← Chapters

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း (၉၃)

Vol. 10 Ch. 93

“ရှပ်...”

နောက်တစ်စက္ကန့်တွင် ကျုံးရှန်သည် တိမ်တိုက်ကုတင်ပေါ်သို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာသည်။ သူက လက်ညှိုးတစ်ချက် ဝေ့ယမ်းလိုက်ပြီးပြော၏။

“ပစ်...အကုန်ပစ်.. ငါ့အမိန့်မရမချင်း...မရပ်နဲ့”

“ဟွမ်ရှားကုန်သည်အသင်းရဲ့ အကြွင်းအကျန် ဘယ်အရာကိုမှ ငါ မမြင်ချင်ဘူး...”

မိစ္ဆာသားရဲတစ်သိန်းမှာ တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြ၏။

“သခင်ကြီးရဲ့ အမိန့်တော်အတိုင်းပါခင်ဗျာ...”

အောက်ဘက်တွင် အမြောက်ဆန်များ သိပ်သည်းစွာ ကျရောက်ပေါက်ကွဲနေ၏။ ထို့အပြင် နိယာမနယ်ပယ် အဆင့် ၁၈ ရွှေရောင်ဗဟိုချက် အဆင့်ထက် ကျော်လွန်သော သားရဲများသည်လည်း ပြင်းထန်လှသော နတ်ဘုရားစွမ်းရည်များကို တရစပ် ထုတ်ဖော်ကာ တိုက်ခိုက်နေကြသည်။ ဤသိူ့အဘက်ဘက်မှ ကျရောက်နေသော တိုက်ခိုက်မှုများကြောင့် ဟွမ်ရှားကုန်သည်အသင်း၏ ဗဟိုဌာနချုပ်တစ်ခုလုံးမှာ ခဏအတွင်းပင် ပျက်စီးယိုယွင်းလာတော့သည်။

ထိုစဉ် ဗဟိုဌာနချုပ် တောင်တန်းမုခ်ဝ၏ အနက်ရှိုင်းဆုံးနေရာမှ ဧရာမ ရွှေမျှော်စင်ဘုရားကျောင်းဆောင် နှစ်ဆောင် ပျံတက်လာသည်။ ထိုဘုရားကျောင်းများနှင့်အတူ များပြားလှသော ပုံရိပ်များသည်လည်း ကောင်းကင်ပေါ်သို့ ပျံတက်လာကြ၏။ ဘုရားကျောင်းများ၏ ရှေ့တွင် နတ်ဘုရားအလင်းတန်းများ အထပ်ထပ်ဝန်းရံထားသော တားမြစ်ကာကွယ်ရေးအစီအရင်များ ရှိနေ၏။

ဘုရားကျောင်း တစ်ဆောင်ချင်းစီမှာ ဖန်တီးခြင်းအဆင့် မှော်ရတနာများနှင့် နှိုင်းယှဉ်နိုင်ပေသည်။ အဆင့်အတန်းနှင့် အရည်အသွေးအရ ဆိုလျှင် ကျုံးရှန်၏ ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောထက်ပင် တစ်ဆင့် ပိုမြင့်နေသေး၏။ ဟွမ်ရှားကုန်သည်အသင်း၏ အခြေခံအင်အားမှာ ကျုံးရှန် ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းနေသည်။

တောင်တန်းမုခ်ဝ အစီအရင်ကြီး ပျက်စီးသွားသော်လည်း သူတို့မှာ အကြီးအကျယ် တုန်လှုပ်မသွားဘဲ ကျင့်ကြံခြင်းအဆင့် မြင့်မားသော တပည့်များမှာ ရွှေမျှော်စင်ဘုရားကျောင်းများအတွင်းသို့ ဝင်ရောက် ပုန်းအောင်းလိုက်ကြသည်။ ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်မှာ ကောင်းကင်ထက်၌ ဝဲပျံနေပြီး ကျုံးရှန်၏ စစ်သင်္ဘောကြီးရှိရာသို့ ဦးတည်၍ တိုက်ခိုက်လာကြ၏။ ဧရာမ ဘုရားကျောင်းကြီးများမှ ရောင်စုံအလင်းတန်း တိုက်ခိုက်မှုများမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်အထိ သိပ်သည်းပြည့်နှက်သွားကာ ကျုံးရှန်၏စစ်သင်္ဘောရှိရာသို့ ကျရောက်လာ‌သည်။

ထိုအခါ စစ်သင်္ဘောပေါ်ရှိ သားရဲကြီးများမှာလည်း ဒေါသတကြီး ဟစ်အော်ကာ သူတို့၏ တာအိုပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်လိုက်ကြ၏။ ရုတ်တရက်ဆိုသလိုပင် ပေသိန်းချီ ကျယ်ဝန်းသော ဟင်းလင်းပြင်အတွင်း၌ ဝိညာဉ်စွမ်းအားများ၊ မိစ္ဆာစွမ်းအားများနှင့် လေပြင်းများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မိရာမှ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးများနှင့် တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာတော့သည်။

ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်မှ ထွက်ပေါ်လာသော နတ်ဘုရားအလင်းတန်းများမှာ ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘော၏ အစိမ်းရောင်အလင်းအမြောက်များကို တားဆီးထားနိုင်လေသည်။ သို့နှင့် နှစ်ဖက်စလုံး အင်အားချင်း ညီမျှနေသည့် အခြေအနေသို့ ရောက်ရှိသွား၏။ ယခုအချိန်တွင် နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး အသေသတ်ရန်သာ ရည်ရွယ်ထားကြပြီးတစ်ဖက်နဲ့တစ်ဖက်စကားများရန်ဖြစ်ခြင်းမရှိကြ‌ပေ။ စစ်ပွဲသည် တစ်ဖက်ဖက်မှ လုံးဝ သေဆုံးသွားမှသာ ပြီးဆုံးမည့် အခြေအနေသို့ရောက်လာပြီဖြစ်သည်။

ဘုရားကျောင်းများနှင့် စစ်သင်္ဘောတို့၏ အပြန်အလှန် ပစ်ခတ်မှုမှာ စိတ်ကူးကြည့်၍မရနိုင်လောက်အောင်ပင် အစွမ်းထက်လှသည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများ ဆုံမိသော နေရာ၌ စွမ်းအင်များ ရှုပ်ထွေးနေသည့် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အက်ကြောင်းများလည်း အဆက်မပြတ် ပေါ်ထွက်နေသည်။ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများပင် ထိုစွမ်းအင်ဗဟိုချက်အတွင်းသို့ ဝင်ရောက်သွားပါက အပိုင်းပိုင်း ပြတ်တောက်သွားနိုင်ပေသည်။

ဤအခြေအနေမှာ တစ်ဖက်ဖက်မှ စွမ်းအင်ကုန်ဆုံးသွားပြီး တစ်ဖက်၏ အပြင်းအထန် ပစ်ခတ်မှုအောက်တွင် ပျက်စီးသွားသည်အထိ ဆက်ရှိနေဦးမည် ဖြစ်သည်။ နှစ်ဖက်စလုံးမှာ အစွမ်းကုန် တိုက်ခိုက်နေကြစဉ် တိမ်တိုက်ကုတင်ပေါ်တွင် မှီထိုင်နေသော ကျုံးရှန်၏ မျက်ဝန်းများမှာ အေးစက်လာ၏။

“မိစ္ဆာအိုကြီးချီရှား... မင်းရဲ့ ဂိုဏ်းတံခါးတောင် ပျက်စီးသွားပြီ... မင်းက ခုထိ ထွက်မလာသေးဘူးလား...”

“အခု မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်... ကုန်သည်အသင်းသား အားလုံးကို ခေါ်ထုတ်လာပြီး... မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေကို ကိုယ်တိုင် ဖျက်ဆီးလိုက်...ပြီးရင် အနောက်ဘက်နယ်စပ်မှာ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးရင်း ၁၀ နှစ်ကြာ အလုပ်ကြမ်း လုပ်ရမယ်...”

“နေ့ရောညပါ မင်းတို့ရဲ့ အပြစ်တွေကို နောင်တရပြီး ပြန်ဆပ်ကြ... ၁၀ နှစ် ပြည့်သွားရင်တော့ မင်းတို့ကို သာမန်လူတွေအဖြစ် အသက်ရှင်ခွင့်ပေးဖို့ ငါ စဉ်းစားပေးမယ်...”

သူ၏ စကားဆုံးသည်နှင့် ရွှေမျှော်စင်ဘုရားကျောင်း တစ်ဆောင်အတွင်းမှ ပြင်းထန်သော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သဲကျောက်များ အချင်းချင်း ပွတ်တိုက်မိသည့်အလား “ရှပ်ရှပ်” ဟူသော အသံများ ထွက်ပေါ်လာသည်။ ရွှေမျှော်စင်ဘုရားကျောင်း၏ တံခါးမကြီး ပွင့်သွားပြီးမရေမတွက်နိုင်သော အနီရောင်သဲမှုန်များပန်းထွက်လာ၏။ ထိုသဲမှုန်များသည် ကောင်းကင်ယံ၌ စုစည်းသွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် အနီရောင်သဲစီးကြောင်းမြစ်ကြီးတစ်စင်း ဖြစ်ပေါ်လာလေသည်။ ထိုသဲမြစ်ကြီးမှ ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်များ ထွက်ပေါ်နေတော့သည်။

“ဒါက အနီရောင်သဲမြစ်ပဲ...”

“ သခင်ကြီးချီရှား ထွက်လာပြီ...”

“ဟမ့်.. ဒီအနီရောင်သဲမြစ်ဆိုတာ သခင်ကြီးချီရှားက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်း သောင်းချီပြီး ပျိုးထောင်ထားတဲ့ ပင်ကိုယ်မှော်ရတနာပဲ... သူ့ရဲ့ စွမ်းအားက ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေနိုင်တယ်... ဒီစစ်သင်္ဘောကတော့ သွားပြီပဲ...”

“ငါတို့က နိယာမနယ်ပယ် အင်မော်တယ်တွေကွ... ငါတို့ကို ကျင့်ကြံခြင်း ဖျက်ဆီးပြီး အလုပ်ကြမ်း လုပ်ခိုင်းရအောင် သူက ဘာကောင်မို့လို့လဲ...”

ဘုရားကျောင်းအတွင်းမှ တပည့်များ၏ ဝမ်းသာအားရဖြင့် အော်ဟစ်အားပေးသံများထွက်လာသည်။ သူတို့မှာ လူသားမျိုးနွယ်ကို သစ္စာဖောက်ထားခဲ့ပြီး ဖြစ်သဖြင့် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ သူတို့၏ အသက်ရှင်သန်ရေးအတွက် သခင်ကြီးချီရှားအပေါ်တွင်သာ ပုံအောထားလိုက်ကြသည်။

အနီရောင်သဲမြစ်ကြီးအတွင်းရှိ သဲမှုန်တစ်မှုန်ချင်းစီမှာ တာအိုအဆင့်လက်နက် တစ်ခု၏ မာကျောမှုနှင့်နှိုင်းယှဉ်နိုင်၏။ ယခုအခါ၌ ထိုကဲ့သို့သဲမှုန်များ မရေမတွက်နိုင်အောင် စုစည်းပြီး မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားရာ စွမ်းအားမှာသိသိသာသာပင်မြင့်တက်လာခဲ့ပြီး ဖန်တီးခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

“ဝေါ... ဝေါ...”

အနီရောင်သဲမြစ်သည် ကောင်းကင်တွင် တစ်ပတ် လှည့်ပတ်လိုက်ပြီးနောက် ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောဆီသို့ တိုက်ရိုက် ဦးတည်၍ စီးဆင်းလာကာ မရေမတွက်နိုင်သော သဲမှုန်များမှာ စစ်သင်္ဘောအား အစိတ်စိတ်အမြွှာမြွှာ ကြိတ်ချေဖျက်ဆီးပစ်မည့် ကျောက်စက်ဝိုင်းများကဲ့သို့ပင် ဖြစ်နေ၏။

စစ်သင်္ဘောပေါ်ရှိ ကာကွယ်ရေးအစီအရင်များမှာ ထိုတိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။ စစ်သင်္ဘောကို ပြုလုပ်ထားသော ပစ္စည်းများမှာ မည်မျှပင် ခိုင်မာသည်ဖြစ်စေ ထိုသဲမှုန်များ၏ တိုက်စားမှုအောက်တွင် ခဏအတွင်းမှာပင် ပျက်စီးသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုကြားရှိ အဆင့်အတန်း ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသောကြောင့် ဖြစ်၏။ အနီရောင်သဲစီးကြောင်းမြစ်မှာ အလွန်လျင်မြန်သော အဟုန်ဖြင့် စစ်သင်္ဘောဆီသို့ ရောက်ရှိလာ‌လေသည်။

သိပ်သည်းလှသော အနီရောင်သဲမှုန်များမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို မြင်သောအခါ ကျုံးရှန်နှင့်အတူ ပထမဆုံးအကြိမ် တိုက်ပွဲဝင်ဖူးသော သားရဲများ ထိတ်လန့်တုန်လှုပ်သွားကာ ထွက်ပြေးချင်စိတ်ပင် ပေါက်လာကြသည်။ သူတို့တွင် စည်းကမ်းနှင့် စနစ်တကျ ဖွဲ့စည်းမှု လိုအပ်နေသေးကြောင်းသိသာလှသည်။

“သခင်ကြီး ရှိနေတာကို ဘာတွေ ကြောက်နေကြတာလဲ... အကုန်လုံးငြိမ်ငြမ်နေကြစမ်း... ဘယ်ကောင် ထွက်ပြေးရဲလဲ ကြည့်မယ်... ထွက်ပြေးတဲ့ကောင်ကို ငါ အရင်ဆုံး စားပစ်မယ်...”

ဝက်မည်းကြီး အချို့မှာ ဧရာမ တောဝက်ကြီးများအသွင် ပြောင်းလဲလိုက်ပြီး ဟိန်းဟောက် အော်ဟစ်လိုက်ကြ၏။ ချင်ထျန်းတောင်ထွတ်မှ ဆင်းသက်လာသော သားရဲများမှာမူ အနီရောင်သဲမြစ်ကို လုံးဝ ဂရုမစိုက်ကြ။

သူတို့မှာ ငယ်စဉ်ကတည်းက ကျုံးရှန်၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသဖြင့် ကျုံးရှန်အပေါ်တွင် အလွန် သစ္စာရှိကြကာသခင်ကြီးသာ ရှိနေမည်ဆိုလျှင် အနီရောင်သဲမြစ် မဆိုထားနှင့် စစ်မှန်သော နတ်ဘုရား ဆင်းသက်လာလျှင်ပင် သူတို့မှာ ပြေးကိုက်ရန် ဝန်လေးကြမည် မဟုတ်ပေ။

စစ်သည်များ၏ စိတ်ဓာတ်မှာ ပြန်လည် တည်ငြိမ်လာခဲ့၏။ ထိုစဉ် ကျုံးရှန်က အမိန့်ပေးရန်ပင် မလိုဘဲ ဝက်မည်းကြီးများ၊ ရှေးဟောင်းကြက်ဖကြီးများ၊ မျောက်ဘုရင်၊ ရှုရင်၊ ကျွမ်းလီ နှင့် ရွေ့ဝူတီ စသည်ဖြင့် သူတော်စင်အဆင့်ရှိကျင့်ကြံသူအားလုံး ပြိုင်တူလှုပ်ရှားလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများထွက်ပေါ်လာကာ မြင့်မြတ်သောတံခါးမကြီးကို ဆင့်ခေါ်လိုက်သည်။ မဆင့်ခေါ်နိုင်သေးသူများမှာတော့ သူတို့၏ ပင်ကိုယ်နတ်ဘုရားစွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြ၏။

သူတော်စင်ဘုံ ဆိုသည်မှာ သူတော်စင်အဆင့် ကျွမ်းကျင်သူများက ဟင်းလင်းပြင်အတွင်း၌ ဆက်သွယ်၍ ဖန်တီးထားသော ကမ္ဘာငယ်တစ်ခု ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီး ကိုးဆင့်ပြောင်းလဲ အထွတ်အထိပ် သူတော်စင်အဆင့်သို့ ရောက်သောအခါ ထိုသူတော်စင်ဘုံကို အသက်သွင်းနိုင်ပြီး သတ္တဝါများကို မွေးမြူကာ နိယာမများကို ဖော်ဆောင်နိုင်ပေသည်။

ထို့ပြင် များပြားလှသော သတ္တဝါများ၏ ကိုးကွယ်ယုံကြည်မှု စွမ်းအားများကို ရရှိနိုင်ပြီး ထိုစွမ်းအားများကို သူတော်စင်ဘုံ ဖန်တီးသူ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးနိုင်သည်။

ထိုထူးခြားသော စွမ်းအားကို ယုံကြည်မှု နတ်ဘုရားစွမ်းအား ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုစွမ်းအား၏ အရည်အသွေးမှာ သာမန် ဝိညာဉ်စွမ်းအားထက် အဆပေါင်းများစွာ သာလွန်ပေသည်။ သူတော်စင်အဆင့် ၄ ရောက်မှသာ သူတော်စင်ဘုံ တံခါးကို အနည်းငယ် ဟနိုင်သော်လည်း ယုံကြည်မှု နတ်ဘုရားစွမ်းအား အချို့ကို ရယူရန် လုံလောက်သည်ဖြစ်သည်။

သူတော်စင်အဆင့်ရှိသော သတ္တဝါများအားလုံး မြင့်မြတ်‌သောတံခါးမကြီး သို့ သူတော်စင်ဘုံမှ သူတို့ စုဆောင်းထားသော ယုံကြည်မှု နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။ ကောင်းကင်ယံ၌ယုံကြည်ခြင်းစွမ်းအားများမှဖြစ်ပေါ်လာသည့် ဧရာမ နတ်ဘုရားဘူးသီးခြောက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ထို့‌နောက်ဘူးသီးခြောက်၏ အဝမှာ ပွင့်သွားပြီး ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာကာ အနီရောင်သဲမြစ်ကို ခိုင်မြဲစွာ ချုပ်နှောင်လိုက်သည်။ ကြီးမား‌သောစွမ်းအားနှစ်ခု အပြန်အလှန် ပွတ်တိုက်မိကြောင့် မိုင်ပေါင်း ထောင်ချီသော ဟင်းလင်းပြင်ပင် တုန်ခါနေတော့၏။

ကျုံးရှန်၏ မျက်ဝန်းများတွင် အေးစက်လှသော အလင်းတန်းများ ပေါ်ထွက်လာသည်။

“မင်းတို့က ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်တွေလို့ သတ်မှတ်ပြီး ဘဝင်မြင့်နေကြတာပဲ...”

“ဒီလို အခြေအနေမျိုးမှာတောင် အိပ်မက်တွေ မက်နေတုန်းလား...”

သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ရာ ရွှေမျှော်စင်ဘုရားကျောင်း‌ဆောင်နှစ်ဆောင်မှာ ပြင်းထန်စွာ တုန်ခါသွား၏။

All Chapters