← Chapters

ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော လျှို့ဝှက်ချက် ( ၂ )

Vol. 8 Ch. 109

ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော လျှို့ဝှက်ချက် ( ၂ )

Vol. 8 Ch. 109

ထိုစဉ် ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်၏ နောက်မှ အေးစက်စက်အသံတစ်သံ ပျံ့လွင့်လာသည်။

“ လူဆိုးထိန်းဌာနရဲ့ တရားစီရင်တာကို ဝင်ရောက်စွက်ဖက်ရဲတယ်ဆိုတော့ ဘယ်လောက်တောင် ထူးချွန်လိုက်တဲ့ အဓိကဂိုဏ်းသားတစ်ယောက်လဲ ”

ထိုအသံကြောင့် ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်က ချာခနဲ လှည့်ကြည့်လိုက်သည်။ ရွှီချင်းသည်လည်း အသံလာရာကို ကြည့်လိုက်ရာ အဝေးမှနေ၍ ဟိုယိမ်းသည်ယိမ်းဖြင့် လျှောက်လာနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူရိပ်သည် ပန်းသီးတစ်လုံးကို စားနေရင်း လျှောက်လာခြင်းဖြစ်သည်။ သူသည် အမှတ်ခြောက်အသင်းခေါင်းဆောင်မှလွဲ၍ တခြားလူမဟုတ်ချေ။

ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်၏ မျက်လုံးများ မှေးသွားပြီး ရွှီချင်း၏မျက်လုံးများထဲတွင်လည်း အံ့အားသင့်သွားသည့်အရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ ခေါင်းဆောင်ရောက်လာခြင်းကြောင့်မဟုတ်ဘဲ ခေါင်းဆောင်က ယခုအချိန်တွင် ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

အမှန်စင်စစ် ရွှီချင်းက ပန်းချွမ်လမ်းမှ အဘိုးအိုပေးခဲ့သည့် သဲလွန်စများအပေါ် စိတ်ချလက်ချ ယုံကြည်ထားခြင်း မရှိချေ။ ကောက်ကျစ်သောလူယုတ်မာများ နေထိုင်ကျက်စားသည့် ဤပင်မမြို့ကြီးထဲ၌ တစ်ဖက်လူက သူ့ကို အန္တရာယ်တွင်းနက်ထဲ သက်ဆင်းသွားစေနိုင်မည့် သဲလွန်စအား ရည်ရွယ်ချက်ရှိရှိ ပေးခဲ့ခြင်းသာ ဖြစ်ပေမည်။

အထူးသဖြင့် တည်နေရာက လောင်ကစားရုံကဲ့သို့ ဒုစရိုက်လုပ်ငန်းရှိသည့်နေရာဖြစ်နေသည်။ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးထဲတွင် လောင်းကစားရုံဖွင့်နိုင်သည်မှာ နောက်ခံအင်အားတောင့်တင်းမှသာ ဖြစ်ပေမည်။ ထို့ကြောင့် ရွှီချင်းက ဤနေရာသို့လာသည့်လမ်းတွင် စဉ်းစားတွေးတောကာ ခေါင်းဆောင်ကို အသံလှိုင်းပို့လွှတ်ခဲ့ပြီး အကျိုးအမြတ်တစ်ဝက်ကို ခွဲပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ မမျှော်လင့်ထားသော အန္တရာယ်များ ပေါ်လာပါက ခေါင်းဆောင်က ဝင်ရောက်ဖြေရှင်းပေးမည်ဖြစ်၏။

ထိုအန္တရာယ်ပေါ်လာသည်ဖြစ်စေ၊ မပေါ်လာသည်ဖြစ်စေ သူကတော့ သူ့အတွက် ဝိညာဉ်ကျောက်တုံးများကို ခွဲဝေရရှိမည်ဖြစ်သည်။

ပထမရာဇဝတ်ကောင်အတွက် သဲလွန်စက သက်တမ်းကုန်သွားပြီဖြစ်၍ ခေါင်းဆောင် ပေါ်မလာခဲ့ပေ။ ယခု ဒုတိယသဲလွန်စက အဓိကဂိုဏ်းသားတစ်ဦးကို ဆွဲထုတ်လိုက်ခဲ့ရာ ခေါင်းဆောင် ပေါ်လာမည်မဟုတ်ဟု အစက ရွှီချင်း တွေးထားခဲ့သည်။

အံ့အားသင့်သွားသော ရွှီချင်းကိုကြည့်၍ ခေါင်းဆောင်က ပန်းသီးတစ်ကိုက်ကိုက်ကာ ရွှီချင်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ထို့နောက် သူက မျက်နှာပျက်နေသော ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်ကို ကြည့်လိုက်သည်။

“ လူဆိုးထိန်းဌာနရဲ့ တတိယစည်းမျဉ်းအရ လူဆိုးထိန်းဌာနတရားစီရင်တာကို ဟန့်တားတဲ့လူ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် ”

“ သူက ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်။ ငါတို့က ဥပဒေအတိုင်း ဆောင်ရွက်နေတာ။ ဒါ တရားဝင်ခွင့်ပြုထားတဲ့ စီးပွားရေးပဲ ”

“ မင်းက ငါတို့ကို တားဆီးဖို့ ကြိုးစားနေတာလား ”

ခေါင်းဆောင်က ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်ကို ပြုံး၍ ပြောလိုက်သည်။

ရွှီချင်း၏အမြင်တွင် ခေါင်းဆောင်က မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါသော်ငြား အထက်စီးမှပြောနေသောလေသံနှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူငယ်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမူအရာကြောင့် သူတို့၏ပုံရိပ်များ ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။

သူ အမှန်တကယ် အံ့သြတုန်လှုပ်သွားရသည်။

ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်မှာမူ ခေါင်းဆောင်၏စကားများကို ကြားပြီးနောက် အသက်ရှူသံများ မြန်ဆန်လာပြီး စိတ်ထဲ ယောက်ယက်ခတ်နေရသည်။ အမှန်တွင် စွန်းဒဲ့ဝမ်က သူ့ကို လက်ဆောင်များစွာ ပေးထားခဲ့ဖူးသည်။ ဤလောင်းကစားရုံသည်လည်း သူ၏စီးပွားရေးတစ်ခုဖြစ်သည့်အတွက်ကြောင့် သူ၏အကျိုးအမြတ်များအား ထိပါးလာသည့်မည်သူ့ကိုမဆို သူ ခွင့်မလွှတ်နိုင်ပေ။

သို့သော် သူသည် အမှတ်ခြောက်အသင်းခေါင်းဆောင်ကို အနည်းငယ် ထိတ်လန့်နေသည်။ ထိုခေါင်းဆောင်အကြောင်းကို ယခင်က သူ ကြားထားခဲ့ဖူးသည်။ သူ မှတ်မိသလောက် ထိုလူက လွန်ခဲ့သော ( ၂ ) နှစ်က တခြားအဓိကဂိုဏ်းသားတစ်ယောက်နှင့် ပြဿနာတက်ခဲ့ပြီး မကြာခင် ထိုအဓိကဂိုဏ်းသား ပျောက်သွားခဲ့သည်။

ထိုကိစ္စက သူ့ကို အလွန် သတိထားသွားစေသည်။ သူ့ကို တုန်လှုပ်သွားစေသည့်အချက်မှာ ထိုကိစ္စနှင့်စပ်လျဉ်း၍ တောင်ပေါ်တွင် မည်သည့်စုံစမ်းစစ်ဆေးမှုမျှ ထပ်ပေါ်မလာခြင်းဖြစ်သည်။ သို့သော်လည်း ထိုကိစ္စကို သိထားသည့်လူများက ပါးစပ်ပိတ်နေကြသည်ဖြစ်၍ ထိုအကြောင်း သိထားသူ များများစားစား မရှိပေ။

ချီရွှဲ့ထုံဂိုဏ်း၌ အဓိကဂိုဏ်းသားတစ်ယောက် ပျောက်သွားခြင်းသည် ကိစ္စကြီးတစ်ရပ် ဖြစ်ပါသော်ငြား မဖြေရှင်းနိုင်သော ကိစ္စအဖြစ်သာ ရောက်ရှိသွားခဲ့သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်က အေးစက်က်နှာမှုတ်ကာ စကားတစ်ခွန်းမဆိုဘဲ ထွက်ခွာသွားသည်။

ထိုဖြစ်ရပ်အလှည့်အပြောင်းကြောင့် ရွှီချင်း၏ရင်ထဲ ခံစားချက်လှိုင်းများ ရိုက်ခတ်သွားရသည်။ ခေါင်းဆောင်ကိုကြည့်၍ သူ့စိတ်ထဲတွင် ခန့်မှန်းချက်များစွာ အစီအရီ ပေါ်လာသည်။

“ ငါ့အတွက် ဝေစု ”

ခေါင်းဆောင်က ရွှီချင်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ရွှီချင်းက စကားတစ်ခွန်းမပြောဘဲ ဝိညာဉ်ကျောက်တုံးနှစ်ဆယ် တစ်ခါတည်း ပေးလိုက်သည်။

ခေါင်းဆောင်က ဝိညာဉ်ကျောက်တုံးများကို ယူပြီးနောက် ကျေနပ်သွားဟန်ဖြင့် အဝေးရောက်သွားပြီဖြစ်သော ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ်လူငယ်ကို ကြည့်လိုက်သည်။

“ အဲဒီကောင်ရဲ့နာမည်က ကျောက်ကျုံးဟန်၊ ဘာမှသောက်ဖြစ်ရှိတဲ့ကောင် မဟုတ်ဘူး။ သူ့အဘိုးသာ သတ္တမမြောက်တောင်ထိပ်က အကြီးအကဲ မဟုတ်ရင် ဒီကောင် အသတ်ခံရတာ ကြာပြီ။ ဒီကောင် ဘယ်လိုလုပ် အဓိကဂိုဏ်းတံဆိပ်ပြားကို ရနေသေးတာလဲ မသိဘူး ”

“ ဒါပေမဲ့ သူ့အဘိုးက သူ့ကို စေလွှတ်ရေးဌာနမှာ အသင်းခေါင်းဆောင်ရာထူး စီစဥ်ပေးလိုက်တယ်လို့ ငါ ကြားတာပဲ။ အဲဒီမှာ သူ့ကို အတွေ့အကြုံနည်းနည်းပါးပါး ရစေချင်နေတာ ဖြစ်မယ် ”

ခေါင်းဆောင်က ရှေ့မှဦးဆောင်လျှောက်သွားရင်း ပြောလိုက်သည်။ ရွှီချင်းက သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်သွားကာ လူဆိုးထိန်းဌာနကို အတူတကွ သွားလိုက်ကြသည်။

လမ်းတစ်လျှောက်၌ ရွှီချင်းက ခေါင်းဆောင်ကိုကြိမ်ဖန်များစွာ ကြည့်နေသည်။ လူဆိုးထိန်းဌာနကို သူတို့ ရောက်တော့မည့်အချိန်တွင် ခေါင်းဆောင်က ရွှီချင်းကို အံ့အားသင့်သောအကြည့်ဖြင့် စောင်းငဲ့ကြည့်လိုက်သည်။

“ ကလေး၊ မင်းက တကယ်စိတ်ရှည်တဲ့ကောင်ပဲကွ။ အဓိကဂိုဏ်းသားတစ်ယောက်ကို နောက်ဆုတ်သွားအောင် ငါ လုပ်လိုက်တာကို မင်းက ဘာလို့ တစ်ခွန်းမှ မမေးရတာတုံး ”

“ ဘာလို့လဲ ”

ရွှီချင်းက မေးလိုက်သည်။

ခေါင်းဆောင်မှာ ရွှီချင်းကိုကြည့်၍ စိတ်ဝင်စားသည့်စိတ်များ ပျောက်သွားသလို ခံစားလိုက်ရသည်။

“ မင်းက အတော်ငြီးငွေ့ဖို့ကောင်းတာပဲ။ ထားတော့ … မင်းက ငါ့အသင်းဝင်ဆိုတော့ ငါ မင်းကို ပြောပြမယ်။ လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက်က အဓိကဂိုဏ်းသားတစ်ယောက်ကို ငါ အပြစ်လုပ်မိပြီးတော့ ငါ ချီရွှဲ့ထုံဂိုဏ်းကနေ ထွက်ပြေးဖို့စီစဉ်ခဲ့တယ်။ ဘာဆက်ဖြစ်သွားလဲ ခန့်မှန်းကြည့် … ဟား ဟား ”

“ အဲဒီအဓိကဂိုဏ်းသား ပင်လယ်ပြင်ထွက်သွားတုန်း မတော်တဆဖြစ်ပြီး သေသွားတယ်လေ။ ဂိုဏ်းက စုံစမ်းစစ်ဆေးကြည့်လိုက်တော့ တကယ်ပဲ မတော်တဆဖြစ်သွားတာကို တွေ့လိုက်ရတယ်။ အဲဒီကိစ္စကလည်း မဖြေရှင်းနိုင်ဘဲ ကျန်သွားခဲ့တယ်။ အဲဒါပြီးတော့ တချို့အဓိကဂိုဏ်းသားတွေက ငါ့ကို အတော်လေး ထူးဆန်းတဲ့ကောင်ဆိုပြီး ထင်သွားကြတယ် ”

“ ဒီတော့ သူတို့ထဲက အများစုက ငါ့ကိုမြင်တာနဲ့ ရှောင်သွားတော့တာပဲ ”

ခေါင်းဆောင်က ရွှီချင်းကိုပြုံး၍ ကြည့်လိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

“ မင်း ငါပြောတာ တကယ်ကြီး ယုံတယ်ပေါ့ ”

ခေါင်းဆောင်က အံ့အားသင့်စွာ ဆိုသည်။

“ မယုံပါဘူး ”

ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။

“ ဒါဆို မင်း ဘာလို့ခေါင်းညိတ်ရတာတုံး ”

ရွှီချင်း နှုတ်ဆိတ်နေသည်။

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး နောက်တစ်ခေါက် စိတ်ပျက်သွားဟန်တူသည်။ ခဏအကြာ လူဆိုးထိန်းဌာနအဝင်ဝကို မြင်လိုက်ရသောအခါ သူက အမှောင်ထဲမှနေ၍ ခပ်တိုးတိုးပြောလိုက်သည်။

“ တကယ်က ငါ အဲဒီကောင်ကို သတ်ပစ်လိုက်တာ။ ဒါ ငါ့လျှို့ဝှက်ချက်ပဲ။ ရွှီချင်း … အဲဒီလျှို့ဝှက်ချက်က ဝိညာဉ်ကျောက်တုံးတစ်ရာတန်တယ် ”

ခေါင်းဆောင်က စကားဆုံးသောအခါ ရွှီချင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ရွှီချင်းမှာ ဝိညာဉ်ကျောက်တုံးတစ်ရာကို မတတ်နိုင်ချေ။

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး စကားအနည်းအကျဉ်း ခပ်တိုးတိုးပြောလိုက်သည်။ ရွှီချင်းကို ဝိညာဉ်ကျောက်တုံးတစ်ရာအကြွေးတင်သွားပြီဖြစ်ကြောင်း ရွှီချင်းကိုယ်တိုင် ဝန်ခံစေပြီးသောအခါမှသာ သူသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ လူဆိုးထိန်းဌာန၏ ရွှမ်ဌာနခွဲဆီကို တန်းတန်းမတ်မတ် သွားလိုက်သည်။

ရွှီချင်းက သူ့နဖူးကို ပွတ်၍ လမ်းခွဲသွားသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူ အကြွေးပေးရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသည့် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့်ပတ်သက်၍ သူ့စိတ်ထဲ စနိုးစနှောင့်မဖြစ်ပေ။ ထိုအစား စိတ်သက်သာရာရသွားဟန်ဖြင့် သူ သက်ပြင်းသာ ချလိုက်သည်။

လမ်းတစ်လျှောက် သူ စကားမပြောခဲ့သည့် အကြောင်းရင်းမှာ ခေါင်းဆောင်၏ခန္ဓာကိုယ်မှ တရိပ်ရိပ်ထွက်ပေါ်နေသော လူသတ်ငွေ့များကို သူ အလိုလို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ယခင်က သူ ခန့်မှန်းထားသည့်အတိုင်း ချီစုစည်းခြင်းအဆင့်ကိုး သို့မဟုတ် အဆင့်တစ်ဆယ်တွင် ရှိသည်။ သို့သော် ခေါင်းဆောင်က တစ်ခုခုကို ဖုံးကွယ်ထားသလို သူ ခံစားနေရပြီး ခေါင်းဆောင်၏ အစစ်အမှန် တိုက်ရည်ခိုက်ရည်က သေချာပေါက် ပို၍ အစွမ်းထက်နေပေလိမ့်မည်။

All Chapters