အလုပ်ကြိုးစားသော ရွှီချင်း ( ၂ )
Vol. 8 Ch. 106
ပထမမင်းသားသည် အခြေတည်အဆင့်တွင် ရှိစဉ်အခါက အဆင့်တူ လူများစွာကို သတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်မဟုတ်သည့် မျိုးနွယ်လေးများစွာကို ချေမှုန်းခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးတွင် တောင်ထိပ်အသီးသီး၏ တပည့်ရင်းများအနက် အဆင့်နှစ် ရှိသူဖြစ်သည်။
စကားဝိုင်းထဲကို ပန်းသီးစားနေသော အမှတ်ခြောက်အသင်းခေါင်းဆောင်က တိတိကျကျ ဝင်ရောက်ထောက်ပြပြောဆိုလိုက်သည်။
“ အကြမ်းဖျင်းပြောရရင် အဲဒီလိုလူတွေက သွေးဆာနေတဲ့လူတွေမဟုတ်ဘူးကွ။ လွန်ကဲတဲ့စရိုက်ရှိတာ။ အဲဒီစရိုက်ကို ထိပါးလာပြီဆိုတာနဲ့ ရက်ရက်စက်စက် သတ်တော့တာပဲ ”
ထိုစကားကိုကြားသောအခါ ရွှီချင်းက လေးလေးနက်နက် သဘောတူလိုက်သည်။
ဒုတိယမြောက်ဂိုဏ်းတူအစ်မအကြောင်း ပြောသည့်အခါ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့သည့်အရိပ်အယောင်များ ပေါ်လာကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်း လူအနည်းအကျဉ်းသာ မြင်ခဲ့ရသော ထူးဆန်းသည့် ပထမမင်းသားနှင့်ယှဉ်ပါက ဒုတိယမင်းသမီးကို တွေ့ဖူးသူ လူများစွာ ရှိသည်။
ဒုတိယမင်းသမီးသည် များသောအားဖြင့် ဆိပ်ကမ်းတစ်ခွင် လှည့်ပတ်သွားလာနေသည်။ သူမ၏စရိုက်က အလွန် ခက်ထန်ကြမ်းထန်ပြီး ပြတ်ပြတ်သားသား ပြုမူတတ်သည်။ လွန်လွန်ကျူးကျူး လုပ်တတ်သူတစ်ယောက်အဖြစ် သူမက ထင်ရှားကျော်ကြားပါသော်လည်း ကြောက်ခမန်းလိလိ အစွမ်းထက်သူဖြစ်သည်။ သူမ ဒေါသထွက်လာလျှင် သတ္တမမြောက်တောင်ထိပ် အကြီးအကဲများပင် ခေါင်းကိုက်ကြရသည်။
“ သူက ရောဂါရှိတယ်။ အဲဒီရောဂါကို ကုပေးဖို့လိုတယ် ”
ခေါင်းဆောင်က ခပ်တိုးတိုးပြောသည်။
တောင်သခင်၏ တပည့်များအနက် လူကြိုက်အများဆုံးတစ်ယောက်က မင်းသားသုံး ဖြစ်သည်။
ကာမအားကြီးလွန်းသည်မှလွဲ၍ မင်းသားသုံးက အပြစ်ဆိုစရာ မရှိသလောက်ပင်။ များသောအားဖြင့် သူသည် ပြုံးနေတတ်ပြီး တခြားဂိုဏ်းသားများနှင့် ကြုံလာသောအခါတွင်လည်း မာနမကြီးဘဲ အလွန်သဘောကောင်းသည်။
ဂိုဏ်းသားများမှ အကူအညီတောင်းလာလျှင်လည်း သူ တတ်နိုင်သလောက် ဖြေရှင်းပေးသည်။ အထူးသဖြင့် သူက ပင်လယ်ထဲမှ တခြားမျိုးနွယ်များနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့၍ အထူးထင်ရှားကျော်ကြားပြီး ဂိုဏ်းသားများစွာက သူ့ကို သတ္တမမြောက်တောင်ထိပ်၏ အထူးသံတမန်ဟူ၍ပင် ခေါ်ကြသည်။
သူ၏ချစ်ရေးချစ်ရာကိစ္စများသည်လည်း ဂိုဏ်းသားများအကြား အလွန်ရေပန်းစားသည့်ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။
အမှတ်ခြောက်အသင်းခေါင်းဆောင်က ပန်းသီးကို နောက်ထပ်တစ်ကိုက်ကိုက်လိုက်ပြီး တစ်ခုခု မှတ်ချက်ပေးချင်နေဟန်တူသည်။ သို့သော်လည်း သူသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ဝင်မပြောတော့ပေ။ ပန်းသီးကိုသာ သူ ဆက်စားနေပြီး လူအားလုံးကို ပြုံး၍ ကြည့်နေသည်။
ရွှီချင်းက အသင်းဝင်များ၏ ဆွေးနွေးသံများကို သေချာ နားထောင်နေပါသော်လည်း အထူးအလေးထား၍ အာရုံစိုက်နေခြင်း မရှိချေ။ ရေသူမမျိုးနွယ်မှ လူငယ်ဖြစ်စေ၊ မင်းသားသုံးဖြစ်စေ သူနှင့် ဘာမှမသက်ဆိုင်သည် မဟုတ်ပါလား။
ထိုအချိန်၌ ရွှီချင်း အဓိကအာရုံစိုက်နေသည်မှာ ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များ ဖြစ်သည်။ ထိုရာဇဝတ်ကောင်များအား ရှာဖွေရန် နည်းလမ်းကို သူ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
သူ သားကောင်ကို စောင့်နေတော့မည်သာ ဖြစ်သည်။
ထိုညက ရွှီချင်း၏ ကင်းလှည့်တာဝန်ဖြစ်သည်။
ညတွင် အမှောင်ထုကြီးစိုးနေပြီး လေက တဟူးဟူး တိုက်ခတ်နေသည်။ လရောင်ဖြန်းပက်နေပြီး ပင်လယ်လေပြေကလည်း ရေငွေ့လေးများ ဆောင်ကြဉ်းကာ မြို့၏နေရာတိုင်းကို တိုက်ခတ်နေပြီး ညအခါ မြို့ထဲတွင်ဖြစ်ပျက်သည့်အရာအားလုံးကို သက်သေထူချင်နေကြသည့်အလားပင်။
လောင်းကစားရုံများနှင့် ဆောင်ကြာမြိုင်တို့သည်လည်း ဆူဆူညံညံဖြင့် စည်ကားနေသည်။ လူများစွာ ဝင်ထွက်သွားလာနေကြပြီး နေအိမ်အသီးသီး၏ ခေါင်မိုးများနှင့် နံရံများပေါ်တွင်လည်း ဝတ်ရုံနက်လူများစွာ လမ်းလျှောက်နေသည်ကို မြင်နိုင်သည်။
လမ်းကြိုလမ်းကြားလေးများထဲတွင်လည်း ရံဖန်ရံခါ ဝိညာဉ်အငွေ့အသက်များ လွင့်ပျံနေပြီး လရောင်အောက်ဝယ် မိစ္ဆာမျိုးစုံနှင့် တစ္ဆေများ လူသားလောကကို တဖြည်းဖြည်း သက်ဆင်းလာသည့်အလား ထင်မှတ်ရသည်။
သို့သော်လည်း လူရိပ်တစ်ခု ဖြတ်လျှောက်သွားသောအခါ ဆူညံသံအားလုံး ပို၍ တိုးသွားသည်။
ထိုလူရိပ် ထွက်ခွာသွားသောအခါမှသာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုလူရိပ်က ရွှီချင်းမှလွဲ၍ တခြားမဟုတ်ချေ။
ချင်းယွမ်ကျစ်၏ အလောင်းကို သူ မြို့တစ်ဝက်ကို ဖြတ်၍ တရွတ်တိုက် ဆွဲသွားကတည်းက သူ ညဘက်ကင်းလှည့်သည့်အခါတိုင်း ထိုသို့ ဖြစ်နေပေသည်။
ပင်မမြို့ကြီးထဲ၌ လျှိုဝှက်ချက်ဟူ၍ မရှိချေ။ ချင်းယွမ်ကျစ်က ဂိုဏ်းလေးတစ်ဂိုဏ်းမှ ချီစုစည်းခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည့်တိုင်အောင် ထွက်မပြေးနိုင်ဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည့်အချက်က ရွှီချင်း၏အစွမ်းကို ဖော်ပြနေသည်။
ထို့ပြင် ပန်းချွမ်လမ်းပေါ်ရှိ တည်းခိုခန်းအပြင်ဘက်တွင် ဆိုင်ရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် သူ ဘေးကင်းလုံခြုံစွာ ထွက်ခွာလာနိုင်ခဲ့သည်။ ထိုအချက်များက လူဆိုးထိန်းဌာနမှ လူသစ်ကလေးသည် အလွယ်တကူ ရန်မစသင့်သည့် လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့ကြောင့်လည်း ရွှီချင်းက ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များကို ရှာမတွေ့ရခြင်းဖြစ်သည်။
သို့သော်လည်း ယင်းက ကိစ္စမရှိပေ။ အဖြေတစ်မျိုး သူ ရှာတွေ့ပြီဖြစ်ကြောင်း ခံစားနေရသည်။ ယခုအခါ သူသည် မြို့အမှောင်ထုထဲ လျှောက်နေပြီး ပန်းချွမ်လမ်းကို ရောက်သွားသည်။ သူက မနီးမဝေးရှိ ဖွင့်ထားသော တည်းခိုခန်းကို ကြည့်၍ တံစက်မြိတ်အောက်ရှိ ချောင်တစ်ချောင်တွင် မလှုပ်မယှက် ရပ်နေသည်။
သူသည် ညအမှောင်ထုနှင့် တစ်သားတည်း ပေါင်းစပ်သွားဟန်တူပြီး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေသည်။
သူက ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များ သို့မဟုတ် သဲလွန်စများကို ရှာမတွေ့သည့်အတွက်ကြောင့် စိတ်ရှည်ရှည်စောင့်နေရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
ရွှီချင်းက စိတ်ရှည်မှုနှင့် အသားကျပြီးသား ဖြစ်သည်။ ဤနေရာတွင် စောင့်နေသည့်အတွက် တည်းခိုခန်းပိုင်ရှင် အဘိုးအိုအား အပြစ်လုပ်မိမည့်အပေါ်မှာလည်း သူ စဉ်းစားထားပြီးသား ဖြစ်သည်။ သို့သော် ဝိညာဉ်ကျောက်တုံးများက ပို၍ အရေးပါသည် မဟုတ်ပါလား။ ထို့ပြင် သူ၏လက်ရှိအစွမ်းဖြင့် အဘိုးအိုကို တိုက်ခိုက်ရန် မဖြစ်နိုင်သည် မဟုတ်ပေ။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့သည်။ လေးနာရီကြာပြီးနောက် မိုးသောက်ယံမရောက်ခင် အဝေးမှနေ၍ လူရိပ်တစ်ရိပ် ငြိမ်သက်စွာ လာနေသည်။ ထိုလူရိပ်၏ပစ်မှတ်က တည်းခိုခန်းမှလွဲ၍ တခြားနေရာ မဟုတ်ချေ။
ထိုလူသည် ပိန်ပိန်ပါးပါးရှိသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးများက မှေးနေပြီး သူ၏မုတ်ဆိတ်များက လွန်စွာ ရှည်လျားပေရာ သူ၏စူးရှချွန်ထက်သော မေးစေ့ကို ပို၍ ထူးဆန်းနေသယောင် ဖြစ်သွားစေသည်။ သူ့ကို ကြည့်ရသည်မှာ ယုန်တစ်ကောင်အလားပင်။
ထိုအချိန်၌ သူ၏ မျက်လုံးမှေးများထဲတွင် သတိထားနေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ တည်းခိုခန်းအနားကို တဖြည်းဖြည်း နီးကပ်လာသည်ကို သူ မြင်သောအခါမှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်းခိုခန်းဆီ တဟုန်ထိုး ပြေးသွားသည်။
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ ပင်မမြို့ကြီးကတော့ တကယ့်ကို အံ့ဩစရာပဲ။ ပြောရရင် ညလုံးပေါက်ဖွင့်ထားတဲ့ တည်းခိုခန်းတွေ။ အဲဒီတည်းခိုခန်းတွေက စည်းမျဉ်းတွေကိုလည်း လိုက်နာတယ်။ အရိပ်အာဝါသလည်း ပေးတယ်။ ဒါက သိပ်ကို ပြီးပြည့်စုံနေပေမဲ့ သောက်ကျိုးနည်း ဈေးကြီးလွန်းတယ် ”
“ ပထမရက် ဝိညာဉ်ကျောက်တုံးရှစ်ဆယ်၊ ဒုတိယရက် တစ်ရာ့ခြောက်ဆယ်၊ နေ့တိုင်း နှစ်ဆဖြစ်သွားတာ … ဒီလိုပုံနဲ့ဆိုရင် နောက်ထပ်ရက်နည်းနည်းနေရင် မြို့လေးတစ်မြို့ကို ငါ သွားနေရတော့မှာပဲ။ မြို့လေးတွေက လူတွေက ပိုက်ဆံကျမရှိဘဲ နာရင် ငိုဖို့လောက်ပဲ တတ်တယ် ”
ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူက တီးတိုးရေရွတ်လိုက်သည်။ တည်းခိုခန်းကို သူ ရောက်ရန် ပေနှစ်ဆယ်သာ လိုတော့ပြီး သူ ခုန်သွားရန် ပြင်လိုက်သည်။
ထိုအချိန်၌ သူ၏နောက်မှ လေအေးတစ်ချက် ဖြတ်ခနဲ တိုက်ခတ်လာပြီး သူ၏နားထဲကို အေးစက်စက်အသံတစ်သံ တိုးဝင်လာသည်။
“ တာအိုယုန် ”
သက်လတ်ပိုင်းကျင့်ကြံသူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ အမွေးအမျှင်များအားလုံး ထောင်သွားသည်။ သူက ငေးကြောင်နေခြင်းမရှိဘဲ ညာလက်ကို နောက်ကိုဝှေ့ယမ်း၍ အဆိပ်မှုန့်များ ပက်လိုက်သည်။ ထို့နောက် အားကုန်သုံး၍ ရှေ့ကို တဟုန်ထိုး ပြေးသွား၏။
သု့ိသော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ညာလက်ကို သူ မြှောက်လိုက်သည့်အချိန်မှာပင် သူ၏လည်ပင်းရှေ့တွင် ဓားမြှောင်တစ်လက် ပေါ်လာပြီး သူ၏လည်ပင်းကို အညှာအတာမဲ့စွာ ပိုင်းဖြတ်သွားသည်။
သွေးများ ပန်းထွက်သွားပြီး ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူ၏ခြေလက်များ တဆတ်ဆတ် တွန့်ကွေးသွားပြီး ဝူးဝူးဝါးဝါး အော်ဟစ်လိုက်ပါသော်လည်း အသံထွက်မလာချေ။ သူ နောက်ကို အတင်းကြိုးစား၍လှည့်ကြည့်လိုက်ရာ မျက်နှာသေဖြင့် ရွှီချင်းကို မြင်လိုက်ရသည်။
ထိုအဆိပ်ဆေးမှုန့်က ရွှီချင်းအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
“ လီတုဂိုဏ်းက တာအိုယုန်၊ အဆိပ်ခတ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ယုတ်မာကောက်ကျစ်တဲ့စရိုက် ရှိတယ်။ လူတွေကို သတ်ရတာ သဘောကျတယ်။ ပြီးခဲ့တဲ့နှစ်ဝက်က ကျစ်ထူက သူ့ကို ဝိညာဉ်ကျောက်တုံးငါးဆယ်နဲ့ ဝရမ်းထုတ်ခဲ့ပြီး အဲဒီသတင်းက နန်းဟွမ်ဒေသတစ်ခုလုံးကို ပြန့်သွားခဲ့တယ် ”
ရွှီချင်းက အသက်ရှူရပ်သွားပြီဖြစ်သော တာအိုယုန်ကို ကြည့်မနေဘဲ တည်းခိုခန်းရှေ့တွင် မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် ရပ်နေသည့် အဘိုးအိုကိုကြည့်၍ ဝရမ်းစာရင်းကျောက်စိမ်းပေလွှာထဲမှ စာသားများကို ရွတ်ပြလိုက်သည်။
“ ဆက်ဖတ်မနေနဲ့တော့။ သူက ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်ဆိုတာ ငါ သိတယ် ”
အဘိုးအိုက မည်းမှောင်နေသော မျက်နှာဖြင့် ပြောသည်။
ရွှီချင်း ငြိမ်သက်သွားပြီး တာအိုယုန်၏ ခေါင်းကို ဖြတ်လိုက်သည်။ ထို့နောက် တာအိုယုန်၏ သားရေအိတ်ကို ယူကာ အလောင်းကို ကန်ထုတ်လိုက်သည်။
အလောင်း ဆိုင်အဝကို ဘုန်းခနဲ ကျသွားသည်။
“ တည်းခိုခန်းထဲ သူ မရောက်သေးဘူး။ ဒီတော့ ခင်ဗျား စည်းမျဉ်းတွေကို ကျုပ် မဖောက်ဘူးနော်။ အလောင်းအတွက်လည်း ကျုပ်ကို ပိုက်ဆံပေးစရာ မလိုဘူး။ ဒါ ခင်ဗျားကို လက်ဆောင်ပေးတာ ”
ရွှီချင်းက ပြောပြီးသည်နှင့် ဘေးကင်းသောနေရာသို့ ရောက်သည်အထိ နောက်ဆုတ်သွားသည်။ ထို့နောက် တာအိုယုန်၏ ခေါင်းနှင့်အတူ သူ ခပ်သွက်သွက် ထွက်ခွာသွားသည်။
“ ငါ ဒီလအတွက် ဝိညာဉ်ကျောက်တုံးလေးဆယ့်ငါးတုံး လိုသေးတယ် ”