← Chapters

👑 Chapter 187 👑 When Exactly Will He Regret It?

Vol. 19 Ch. 187

👑 Chapter 187 👑 When Exactly Will He Regret It?

Vol. 19 Ch. 187

အတိတ်ကို မယ်တော်ကြီးပြန်မြင်ယောင်မိသည်။

ယခင်တုန်းက သူမအပေါ် ယွဲ့လင်း အလွန်ကောင်းခဲ့ဖူးပါသည်။

ယွဲ့လင်းက အေးတိအေးစက် မျက်နှာထားမျိုးနဲ့ မွေးဖွားလာခဲ့သူမဟုတ်ပါ။ ငယ်စဉ်တုန်းက နွေးထွေးတောက်ပပြီး သွက်လက်ချက်ချာသည့် ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။

သူ နာမကျန်းဖြစ်တိုင်း ယွဲ့လင်းက အရင်ဆုံး သတိထားမိတတ်သည်။ ကလေးအရွယ်သာရှိသေးသော်လည်း သူမ ကုတင်ဘေးမှ တဖဝါးမှမခွာဘဲ စိုးရိမ်တကြီးစောင့်နေပေးခဲ့သည်။

ကလေးတစ်ယောက် ဖြစ်နေသော်ငြား အရသာရှိသည့် အစားအသောက်တွေကို စားခါနီးတိုင်း သူမထံကို အရင်ဆုံး ယူဆောင်လာပေးတတ်သည်။ ပျော်စရာရှိတိုင်းလည်း သူမနဲ့အတူ မျှဝေပေးခဲ့သည်။

တစ်ခါတုန်းက တော်ဝင်စားဖိုဆောင်မှ ပြင်ဆင်ပေးထားသည့် ဘဲငန်းကင်က အလွန်အရသာရှိသဖြင့် မင်းညီမင်း သားများ၏နန်းဆောင်မှ မယ်တော်ကြီးနန်းဆောင်အထိ သယ်ဆောင်သွားချင်သည်ဟု ယွဲ့လင်း ပူဆာခဲ့သည်။

သို့သော် ထိုအချိန်တုန်းက ယွဲ့ဟွာလည်း မွေးဖွားလာပြီဖြစ်သည်။ မယ်တော်ကြီး ယွဲ့ဟွာနှင့်သာ အတူတူ ကစားနေခဲ့ပါသည်။

ယွဲ့လင်း အားကြိုးမန်တက် သယ်ဆောင်လာပေးသည့် ဘဲငန်းကင်ကို အစေခံတွေကိုသာ သူမ ကျွေးပစ်ခဲ့သည်။ သူ့ညီတော် ယွဲ့ဟွာက ဆီနံ့ကိုမနှစ်သက်သောကြောင့်ဟု မယ်တော်ကြီး အကြောင်းပြချက်ပေးခဲ့သည်။

ထိုကဲ့သို့ အဖြစ်အပျက်များကို ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရပြီးနောက် ငယ်ရွယ်သည့် ယွဲ့လင်းသည်ခံစားချက်တွေကို ထုတ်မပြတတ်တော့ဘဲ အခုလို အေးတိအေးစက်နိုင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် အပြင်ပန်းမှာသာ အေးစက်ခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်အနှံ့မှ အဖိုးတန်လက်ဆောင်ပဏ္ဍာတွေကို သူမထံ ယွဲ့လင်း မကြာခဏဆက်သခဲ့သည်။

သူမ နေထိုင်မကောင်းဖြစ်တိုင်းလည်း ယွဲ့လင်းအမြဲတမ်းကြွမြန်းလာပြီး သတင်းမေးမြန်းလေ့ရှိသည်။

မယ်တော်ဖြစ်သူထံမှ အသိအမှတ်ပြုမှုကို ယွဲ့လင်း လိုချင်ခဲ့တာဖြစ်မှန်း မယ်တော်ကြီး နားလည်သည်။

သို့သော်… ယွဲ့လင်းကို နွေးထွေးမှုစိုးစင်းလေးတောင် သူမ ပြန်မပေးခဲ့ပါ။

ယခု ယွဲ့လင်းနှလုံးသား အပြီးတိုင်အေးခဲသွားသည့်အခါ ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်တော့ပေ။

ယွဲ့လင်းထက် ယွဲ့ဟွာက သိတတ်လိမ္မာမှုပိုရှိသည်ဟု မယ် တော်ကြီး အမြဲတမ်းထင်ခဲ့သည်။

သို့သော် အထိန်းတော်ဖန့် စကားလုံးများက သူ့ခေါင်းထဲမှာ ပဲ့တင်သံထပ်နေဆဲဖြစ်သည်။

ယွဲ့ဟွာက… တကယ်ကော သိတတ်လိမ္မာခဲ့ရဲ့လား…

မယ်တော်ကြီး ပြန်စဉ်းစားကြည့်ခဲ့သည်။ သို့သော် ယွဲ့ဟွာပြောဖူးသည့် ချိုချိုသာသာ စကားလုံးလေးများမှအပ မယ်တော်ကြီး ဘာမှပြန်မစဉ်းစားနိုင်ခဲ့ပါ။

မယ်တော်ကြီးမျက်လုံးများ အံ့အားသင့်မှင်သက်သွားခဲ့သည်။

ယွဲ့ဟွာက ယွဲ့လင်းထက် သိတတ်လိမ္မာမှုပိုရှိတယ်လို့ သူမ ဘာကြောင့်ခံစားခဲ့ရတာလဲ…

ဧကန္တ… သူ့ရဲ့ လိပ်ပြာမလုံစိတ်ကြောင့် ဖြစ်နိုင်သည်။

ယွဲ့လင်းအပေါ် သူမ ဘာမှမပေးဆပ်ခဲ့ဖူးပါ။ သူမအပေါ် ယွဲ့လင်းဘယ်လောက်ပဲ ကောင်းပြခဲ့ပါစေ နောက်ကွယ်မှာ အကြံအစည်တစ်ခုခုရှိနေမည်ဟု မယ်တော်ကြီး အမြဲတမ်း သံသယဝင်ခဲ့သည်။

ထိုလိပ်ပြာမလုံစိတ်ကြောင့် သူမက ယွဲ့လင်း၏ မေတ္တာနဲ့ မထိုက်တန်မှန်း မသိစိတ်ထဲမှာ နားလည်နေခဲ့သည်။

ယွဲ့ဟွာအပေါ်မှာတော့ သူမရဲ့ စိတ်ဝိညာဉ် နှလုံးသားတွေအကုန် ပုံအပ်ထားခဲ့တာဖြစ်သည်။ ယွဲ့ဟွာလည်း သူမအပေါ် ဒီလိုခံစားချက် ထားလိမ့်မည်ဟု မယ်တော်ကြီး တွေးထင်ခဲ့သည်။

ယခုတော့ သူ့အထင်တွေ လွဲမှားသွားသည့်ပုံပင်…

သို့သော် သူမမှာ တခြားရွေးချယ်စရာမရှိတော့ပေ။ သူမနဲ့ ယွဲ့လင်းတို့ ရန်သူတော်တွေဖြစ်နေကြပါပြီ။

ဒီနေ့ မန်ကျစ်၏လုပ်ကြံမှုမှာ သူလည်း ပူးပေါင်းပါဝင်နေမှန်း ယွဲ့လင်းသိနေလောက်သည်။

ယွဲ့လင်း ပြန်လည်ကြွမြန်းသွားတုန်းက သူ့အား တစ်ချက်မှပင် လှည့်မကြည့်ခဲ့ချေ။

မယ်တော်ဖြစ်သည့် သူ့အပေါ် မျှော်လင့်ချက်လုံးဝ မထားတော့သည့်ပုံစံပင်။

သို့သော် ယွဲ့ဟွာကမူ…

ဘာတွေပဲဖြစ်ခဲ့ပါစေ ယွဲ့ဟွာသည် သူနှင့် တုံရှောင်းတို့၏ သွေးသားအရင်းဖြစ်သည်။

တုံရှောင်း စစ်တပ်ကလည်း မြို့တော်ရှေ့မှောက်ကို ရောက်ရှိနေပြီဖြစ်သဖြင့် ဘယ်အရာကိုမှ မတားဆီးနိုင်တော့ပါ။

ယွဲ့ဟွာ ထီးနန်းရရှိသွားလျှင် နှစ်ပေါင်းများစွာ သူမ ပေး ဆပ်ခဲ့ရတာတွေကို ပြန်ငဲ့ကြည့်မည်မှာသေချာသည်။

မယ်တော်ကြီး အချိန်အတော်ကြာအောင် မှိုင်တွေစွာထိုင်နေခဲ့မိသည်။

သူ နောင်တအနည်းငယ် ရမိတာကိုတော့ ဝန်ခံသည်။

သို့သော် နောင်တတရားက နောက်ကျမှရောက်ရှိလာခဲ့သည်။ ယခု ဘာမှ ပြောင်းလဲလို့ရမှာ မဟုတ်တော့ပါ။ အဆုံးသတ်ရလဒ်ကိုသာ တိတ်တဆိတ် ထိုင်စောင့်နေရုံရှိတော့သည်။

-

ယွဲ့လင်း၏ နန်းဆောင်တွင်…

ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ ဘေးအန္တရာယ်ကင်းကင်း ပြန်လည်ကြွမြန်းလာကြတာကိုမြင်ပြီး အားလုံးစိတ်သက် သာရာ ရသွားခဲ့ကြသည်။

ပြီးသွားပြီ…

အန္တရာယ်ကို အရှင်မင်းကြီးတို့ ရှင်းလင်းဖယ်ရှားနိုင်ခဲ့တာ သေချာပါသည်။

ယခု တုံရှောင်းကိုသာ အာရုံစိုက်ထားဖို့ လိုအပ်တော့သည်။

“မိုးတောင်လင်းတော့မှာပဲ”

ယွဲ့လင်း လေးနက်စွာပြောလိုက်သည်။

“ကျန်းကိုယ်တိုင် မြို့တော်ပြင်ပကို ကြွမြန်းမယ်”

တုံရှောင်းစစ်တပ်ကို မြို့တော်အတွင်း ဝင်ရောက်ခွင့်ပေးဖို့ ယွဲ့လင်းအစီအစဉ်မရှိပါ။ တိုင်းသူပြည်သားတွေအတွက် ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် နည်းလမ်းကိုသာ ယွဲ့လင်း ရွေးချယ်ချင်သည်။

ဒါကိုကြားတော့ ကျန်းကျီမြောင် ချက်ချင်းပြောလိုက်ပါသည်။

“ဒီမိဖုရားလည်း လိုက်ခဲ့ပါ့မယ်”

ကျန်းကျီမြောင်ကို ယွဲ့လင်း စိတ်ပျက်လက်ပျက်လှည့်ကြည့်လိုက်ပါသည်။

ကျန်းကျီမြောင် အမြန်ကတိပေးလိုက်သည်။

“ဒီမိဖုရား ဘာမှမဖြစ်စေရပါဘူး”

မန်ကျစ်သေဆုံးသွားပြီဖြစ်သော်လည်း ‘လက်ချည့်ဗလာ တိုက်ခိုက်မှုကို ရာနှုန်းပြည့်ခံယူခြင်း ရောင်ဝါ’က အာနိ သင်ရှိနေဆဲပင်။

ထို့ကြောင့် မသေဆုံးခြင်းရောင်ဝါကလည်း အာနိသင်ရှိနေနိုင်ပါသေးသည်။

ယွဲ့လင်းနောက်မှ ထပ်ကြပ်မကွာလိုက်သွားဖို့ ကျန်းကျီမြောင် ဆုံးဖြတ်ထားသည်။ ဒီရောင်ဝါကို သူမ အမှတ် ၁၀၀ ကြီးများတောင် ပေးပြီး ဝယ်ယူခဲ့ရတာဖြစ်သည်။ ထို့ကြောင့် အလကားဖြစ်သွားခွင့်မပေးနိုင်ပါ။

သို့သော် ရောင်ဝါ၏ဂုဏ်သတ္တိအသေးစိတ်ကို ကျန်းကျီမြောင် အာရုံထဲမှာမတွေးရဲခဲ့ပါ။ ယွဲ့လင်းသာ သိသွားလျှင် သူ့ကို မကောင်းဆိုးဝါးဟု ထင်သွားလိမ့်မည်။

ဝန်ထမ်းတစ်ယောက်အနေဖြင့် သူမ နားလည်မှုရှိပါသည်။ ဝန်ထမ်းတစ်ယောက် အစွမ်းအစရှိတာ ကောင်းမွန်သော် လည်း အစွမ်းအစကလွန်ကဲလွန်းနေလျှင် မနာလိုဝန်တိုမှုတွေ ရှိလာနိုင်သည်။

“မြောင်မြောင်”

ယွဲ့လင်းသက်ပြင်းချလိုက်သည်။

“လိုက်ချင်ရင် လိုက်ခဲ့လို့ရပါတယ်၊ ဒါပေမယ့် ကျန်းကို ကာကွယ်ပေးဖို့ပဲ အမြဲတမ်းစဉ်းစားမနေနဲ့၊ ကျန်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်၊ နားလည်ရဲ့လား”

ကျန်းကျီမြောင် ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်သည်။

“နားလည်ပါပြီ နားလည်ပါပြီ”

ယွဲ့လင်း မယုံကြည်ပါ။ သို့သော် ကျန်းကျီမြောင်ကိုပထုတ် ဖို့ သူ့မှာ နည်းလမ်းမရှိပေ။ ထို့ကြောင့် သူမကို အတတ်နိုင်ဆုံးဘေးကင်းလုံခြုံအောင် ကာကွယ်ပေးဖို့သာ စဉ်းစားရတော့သည်။

ယွဲ့လင်း အမိန့်ပေးလိုက်သည်။

“မယ်တော်ကြီးနဲ့ မင်းသားအန်းဟယ်တို့ နှစ်ယောက်စလုံးကို မြို့တော်ပြင်ပဆီ ခေါ်ထုတ်လာခဲ့ကြ”

အဓိပ္ပာယ်မဲ့လွန်းသည့် အတိတ်ရာဇဝင်တွေကို နိဂုံးချုပ်ချိန်တန်ပါပြီ။

-

မင်းသားအန်းဟယ်စံအိမ်တွင်…

ရုတ်တရက်ရောက်ရှိလာကြသည့် တော်ဝင်ကိုယ်ရံတော် တပ်သားတွေကို ကြည့်ရင်း ယွဲ့ဟွာမျက်လုံးထဲ မျှော်လင့် ချက် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

တုံရှောင်းစစ်တပ် မြို့တော်သို့ရောက်ရှိခါနီးပြီဖြစ်ကာ မန်ကျစ်လည်း လှုပ်ရှားစရာရှိတာ လှုပ်ရှားပြီးလောက်ပါပြီ။

မန်ကျစ်အစွမ်းအစနဲ့ဆို လုပ်ကြံသတ်ဖြတ်မှု အောင်မြင်မှာ သေချာသလောက်ရှိသည်။

အခုလို တော်ဝင်ကိုယ်ရံတော်တပ်သားတွေ ရုတ်တရက်ရောက်ရှိလာရတာက… ယွဲ့လင်းတို့ဘက်မှာ ပြဿနာ တစ်ခုခုဖြစ်သွားတာကြောင့်လား…

သူ့အစ်ကိုတော် မသေဆုံးသေးလျှင်တောင် အနည်းဆုံးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားလောက်မည်ဖြစ်သည်။

စံအိမ်ထဲဝင်ရောက်လာကြသည့် တပ်သားတွေကို ယွဲ့ဟွာ မျှော်လင့်တကြီးကြည့်လိုက်လေည်။

သို့သော် တပ်သားတွေအားလုံးက အတော်လေး တည်ငြိမ်နေကြပါသည်။ သူတို့မျက်နှာတွေပေါ် စိုးရိမ်ကြောင့်ကြမှု စိုးစင်းမျှ မတွေ့ရပေ။

ယွဲ့ဟွာစိတ်တွေလေးလံသွားပြီး နိမိတ်မရှိသလိုခံစားလာခဲ့ရသည်။

“နန်းတော်ထဲမှာတစ်ခုခုဖြစ်ခဲ့လို့လား”

ယွဲ့ဟွာ အမြန်မေးလိုက်ပါသည်။

တပ်မှူးက ယွဲ့ဟွာကို ခံစားချက်မဲ့စွာကြည့်ရင်း လျှောက်တင်လိုက်သည်။

“စိတ်မပူပါနဲ့ မင်းသားအန်းဟယ်၊ ရှို့အန်းနန်းဆောင်အတွင်းကို လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဝင်ရောက် လာပေမယ့် နေရာမှာပဲ မြားနဲ့ ပစ်သတ်ခြင်းကိုခံခဲ့ရပါတယ်”

မြားနဲ့ပစ်သတ်ခံလိုက်ရတယ်တဲ့!

ယွဲ့ဟွာမျက်လုံးများ အလွန်တုန်လှုပ်သွားခဲ့သည်။

ထို့နောက် စိတ်မရှည်စွာ မေးမြန်းလိုက်သည်။

“နန်းတော်ထဲကလူတွေကော…. သူတို့အဆင်ပြေရဲ့လား!’

တပ်မှူးက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မင်းသားအန်းဟယ်က အရှင်မင်းကြီးအတွက် စိတ်ပူပေးနေတာဖြစ်မယ်၊ စိတ်ချပါမင်းသားအန်းဟယ်၊ အဲ့ဒီလုပ်ကြံသတ်ဖြတ်သူက တော်တော်လေး ညံ့ဖျင်းလွန်းလို့ အရှင် မင်းကြီး ဘာဒဏ်ရာမှ မရရှိဘဲ ဘေးကင်းခဲ့ပါတယ်”

ဘာဒဏ်ရာမှ မရရှိဘူးတဲ့လား!

ယွဲ့ဟွာ ကြက်သေသေသွားခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!!

သူ့ရင်ထဲ ဒေါသများတလိပ်လိပ်တက်လာခဲ့သည်။

မန်ကျစ်တော်တော် အသုံးမကျတာပါလား!

သူ သေသွားတာ ကိစ္စမရှိပေမယ့် ယွဲ့လင်းကိုပါ ဘာလို့တပါတည်း ခေါ်မသွားရတာလဲ!

အသုံးမကျဘူး! သုံးစားလို့ကိုမရဘူး!

သူ့ဘေးက လူတွေအားလုံး အလွန်ညံ့ဖျင်းကြသည်။

“မင်းသားအန်းဟယ်… တုံရှောင်းရဲ့ကျူးကျော်တပ်တွေ ရောက်ရှိလာပါပြီ၊ အရှင်မင်းကြီးက စစ်မြေပြင်ကို ကိုယ် တိုင်ကြီးကြပ်ဖို့ ဆုံးဖြတ်ထားတယ်၊ မင်းသားအန်းဟယ်ကိုလည်း အထူးတလည် ဖိတ်ကြားခိုင်းလိုက်ပါတယ်”

တပ်မှူးက ဆိုသည်။

ယွဲ့ဟွာမျက်နှာ အလွန်ပျက်သွားပါသည်။ သူဘယ်မှမသွားချင်ပါ။ နောက်ကွယ်မှာ ပုန်းအောင်းပြီး အကျိုးအမြတ်ကိုသာ ခံစားချင်တာဖြစ်သည်။

သို့သော် လောလောဆယ် ယွဲ့လင်းကို အနိုင်ယူဖို့ သူ့ဆီမှာ တုံရှောင်းကလွဲပြီး တခြားဘာဝှက်ဖဲမှ မကျန်တော့ပေ။

ထို့ကြောင့် ယွဲ့ဟွာ တွန့်ဆုတ်စွာ အမိန့်နာခံလိုက်ရပါသည်။ ထို့နောက် ယွဲ့ဟွာကို ခေါ်ဆောင်သွားဖို့တပ်သားများ အသင့်ပြင်လိုက်သည်။

ထိုစဉ်ရုတ်တရက်ဆိုသလို လူဟုမထင်ရလောက်အောင် တစ်ကိုယ်လုံး ဖောင်းကားဝဖြီးနေသည့် အမျိုးသမီးတစ်ဦး ပြေးထွက်လာခဲ့သည်။

ထိုအမျိုးသမီးက တပ်မှူးကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်ပါသည်။

“အရှင်မင်းကြီးဘယ်မှာလဲ ? သူနောင်တမရသေးဘူးလား”

တပ်မှူးခမျာ လန့်ဖျပ်သွားခဲ့သည်။

ဒါ ဘယ်သူကြီးလဲ!

လင်းချင်ချင် စိတ်သောကရောက်စွာ ဆက်ပြောလိုက်ပါသည်။

“ကျွန်မလေ! အရှင်မင်းကြီးရဲ့ ရံရွေတော်လင်းပါ! အရှင် မင်းကြီး ရင်ကွဲခံပြီး ကျွန်မကို မင်းသားအန်းဟယ်လက်ထဲ ထည့်ပေးခဲ့တာ၊ သူအခု နောင်တတွေ ထောင်သောင်းမက ရနေလောက်ရောပေါ၊ ကျွန်မကို ပြန်ခေါ်ဖို့ အရှင်မင်းကြီးကို လျှောက်တင်ပေးစမ်းပါ!”

“နှလုံးသားထဲက ခံစားချက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပါပြီ၊ ကျွန်မ အမှန်တကယ်ချစ်မြတ်နိုးတဲ့သူက ယွဲ့ဟွာမဟုတ်ဘူး၊ အရှင်မင်းကြီးပါပဲ!”

တပ်မှူးကို လင်းချင်ချင် မျှော်လင့်ချက်အပြည့်ဖြင့်ငေးကြည့်လိုက်သည်။

တပ်မှူး ဆွံ့အသွားခဲ့သည်။

ဒီမိန်းမ ဘာတွေလာပြောနေတာလဲ!

အရှင်မင်းကြီးမှာ မိဖုရားကြီးရှိပြီးသားပဲဥစ္စာ!

ဒီမိန်းမက အရှင်မင်းကြီးနဲ့ ဘာဆိုင်သေးလို့လဲ!

တပ်မှူးလည်း ဘာမှအရေးမစိုက်တော့ဘဲ လက်ကိုဝှေ့ရမ်းကာအမိန့်ပေးလိုက်ပါသည်။

“သွားကြစို့!”

ထို့နောက် ယွဲ့ဟွာကိုခေါ်ဆောင်ပြီး အားလုံး ထွက်ခွာသွားလေတော့သည်။ လင်းချင်ချင် အနောက်မှပြေးလိုက်ချင်မိသော်လည်း သူ့ကို ထိန်းချုပ်ထားခဲ့ကြသည်။

လင်းချင်ချင် အကြီးအကျယ် စိတ်သောကရောက်သွားခဲ့သည်။

သူ စောင့်နေခဲ့တာကြာပြီလေ…

အရှင်မင်းကြီး ဘယ်အချိန်ကျမှ နောင်တရမှာလဲ!

All Chapters