အခန်း (၉၂)
Vol. 10 Ch. 92
"ရန်သူ ကျူးကျော်လာပြီ"
ကျယ်လောင်လှသော သတိပေးခေါင်းလောင်းသံသည် ဗဟိုဌာနချုပ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဟွမ်ရှားကုန်သည်အသင်းမှ ဂိုဏ်းသားများစွာသည် ကောင်းကင်ပေါ်သို့ ပျံတက်လာကြပြီး အစီအရင်အပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ကာ မှင်သက်နေကြ၏။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် အစိမ်းရောင် အလင်းတန်းပေါင်း တစ်သောင်း အစီအရင်ပေါ်တွင် တရစပ် ထိုးနှက်နေသည့်မြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်လာကြ၏။
"နိယာမနယ်ပယ်အထက် ရှိတဲ့သူတွေအားလုံး... ကိုယ့်နေရာကိုယ်ယူကြ..."
"နိယာမနယ်ပယ် အောက်က တပည့်တွေကတော့... တောင်တန်းမုခ်ဝ ခန်းမဆောင်ထဲကိုဝင်ပြီး... အစီအရင်အတွင်းကနေပဲ ခုခံကြ"
"ကုန်သည်ရေးခေါင်းဆောင်...ခင်ဗျားက အစီအရင် ဗဟိုထိန်းချုပ်ရေး ခန်းမဆောင်ကို သွားပြီး... ဘုရင်အာဏာစက် ကာကွယ်ခြင်း ယုံကြည်မှုအမှတ်အသားကို သွားရောက်ထိန်းချုပ်ပါ... "
ခြောက်သွေ့အက်ကွဲနေသော အသံတစ်ခုသည် ဗဟိုဌာနချုပ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။ ထိုသူမှာ ဟွမ်ရှားကုန်သည်အသင်းအတွင်း အလွန်သြဇာကြီးမားသော အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်တူပေသည်။
"အမိန့်တော်အတိုင်းပါ အရှင်"
လူတိုင်းသည် ကောင်းကင်မှ ပြန်လည်ဆင်းသက်လာကြပြီး စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်တစ်ယောက်က အခြေအနေကို ဝင်ထိန်းလိုက်၏။
မီးခိုးရောင် ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ဗဟိုထိန်းချုပ်ရေး ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။ ထိုသူမှာ ကုန်သည်ရေးခေါင်းဆောင်ပင် ဖြစ်သည်။ ခန်းမဆောင်အတွင်း၌ မျက်ရည်စက် ပုံစံ သလင်းကျောက်တစ်ခုမှ လေထဲတွင်လွင့်မျောနေခဲ့၏။ ထိုသလင်းကျောက်ထဲတွင် ကွဲပြားခြားနားသော နတ်ဘုရားအလင်းရောင် ၄ မျိုး ပါဝင်နေ၏။
--------------
ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကြီး၏ အမြောက်ဒဏ်မှာ အဆက်မပြတ် ကျရောက်နေပြီး ခဏအတွင်းမှာပင် တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီး ဖြစ်သည်။ ဗဟိုဌာနချုပ်အပြင်ဘက်ရှိ အကာကွယ်အစီအရင်ကြီးသည် ယိမ်းယိုင်နေပြီး အချိန်မရွေး ပျက်စီးသွားနိုင်မည့် အခြေအနေသို့ ရောက်ရှိနေ၏။
ရုတ်တရက် အကာအကွယ်အစီအရင်တစ်ခုလုံး အလင်းတန်းများ ပိုမိုတောက်ပလာ၏။ ယင်းတို့မှာ နေနတ်ဘုရား ရာ၏ မီး၊ လေနတ်ဘုရား ရှု ၏ လေ၊ မြေနတ်ဘုရား ဂေဘ် ၏ မြေနှင့် ယမမင်း အနူးဘစ် ၏ ရေ တို့ပင် ဖြစ်သည်။
မတူညီသော ဓာတ်ကြီးလေးပါး စွမ်းအားများသည် အရပ်မျက်နှာ အသီးသီးမှ တိုးထွက်လာပြီး ဗဟိုဌာနချုပ် တောင်မုခ်ဝကို ထပ်မံ၍ ခိုင်မာစွာ ကာရံလိုက်ပြန်သည်။ ထိုအခါကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက်များသည် အစီအရင်၏ မျက်နှာပြင်ကို မဖောက်နိုင်တော့ပေ။
"သခင်... ဒါက..."
"သူတို့ အစီအရင်ကို အစွမ်းကုန် မောင်းနှင်လိုက်ပြီပဲ...အခုလို ကာကွယ်ရေး စွမ်းအားနဲ့ဆိုရင် ကျွန်တော်တို့ သုံးယောက် ပေါင်းတိုက်ရင်တောင် ပျက်စီးနိုင်ဖို့ မသေချာတော့ဘူး"
"တိုက်ခိုက်မှုကို ရပ်လိုက်ရမလား"
ကျုံးရှန်၏ တိမ်တိုက်ကုတင် နောက်၌ရပ် နေသော သူတော်စင် သားရဲသုံးကောင်မှာ သူတို့အောက်ရှိအခြေအနေကို အကဲခတ်ရင်း ကျုံးရှန်ကို လှမ်းကြည့်လိုက်ကြသည်။ ကျုံးရှန်ကမူ တိမ်တိုက်ကုတင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေရင်း မျက်နှာတွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။
"တိုက်ခိုက်မှုကို ဆက်လုပ်...အမြောက်တွေကို မရပ်နဲ့"
"ငါပြောထားတယ်လေ... အချက် တစ်သန်း ပစ်ရမယ်လို့... အချက်ရေ တစ်သန်း ... တစ်ချက်မှ မလျော့စေနဲ့..."
ပြောပြီးသည်နှင့် ကျုံးရှန်သည် ရုတ်တရက် ထရပ်လိုက်၏။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဟင်းလင်းပြင် ကျုံ့သွားသကဲ့သို့ဖြစ်သွားပြီး ခဏအတွင်းမှာပင် အစီအရင်အတွင်းသို့ ရောက်ရှိသွားလေသည်။
ပြင်းထန်လှသော ဓာတ်ကြီးလေးပါး စွမ်းအားများသည် သူ့ကို ဝိုင်းရံလာပြီး သူ့၏လှုပ်ရှားမှုများကိုကန့်သတ်လိုက်လေသည်။ ကုန်သည်အသင်း ဗဟိုဌာနချုပ်အတွင်းရှိ ဂိုဏ်းသားများမှာ ထိုမြင်ကွင်းကို မြင်လျှင် ဝိုင်းပြီး လှောင်ရယ်ကြတော့၏။
"ဒီလူက ရူးများသွားတာလား..သေလမ်းကိုတောင် ကိုယ်တိုင် လာရှာနေပါကောလား..."
"ဟားဟားဟား... ကုန်သည်ရေးခေါင်းဆောင်ကိုယ်တိုင် အစီအရင်ကို ထိန်းချုပ်နေတာ... သူတော်စင်အဆင့်တောင် အသတ်ခံရနိုင်တယ်...ဒီကောင် ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
ကုန်သည်ရေးခေါင်းဆောင်သည်လည်း ကျုံးရှန်တစ်ယောက် အစီအရင်အတွင်းသို့ ကိုယ်တိုင်ဝင်လာသည်ကို မြင်သောအခါ အံ့သြသွားလေသည်။ သို့သော်လည်း ခဏအတွင်းမှာပင် ပိတ်ဆို့ခြင်း အစီအရင်ကို သတ်ဖြတ်ခြင်း အစီအရင်အဖြစ်သို့ ပြောင်းလဲလိုက်၏။
အဆုံးမဲ့ ဘုရင်အာဏာစက် ကာကွယ်ခြင်းစွမ်းအားများသည် ဓား၊ တံစဉ်၊ သန်လျက်၊ ပုဆိန်၊ ဓားမကြီးများအဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်ကို ခုတ်ပိုင်းရန် ဝင်ရောက်လာကြသည်။ ဓာတ်ကြီးလေးပါး စွမ်းအားများမှာလည်း တောက်ပသော ကြိုးများအဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်ကို ချည်နှောင်ကာ အပိုင်းပိုင်း ပြတ်တောက်အောင် ပြုလုပ်ရန် ကြိုးစားလေသည်။
သို့သော် ထိုလက်နက်ပေါင်းများစွာ ကျုံးရှန်၏ ခန္ဓာကိုယ်နှင့် ထိတွေ့ခါနီးမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်များဖြင့် ပေါင်းစပ်ထားသော သံချပ်ကာတစ်ခု ပေါ်ထွက်လာကာ နတ်ဘုရား အလင်းတန်းများဖြင့် တောက်ပနေပြီး တစ်လောကလုံးကို လွှမ်းမိုးထားနိုင်သည့်အလား ထင်မှတ်ရပေသည်။
"ဝုန်း.."
ဤသံချပ်ကာချပ်ဝတ်မှာ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ တတိယအဆင့်မှ ဆင်းသက်လာသော အထွတ်အထိပ် လျှို့ဝှက်ပညာရပ် ဖြစ်သည်။ အတ္တမဲ့၊ နှလုံးသားမဲ့၊ နဂါးမဲ့ သံချပ်ကာ သို့မဟုတ် သုံးမျိုးမဲ့ နတ်ဘုရားသံချပ်ကာ ပင် ဖြစ်သည်။
တိုက်ခိုက်မှုအားလုံးမှာ ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း ထိုသံချပ်ကာက လုံးဝ ခုခံထားနိုင်လေသည်။ ဓါတ်ကြီးလေးပါးစွမ်းအားကြိုးများမှာလည်း သူ့ခန္ဓာကိုယ်နှင့် ထိသည်နှင့် ချက်ချင်း တုန်ခါသွားပြီး မူလစွမ်းအင်လေစီးကြောင်းများအဖြစ် ပြောင်းလဲ သွား၏။ သူတော်စင်အဆင့် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သော တိုက်ခိုက်မှုများမှာ ကျုံးရှန်ကို ထိခိုက်အောင်အနည်းငယ်မျှပင် မလုပ်နိုင်ခဲ့ပေ။
"သခင်ကြီးက အစွမ်းထက်လိုက်တာ..."
သားရဲကြီးများသည် အားတက်သရောဖြင့် ဟစ်အော်လိုက်ကြရာ စစ်သည်များ၏ စိတ်ဓာတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"ဟမ့်... မောက်မာလိုက်တဲ့ ကောင်လေး..."
ဟွမ်ရှားကုန်သည်ခေါင်းဆောင်၏ မျက်နှာမှာ မပြောင်းလဲဘဲ အရာအားလုံးက သူ ထင်ထားသည့်အတိုင်း ဖြစ်နေသကဲ့သို့ ရှိသည်။ ထို့နောက်သူသည် မျက်ရည်စက်ပုံစံ သလင်းကျောက်အတွင်းသို့ သူ၏ စိတ်အာရုံကို ထည့်သွင်းလိုက်ရာ အစီအရင်အတွင်း၌ သူ၏ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။
သူ၏ တစ်ကိုယ်လုံးသည် ဘုရင်အာဏာစက် ကာကွယ်ခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။သူ၏လက်ထဲတွင် ဓာတ်ကြီးလေးပါး စွမ်းအားများဖြင့် ပြုလုပ်ထားသော ဓားကောက်တစ်လက်ကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည်။
"မင်းက ဘယ်အဖွဲ့အစည်းက ကျွမ်းကျင်သူပဲ ဖြစ်နေပါစေ... ဒီနေ့ ဟွမ်ရှားကုန်သည်အသင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ရဲမှတော့... သေမိန့်ကျပြီသာ မှတ်လိုက်တော့..."
"မင်းက သူတော်စင်အဆင့် ကျွမ်းကျင်သူ ဖြစ်နေရင်တောင်မှ... ဒီနေ့ သေရမယ်..."
သူသည် ဟွမ်ရှားလူမျိုးခြားများဘက်သို့ လုံးဝ ကူးပြောင်းသွားခဲ့ပြီးဖြစ်ရာ ဟွမ်ရှားလူမျိုးစုတွင် ဖုံးကွယ်ထားသော ကြီးမားသည့် အင်အားများ ရှိကြောင်း ကောင်းစွာ သိရှိထားသည်။ နန်ယန်စီရင်စုရှိ လူသားအင်အားစုများမှာ ဟွမ်ရှားလူမျိုးစုနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လှပေသည်။
"ရှပ်"
အစီအရင်အတွင်း၌ ပုံဖော်ထားသဖြင့် ကုန်သွယ် ရေးခေါင်း၏ပုံရိပ်ယောင်စွမ်းအားမှာ အစီအရင်နှင့် တစ်သားတည်း ဖြစ်နေပြီး အကန့်အသတ်မရှိပေ။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကျုံးရှန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာ၏။
"သေစမ်း"
ထို့နောက် အစီအရင်တစ်ခုလုံး၏ စွမ်းအားကို စုစည်းလိုက်ကာ ဓားအသွင် ပြောင်းလိုက်ပြီး အားအပြင်းဆုံးတိုက်ခိုက်မှုဖြင့် ကျုံးရှန်ကို တိုက်ခိုက်လိုက်သည်။
ကျုံးရှန်သည် သူ့ရှေ့သို့ ကျရောက်လာသော လေးရောင်ခြယ် ဓားကောက်ကို တည်ငြိမ်စွာ ကြည့်နေပြီး လုံးဝ မလှုပ်ရှားပေ။ ထိုဓားမှာ သူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။ အချိန်နှင့် ဟင်းလင်းပြင် အေးခဲသွားသည်။
မြေပြင်ရှိ ဟွမ်ရှားဂိုဏ်းသားများစွာနှင့် မိစ္ဆာသားရဲ တစ်သန်းမှာ အစီအရင်အတွင်းမှ မြင်ကွင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြ၏။ သူတို့ မျက်စိမှားနေခြင်းလားဟုပင် သံသယဝင်နေကြလေသည်။
အစီအရင်ဖြင့် ပေါင်းစပ်ထားသော ဂိုဏ်းချုပ်၏ ပုံရိပ်မှာလည်း လုံးဝ မလှုပ်ရှားတော့ဘဲ မှင်သက်သွားသည်။ ခဏအကြာမှ သူက ရုတ်တရက် မေးလိုက်၏။
"ဒါက... ဒါက ဘာနတ်ဘုရားစွမ်းရည်လဲ"
ကျုံးရှန်၏ မျက်ဝန်းများသည် ပုံရိပ်ယောင်ကို ဖြတ်ကျော်ကာ အစီအရင် အလွှာပေါင်းများစွာကို ကျော်လွန်လျက် ဗဟိုထိန်းချုပ်ရေး ခန်းမဆောင်အတွင်းရှိ ဟွမ်ရှားကုန်သွယ်ရေးခေါင်းဆောင်၏ ခန္ဓာကိုယ်အစစ်ကို မြင်နေရသကဲ့သို့ ရှိနေ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း သိဖို့ မလိုတော့ဘူး"
စကားဆုံးသည်နှင့် သူ၏ ဦးခေါင်းပေါ်ရှိ လေးရောင်ခြယ်ဓားမှာ ဆွေးမြေ့သွားသောကျောက်တုံးတစ်တုံးလေတိုက်ခံရသကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားလေသည်။ ကုန်သွယ်ရေးခေါင်းဆောင်၏ ပုံရိပ်ယောင်မှာလည်း မခံမရပ်နိုင်လောက်သော တန်ပြန်စွမ်းအားကြောင့် ခဏအတွင်းမှာပင် ဘုရင်အာဏာစက် ကာကွယ်ခြင်းစွမ်းအားများအဖြစ် အရပ်မျက်နှာအနှံ့ပေါက်ကွဲ လွင့်စင်သွားတော့သည်။
ကျုံးရှန်က အော်ဟစ်ကာ ရယ်မောလိုက်၏။
"ဟွမ်ရှားကုန်သည်အသင်း... မင်းတို့က လိပ်ခွံထဲမှာ ပုန်းနေရင် ငါ မင်းတို့ကို မြေလှန်ပစ်လို့ မရဘူးလို့ ထင်နေတာလား"
"ဒီနေ့... ခွန်အားရဲ့ အထွတ်အထိပ်က ဘာလဲဆိုတာ မင်းတို့ကို ပြပေးမယ်.. အရာအားလုံးကို ဖျက်ဆီးပစ်မယ်.."
သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တ အမှုန်အမွှားမှာ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပလာလေသည်။ သူ၏ ဦးခေါင်းပေါ်တွင် အတ္တမဲ့ပြီး စကြဝဠာကြီးကို နှိမ်နင်းထားနိုင်သော စစ်မှန်သောအတ္တ ပုံရိပ် ပေါ်ထွက်လာ၏။ ထိုပုံရိပ်က မျက်လုံးဖွင့်လိုက်သည်နှင့် ကြယ်များစွာ ကြွေကျပြီး စကြဝဠာ ဟင်းလင်းပြင်ကြီး ပျက်စီးသွားသကဲ့သို့ ဖြစ်သွားလေသည်။
ကျုံးရှန်သည် ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အစွမ်းကုန် ခုခံထားသော မြို့စောင့်အစီအရင်ကြီးကို ဦးတည်ကာ တစ်ချက် ထိုးနှက်လိုက်လေတော့သည်။
"နဂါးမဲ့ နတ်ဘုရားလက်သီး"
ကျုံးရှန်၏ စစ်မှန်သောအတ္တ စွမ်းအားရှေ့တွင် ဟွမ်ရှားဗဟိုဌာနချုပ်၏ အကာအကွယ်အစီအရင်မှာ လုံးဝ ခုခံနိုင်စွမ်းမရှိတော့ဘဲ ဆပ်ပြာပူဖောင်း ပေါက်သွားသကဲ့သို့ ခဏအတွင်းမှာပင် ပေါက်ကွဲပျက်စီးသွားတော့သည်။ ထိုမှတဆင့် ကျုံးရှန်၏စွမ်းအားများသည် အစီအရင်၏ အရင်းအမြစ်ဖြစ်သော ဗဟိုထိန်းချုပ်ရေး ခန်းမအတွင်းရှိ ဆိုဘက်ခ်၏ မျက်ရည်ပုံစံသလင်းကျောက် ကိုပါ ဆက်လက် ကွဲအက်သွားစေလေသည်။
ဟွမ်ရှားဂိုဏ်းချုပ်သည်လည်း မှင်သက်လျက် သူ၏ခန္ဓာကိုယ်မှာ တုန်ခါကာ ပြာအဖြစ် ပြောင်းလဲသွားလေသည်။ သူ မသေဆုံးမီ မျှော်လင့်ချက်မဲ့စွာဖြင့် ပြောကြားခဲ့သော နောက်ဆုံးစကားမှာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။
"ဟွမ်ရှားကုန်သည်အသင်း... လုံးဝ ပြီးဆုံးသွားပြီ..."
ကုန်သည်အသင်းမှ လူများ၏ အလွန်အမင်း ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် နှစ်ပေါင်း တစ်သန်းကျော် ကာကွယ်ထားခဲ့သောတောင်တန်းမုခ်ဝမှာ လုံးဝ ပွင့်ထွက်သွားတော့သည်။ ထို့နောက် ခမ်းနားထည်ဝါလှသော ခန်းမဆောင်များနှင့် စိတ်ဝိညာဉ် စွမ်းအားများကြွယ်ဝသောနေရာ ပေါ်လာခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းပင်အမြောက်ဆန်ပေါင်းများစွာမှာ ထိုဝိညာဉ်စွမ်းအားများပေါကြွယ်ဝသည့်နေရာသို့ ကျရောက်သွားလေသည်။ တောင်တန်းမုခ်ဝတစ်ခုလုံး၊ နတ်စင်တောင်တန်းများ၊ ရင်ပြင်များ၊ ခန်းမဆောင်များနှင့် တပည့်ပေါင်းများစွာမှာ အမြောက်ဒဏ်အောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။