← Chapters

ရွှီ ရွှီ ရွှီ

Vol. 8 Ch. 107

ရွှီ ရွှီ ရွှီ

Vol. 8 Ch. 107

ထွက်ခွာသွားသော ရွှီချင်းကို စူးစိုက်ကြည့်နေသည့် တည်းခိုခန်းပိုင်ရှင်အဘိုးအို၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် တဖိတ်ဖိတ်လက်နေသည်။ သို့သော်လည်း လမ်းကြိုလမ်းကြားထဲ ရွှီချင်း ဝင်ရောက်ပျောက်ကွယ်သွားသည့်တိုင်အောင် သူ မလုပ်ရှားခဲ့ပေ။

တည်းခိုခန်းထဲရှိ ထုပ်တန်းပေါ်မှ ဧရာမစပါးအုံးမြွေကြီးတစ်ကောင် တွဲခို၍ အဘိုးအိုဘေးကို ဆင်းသက်လာသည်။ ၎င်းက စကားပြောနေသည့်အလား ၎င်း၏ပါးစပ်မှ တရွှီရွှီမြည်သံများ ထွက်ပေါ်နေသည်။

“ ဘာလို့ သူ့ကို မသတ်တာလဲဆိုတော့ … ”

အဘိုးအိုက စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် မော့ကြည့်လိုက်သည်။

“ အဲဒီကလေးက နည်းနည်း ထူးဆန်းတယ်။ သူ့ကိုကြည့်ရတာ အန္တရာယ်များသလို ခံစားရတယ်။ ငါ့ဝှက်ဖဲကိုသာ ထုတ်မသုံးဘူးဆိုရင် … ”

“ ရွှီ … ရွှီ … ရွှီ ”

“ သောက်သုံးမကျတဲ့ကောင်၊ မင်းတို့တစ်မိသားစုလုံး သောက်သုံးကိုမကျဘူး။ စားကွာ၊ စားလိုက်… စားလိုက် … သောက်စားပဲသိတဲ့ကောင် … အေး စားလိုက် ”

အဘိုးအိုက ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ စပါးအုံးမြွေက အလျင်အမြန် ပြေးထွက်သွားပြီး တာအိုယုန်၏အလောင်းကို မြိုချကာ ထုပ်တန်းပေါ် ပြန်တက်သွားသည်။

ရွှီချင်းသည် အမှောင်ကြီးထဲ လူဆိုးထိန်းဌာနကို တန်းတန်းမတ်မတ် လျှောက်သွားသည်။ သူ ခေါင်းကို ပေးပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်ဆယ့်ငါးတုံး ယူလိုက်ပြီး မနက်စောစောဖွင့်နေကြ သာမန်လူတစ်ယောက် ပိုင်သည့် မနက်စာဆိုင်ကလေးကို သွားလိုက်သည်။

သူ ပဲနို့ပူပူလေးတစ်ခွက် သောက်လိုက်ပြီး ကိတ်မုန့်အနည်းငယ် စားလိုက်ပြီးနောက် ဆိုင်ရှင်၏ စိတ်အားထက်သန်သော အကြံပေးချက်အရ ချီတုံချတုံဖြင့် ကြက်ဥပြုတ်သုံးလုံး ထပ်မှာလိုက်သည်။ ထိုကြက်ဥများကိုလည်း စားပြီးနောက် သူ၏ လှေရပ်နားရာနေရာကို သတိထား၍ ပြန်လာပြီး မှော်လှေကလေးထဲ ဝင်လိုက်သည်။

ယခုတစ်ခေါက်အကျိုးအမြတ်က အပေါ်ယံကြည့်လျှင် ဝိညာဉ်ကျောက်တုံးဆယ့်ငါးတုံးသာ ဖြစ်ပါသော်လည်း တာအိုယုန်၏ သားရေအိတ်ရှုံ့ထဲတွင် ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် တခြားတိုလီမိုလီပစ္စည်းများ ရှိသေးသည်။ ၎င်းတို့ကို သူ တွက်ချက်ကြည့်ပြီးနောက် ရောင်းချလိုက်ပါက ဝိညာဉ်ကျောက်တုံးနှစ်တုံး သို့မဟုတ် သုံးတုံးရနိုင်ကြောင်း သိလိုက်သည်။

“ ဒီနည်းလမ်းက အခုချိန်မှာ အကျိုးအရှိဆုံးပဲ ”

ရွှီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။

မကြာခင် တစ်နေ့တာ ကုန်လွန်သွားသည်။ ညအချိန် ရောက်သောအခါ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ ယနေ့သည် သူ၏ညတာဝန်မဟုတ်ပါသော်လည်း လရောင်အောက်တွင် မှော်လှေကလေးထဲမှ ထွက်ကာ ပန်းချွမ်လမ်းကို ဦးတည်လာခဲ့သည်။

သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းခြင်းဖြင့် ပိုက်ဆံများ ရနိုင်သောကြောင့် ထိုသို့ထပ်လုပ်ရန် သူ စီစဉ်ထားခြင်းဖြစ်သည်။

ထိုနည်းအားဖြင့် ညသန်းခေါင်ယံရောက်သောအခါ ပန်းချွမ်လမ်းပေါ်တွင် ရွှီချင်း ထပ်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်ကို တစ်ပတ် ပတ်ပြီးနောက် ယမန်နေ့က နေရာ၌ ရပ်မနေတော့ဘဲ နေရာပြောင်းလိုက်ကာ တည်းခိုခန်းကို မလှုပ်မယှက် စူးစိုက်ကြည့်နေသည်။

သို့သော်လည်း ဤတစ်ခေါက်တွင် ရာဇဝတ်ကောင် ရောက်မလာဘဲ တည်းခိုခန်းရှေ့တွင် ဆိုင်ရှင်အဘိုးအိုကို သူ မြင်လိုက်ရသည်။

အဘိုးအိုက တည်းခိုခန်းအပြင်ဘက်သို့ လျှောက်လာကာ ရွှီချင်းနှင့် ဆယ်ပေအကွာတွင် ရပ်လိုက်ပြီး ရွှီချင်းကို သုန်မုှန်သောမျက်နှာထားဖြင့် စူးစိုက်ကြည့်နေသည်။

“ ကလေး၊ မင်း ငါ့ကို ရန်စနေတာလား။ ငါ မင်းကို မတိုက်ဘူးလို့များထင်နေတာလား ”

“ မထင်ပါဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ မင်း …”

ရွှီချင်း၏အပြုအမူကို မြင်သောအခါ အဘိုးအိုမှာ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ အချိန်အတော်ကြာပြီးနောက် သူ အံတင်းတင်းကြိတ်၍ ပြောလိုက်၏။

“ မင်း ဘာလုပ်ချင်တာတုံး။ ဒီမှာ နေ့တိုင်း လာစောင့်နေတော့မှာလား ”

ရွှီချင်း ငြိမ်သက်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အဘိုးအိုကိုကြည့်၍ အသံနက်ကြီးဖြင့် ပြောလိုက်သည်။

“ ကျုပ် ပိုက်ဆံလိုချင်တယ် ”

“ ငါလည်း ပိုက်ဆံလိုချင်တာပဲကွ ”

အဘိုးအို၏မျက်လုံးများထဲမှ လက်များ တွားသွားထွက်လာပြီး သူ၏မျက်ခုံးမွေးနှစ်ခုကြားတွင် နောက်ထပ်အက်ကွဲကြောင်း ပေါ်လာသည်။ ထို့နောက် အေးစိမ့်စိမ့်အငွေ့အသက်တစ်ခု လွင့်ပျံလာ၏။

“ မင်း ဒီလိုဆက်လုပ်နေရင် ဘယ်သူမှ ငါ့တည်းခိုခန်းကို လာမှမဟုတ်ဘူး။ မင်း ငါ့စီးပွားရေးကို တုတ်နဲ့ ထိုးနေတာပဲကွ ”

တဖြည်းဖြည်း ပျံ့နှံ့လာသော အငွေ့အသက်များကြားတွင် အဘိုးအိုသည် ရွှီချင်းကို စူးစိုက်ကြည့်၍ တစ်ခွန်းချင်း ပြောလိုက်သည်။

“ အခုချက်ချင်း အဲဒီနေရာကနေ ထွက်သွားတော့ ”

ရွှီချင်း အတွေးနက်သွားရသည်။ တစ်ဖက်လူ ပြောစကားများက ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားလိုက်ရသည်။ ယခုလိုသာ ဆက်လုပ်နေပါက တစ်ယောက်မှ တည်းခိုခန်းကို ဝင်ရဲတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာကာ လမ်းတစ်ဖက်ခြမ်းကို သွားလိုက်သည်။

ထိုနေရာသည် ပို၍ပင် ချောင်ကျနေ၏။

အဘိုးအိုသည် ရွှီချင်း ထွက်သွားတော့မည်ဟု ထင်လိုက်သော်လည်း ပို၍ ချောင်ကျသောနေရာအား ပြောင်းသွားသည်ကို မြင်သောအခါ သူ့နဖူးမှ သွေးကြောကြီးများ ထောင်ထလာပြီး ဒေါသအိုးပေါက်ကွဲသွားပြီဖြစ်ကာ အော်ဟစ်ရယ်မောလိုက်သည်။ သူ နောက်ထပ် စကားပြောမနေတော့ဘဲ လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏မျက်ခုံးမွေးနှစ်ခုကြားရှိ အက်ကွဲကြောင်းက လုံးလုံးလျားလျား ကွဲထွက်သွားသည်။ ထို့နောက် သူ့ခေါင်းက နှစ်ခြမ်းကွဲသွားကာ ဘေးတစ်ဖက်တစ်ချပ်ကို စောင်းသွားသည်။

မူလက သူ၏ခေါင်းရှိနေခဲ့သောနေရာတွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်လာ၏။ ထိုအနီရောင်အလင်းတန်းက သွေးဆာနေသောအငွေ့အသက်များ ထုတ်လွှတ်နေပြီး အထဲတွင် လက်များဖြင့် ပြည့်နှက်နေသည့် သွေးအသားစိုင်ကြီးတစ်ခု ရှိနေသည်။

၎င်းက တုန်လှုပ်ချောက်ချားဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်သည်။ ထိုလက်များက ဘေးကို ပြန့်ကားလာစဉ် အဘိုးအိုက ရွှီချင်းထံ ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် လျှောက်လာ၏။

အန္တရာယ်အငွေ့အသက်များ ပျံ့နှံ့သွားပြီး တည်းခိုခန်းထဲရှိ ဧရာမစပါးအုံးမြွေကြီးသည်လည်း ခေါင်းထောင်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ လေထဲတွင် ကြိုးများ ပေါ်ပေါက်လာပြီး လမ်းကြိုလမ်းကြားထဲတွင် တွဲလောင်းကျကာ ရွှီချင်းကို လွှမ်းခြုံလာတော့သည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး လျှောက်လာနေသော အဘိုးအိုကြည့်၍ တစ်ခွန်းချင်း ပြောလိုက်သည်။

“ ဒီနေရာက လမ်းကြားထဲမှာရှိတာ၊ ခင်ဗျား တည်းခိုခန်း မဟုတ်ဘူးနော်။ ကျုပ် ခင်ဗျားစည်းမျဉ်းတွေကို လေးစားလို့ တည်းခိုခန်းထဲက ဘာကိုမှ ထိမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတည်းခိုခန်းထဲက ဧည့်သည်တွေ ထွက်သွားတာကို ကျုပ် မထိရလောက်အောင်အထိ အတင်းအဓမ္မတောင်းဆိုလာရင်တော့ ခင်ဗျားဘက်က တရားလွန်တာပဲ ”

“ ခင်ဗျားတည်းခိုခန်းကို တည်းလိုက်တာနဲ့ အပြင်ထွက်ရင်လည်း စောင့်ရှောက်ပေးသေးတာလား ”

ရွှီချင်းက အဘိုးအိုကြည့်လိုက်ပြီး အဘိုးအိုက အကျိုးသင့်အကြောင်းသင့် ဖြေရှင်းပေးမည်ဟု ခံစားနေသည်။

အဘိုးအို၏ ခြေလှမ်းများ ရပ်သွားသည်။

“ အဲဒီလိုစောင့်ရှောက်ပေးတယ်ဆိုရင်ကော ဘာဖြစ်လဲ ”

ရွှီချင်း ငြိမ်သက်သွားပြီး သားရေအိတ်ရှုံ့ထဲမှ ဝိညာဉ်ကြေးပြားအိတ်ကို ထုတ်လိုက်သည်။ ထိုအိတ်ထဲတွင် ဝိညာဉ်ကြေးပြားနှစ်ရာကျော်ရှိနေပြီး ၎င်းကို အဘိုးအိုထံ ပစ်ပေးလိုက်သည်။

အဘိုးအို အံ့အားသင့်သွားသည်။

“ အပြင်ဘက်အထိ စောင့်ရှောက်ပေးတယ်ဆိုရင် ကျုပ်လည်း နှစ်ရက်စာ ငှားတယ်။ ခင်ဗျား အခု ကျုပ်ကို စောင့်ရှောက်လို့ရပြီ ”

ရွှီချင်းက အလေးအနက် ပြောလိုက်သည်။

အဘိုးအိုက ဝိညာဉ်ကြေးပြားအိတ်ကို ဖမ်းလိုက်ပြီး အချိန်အတော်ကြာသည်အထိ ဆွံ့အသွားရသည်။ ထို့နောက် သူ ရွှီချင်းကို ကြည့်လိုက်ပြီး ခဏအကြာ မကျေမနပ်ဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ နှစ်ခြမ်းကွဲနေသော သူ၏ခေါင်းသည်လည်း ပြန်ပိတ်သွားကာ ကူကယ်ရာမဲ့နေသည့်အမူအရာတစ်ခု ပေါ်လာသည်။

“ ရွှီ … ရွှီ ”

မလှမ်းမကမ်းရှိ တည်းခိုခန်းထဲမှ ခေါင်းပြူထွက်နေသော စပါးအုံးမြွေ၏ တရွှီရွှီမြည်သံ လွင့်ပျံလာသည်။

“ ဟေ့ကောင် မင်း ပါးစပ်ပိတ်ထား။ သူပြောတာ အကျိုးသင့်အကြောင်းသင့်ဆိုတာ ငါ သိတယ်ကွ ”

အဘိုးအိုက စပါးအုံးမြွေကို ဒေါသတကြီး မာန်မဲလိုက်သည်။

သူသည် အမှန်တကယ်ပင် လက်တွေ့ကျသော လူတစ်ယောက်ဖြစ်ပြီး ရွှီချင်းပြောသည်က ကျိုးကြောင်းဆီလျော်သဖြင့် ငြင်းပယ်ရန် အဖြေရှာမတွေ့ချေ။

တစ်ဖက်လူက သူ၏စည်းမျဉ်းများကို မဖောက်ဘဲ ဝိညာဉ်ကြေးပြားများပင် ပေးခဲ့သည်။ မကြာသေးခင် သူ ပြောခဲ့သည့်စကားအရ စဉ်းစားကြည့်လျှင် တစ်ဖက်လူက ယခုအခါ သူ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပြီ မဟုတ်ပါလား။

ထိုအခြင်းအရာကြောင့် အဘိုးအိုမှာ ကူကယ်ရာမဲ့စွာ ခံစားနေရတော့သည်။ သူက မတ်တတ်ရပ်လျက် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းကလည်း သူ့ကို ကြည့်နေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြပြီး ခဏအကြာ အဘိုးအိုက သက်ပြင်းချလိုက်သည်။

“ ငါ မင်းကို ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်နှစ်ယောက်ရဲ့သဲလွန်စတွေပေးလိုက်မယ်။ မင်း အဲဒီသဲလွန်စတွေကို လိုက်ရှာပြီး သွားဖမ်းလိုက်။ ငါ့နေရာကို နောက်ထပ်မလာနဲ့တော့ ”

အဘိုးအိုက ကျောက်စိမ်းပေလွှာကို ထုတ်၍ အချက်အလက်များ ရေးသွင်းကာ ရွှီချင်းထံ ပစ်ပေးလိုက်သည်။ ဝိညာဉ်ကြေးပြားများကိုတော့ ပြန်မပေးတော့ဘဲ သူက နောက်လှည့်မကြည့်ဘဲ တည်းခိုခန်းဆီ လျှောက်သွားသည်။

သူ ထွက်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ ကြိုးများ ပျောက်ကွယ်သွားသည်။ တည်းခိုခန်းထဲရှိ စပါးအုံးမြွေက ခေါင်းမော့ကာ ရွှီချင်းကို နှုတ်ဆက်နေသည့်အလား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။

ရွှီချင်းက လက်ထဲရှိ ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်။ ၎င်းတွင် ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်နှစ်ယောက်၏နာမည်များနှင့် တည်နေရာနှစ်ခုကို ဖော်ပြထားသည်။ သူက ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီးနောက် ခေါင်းငုံ့၍ သူ့ပတ်လည်ရှိ နံရံများပေါ်မှ စစ်ဆေးရန် ခဲယဉ်းသော အမှုန့်များကို ပြန်ယူလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ အဆိပ်များကို လွင့်ပျယ်သွားစေရန် အဆိပ်ဖြေဆေးများ ပက်လိုက်သည်။

ပြီးသည်နှင့် သူက လမ်းများပေါ် လျှောက်သွားကာ မကြာခင်သေးက ပုန်းနေခဲ့သည့်နေရာကို ဦးတည်သွားလိက်သည်။ လမ်းတစ်လျှောက်တွင် သူက ညာလက်ကို ဝှေ့ယမ်းကာ မြေပြင်ပေါ်နှင့် လေထဲရှိ အဆိပ်မှုန့်များကို ဖြေဖျောက်လိုက်သည်။ ထို့နောက် မူလက သူရှိနေခဲ့သည့်နေရာမှာလည်း အလားတူ လုပ်လိုက်သည်။

နောက်ဆုံးတွင် ဘေးရှိ သစ်စိမ်းပင်ခုနစ်ပင်၊ရှစ်ပင်ကိုလည်း တူးထုတ်လိုက်သည်။

ထိုသစ်စိမ်းပင်များတွင် အဆိပ်ငါးမျိုး ပါဝင်၏။

မကြာသေးခင်က သူ နေရာပြောင်းခဲ့ခြင်းသည် ပြင်ဆင်မှုများ လုပ်ရန်အတွက် ဖြစ်သည်။ ပထမနေရာတွင်ဖြစ်စေ၊ လမ်းတစ်ဖက်ခြမ်းရှိ ချောင်ကျသောနေရာတွင်ဖြစ်စေ သူ အဆိပ်မှုန့်များကို ဖြူးထားပြီးသား ဖြစ်သည်။

“ အဆိပ်သုံးဆယ့်ခုနစ်မျိုး မိသွားတာတောင် ချက်ချင်း ဘာမှမဖြစ်ဘူးဆိုတော့ … ”

ရွှီချင်းက စဉ်းစားတွေးတောပြီးနောက် တည်းခိုခန်းဘက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ မှေးသွားပြီး အလျင်အမြန် လှည့်ထွက်သွားသည်။

သူ ထွက်သွားပြီးနောက် တည်းခိုခန်းထဲရှိ အဘိုးအို၏မျက်နှာပေါ်ရှိ တည်ငြိမ်နေသောအမူအရာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး အဆိပ်ဖြေဆေးဆယ်မျိုးကျော်ထုတ်၍ မျိုချလိုက်သည်။ ပြီးသည်နှင့် သူက အလျင်အမြန် လက်ကွက်ဖော်၍ ရွှီချင်း ပေးခဲ့သည့် အိတ်ကို မီးရှို့လိုက်သည်။

မီးတောက်များအောက်တွင် အထဲရှိ ဝိညာဉ်ကြေးပြားများသည်လည်း လွင့်ပါးပျောက်ကွယ်သွားသည်။

“ ဒီကောင်လေးက ရက်စက်လှချည်လား။ နေရာတိုင်းကို အဆိပ်တွေပက်ထားတာ။ ငါ့ကိုပေးတဲ့ ဝိညာဉ်ကြေးပြားတွေကိုတောင် အဆိပ်သုတ်ထားသေးတယ် ”

အဘိုးအို အံတင်းတင်းကြိတ်လိုက်သည်။ အမှန်စင်စစ် အစောပိုင်းက သူ လက်ခံခဲ့ခြင်းမှာ ရွှီချင်း၏စကားများက ကျိုးကြောင်းဆီလျော်သည်က တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နောက်တစ်ချက်က သူ၏ခန္ဓာကိုယ်ထဲ ပျံ့နှံ့နေသော အဆိပ်များကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာသောကြောင့် ဖြစ်သည်။

ယင်းမှာ အဓိကအကြောင်းရင်း ဖြစ်သည်။

“ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုး လုပ်နေရင် နောင်အသက်ကြီးလာတဲ့အခါ လူသားမျိုးနွယ်အတွက် အသက်ရှူနေတဲ့ကပ်ဘေးကြီး ဖြစ်လာမှာပဲ ”

အဘိုးအိုက အလန့်တကြား တီးတိုးရေရွတ်လိုက်သည်။

“ သူ့ကို သဘောကျတာလား ”

“ သူက မင်းကို သဘောကျတာကွ။ သူ မင်းကို ကြည့်တုန်းက မင်းသည်းခြေရှိတဲ့နေရာကို ကြည့်သွားတာ မင်း သတိမထားမိဘူးလား ”

အဘိုးအိုက ခပ်ထေ့ထေ့ဆိုလိုက်ရာ တရွှီရွှီမြည်သံများ ဆတ်ခနဲ ရပ်သွားသည်။

ကောင်းကင်ကြီး မှောင်မည်းနေသေးသည်။ ရွှီချင်းက လမ်းကြိုလမ်းကြားလေးများကို မြန်ဆန်စွာ ဖြတ်ကျော်နေသည်။ သူသည် သဘာဝကျစွာပင် အဘိုးအိုပေးခဲ့သည့် နေရာများကို လုံးဝဥဿုံစိတ်ချယုံကြည်နေသည် မဟုတ်ပေ။ ထို့ကြောင့် သူက အနည်းငယ် တွေးတော၍ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကာ အသံပို့လွှတ်လိုက်သည်။ ပြီးသည်နှင့် တံဆိပ်ပြားကို သိမ်းကာ အတန်ငယ် စဉ်းစားကြည့်လိုက်ပြီး ဆက်လက်ခရီးဆက်လိုက်သည်။

ပထမနေရာက အနည်းငယ် ချောင်ကျသည်။ ထိုနေရာကို ရွှီချင်း ရောက်သွားပြီးနောက် အချိန်အတော်ကြာသည်အထိ စောင့်၍ အလွန် စေ့စေ့စပ်စပ်ဖြင့် လေ့လာလိုက်သည်။ နောက်ဆုံး၌ ဤနေရာတွင် ယခင်က လူများစွာ နေခဲ့သော်လည်း ပြန်မရောက်လာသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ကြောင်း သူ အတည်ပြုလိုက်သည်။

ထို့ကြောင့် သူ လက်လျော့ကာ ဒုတိယမြောက်နေရာကို သွားလိုက်သည်။

ဒုတိယမြောက်တည်နေရာက လောင်းကစားရုံတစ်ရုံ ဖြစ်သည်။ ထိုလောင်းကစားရုံ၌ လူအမြောက်အမြား ရှိနေပြီး အော်ဟစ်သံများ လွင့်ပျံနေသည်။ ရွှီချင်းက မလှမ်းမကမ်းရှိ လူတစ်ယောက်မှမရှိသော အိမ်ထဲမှနေ၍ အကဲခတ်လိုက်သည်။

အဘိုးအို၏ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်အရ စွန်းဒဲ့ဝမ်ဆိုသည့် ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်တစ်ကောင်က မကြာသေးခင်က ကမ်းပေါ်ကို တက်လာပြီး ဤနေရာသို့ နေ့တိုင်း လောင်းကစားလာလုပ်လေ့ရှိသည်။

ထိုလူက လူသားတစ်ယောက် မဟုတ်ပေ။ သူက ချီစုစည်းခြင်းအဆင့်ကိုးကို ရောက်ရှိနေပြီး အများအားဖြင့် တားမြစ်ပင်လယ်ထဲတွင် နေထိုင်ကာ ပင်လယ်ဓားပြလုပ်သည်။ သူက အတော်လေး နာမည်ကြီးပြီး ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်အရ သူက ပင်လယ်တစ္ဆေဆိုသည့် အဖွဲ့အစည်းမှ ဖြစ်သည်။

ထိုအဖွဲ့အစည်းသည် တားမြစ်ပင်လယ်ထဲတွင် လုှပ်ရှားနေသော ပင်လယ်ဓားပြအင်အားစုအနည်းအကျဉ်းအနက် တစ်ဖွဲ့ဖြစ်သည်။

စွန်းဒဲ့ဝမ်၏ခေါင်းအတွက် ဆုကြေးငွေက အလွန်မြင့်မားပြီး ဝိညာဉ်ကျောက်တုံးလေးဆယ်ဖြစ်သည်။ ဆုကြေးငွေပေးမည့်အဖွဲ့အစည်းများက အတော်လေးများသည်။ စုစုပေါင်း ကုန်တင်သင်္ဘောဆယ်စင်းကျော်က ထိုဆုကြေးငွေကို ပေးကြမည်ဖြစ်သည်။

သို့ဖြစ်ပေရာ ထိုလူ မည်မျှ ရက်စက်ကြမ်းတမ်းသည်ကို မြင်နိုင်သည်။

ထို့ကြောင့် ရွှီချင်းက အလျဉ်စလို မပြုမူချေ။ သူက တစ်နာရီကျော်ကြာသည်အထိ ဝင်ထွက်သွားလာနေသော လောင်းကစားသမားများကို စောင့်ကြည့်နေသည်။ ထို့ပြင် သူတို့၏စကားသံများကိုလည်း နားထောင်ကြည့်နေ၏။ တချို့က ရှက်ရွံ့နေသော အသံများဖြစ်ကြပြီး တချို့က စိတ်တက်ကြွနေဟန်ရှိကာ တချို့ကတော့ အရှုံးကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အသံများ ဖြစ်ကြသည်။

လောင်းကစားရုံထဲ၌ ဝိညာဉ်စွမ်းအားအငွေ့အသက်များစွာ မရှိကြောင်း သူ အတည်ပြုပြီးနောက် အထဲကို ဝင်မကြည့်ဘဲ အပြင်ဘက်မှသာ ဆက်စောင့်နေရန် သူ ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ လေးနာရီကြာပြီးနောက် ကောင်းကင်ကြီး လင်းထိန်လာကာ နောက်ဆုံးတွင် ပစ်မှတ်ကို ရွှီချင်း တွေ့သွားသည်။

၎င်းက လောင်းကစားရုံပိုင်ရှင်တစ်ယောက်ပမာ ပိုးဖဲထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဖက်တီးတစ်ယောက် ဖြစ်သည်။ သူက လောင်းကစားရုံ အပြင်ဘက်ကို လျှောက်လာပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် စိုးရိမ်ပူပန်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏အကြည့်က ရွှီချင်း ပုန်းအောင်းနေသည့် နေရာပေါ် ကျသွားသည်။ သူ၏မျက်လုံးများ ချက်ချင်း မှေးသွားပြီး အန္တရာယ်အငွေ့အသက်များ ရလိုက်သည်။

“ ဒီနေ့က တကယ့်ကို ထူးဆန်းတယ်။ အရင်ရက်တွေတုန်းက ငါ ရှာထားတဲ့ငွေတွေလည်း ကုန်ပြီ။ အခုကျလည်း ငါ့ကို အမဲလိုက်ချင်နေတဲ့လူတစ်ယောက်ကိုတောင် လာတွေ့နေရတယ်။ ချီစုစည်းခြင်းအဆင့်ခုနစ်ရှိတဲ့လူကများ တခြားလူတွေကို သတ်ချင်တာလား။ အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်။ ငါ ဒီအခွင့်အရေးကို အသုံးချပြီး ရှုံးထားတဲ့ငွေတွေကို ပြန်ရှာရမယ် ”

ဖက်တီးက ပြောရင်းဆိုရင်း ရွှီချင်း ရှိနေသည့်နေရာကို ပြေးသွားသည်။

မိုးသောက်ယံအချိန်ကိုရောက်ရန် များစွာ မလိုတော့ချေ။

ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူသည်လည်း ပြေးထွက်လိုက်သည်။

All Chapters