← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကြီး၏ ဦးခေါင်းပိုင်းတွင် စင်မြင့်တစ်ခု ရှိလေသည်။ ထိုသင်္ဘောကြီးသည် ယခုအချိန်တွင် အရှိန်အဟုန်အပြည့်ဖြင့် ရှေ့သို့ တိုးဝင်နေ၏။ သင်္ဘော၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှရာ တစ်ချိန်က နှင်းတောင်တန်း တစ်သန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရွှယ်ဝူရွှမ်း၏ ပျံသန်းနှုန်းကိုပင် မှီလုနီးပါး ရှိနေပေသည်။

အဆင့်မြင့် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူတစ်ဦး အားသွန်ခွန်စိုက် ပျံသန်းခြင်းနှင့် နှိုင်းယှဉ်နိုင်သော ဤအရှိန်အဟုန်သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ယင်ထျန်းလှေထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေလေသည်။

ကျုံးရှန်သည် လက်ကို နောက်ပစ်လျက် သင်္ဘောဦးပိုင်း၌ ရပ်ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်နေ၏။ ထိုနေရာသည် ဟွမ်ရှားကုန်သည်အသင်း၏ ဗဟိုဌာနချုပ် တည်ရှိရာ အရပ်မျက်နှာပင် ဖြစ်သည်။

ဟွမ်ရှားကုန်သည်အသင်းသည် နန်ယန်စီရင်စုတွင် သမိုင်းကြောင်း အရှည်ကြာဆုံးနှင့် အလျှို့ဝှက်ဆုံးသော ကုန်သည်အဖွဲ့အစည်းဖြစ်ပြီး တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း တစ်သန်းကျော်ပင် ရှိနေပြီ ဖြစ်သည်။

သူတို့သည် အလွန်ပင် သတိကြီးစွာ နေထိုင်တတ်သလို လျှို့ဝှက်ချက်လည်း များလှပေသည်။ လူအများ မသိလိုက်မီမှာပင် ယင်းတို့၏ လက်အောက်ခံ ကုန်သည်မဟာမိတ်များသည် စီရင်စုတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။ သတင်းကွန်ရက် အလွန်ကောင်းမွန်ရုံတင်မကဘဲ ငွေကြေးဓနလည်း အလွန်ပင် ကြွယ်ဝကြပြီး မကြာခဏလည်း ရှားပါးသော လူမျိုးခြား ထွက်ကုန်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။

သာမန် ကုန်သည်အသင်းဟု ထင်ရသော်လည်း ယင်းတို့တွင် ကျွမ်းကျင်သူ အများအပြား ရှိနေသလို သိုင်းဆရာသခင်အဆင့်ရှိသူများနှင့် နိယာမနယ်ပယ် ကျင့်ကြံသူ အမြောက်အမြားကိုလည်း လေ့ကျင့်ပေးထားကြသည်။ သို့ဖြစ်ရာထိုကုန်သည်အသင်း၏ စွမ်းအားမှာ နန်ထျန်းအင်မော်တယ်မင်းဆက်ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများနှင့်ပင် ယှဉ်နိုင်သည့် အနေအထားတွင် ရှိနေ၏။

ဤအရာအားလုံးမှာ ကျွမ်းလီ ယူဆောင်လာခဲ့သော လျှို့ဝှက်သတင်းများသာ ဖြစ်ပြီး ပြင်ပလူများ၏ မျက်လုံးထဲတွင်မူ ဟွမ်ရှားကုန်သည်အသင်းသည် အရေးမပါသော အလတ်စား အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။ ဤဟွမ်ရှားလူမျိုးခြားများသည် အချိန်အတော်ကြာကတည်းက စနစ်တကျ ကြံစည်ထားခဲ့ကြခြင်း ဖြစ်ကြောင်း ဤအချက်က သက်သေပြနေလေသည်။

ကျွမ်းလီသည် ကျုံးရှန်၏ နောက်ရှိ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေပြီး စပျစ်သီးများကို တစ်လုံးချင်း ခွာပေးနေ၏။ ထိုစပျစ်သီးများသည် စိမ်းစိုပြီး အရည်ရွှမ်းနေကာ စိမ်းပြာရောင် ကျောက်မျက်ရတနာများကဲ့သို့ မှော်ဆန်သော အလင်းတန်းများ ဖြာထွက်နေလေသည်။ သူမသည် ကျုံးရှန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် မသိမသာ ဝေဝါးလာမိသည်။

"သခင်... ဟွမ်ရှားကုန်သည်အသင်းရဲ့ ဗဟိုဌာနချုပ်ကို ရောက်ဖို့က လိုပါသေးတယ်.. အရင်ဆုံး စပျစ်သီးလေး စားလိုက်ပါဦးလား... ကျွန်မ ခွာပေးတဲ့ စပျစ်သီးတွေက အရမ်းချိုတာနော်..."

သူမ၏ ရုပ်ရည်သွင်ပြင်သည် လှပကျော့ရှင်းပြီး မြင့်မြတ်သော အငွေ့အသက်များ ရှိနေသကဲ့သို့ မျက်ဝန်းအကြည့်များသည်လည်း ဆွဲဆောင်မှု ရှိလွန်းလှရာ မည်သူမဆို မြင်လိုက်ရသည်နှင့် စိတ်နှလုံး ယိမ်းယိုင်သွားရပေမည်။

ကျုံးရှန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ရုတ်တရက် သူ၏ ဝိညာဉ်အာရုံသည် အဝေးတစ်နေရာကို ဖြတ်သန်းသွားရာ ရွှေရောင်အလင်းတန်းများ ဝန်းရံနေသော ကိုးဆင့်သရဖူကို ဆောင်းထားပြီး ကြိုးကြာနီဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် သိုသိုသိပ်သိပ်ဖြင့် အနောက်ဘက်နယ်စပ်သို့ ဦးတည်ကာ ခရီးနှင်နေခြင်း ဖြစ်၏။

'နန်တျန်အင်မော်တယ်မင်းဆက်က လူပါလား...'

ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အင်အားစုများမှာ သူ ထင်ထားသည်ထက် ပို၍ ကြီးမားနေပုံရသည်။ သူ့၏ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွင်း၌ရော ကြွက် များ ခိုအောင်းနေဦးမလားဟု သူ တွေးလိုက်မိသည်။

ထို့နောက် ကျုံးရှန်သည် အင်္ကျီလက်ကို တစ်ချက် ခါလိုက်ပြီး ကျွမ်းလီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"စပျစ်သီးကို ခဏနေမှ စားလည်း နောက်မကျပါဘူး... ဟွမ်ရှားဗဟိုဌာနချုပ်ကို ရောက်တာနဲ့ အဲဒီနေရာကို မြေလှန်ပစ်ဖို့သာ အမိန့်ပေးလိုက်"

"အမိန့်အတိုင်းပါ သခင်"

--------------

ဧရာမ စစ်သင်္ဘောကြီးသည် နန်ယန်စီရင်စု၏ အနောက်မြောက်ဘက် ကောင်းကင်ယံကို ဖြတ်ကျော်နေသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။ လမ်းတစ်လျှောက်ရှိ အင်အားစုများ၊ ဂိုဏ်းများနှင့် အင်မော်တယ်မင်းဆက် ဘယ်နှခုလောက်ကိုပင် ထိတ်လန့်သွားစေခဲ့သလဲ ဆိုသည်ကို မသိနိုင်တော့ချေ။ သူတို့အားလုံးသည် ရန်သူများ ကျူးကျော်လာမည်ကို စိုးရိမ်သဖြင့် မြို့စောင့်အစီအရင်များကို ဖွင့်ထားကြကာ သတိကြီးစွာဖြင့် စောင့်ကြပ်နေကြခြင်းဖြစ်သည်။

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကြီး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး ခဏအတွင်းပင် ဟွမ်ရှားကုန်သည်အသင်း၏ ဗဟိုဌာနချုပ်နှင့် ဆယ်မိုင်အကွာသို့ ရောက်ရှိလာ‌ လေသည်။ သင်္ဘောကြီး၏ အရွယ်အစားမှာ အလွန်ပင် ကြီးမားလှသဖြင့် တောင်တံခါးဝတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်မှ တိမ်မည်းကြီးတစ်ခု ကျရောက်လာသကဲ့သို့ ဖြစ်နေလေသည်။

ဗဟိုဌာနချုပ် တောင်တန်းမုခ်ဝ အထက်တွင် ရောင်စုံအလင်းများ ဖြာထွက်နေပြီး အစီအရင်ကို စောစီးစွာကပင် ဖွင့်လှစ်ထားကြောင်း သိသာလှ၏။ ထိုအစီအရင်မှာ တစ်မျိုးတစ်ဖုံ ထူးခြားနေပြီး ဧရာမ မိကျောင်းကြီးတစ်ကောင်၏ ပုံရိပ်ယောင်ကလည်း ဝေဝေဝါးဝါး ပေါ်ထွက်နေ၏။

"ရှပ်... ရှပ်... ရှပ်..."

ဝက်မည်းကြီး၊ ရှေးဟောင်းကြက်ကြီးနှင့် မျောက်ဘုရင် စသည့် သူတော်စင်အဆင့် သတ္တဝါများအားလုံးသည် ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။ ယင်းတို့သည် ခန္ဓာကိုယ်ကို သုံးလက်မခန့်သာ ရှိအောင် သေးငယ်သွားစေပြီး ကျုံးရှန်၏ နောက်ကွယ်တွင် ရပ်ကာ ဦးညွှတ်လိုက်ကြ၏။

"သခင်... ဟွမ်ရှားကုန်သည်အသင်းရဲ့ ဌာနချုပ်ကို ရောက်ပါပြီ... အောက်မှာရှိနေတာက သူတို့ရဲ့ ဂိုဏ်းတံခါးဝပါ... ဘာဆက်လုပ်ရမလဲဆိုတာ အမိန့်ပေးပါ..."

ကျုံးရှန်သည် ကောင်းကင်ပေါ်ရှိ တိမ်တိုက်တစ်ခုကို ဆွဲယူလိုက်ရာ ခဏအတွင်းမှာပင် နူးညံ့ဖြူစင်သော တိမ်တိုက်ကုတင်တစ်ခု ဖြစ်သွားကာ ထိုကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲချလိုက်၏။

"သင်္ဘောပေါ်မှာရှိတဲ့ ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းတန်းအမြောက် တစ်သောင်းလုံးကို အသက်သွင်းပြီး... သူတို့ ဘယ်လိုခံစားရမလဲဆိုတာ သိအောင် အမြောက်ဆန် အလုံးရေ တစ်သန်းလောက် အရင်ပစ်ပြလိုက်စမ်း"

ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ် ဆယ်အိတ်ကို ပစ်ပေးလိုက်၏။ အိတ်တစ်အိတ်စီအတွင်း၌ အဆင့်မြင့် သူတော်စင်သလင်းကျောက် တစ်သိန်းစီ ပါရှိပေသည်။

ထိုအဆင့်မြင့် သူတော်စင်သလင်းကျောက်တို့၏ တန်ဖိုးမှာ ကုန်းမြေတိုက်တွင် အသုံးပြုနေသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများထက် အဆပေါင်းများစွာ သာလွန်လှသည်။ ဤသလင်းကျောက်များသည် အလွန်ပင် သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေကာ သူတော်စင်အဆင့် ကျွမ်းကျင်သူများ ကျင့်ကြံရာတွင် အသုံးပြုကြရသည့် အရာများ ဖြစ်ပြီး သလင်းကျောက်တစ်လုံးသည် ပြင်းထန်သော အမြောက်တစ်ချက် ပစ်ခတ်ရန် လုံလောက်သော စွမ်းအင်ကို ပေးစွမ်းနိုင်သည်။

ထိုတိုက်ခိုက်မှု၏ စွမ်းအားမှာ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အားကုန်သုံး တိုက်ခိုက်မှုနှင့် ညီမျှလေသည်။

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကြီးသည် ရှေးဟောင်း ဧကရာဇ်များ လက်ထက်ကတည်းကပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စစ်လက်နက်တစ်ခု ဖြစ်ခဲ့သည်။ စစ်သင်္ဘော ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကြယ်တာရာများ ပျက်စီးပြီး သက်ရှိများ သေကျေပျက်စီးရသည်။

အမြောက် အချက် တစ်သန်း ပစ်ခတ်ခြင်းသည် အထွတ်အထိပ် သူတော်စင်အဆင့် သလင်းကျောက် တစ်သန်း ကုန်ကျမည်ဟု ဆိုလိုခြင်း ဖြစ်၏။

သို့သော် ကျုံးရှန်ကမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပေါပေါသီသီ ထုတ်ပေးလိုက်ရာ သူ၏ ကြွယ်ဝချမ်းသာမှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြရန် မစွမ်းသာတော့ပေ။

"ဝုန်း..."

သင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်ရှိ အလွှာပေါင်း ၁၂၄ လွှာမှ အမြောက်စင်များ ပေါ်ထွက်လာသည်။ အစိမ်းရောင် သလင်းကျောက်များဖြင့် ပြုလုပ်ထားသော အမြောက်ပေါင်း တစ်သောင်းတိတိမှာ အသင့်ဖြစ်သွားပြီ ဖြစ်သည်။

အမြောက်ကိုယ်ထည်ပေါ်တွင် အလင်းစက်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အနုပညာလက်ရာတစ်ခုကဲ့သို့ လှပနေသော်လည်း အတွင်း၌ အစိမ်းရောင် စွမ်းအင်လှိုင်းများမှာမူ ပြင်းထန်စွာ စီးဆင်းနေ၏။

ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက်များသည် သူတော်စင်သလင်းကျောက်များမှ စွမ်းအင်ကို စုပ်ယူပြီးသောအခါ အမြောက်ဝမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် အက်ကွဲသွားလေသည်။ ချင်ထျန်းတောင်ထွတ်မှ သူတော်စင် သားရဲများသည် တည်ငြိမ်သော မျက်နှာထားဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

"ပစ်.."

"ပစ်.."

လက်မောင်းခန့် တုတ်ခိုင်သော အလင်းတန်းပေါင်း တစ်သောင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်လျက် ဟွမ်ရှားကုန်သည်အသင်း၏ မြို့စောင့်အစီအရင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

"ဒိန်း... ဒိန်း... ဒိန်း..."

ပေါက်ကွဲသံကြီးများမှာ အဆက်မပြတ် ထွက်ပေါ်လာရာ ကောင်းကင်နှင့် မြေကြီးပင် နားကွဲမတတ် ဖြစ်သွားရ၏။ ဤတိုက်ခိုက်မှုသည် နိယာမနယ်ပယ် အဆင့် ၂၈ ကျွမ်းကျင်သူ တစ်သောင်းက ပြိုင်တူ တိုက်ခိုက်လိုက်သည်နှင့် တူညီလှရာ အရှိန်အဝါသည် ထိတ်လန့်ဖွယ်ကောင်းပြီး အလွန် ကြမ်းတမ်းလှပေသည်။

ခဏအတွင်းမှာပင် အစီအရင်၏ အပြင်ဘက်ရှိ ကာကွယ်ရေး အလင်းတန်းများ ပျက်စီးသွားပြီး မိကျောင်းခေါင်းနှင့် လူကိုယ်ခန္ဓာပုံစံ ရှိသော အစီအရင်၏ ပင်မအစိတ်အပိုင်း ပေါ်ထွက်လာသည်။

အတွင်းဘက်ရှိ ထောင်ပေါင်းများစွာသော ဟွမ်ရှားကုန်သည်အသင်း ဂိုဏ်းသားများသည် ထိတ်လန့်တုန်လှုပ်သော မျက်နှာထားများဖြင့် အပြင်ဘက်ကို ကြည့်နေကြကာကောင်းကင်ကြီးကို ဖုံးလွှမ်းထားသော ဧရာမ စစ်သင်္ဘောကြီးကြောင့် သူတို့၏ စိတ်နှလုံးများ တုန်လှုပ်ချောက်ချားနေကြ၏။

နှစ်ပေါင်းများစွာအတွင်း သူတို့၏ ဗဟိုဌာနချုပ်ကို မည်သည့်အဖွဲ့အစည်းကမျှ ဤကဲ့သို့ လာရောက်တိုက်ခိုက်ဝံ့ခြင်း မရှိခဲ့ပေ။ သူတို့၏ အစီအရင်မှာ သဲကန္တာရနတ်ဘုရား ဆိုဘက်ခ်၏ စွမ်းအားနှင့် ဆက်စပ်နေသဖြင့် ကာကွယ်ရေးစွမ်းအား အလွန်ပင် မြင့်မားလှပေသည်။ နိယာမ အစီအစဉ်များကို နားလည်ထားပြီး ကိုယ်ပိုင်ဘုံဗိမာန်ကို ဖွင့်လှစ်နိုင်သော သူတော်စင်အဆင့် ၆ တစ်ဦးပင်ဤအစီအရင်အတွင်းသို့ ကျရောက်သွားပါက ဒဏ်ရာရရှိနိုင်ပေသည်။ သို့သော် ယခုအချိန်တွင်မူ တစ်စုံတစ်ယောက်က သူတို့၏ တံခါးဝအထိ လာရောက် တိုက်ခိုက်နေပြီ ဖြစ်သည်။

ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက် တစ်သောင်းမှာ နားချိန်မရှိဘဲ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ပစ်ခတ်နေသည်။ လှပသော အစိမ်းရောင် အလင်းတန်းများသည် ကောင်းကင်ယံတွင် မျဉ်းဖြောင့်များသဖွယ် ဖြစ်ပေါ်နေပြီး အစီအရင်ကို တရစပ် ထိုးနှက်နေ၏။

"ဒိန်း... ဒိန်း... ဒိန်း..."

အစီအရင်ကို ချက်ချင်း မဖျက်ဆီးနိုင်သေးသော်လည်း ရွှေရောင်အလင်းကာရံကြီးမှာမူ ပြင်းထန်စွာ တုန်ခါလျက် လှိုင်းတွန့်များ ပေါ်ထွက်နေလေ၏။

All Chapters