ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော လျှို့ဝှက်ချက် ( ၃ )
Vol. 8 Ch. 110
သို့သော်လည်း ခေါင်းဆောင်၏ လူသတ်ငွေ့များက ထွက်ပေါ်မလာခဲ့ဘဲ ဝိညာဉ်ကျောက်တုံးများ အကြွေးတင်သွားခဲ့ပြီဟု သူ လက်ခံပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံး၌ ရွှီချင်း စိတ်သက်သာရာရသွားခဲ့သည်။ အဝေးရှိ ပန်းချွမ်လမ်းရှိရာအရပ်ကို သူ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ အေးစက်စက်အလင်းတစ်စ ဝင်းလက်သွားသည်။
သူက အကြည့်ကို မြန်မြန်ရုတ်သိမ်း၍ လူဆိုးထိန်းဌာနထဲ ဝင်လိုက်သည်။ ထို့နောက် စွန်းဒဲ့ဝမ်ကို စီမံရေးရာဌာနကို အပ်ခဲ့ပြီး ဆုကြေးငွေ ထုတ်ယူခဲ့သည်။
သူက ထွက်မသွားခင် ရာဇဝတ်ကောင်များကို လက်ခံရန် တာဝန်ယူထားသော ဂိုဏ်းသားတစ်ယောက်ကို ဝိညာဉ်ကြေးပြားအနည်းငယ်ပေး၍ ကျောက်ကျုံးဟန်အကြောင်း မေးမြန်းခဲ့သည်။
ထိုဂိုဏ်းသားက ဝိညာဉ်ကြေးပြားများကို ဟန်ဆောင်အပြုံးဖြင့် ယူလိုက်ပြီး သူ သိသမျှ ရွှီချင်းကို ပြောပြလိုက်သည်။
သူ့စကားများက ခေါင်းဆောင်ကဲ့သို့ ကြမ်းတမ်းပါသော်လည်း အသေးစိတ်မဟုတ်ပေ။ ရွှီချင်းက သူ့ကို ကျေးဇူးတင်စကားဆို၍ ထွက်လာခဲ့သည်။
ဆိပ်ကမ်းသို့အပြန်လမ်း၌ ရွှီချင်းက ယမန်နေ့ညက အဖြစ်အပျက်များကို ပြန်လည်စဉ်းစားကြည့်နေသည်။
“ ခေါင်းဆောင်က သိပ်အစွမ်းထက်ပြီး ကောက်ကျစ်တယ်။ ငါ့ကိုတော့ နည်းနည်း ခွဲခွဲခြားခြား ဆက်ဆံနေသလိုပဲ။ သူ့ရည်ရွယ်ချက်က ဘာလဲ ”
ခဏအကြာ တွေးတောပြီးနောက် သူ လှေရပ်နားရာနေရာကို ပြန်ရောက်လာသည်။ သူက သတိထား၍ သူ၏အိတ်ထဲမှ ဝါးပေလွှာကလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုပစ္စည်းလေးသည် အလွန် အိုဟောင်းနေပြီဖြစ်ပြီး ကြိမ်ဖန်များစွာ အသုံးပြုထားဟန်တူသည်။
ထိုပစ္စည်းလေးပေါ်တွင် ကြက်ခြေခတ်ထားသော နာမည်များ အတန်းလိုက်ပြွတ်သိပ်စွာ ရှိနေသည်။ ကြက်ခြေမခတ်ရသေးသည့် နာမည်တစ်ခုလည်း ရှိနေပြီး ယင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်သည်။
ရွှီချင်းက သံတုတ်ကလေးကို ကောက်ယူ၍ “ ပန်းချွမ်လမ်းက အဘိုးအို ” ဟူ၍ ရေးထွင်းလိုက်သည်။
ပြီးသည်နှင့် ‘ ခေါင်းဆောင် ’ စာလုံးကို ရေးလိုက်သည်။ ထို့နောက် သူ တွေးတောလိုက်ပြီး ‘ ခေါင်းဆောင် ’ စာလုံး၏နောက်တွင် မေးခွန်းအမှတ်အသားလေး ထပ်ထည့်လိုက်သည်။
ခေါင်းဆောင်ကို သူ ရေးထွင်းလိုက်ရခြင်းအကြောင်းရင်းမှာ လူသတ်ငွေ့များကြောင့် ဖြစ်သည်။ မေးခွန်းအမှတ်အသားက ထိုလူသတ်ငွေ့များသည် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ရွှီချင်းက ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ခေါင်းဆောင်၏ လျှို့ဝှက်ချက်များကို သူ မစူးစမ်းချင်ပေ။ ထို့ကြောင့် စွန်းဒဲ့ဝမ်၏ သားရေအိတ်ရှုံ့ကိုသာ ထုတ်၍ ဖွင့်လိုက်ပြီးနောက် သူ ငြိမ်သက်သွားသည်။
လောင်းကစားရုံအပြင်ဘက်တွင် စွန်းဒဲ့ဝမ် ပြောခဲ့သည့်စကားများကို သူ ပြန်တွေးမိလိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်း သားရေအိတ်ရှုံ့ထဲတွင် အဖိုးတန်ပစ္စည်း ဘာမှမရှိချေ။ သူ မျက်မှောင်ကြုတ်သွားပြီး သားရေအိတ်ရှုံ့ကို ဘေးကို ပစ်လိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့ပြီး ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ရသွားခဲ့ပြီဖြစ်သော ရွှီချင်းက ပန်းချွမ်လမ်းကို ထပ်မသွားတော့ပေ။ တည်းခိုခန်းမှ ထိုအဘိုးအိုက တခြားတစ်ယောက်မှတစ်ဆင့် သူ့ကို ရှင်းထုတ်ပစ်ရန် ကြိုးစားခဲ့သည်ဟု သူ သံသယဝင်နေသည်။ ထို့ကြောင့် အဘိုးအိုအား မည်သို့ ရှင်းထုတ်ပစ်ရမည်ကို သူ စတင်အစီအစဉ်ချနေသည်။
သို့သော်လည်း ထိုကိစ္စက အခက်အခဲအနည်းငယ်ရှိနေ၍ သူ ကြမ်းကြမ်းတမ်းတမ်းလုပ်၍ ရန်သူကို သတိမပေးချင်ပေ။
ထိုအတောအတွင်း ကျင့်ကြံခြင်းအပြင် သူ၏မှော်လှေကလေးကို အဆင့်မြှင့်တင်ရန် ဈေးကြီးသော ကုန်ကြမ်းပစ္စည်းများကို ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ခဲ့သည်။
ထို့ကြောင့် သူ၏အဆင့်နှစ်မှော်လှေကလေးသည် အဆင့်နှစ်ဆင့် တိုးတက်သွားခဲ့ပြီး အဆင့်လေးကို ရောက်သွားခဲ့သည်။
မှော်လှေကလေး၏ ပုံပန်းသွင်ပြင်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ၎င်း၏အလျားသာမက အနံသည်လည်း များစွာ ရှည်သွားခဲ့ပြီး အရေးကြီးဆုံးအချက်မှာ ၎င်း၏ကိုယ်ထည်ကို ယခင်ကလို အကြေးခွံရုပ်ပုံများဖြင့် သာမက စစ်မှန်သော အကြေးခွံများဖြင့် ဖုံးလွှမ်းသွားပြီဖြစ်သည်။
ပြည့်ကြပ်နေသော အကြေးခွံများနှင့်အတူ မှော်လှေကလေးက ပင်လယ်ရေမျက်နှာပြင်ပေါ်၌ တကယ့်မိကျောင်းကြီးတစ်ကောင်အလား ထင်မှတ်ရသည်။ ၎င်းထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များသည်လည်း သိသိသာသာ ထွက်ပေါ်နေတော့သည်။ အထူးသဖြင့် မိကျောင်းခေါင်းကြီးက အသိရှိနေဟန်တူပြီး ၎င်း၏အထဲတွင် မြှုပ်နှံထားသော မျက်လုံးများသည်လည်း အသက်ဝင်နေသည့်အရိပ်အယောင်များ ပြသနေသည်။
ယင်းမှာ ရွှီချင်းက လှေ၏အကာအကွယ်ကို ပြည့်စုံစေရန်အတွက် မာကြောခိုင်ခံမှုကို တိုးတက်စေသည့် ကျောက်မျက်နှစ်လုံးကို ဝယ်ခဲ့ပြီး ၎င်း၏မျက်လုံးများနေရာတွင် အစားထိုးခဲ့ခြင်းကြောင့် ဖြစ်သည်။
မူလက အနက်ရောင်အခန်းငယ်လေးသည်လည်း အိမ်ငယ်လေးတစ်လုံး ဖြစ်လာခဲ့သည်။ လှေကလေးနှင့် အိမ်ငယ်လေးကြောင့် ရွှီချင်း ပို၍ ဘေးကင်းလုံခြုံသလို ခံစားလာရသည်။
ဆိပ်ကမ်းရှိလူတိုင်း ထိုကဲ့သို့ အဆင့်လေး လှေကို မပိုင်ဆိုင်ကြပေ။ ရွှီချင်း ရွေးချယ်ခဲ့သော ကုန်ကြမ်းပစ္စည်းအားလုံးက အဆင့်နိမ့်ပစ္စည်းများသာ ဖြစ်ပါသော်လည်း ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးရှိ လူများကို အနည်းငယ် စိတ်ဝင်စားသွားစေခဲ့သေးသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သူ လုပ်နိုင်သောအရာမရှိချေ။ ဆိုင်ရှင်အား လှေကို ပြုပြင်ထားသည့်အရိပ်အယောင်များ ဖုံးကွယ်ပေးရန် တောင်းဆိုခဲ့ပါသော်လည်း အကျိုးသက်ရောက်မှုမရှိချေ။ ထို့ကြောင့် သူ ပို၍သာ သတိထားနေရသည်။
ကံကောင်းထောက်မ၍ နှစ်ပေါင်းများစွာ သတိထားနေလာခဲ့သည့်အတွက် ယင်းက သူ၏ဘဝတစ်စိတ်တစ်ပိုင်းပင် ဖြစ်နေခဲ့ပြီဖြစ်သည်။
လှေကလေး၏ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ခြင်းသည် ပင်လယ်ပြင်သို့ သွားမည့်သူ၏အကြံအစည်ကို အရှိန်အဟုန်မြှင့်တင်ပေးလိုက်သည်။
ထို့ကြောင့် ရွှီချင်းက မှော်လှေကလေးကို ပို၍ မျှော်လင့်လာခဲ့သည်။ ကုန်ကျစရိတ်က များသော်လည်း ထိုက်တန်သည်ဟု သူ ခံစားရသည်။
ကျောက်ကျုံးဟန်က သူ့ကို ပြဿနာလာမရှာပေ။ ခေါင်းဆောင်ကို သူ ကြောက်လန့်နေဟန်တူသည်။
တချိန်တည်းမှာပင် လူဆိုးထိန်းဌာနက ညဉ့်ငှက်အဖွဲ့အစည်းကို အပေါ်ယံ ရှာဖွေမနေတော့ဘဲ အထဲမှ ကြိတ်၍ လှုပ်ရှားနေ၏။ ထို့ကြောင့် ညဉ့်ငှက်အဖွဲ့၏အသိုက်ကို ရှာတွေ့ခါနီးပြီဖြစ်ကြောင်း ရွီှချင်း ခံစားနေရသည်။
နှစ်ရက်ကြာပြီးနောက် အလုပ်နားတော့မည့် ရွှီချင်းသည် လူဆိုးထိန်းဌာနမှ မထွက်ခွာခင် သတိပေးစာ လက်ခံရရှိလိုက်သည်။ ယင်းစာက လူဆိုးထိန်းဌာနမှ တစ်ယောက်မှ မထွက်ခွာဘဲ သက်ဆိုင်ရာအသင်းများတွင် နေ၍ အမိန့်များကို စောင့်နေရန် မှာကြားထားသော စာဖြစ်သည်။
သူတို့၏အသံလွှင့်ကျောက်စိမ်းပေလွှာများသည်လည်း ကန့်သတ်ခြင်း ခံလိုက်ရသည်။
ယနေ့ညတွင် အသိုက်ကို သွားရောက်ဖြိုခွင်းတော့မည်ဖြစ်ကြောင်း ရွှီချင်း နားလည်လိုက်သည်။
သူ ထင်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်ပျက်လာခဲ့သည်။ နှစ်နာရီကြာပြီးနောက် နေဝင်ဖျိုးဖျအချိန်ကို ရောက်သောအခါ အသင်းနှင့်အတူ စောင့်နေသော ရွှီချင်းက ခေါင်းဆောင်ကို မြင်လိုက်ရသည်။
“ နယ်မြေခုနစ်ခုလုံးမှာရှိတဲ့ ညဉ့်ငှက်အဖွဲ့ရဲ့ အသိုက်တွေကို ဖြိုခွင်းဖို့ ဌာနက ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်တယ်။ တိကျခိုင်မာတဲ့သတင်းတွေအရတော့ ဆိပ်ကမ်းမှာ ညဉ့်ငှက်အဖွဲ့ရဲ့ လျှို့ဝှက်နေရာဆယ့်ခုနစ်ခုရှိတယ်။ တျန်၊တိ၊ရွှမ်၊ဟွမ် ဌာနခွဲတွေက အသင်းတွေအားလုံး အဲဒီနေရာတွေကို ခွဲပြီး သွားကြမှာ ”
“ ရွှီချင်း၊ မင်း တင်ပြလိုက်တဲ့သတင်းက မှန်တယ်။ ဒီတစ်ခေါက် ငါတို့အသင်းက တိဌာနခွဲက အမှတ်သုံးအသင်းနဲ့ အတူ လှုပ်ရှားရမယ်။ ငါတို့ပစ်မှတ်က အဲဒီနေရာပဲ ”
ခေါင်းဆောင်က ရွှီချင်းကို ပြုံးပြလိုက်သည်။ ထို့နောက် သူက တည်ကြည်လေးနက်သွားပြီး တခြားအသင်းဝင်အားလုံးကို ဝေ့ကြည့်လိုက်သည်။
“ အဲဒီအသိုက်မှာ ချီစုစည်းခြင်းအထွတ်အထိပ်ကို ရောက်နေတဲ့လူနှစ်ယောက်၊ ချီစုစည်းခြင်းအဆင့်ကိုးကို ရောက်နေတဲ့လူလေးယောက်၊ ချီစုစည်းခြင်းအဆင့်ရှစ် လူခုနစ်ယောက်နဲ့ တခြားလူနှစ်ဆယ့်ငါးယောက်ရှိတယ် ”
“ ဌာနက အဲဒီကိစ္စကို သိပ်အလေးထားတယ်။ ဘယ်အသိုက်က ရန်သူခေါင်းဆောင်ကိုပဲဖြစ်ဖြစ် သတ်ဖြတ်နိုင်တဲ့အသင်းကလူတိုင်း ဝိညာဉ်ကျောက်တုံးဆယ်တုံးစီရမယ်။ ရန်သူခေါင်းဆောင်ကို သတ်တဲ့လူကတော့ နောက်ထပ် ဝိညာဉ်ကျောက်တုံးရှစ်ဆယ် ဆုချခံရမယ် ”
“ ပြီးတော့ ညဉ့်ငှက်အဖွဲ့ဝင်တိုင်းရဲ့ခေါင်းက ဝိညာဉ်ကျောက်တုံးဆယ်တုံး တန်တယ်။ ညီအစ်ကိုတို့ ... အပိုဝင်ငွေရှာဖို့ အချိန်ရောက်ပြီဟေ့ ”
ထိုစကားများကို ကြားသောအခါ ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူ၏အဆင့်လေးလှေကို အဆင့်ခြောက်သို့ မြှင့်တင်လိုပါက အဆင့်နိမ့်ကုန်ကြမ်းပစ္စည်းများဆိုလျှင် ဝိညာဉ်ကျောက်တုံးဆယ့်နှစ်တုံးသာ လိုသည်။ သို့သော်လည်း အလယ်အလတ်အဆင့် ကုန်ကြမ်းပစ္စည်းများဆိုပါက ဝိညာဉ်ကျောက်တုံးရှစ်ဆယ်ပတ်ချာလည် လိုအပ်သည်။ အဆင့်မြင့်ကုန်ကြမ်းပစ္စည်းများကတော့ ဈေးခေါင်ခိုက်နေ၍ ရွှီချင်း ထည့်သွင်းစဉ်းစားမနေတော့ပေ။
ယခင်ရက်များက ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန်နှင့်ပတ်သက်၍ သူ ခေါင်းကိုက်နေခဲ့ရသည်။ ယခု ခေါင်းဆောင်၏စကားများကို ကြားသည်တွင် သူ၏မျက်လုံးများ တဖိတ်ဖိတ် လက်နေတော့သည်။