← Chapters

ဝိညာဥ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော လျှို့ဝှက်ချက် ( ၁ )

Vol. 8 Ch. 108

ဝိညာဥ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော လျှို့ဝှက်ချက် ( ၁ )

Vol. 8 Ch. 108

လျှပ်တစ်ပြက်အတွင်း သူတို့နှစ်ဦးသည် လောင်းကစားရုံအပြင်ဘက်တွင် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာကြ၏။ ရွှီချင်းက ပင်လယ်အသွင်ပြောင်းပညာရပ်နှင့် တောင်တန်းပင်လယ်ပညာရပ်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ သူက တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန် စီစဉ်ထားသောကြောင့် အားကုန်သုံး၍ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများကြားတွင် ဖက်တီး၏ခန္ဓာကိုယ် တုန်ရီနေပြီး သိသိသာသာ မျက်နှာပျက်သွားသည်။ အစောပိုင်းက ရွှီချင်း၏အစွမ်းကို သူ အတွက်မှားခဲ့သည်။ ယခု ရွှီချင်းနှင့် ထိပ်တိုက်တွေ့ဆုံလာသောအခါတွင် ရွှီချင်း၏ခန္ဓာကိုယ်မှ လာနေသော ကြောက်ခမန်းလိလိ စွမ်းအားကို ချက်ချင်း အာရုံခံမိလိုက်သည်။

သူ ဒရောသောပါး နောက်ဆုတ်လိုက်ပါသော်လည်း ရွှီချင်းနှင့်ယှဉ်ပါက များစွာ နှေးကွေးနေပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်း၏လက်သီးက သူ၏ဗိုက်ပေါ် ကျရောက်လာသည်။

ဖက်တီး၏ခန္ဓာကိုယ် တုန်ခါသွားပါသော်လည်း လက်သီးချက်ကြောင့် သူ နောက်ဆုတ်မသွားပေ။ ထိုအစား သူ၏ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းအင်္ဂါများကို အပြင်ဘက် ထုတ်လိုက်သည့်အလား သူသည် အသားပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှီချင်းထံ ပြေးဝင်သွားသည်။

ဖက်တီး၏အသားများက ရေဘဝဲတစ်ကောင်ကဲ့သို့ အရာအားလုံးကို အုပ်မိုးတော့မည့်အသွင်ဖြင့် အလွန်ကြီးမားပြန့်ကားလာသည်။ ရွှီချင်းကိုလည်း လွှမ်းခြုံသွားတော့မည့်ဟန်ရှိသည်။

ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် ရေလုံးအမြောက်အမြား ချက်ချင်း ထွက်ပေါ်လာပြီး ရွမ်းဗတ်များအသွင် ပြောင်းလဲကာ မြားများအလား အသားများကို တရွှီရွှီမြည်သံပေး၍ ဖောက်ဝင်သွားသည်။

ပျက်စီးစုတ်ပြတ်သွားသော အသားစိုင်ကြီးထဲမှ သွေးဆာနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုတ်သွားသည်။

၎င်းက အကျိအချွဲများ ဖုံးလွှမ်းနေသည့် လူသားပုံစံသတ္တဝါတစ်ကောင်ဖြစ်ပြီး တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတစ်ချက် ဝင်းလက်သွားပြီး ၎င်း၏စူးရှချွန်ထက်သော အစွယ်များမှ ခက်ရင်းခွပုံစံ လျှာတစ်ခု တိုးထွက်လာသည်။

၎င်းက ရွှီချင်းကို စူးစိုက်၍ ကြည့်နေပါသော်လည်း ဆက်လက်တိုက်ခိုက်ခြင်းမပြုပေ။ ထို့နောက် ၎င်းက ပျံပြေးရန် ကြိုးစားလိုက်သည်။

ရွှီချင်းက အေးတိအေးစက်ကြည့်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ လေထဲမှ ရေကန့်လန့်ကာတစ်ခု ထွက်ပေါ်လာပြီး လူသားမဟုတ်သော ကျင့်ကြံသူကို တားဆီးလိုက်သည်။ ထို့ကြောင့် ထိုသတ္တဝါကြီးအနေဖြင့် တခြားရွေးချယ်စရာမရှိတော့ဘဲ အနည်းငယ် နောက်ဆုတ်လိုက်ရပြီး ၎င်း၏မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များက ပို၍ ပြင်းထန်လာသည်။

“ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ ”

ထိုသတ္တဝါက ရွှီချင်းထံ တဟုန်ထိုးပြေးဝင်လာသည်။ ၎င်းက လက်များကို ဝှေ့ယမ်းလိုက်ရာ မီးခိုးများ လွင့်ပျံလာပြီး အမုန်းဝိညာဉ်များအသွင် ပြောင်းလဲသွားကာ အော်ဟစ်မြည်တမ်း၍ ရွှီချင်းထံ ခုန်ဝင်လာကြသည်။

ရွှီချင်း၏မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီများ ပွင့်ထွက်လာပြီး ထိုအမုန်းဝိညာဉ်များထက်ပင် ကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ အမုန်းဝိညာဉ်များ ဖယ်ရှားခံလိုက်ရပြီးနောက် ရွှီချင်းက ရှေ့တစ်လှမ်း တိုးသွားလိုက်ရာ သိသိသာသာ မျက်နှာပျက်နေသော သတ္တဝါရှေ့ကို ရောက်သွားသည်။ ထို့နောက် ရွှီချင်းက ရှေ့ကို ဖမ်းဆုပ်လိုက်သည်။

ထိုသတ္တဝါ၏အသက်ရှူသံများ မြန်ဆန်လာပြီး ၎င်း၏မျက်လုံးများထဲတွင် ရူးသွပ်သည့်အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေ၌ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများအားလုံး အောက်ကို ကျဆင်းလာပြီး စူးရှချွန်ထက်သော ဓားမုန်တိုင်းအလား ရွှီချင်းထံ ပြေးဝင်သွားသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ၎င်းက ထွက်မပြေးဘဲ လက်သည်းချွန်များဖြင့် ရွှီချင်း၏လည်ပင်းကို ထိုးစိုက်လိုက်သည်။

“ သေစမ်းကွာ ”

ထိုတခဏလေးအတွင်း ထိုလူသားမဟုတ်သောကျင့်ကြံသူ၏မျက်လုံးများ ချက်ချင်း မှေးသွားပြီး မယုံကြည်နိုင်ခြင်းများနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ထင်ဟပ်လာသည်။

ရွှီချင်းက သူ၏အကြေးခွံမုန်တိုင်းကို ဂရုပင်မစိုက်ချေ။ အကြေးခွံများက မည်သို့ပင် တိုက်ခိုက်လာပါစေ သူ၏လက်ဝါးကို မရပ်တန့်နိုင်ချေ။ သူ့လက်ဝါးက အကြေးခွံမုန်တိုင်းကို ထိုးဖောက်ပြီးနောက် ထိုကျင့်ကြံသူ၏လက်ကို ဖမ်းဆုပ်လိုက်သည်။

တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး လက်က လိမ်သွားကာ အရိုးများ ကျိုးသွားသည်။

ရွှီချင်းက ထိုလိမ်အားကို အခွင့်အရေးယူ၍ အနီးကပ်လာကာ နဖူးဖြင့် ထိုကျင့်ကြံသူ၏ခေါင်းကို ဆောင့်တိုက်လိုက်သည်။ သွေးပျက်ခမန်း အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူက နောက်ဆုတ်ချင်ပါသော်လည်း ၎င်း၏လက်ကို ရွှီချင်းက ဖမ်းဆုပ်ထားသည်။

သံညှပ်ကြီးများဖြင့် အညှပ်ခံနေရသည့်အလား ခံစားချက်ကြောင့် ၎င်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ ၎င်းမှာ သွေးရူးသွေးတန်းဖြစ်လာပြီး မည်သို့ပင် ကြိုးစားအားထုတ်စေကာမူ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ချေ။

“ တာအိုရောင်းရင်း … ငါ …”

၎င်း စကားဆက်မပြောနိုင်ခင် ရွှီချင်းက တည်ငြိမ်စွာဖြင့် ၎င်း၏လက်ကို ထပ်မံလိုက်ချိုးလိုက်ပြီး ၎င်း၏စူးရှချွန်ထက်သော လက်ချောင်းများမှာ ၎င်း၏မျက်ခုံးမွေးများဆီ ထိုးဖောက်ရန် အတင်းအကြပ် ဖိအားပေးခံနေရသည်။

အရိုးကျိုးသံများ တဖျစ်ဖျစ်မြည်နေပြီး ထိုကျင့်ကြံသူ စိတ်ပျက်အားလျော့စွာ အော်ဟစ်လိုက်သည်။ ၎င်း၏အသံက စူးစူးဝါးဝါးဖြစ်နေပြီး ၎င်း၏မျက်လုံးများထဲတွင် အကြီးအကျယ်ကြောက်ရွံ့တုန်လှုပ်နေသည့်အရိပ်အယောင်များက နေရာယူထားသည်။

သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက လူသားများနှင့် ကွဲပြားသည့်အတွက်ကြောင့် ထိုဒဏ်ရာများက ၎င်းကို မသေစေနိုင်ပေ။

သို့သော် ၎င်းမှာ သေလုမျောပါး ဒဏ်ရာရသွားပြီဖြစ်သည်။ ၎င်း၏သွေးများ ဆက်လက်စီးဆင်းနေပြီး ၎င်း၏အရှိန်အဝါသည်လည်း တဖြည်းဖြည်း အားပျော့လာသည်။ ရွှီချင်းက ၎င်းကို လည်ပင်းမှ ဆုပ်ယူကာ အဝေးကို တရွတ်တိုက်ဆွဲသွားသည်။

လောင်းကစားရုံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လောင်းကစားသမားများဖြစ်စေ၊ အစောင့်များဖြစ်စေ ထိုအချိန်တွင် တုန်ရီနေကြသည်။ အစောပိုင်းက ရွှီချင်းနှင့် စွန်းဒဲ့ဝမ်တို့၏ ကျယ်လောင်သော တိုက်ခိုက်သံများကြောင့် သူတို့ အာရုံကို ဖမ်းစားသွားခဲ့ပါသော်လည်း ရွှီချင်း၏တိုက်ကွက်များက ရက်စက်ကြမ်းတမ်းလွန်းနေပြီး တိုက်ပွဲက မြန်ဆန်စွာပင် ပြီးဆုံးသွားခဲ့သည်။

အထူးသဖြင့် အပြင်ဘက်ရှိ လူသားမျိုးနွယ်မဟုတ်သောကျင့်ကြသူကို သူတို့ မှတ်မိသွားကြပြီး ၎င်းက မည်မျှအစွမ်းထက်ကြောင်း နားလည်လိုက်သောအခါ ရွှီချင်းက မည်မျှကြောက်စရာကောင်းသည်ကို သူတို့ ရှင်းရှင်းလင်းလင်း သိလာကြသည်။

တစ်ယောက်မှ စကားမပြောဝံ့ကြပေ။ ပတ်ဝန်းကျင်တစ်ခုလုံး ဖိအားများသက်ရောက်နေစဉ် အဝေးကို လျှောက်နေသော ရွှီချင်း၏ခြေလှမ်းများ ဆတ်ခနဲ ရပ်သွားပြီး ခပ်လှမ်းလှမ်းတစ်နေရာကို လှမ်းကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းရှိ မည်းမှောင်ပြီး ဘာမှမရှိသော လမ်းပေါ်မှနေ၍ လူတစ်ယောက် လျှောက်လာသည်။

သူက တဖြည်းဖြည်း နီးကပ်လာပြီး လောင်းကစားရုံအပြင်ဘက်ရှိ လင်းထိန်နေသော မီးရောင်များအောက်ကို ရောက်လာသောအခါ သူ၏ပုံရိပ်က ပို၍ ရှင်းလင်းပြတ်သားလာသည်။ ရွှီချင်း၏အမြင်အာရုံထဲကို ခရမ်းရောင်ဖျော့ဖျော့တာအိုဝတ်ရုံတစ်ခု တဖြည်းဖြည်း ဝင်ရောက်လာသည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

သူ၏ရှေ့၌ရှိသောလူက နက်မှောင်သောဆံပင်ရှည်များနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိပြီး အရပ်အမောင်းမြင့်မားကာ ကျစ်လျစ်တောင့်တင်းသောခန္ဓာကိုယ်ရှိသည်။ အထူးသဖြင့် သူ၏တာအိုဝတ်ရုံက သူ၏အဆင့်အတန်းကို ဖော်ပြနေ၏။

သူ၏ခန္ဓာကိုယ်တွင်လည်း ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်ရှစ်အငွေ့အသက်များ ထွက်ပေါ်နေပြီး ဘေးပတ်ဝန်းကျင်တွင် ရေလုံးများစွာ ထွက်ပေါ်လာသည်။ ရေလုံးတစ်ခုချင်းစီတိုင်းက ရွှီချင်းကို တည့်တည့်ချိန်ရွယ်ထားကြသည်။

“ မင်းက လူဆိုးထိန်းဌာနရဲ့ ဘယ်ဌာနခွဲကလဲ။ သူ့ကို လွှတ်ပေးလိုက်။ ငါ ဘာမှမမြင်လိုက်သလို ဟန်ဆောင်ပေးမယ် ”

ထိုလူ၏စကားများက အေးစက်ပြီး သူ ပြောသည့်အတိုင်း မလွဲမသွေလုပ်ရမည့်သဘော သက်ရောက်နေသည်။

ရွှီချင်း ငြိမ်သက်နေသည်။ ယခင်က ထိုလူငယ်ကို သူ မြင်ခဲ့ဖူးသည်။ ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်နှင့် သူ လှည့်ပတ်ကြည့်ရှုစဉ်အခါက ထိုလူငယ်က လူသားလောကကို နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား လူကြားထဲ ကြော့မော့စွာ လျှောက်သွားနေခဲ့သည်။

ထိုလူက သတ္တမမြောက်တောင်ထိပ်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည်ကိုလည်း သူ သိထားသည်။

ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ မမျှော်လင့်သော ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန် သူ အနည်းငယ် စီစဉ်ထားခဲ့ပါသော်လည်း အဓိကဂိုဏ္းသားတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်ဟု တွေးမထားမိခဲ့ပေ။ အကျိုးအမြတ်က မကြီးမားဘဲ ဝိညာဉ်ကျောက်တုံးလေးဆယ်အတွက် အဓိကဂိုဏ်းသားတစ်ယောက်နှင့် ပဋိပက္ခဖြစ်ရသည်မှာ မထိုက်တန်ဟု သူ ခံစားမိသည်။

All Chapters