့ချက် တစ်ခုဖြစ်လာနိုင်ပါသည်။

ကျန်းကျီမြောင်အား ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

ဟုတ်ပြီ…

သူ့တောင်းဆိုမှုကြောင့် မြောင်မြောင်က သူနှင့် ခပ်ခွာခွာမှာ ရပ်နေပါသည်။ သူမ ဘေးနားမှာလည်း နန်းစောင့်တပ်သားတွေ ဝန်းရံထားကြသည်။

မန်ကျစ် တိုက်ကွက်တစ်ခုထုတ်သုံးဖို့ အခွင့်အရေးတစ်ခါသာ ရလိမ့်မည်။ ထိုတိုက်ကွက်က သူ့ကိုသာ ပစ်မှတ်ထားမှာ သေချာပါသည်။

ဒီလိုအကွာအဝေးမှာဆို မြောင်မြောင် ထိခိုက်မှာ မဟုတ်ပါ။

ယွဲ့လင်းအတွက် ဒီလောက်ဆို လုံလောက်ပါပြီ။

နန်းဆောင်နဲ့ မီတာ ၂၀ အကွာအဝေးမှာ ယွဲ့လင်း ရပ်နေခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေခဲ့သည်။

နန်းဆောင်ထဲတွင်…

မန်ကျစ် အေးစက်စွာ ပြောလိုက်သည်။

“ယွဲ့လင်းခြေလှမ်းတွေ ရပ်သွားပြီ၊ သူသတိထားမိနေတဲ့ပုံစံပဲ၊ ကိုယ့်သားအရင်းကတောင် ဒီလောက်ထိ သံသယတွေဝင်နေတာ ရှင်တော်တော်အသုံးမကျတဲ့ မယ်တော်ကြီးပဲ”

မန်ကျစ်ကို မယ်တော်ကြီး ဒေါသတကြီး စိုက်ကြည့်လိုက်ပါသည်။

“နင်ဘယ်သူနဲ့ စကားပြောနေတယ် ထင်နေတာလဲ!”

မန်ကျစ်ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“အပြင်က ယွဲ့လင်းကြားအောင် ဒီ့ထက်ကျယ်ကျယ် ပြောလိုက်ဦးလေ”

သူ မကြာခင် အသေခံရတော့မှာဖြစ်သည်။ မယ်တော်ကြီးကို ဘာမှကြောက်ရွံ့နေစရာမလိုတော့ပါ။

မယ်တော်ကြီး အမျက်ဒေါသတွေအလွန်ထွက်နေသော် လည်း အခုလိုအချိန်မျိုးမှာ ဒေါသကို ချုပ်တည်းထားသင့်မှန်း နားလည်ပါသည်။

“အဲ့တာဆို ငါတို့ကို ဘာလုပ်စေချင်လို့လဲ!”

မန်ကျစ် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူဝင်မလာရင် မယ်တော်ကြီး ထွက်တွေ့လိုက်၊ ကျွန်မ အနောက်က လိုက်လာခဲ့မယ်”

ဒီနည်းလမ်းကိုလည်း အသုံးပြုလို့ရနိုင်သည်။

မယ်တော်ကြီး ခေတ္တတွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်ပါသည်။ ထို့နောက် မတ်တပ်ရပ်ကာ တံခါးဆီ လျှောက်လာခဲ့သည်။ မန်ကျစ်ကလည်း သူမနောက်မှ လိုက်လာခဲ့ပါသည်။

တံခါးရှေ့ကို ရောက်သောအခါ မယ်တော်ကြီး မျက်နှာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမမှာ မန်ကျစ်လို အတွင်းအားမျိုးတွေ မရှိပါ။ ထို့ ကြောင့် အပြင်ဘက်မှာ ဘယ်လိုလွတ်လမ်းမရှိသည့် ထောင်ချောက်တွေ ဆင်ထားမလဲဆိုတာကိုလည်း မယ်တော်ကြီး မသိနိုင်ပေ။

သို့သော် နန်းဆောင်အပြင်ဘက်ကို ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သိုင်းပညာအကြောင်း ဘာမှနားမလည်သည့် မယ်တော်ကြီးပင် အေးစက်သောခံစားချက်တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။

ထို့ကြောင့် မယ်တော်ကြီးတစ်ကိုယ်လုံး တုန်ယင်လာခဲ့ပါသည်။

“ဆက်သွားလေ! မသွားချင်ရင် ယွဲ့လင်းကို ခေါ်လိုက်!”

အနောက်မှ မန်ကျစ် ဖိအားပေးလိုက်သည်။

မယ်တော်ကြီး အံကြိတ်လျက် ယွဲ့လင်းကို လှမ်းကြည့်ကာ မေးလိုက်လေသည်။

“အရှင်မင်းကြီး နန်းဆောင်ထဲကို မကြွမြန်းဘဲ အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ”

ယွဲ့လင်းကလည်း မယ်တော်ကြီးကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်ပါသည်။

“မယ်တော်… ရှို့အန်းနန်းဆောင်ထဲ သူခိုးတစ်ယောက် ဝင်သွားတယ်လို့ မြင်တဲ့သူရှိတယ်၊ အဲ့ဒီသူခိုးကို မယ်တော်ကော မြင်မိသေးလား”

မယ်တော်ကြီးမျက်နှာ တောင့်တင်းသွားသည်။ သို့သော် စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ ပြန်မေးလိုက်ပါသည်။

“ဘယ်က သူခိုးကို ပြောနေတာလဲ ?အရှင်မင်းကြီးကို တစ်စုံတစ်ယောက်က လှည့်စားလိုက်တာများလား။ ဒီမှာ မယ်တော်တို့ အေးအေးချမ်းချမ်းပါပဲ၊ ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး”

ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ မယ်တော်၊ အဲ့ဒီမှာပဲရပ်နေပြီး လုံးဝ မလှုပ်ပါနဲ့ရှို့အန်းနန်းဆောင်ကို သားတော် အမြန်ရှာဖွေခိုင်းလိုက်ပါ့မယ်။ သူခိုးရဲ့ ခြေရာလက်ရာတစ်ခုတွေ့တာနဲ့…”

ယွဲ့လင်း လက်ကို ဝေ့ရမ်းလိုက်သည်။ ထိုအခါ ပုန်းလျှိုနေကြသည့် လေးသမားများတစ်ယောက်ပြီးတစ်ယောက် ကိုယ်ထင်ထွက်လာကြပြီး မယ်တော်ကြီးရှိရာထံသို့ မြားများ ချိန်ရွယ်ထားလိုက်ကြလေသည်။

မယ်တော်ကြီး ရင်ထဲ အေးစက်ချောက်ချားသွားပြီး အသံတွေလည်း အလွန်စူးရှသွားခဲ့သည်။

“အရှင်မင်းကြီး ဒါဘာလုပ်တာလဲ!”

“စိတ်မပူပါနဲ့ မယ်တော်၊ ဒါသူခိုးဖမ်းဖို့ ပြင်ဆင်ထားတာပါ၊အဲ့ဒီသူခိုးနဲ့ မယ်တော် ဝေးဝေးမှာနေသရွေ့ မယ်တော် ဘာမှ မဖြစ်စေရဘူးလို့ အာမခံနိုင်တယ်”

ယွဲ့လင်း အပြုံးဖြင့် မိန့်လိုက်လေသည်။

မယ်တော်ကြီး မျက်နှာအလွန်ပျက်သွားသည်။

“အဲ့သူခိုးက ဒီမယ်တော့်ဘေးမှာရှိနေတယ်ဆိုရင် သူခိုးနဲ့အတူတူ ဒီမယ်တော့်ကိုပါ သုတ်သင်မယ့်သဘောလား! အရှင်မင်းကြီး မျက်လုံးထဲမှာ ဒီမယ်တော့်ကို ကိုယ့်မယ် တော်လို့တောင် သတ်မှတ်သေးရဲ့လား!”

ယွဲ့လင်း ခပ်ပါးပါး ပြုံးလိုက်သည်။

“မယ်တော်က ဘယ်လိုထင်လို့လဲ”

မယ်တော်ကြီး ရင်ထဲ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

ယွဲ့လင်းနှလုံးသားထဲမှာ သူမကို မယ်တော်ဟု သတ်မှတ်စရာအကြောင်း မရှိတော့ပါ။ အခြားသူတွေနဲ့အတူ သူမကိုပါ အပြတ်ရှင်းဖို့ ကြံစည်နေတာဖြစ်လောက်သည်။

မယ်တော်ကြီး အံကြိတ်လျက် မေးလိုက်သည်။

“လူတွေရဲ့ ဝေဖန်ရှုတ်ချမှုကို ခံရမှာမကြောက်ဘူးလား!”

ယွဲ့လင်း ခပ်ပါးပါး ပြုံးလိုက်ပါသည်။ “ဘယ်သူက ဝေဖန်ရှုတ်ချမှာလဲ”

မယ်တော်ကြီး အမျက်ဒေါသများ ချက်ချင်းတောက်လောင်သွားခဲ့သည်။

ဟုတ်တာပေါ့… ဘယ်သူက ဝေဖန်မှာလဲ!

ဒီကလူတွေအားလုံး ယွဲ့လင်းရဲ့ လူတွေပဲဥစ္စာ!

ယွဲ့လင်း တိုးညှင်းစွာ မိန့်လိုက်သည်။

“စိတ်ချပါ မယ်တော်၊ မတော်တဆ မယ်တော် နတ်ရွာစံသွားရင် တခမ်းတနား ဂူသွင်းမြှုပ်နှံပေးမှာပါ၊ ကြီးမြတ်တဲ့ယုံမင်းဆက် မယ်တော်ကြီးတစ်ပါးရဲ့ နောက်ဆုံးခရီးလမ်းက တခမ်းတနားပဲ ဖြစ်သင့်တာပေါ့”

လရောင်အောက်မှာ ယွဲ့လင်းအပြုံးက အနည်းငယ်ကြက် သီးထစရာပင် ကောင်းနေပါသည်။

မယ်တော်ကြီး ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှထွက်မလာဘဲ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်သွားခဲ့သည်။

“မယ်တော့်နားက ချိုးလီ တစ်ခုခုမူမမှန်သလိုပဲ၊ လွှတ်ပေးလိုက်တာထက် မှားယွင်း သတ်ဖြတ်မိတာက ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အဲ့ဒီချိုးလီကို အရင်ဆုံး သတ်ကြရအောင်လား”။

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်ပြီး လေးသမားတွေကို အမိန့်ပေးဖို့ လက်ဟန်ပြင်လိုက်သည်။

“နေဦး!”

မယ်တော်ကြီး တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထကာ ခြေလှမ်းတွေနောက်ဆုတ်သွားခဲ့ပါသည်။ ထိုအခါ သူမနောက်မှာ ပုန်းကွယ်နေသည့် ချိုးလီလည်း အထင်း သား ပေါ်လာခဲ့သည်။

ထို့နောက် နန်းဆောင်ထဲ မယ်တော်ကြီး ပြန်ပြေးဝင်သွားပြီး တံခါးတွေကိုပါ ချက်ချင်းပိတ်ပစ်လိုက်သည်။

မယ်တော်ကြီး၏ သွက်လက်သော အပြုအမူများကြောင့် မန်ကျစ် မှင်သက်သွားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူမရုပ် ဖျက်ထားတာကို ယွဲ့လင်း သိနေတာသေချာပါသည်။ ဒီအခြေအနေထိတောင် ရောက်ရှိလာပြီဖြစ်သဖြင့် အောင် မြင်နိုင်ချေက ၁၀၀ ရာခိုင်နှုန်းမဟုတ်လျှင်တောင် သူမ တိုက်ခိုက်ရတော့မည်။

မန်ကျစ်၏ လက်ထဲ ဓားမြှောင်တစ်ချောင်း ရုတ်တရက်ပေါ်လာပြီး ယွဲ့လင်းထံ လျှပ်စီးလို မြန်သည့် အလျှင်ဖြင့် ပြေးလာခဲ့သည်။

လေးသမားတွေကလည်း ချက်ချင်း ပစ်လွှတ်ခဲ့ပါသည်။

သို့သော် မန်ကျစ်၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင်း မြားတွေတောင် လိုက်မမီနိုင်ပေ။

ယွဲ့လင်း အာရုံစိုက်ထားပြီး ခုခံတိုက်ခိုက်ဖို့ ပြင်လိုက်သည်။

သို့သော်…

ယွဲ့လင်းနှင့် ၁၀ မီတာအကွာလောက်ကို ရောက်နေသည့် မန်ကျစ်တစ်ယောက် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ထူးထူးဆန်းဆန်း တွန့်လိမ်ကောက်ကွေးသွားပြီး ဦးတည်ချက်ပြောင်းသွားခဲ့ပါသည်။

ယွဲ့လင်း ခေတ္တကြက်သေသေသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာ အလွန်ကျည်းတန်သွားခဲ့လေသည်။

မန်ကျစ်ပြေးသွားသည့် ဦးတည်ချက်က…

မြောင်မြောင်!

“မြောင်မြောင်!”

ယွဲ့လင်း ဘာမှမစဉ်းစားတော့ဘဲ ကျန်းကျီမြောင်ရှိရာထံ အမြန်ပြေးလာခဲ့သည်။

နန်းစောင့်တပ်သားတွေလည်း ကြက်သေသေကုန်ကြသည်။

အရှင်မင်းကြီးရဲ့ လှုပ်ရှားမှုကလည်း… သာမန်မဟုတ်အောင် မြန်ဆန်နေပါသည်။

သို့သော် မူရင်းဝတ္ထုထဲမှာတော့ မန်ကျစ်ကသာ နံပါတ်တစ်ဖြစ်သည်။ ထို့အပြင် ကျန်းကျီမြောင်ဆီကို အရင်ဆုံး ပြေးထွက်သွားတာလည်း မန်ကျစ်ဖြစ်သဖြင့် ယွဲ့လင်း လိုက်မမီခဲ့ပါ။

ကျန်းကျီမြောင်ရှေ့က အစောင့်တပ်သားတွေကို အလွယ် တကူ ထိုးဖောက်သွားသည့် မန်ကျစ်ကို ကြည့်ရင်း ယွဲ့လင်း၏ မျက်လုံးများ သွေးချင်းနီသွားခဲ့သည်။

ကျန်းကျီမြောင်ကိုသာ မန်ကျစ် အကြွင်းမဲ့ ပစ်မှတ်ထားထားပါသည်။ ကျန်းကျီမြောင်ဘေးက တပ်သားတွေကိုလည်း မန်ကျစ် တစ္တေတစ်ကောင်လို ရှောင်ရှားခဲ့သည်။ ထို့နောက် သူမလက်ထဲက ဓားမြှောင်နဲ့ ကျန်းကျီမြောင်၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်ပစ်လိုက်သည်။

ယွဲ့လင်းခန္ဓာကိုယ်ပေါ်မှ စိတ္တဇဆန်သည့် အရှိန်အဝါများဖြာထွက်လာခဲ့သည်။

မခံစားခဲ့ရတာကြာပြီဖြစ်သည့် ခေါင်းကိုက်ဝေဒနာလည်း ရုတ်တရက် ပြန်ဝင်ရောက်လာခဲ့ပါသည်။

ခေါင်းထဲက စူးရှပြင်းထန်သည့် နာကျင်မှုကြောင့် ယွဲ့လင်း သတိလစ်မတတ်ဖြစ်သွားခဲ့သည်။ သို့သော် သူ့အမြန်နှုန်းကနည်းနည်းလေးမှ လျော့ကျမသွားခဲ့ပါ။ မန်ကျစ်ကို သူလိုက်မီလုနီးပါးဖြစ်နေလေပြီ။

သို့သော်… ယွဲ့လင်း နောက်ကျသွားခဲ့သည်။

မန်ကျစ် ဓားမြှောင်အ ကျန်းကျီမြောင် ရင်ဘတ်ထဲထိုးစိုက်ပစ်ခဲ့ပါပြီ။

All Chapters