အခန်း (၉၄)
Vol. 10 Ch. 94
“ရှပ်...”
ကျုံးရှန်သည် တိမ်တိုက်ကုတင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်သည်။
“ချီရှား မိစ္ဆာအိုကြီး... ဟွမ်ရှားကုန်သည်အသင်း ဘယ်လိုမျိုး ပျက်သုဉ်းသွားမလဲဆိုတာ မင်း ကိုယ်တိုင်မြင်တွေ့စေရမယ်...”
စကားအဆုံးတွင် သူက လက်ညှိုးတစ်ချက်ကို ဆန့်ထုတ်လိုက်ပြီး လူတိုင်း၏ ရှေ့မှောက်တွင် ဟင်းလင်းပြင်ကို ဖြတ်တောက်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ရှေ့မှ ဟင်းလင်းပြင်မှာ ရေပြင်တစ်ခုကဲ့သို့ လှုပ်ခတ်သွားပြီး ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းထဲတွင် သွေးနီရောင် နတ်ဘုရားဘုရားကျောင်းတစ်ဆောင် ရှိနေ၏။ ဘုရားကျောင်းအတွင်း၌ သွေးမြူများ ဖုံးလွှမ်းနေပြီး ခါးကုန်းကုန်းနှင့် ပုကွကွ အဖိုးအိုတစ်ဦး ထိုင်နေသည်ကို အတိုင်းသား မြင်နေရသည်။ ထိုအဖိုးအို၏ တစ်ကိုယ်လုံးမှ သူတော်စင်အလင်းတန်းများ ဖြာထွက်နေပြီး သူ၏နောက်ကွယ်မှ သူတော်စင်ဘုံတံခါးမှာ မီတာအနည်းငယ်ခန့်အထိ ဟနေပြီဖြစ်သည်။ အဖိုးအိုသည် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး အနည်းဆုံး သူတော်စင်အဆင့် ၅ သစ္စာတရားနှလုံးသားနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်၏။
ကျုံးရှန်က ချောင်းကြည့်နေသည်ကို သတိပြုမိသွားပုံရကာ ချီရှားမိစ္ဆာအိုကြီး၏ သစ်ခေါက်ကဲ့သို့တွန့်လိပ်နေသော မျက်လုံးများမှာ ရုတ်တရက် ပွင့်လာ၏။ ထို့နောက် မျက်ဝန်းများအတွင်း နှစ်ပေါင်းတစ်သောင်းကျော် သိမ်းဆည်းထားသော အနီရောင်သလင်း မျက်ရည်စက်နှစ်စက်မှာ အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ကျုံးရှန်ဆီသို့ ဦးတည်တိုက်ခိုက်လာတော့သည်။
“အနီရောင်မျက်ရည်စက်နှစ်ဖြာ...”
ထိုတိုက်ခိုက်မှုသည်လည်း ထူးဆန်းသော ဂမ္ဘီရနတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး လောကီလူသားတို့၏ ခံစားချက်များ၊ လိုအင်ဆန္ဒများကို မျက်ရည်စက်များအဖြစ် သန့်စင်ထားခြင်း ဖြစ်၏။ သူ၏အလွန်သန်မာသော စိတ်ဝိညာဉ်စွမ်းအားဖြင့် နှစ်ပေါင်းတစ်သောင်းကျော်ကြာ ပျိုးထောင်ထားသဖြင့် သူတော်စင်များကိုပင် သတ်ဖြတ်နိုင်သော စွမ်းအား ရှိပေသည်။
“သခင်ကြီးချီရှား... ရန်သူကို သတ်ပေးပါ...”
ဟွမ်ရှားကုန်သည်အသင်းမှ တပည့်များမှာ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး ပြိုင်တူဦးညွှတ်အရိုအသေပေးကာ အော်ဟစ်လိုက်ကြသည်။
အနီရောင်မျက်ရည်စက်များမှာ အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်၏ အရှိန်အဝါအငွေ့အသက်ကိုအမှတ်အသားပြုလိုက်ကာ လေတိုးသံများနှင့်အတူ အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာတော့သည်။
ဤစွမ်းရည်သည် ယခင်ကဂိုဏ်းစောင့်အကြီးအကဲ ကျုံးဟုန် အသုံးပြုခဲ့သော ဝင်ရိုးစွန်းကြယ် ကောင်းကင်ဖျက် ကျားလက်သည်း ဟုခေါ်သည့် နတ်သားရဲစွမ်းရည်နှင့် ဆင်တူပေသည်။ အရှိန်အဝါအငွေ့အသက်ကို အမှတ်အသားပြုထားခံရပါက ဟင်းလင်းပြင်အက်ကြောင်းများထဲသို့ ပုန်းရှောင်လျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဘုံဖြတ်ကျော် ဝိညာဉ်ချုပ်ခြင်း ပင် ဖြစ်၏။
သို့သော် ကျုံးရှန်မှာမူ လေထဲတွင် လွင့်မျောနေသော သူ၏ ဆံနွယ်နက်များနှင့်အတူ ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် ထိုမျက်ရည်စက်များကို ဂရုမစိုက်သလို ကြည့်နေလေ၏။
“ပိုးစုန်းကြူးလေးရဲ့ အလင်းရောင်က လမင်းကြီးနဲ့ ဘယ်မှာ ယှဉ်နိုင်မှာလဲ...”
“ကိုယ့်ခွန်အားကိုယ် မသိတဲ့ အဖိုးကြီးပဲ...”
ထို့နောက် သူက ဟင်းလင်းပြင်ကို ဖြတ်တောက်ထားသော လက်ဖြင့် မြင်ကွင်းတွင်ပေါ်နေသော ချီရှားမိစ္ဆာအိုကြီးကို အသာအယာ ဖမ်းဆုပ်လိုက်၏။ လူတိုင်း အံ့အားသင့်သွားသော မြင်ကွင်းတစ်ခုပေါ်လာလေသည်။
“ဒါ... ဒါက...”
“မဖြစ်နိုင်တာ... အားးးးး”
ပြင်းထန်လှသော အော်ဟစ်သံနှင့်အတူ သွေးနီရောင်ဘုရားကျောင်းထဲတွင် ထိုင်နေသော ချီရှားမိစ္ဆာအိုကြီးမှာ ကျုံးရှန်၏ လက်ထဲသို့ ပါလာတော့သည်။ မည်သည့် ကာကွယ်ရေးနှင့် နတ်ဘုရားစွမ်းရည်များကမှ ထိုအသာအယာ ဖမ်းဆုပ်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူ၏နောက်ကွယ်မှ သူတော်စင်ဘုံတံခါးမှာပင် တစ်ချက်မျှတုန်ခါသွားပြီး ပျောက်ကွယ်သွားလေ၏။
ကျုံးရှန်သည် ဟင်းလင်းပြင်ခွဲကြောင်းထဲမှ လက်ကို ပြန်ရုတ်လိုက်သောအခါ ချီရှားမိစ္ဆာအိုကြီးမှာ အားလုံး၏ရှေ့မှောက်တွင် ပေါ်လာသည်။ ထို့နောက်ကျုံးရှန်က သူ့ကို စစ်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ပစ်ချလိုက်ရာ ဟွမ်ရှားကုန်သည်အသင်းမှ လူများမှာ မှင်သက်သွားကြသည်။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားပြီး ခဏအကြာမှ တစ်စုံတစ်ယောက်က သတိပြန်ဝင်လာသည်။
“သခင်... သခင်ကြီး အဖမ်းခံလိုက်ရပြီ...”
“ဒါက အိမ်မက်ပဲ... အိမ်မက် ဖြစ်ရမယ်...”
“ဟားဟားဟား... ငါမယုံဘူး... ငါမယုံဘူး...”
ဟွမ်ရှကုန်သွယ်ရေးအသင်းမှသူများအားလုံး အော်ဟစ်နေကြပြီး အချို့မှာမူ စိတ်ဓာတ်များ ပျက်ပြားသွားကြတော့သည်။
ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်မှာ စွမ်းအင်ကုန်ဆုံးမည်ကို ဂရုမစိုက်တော့ဘဲ နတ်ဘုရားအလင်းတန်းများကို ရူးသွပ်စွာ ပစ်ခတ်လာ၏။ သူတို့မှာ ကျုံးရှန်၏ စစ်သင်္ဘောကို ဖျက်ဆီးပြီး သခင်ချီရှားကို ကယ်တင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ စစ်သင်္ဘောပေါ်သို့ ပစ်ချခံလိုက်ရသော ချီရှားမိစ္ဆာအိုကြီးမှာ ထိတ်လန့်နေသော်လည်း အညံ့မခံလိုသေးပေ။ သူ၏ ခန္ဓာကိုယ်မှာ သဲမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်မျောကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော် သူ၏ ထိန်းချုပ်မှုကင်းမဲ့သွားသော အနီရောင်မျက်ရည်စက်နှစ်စက်မှာ ကျုံးရှန်၏ ရှေ့မှောက်သို့ ပြုတ်ကျသွားရာ ကောင်းကင်ယံမှ အနီရောင်သဲမြစ်မှာလည်း ချက်ချင်းပင် အားပျော့သွားသည်။ သို့နှင့် ယုံကြည်ခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားဘူးသီးခြောက်အတွင်းသို့ စုပ်ယူခံလိုက်ရ၏။
သဲမှုန်များအဖြစ်ပြောင်းလဲထားသော ချီရှားမိစ္ဆာအိုကြီးသည် စစ်သင်္ဘော၏ အပြင်ဘက်သို့ မရောက်သေးမီမှာပင် အချိန်နောက်ပြန်ဆုတ်လိုက်သကဲ့သို့ နောက်သို့ ပြန်လည် ဆွဲယူခံလိုက်ရသည်။
“အချိန်နှင့် ဟင်းလင်းပြင်ကို ပြောင်းပြန်လှန်ခြင်း...”
သဲမှုန်များမှာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြီး ခန္ဓာကိုယ်အဖြစ်အတင်းအကြပ်ပြန်လည်စုစည်းခံလိုက်ရသည်။ ထို့နောက် ဖြူစင်သော လက်ဝါးပြင်တစ်ခုက ဖမ်းဆုပ်သွား၏။ ချီရှားမိစ္ဆာအိုကြီးအံ့အားသင့်သွားကာ ဆက်လက်ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သူ၏ ပုံစံမှာ အမျိုးမျိုး ပြောင်းလဲနေပြီး ဧရာမ ပုံရိပ်ကြီးများအဖြစ် ပြောင်းလဲခြင်း၊ သေးငယ်သွားခြင်း၊ သို့မဟုတ် ဓာတ်ကြီးငါးပါးအဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် မည်မျှပင် ကြိုးစားပါစေ ထိုသေးငယ်လှသော လက်ဝါးပြင်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
“မဖြစ်နိုင်ဘူး...”
“ဒီ လက်ဝါးအတွင်းကမ္ဘာ က ဘာလို့ ဒီလောက် နက်ရှိုင်းနေရတာလဲ...”
ကျုံးရှန်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသော ချီရှားမိစ္ဆာအိုကြီးကို လက်ဝါးပေါ်တွင် တင်ထားရင်း သူ၏ မျက်ဝန်းများမှာ ဓားကဲ့သို့ ထက်မြက်လာသည်။ သူက ကျန်လက်တစ်ဖက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး
“နိယာမနယ်ပယ်အဆင့် ၁၈ ရွှေရောင်ဗဟိုချက်အဆင့် ရောက်ပြီးသား မိစ္ဆာအားလုံး ထွက်တိုက်ကြစမ်း... ဒီ ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်ကို အပြတ်ချေမှုန်းပစ်လိုက်...”
“သခင်ကြီးအတွက် အသက်ပေး တိုက်ပွဲဝင်ကြ...”
“ဝိညာဉ်အရှင်သခင် အတွက် တိုက်ပွဲဝင်ကြ...”
နိယာမနယ်ပယ် အဆင့်၁၈ရှိသည့် မိစ္ဆာသားရဲအားလုံး ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်ကို ဝိုင်းရံလိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် ရွေ့ဝူတီ၊ ဝက်မည်းကြီး၊ ဝက်မည်းလေး၊ ကာရီကြက်၊ ဘိုင်ကျဲကြက်၊ ပန်းဆွဲယုန်ငယ်နှင့် ကိုးမြီးမြေခွေး စသည့် သူတော်စင်အဆင့် ကျွမ်းကျင်သူများလည်း တိုက်ပွဲဝင်လိုက်ကြ၏။
သူတို့သည် တပ်ဖွဲ့ကိုယ်စီဦးဆောင်ကာ သတ်ဖြတ်ခြင်း အစီအရင်များ ခင်းကျင်းလိုက်ပြီး ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက်များနှင့်အတူ ပူးပေါင်း တိုက်ခိုက်လိုက်ကြသည်။ မည်မျှပင် အဆင့်မြင့်သော စစ်လက်နက်ဖြစ်စေကာမူ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မခံနိုင်တော့ပေ။ ဟွမ်ရှားကုန်သွယ်ရေးဗဟိုဌာနချုပ်၏ကာကွယ်ရေး အစီအရင်မှာ ပျက်စီးတော့မည့်အလား ဖြစ်နေ၏။ ရွှေမျှော်စင်ဘုရားကျောင်း နှစ်ဆောင်သည် ပျက်စီးသွားပြီး သားရဲကြီးများ အတွင်းသို့ ဝင်ရောက်သွားကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စတင်တော့သည်။ သနားစရာကောင်းသောအော်ဟစ်သံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။
ကျုံးရှန်၏ လက်ဝါးပေါ်ရှိ ချီရှားမိစ္ဆာအိုကြီးမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်နေ၏။ ဘုရားကျောင်းများ၏ ခုခံမှုများ တဖြည်းဖြည်းလျော့နည်းသွားသည်ကို မြင်သောအခါ သူ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားတော့သည်။
“ရပ်လိုက်ပါတော့... ကျွန်တော်တို့ အညံ့ခံပါ့မယ်...”
“ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပြီး... အနောက်ဘက်နယ်စပ်မှာ ၁၀ နှစ်ကြာ အလုပ်ကြမ်း လုပ်ပါ့မယ်... ခိုင်းသမျှ လုပ်ပါ့မယ်... ရပ်လိုက်ပါတော့...”
သူက အော်ဟစ်ကာ ငိုယိုတောင်းပန်နေသော်လည်း ကျုံးရှန်၏ နောက်ထပ် စကားများက သူ့ကို လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားစေခဲ့သည်။
“အခုမှ နားလည်သွားတာလား...”
“နှမြောစရာပဲ... နောက်ကျသွားပြီ...”
“မင်းတို့က လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မကောင်းတဲ့ရည်မှန်းချက်တွေရှိကတည်းက ... ဒီလို အကျိုးဆက်မျိုးကို ကြိုတွေးထားသင့်တယ်...”
“သားရဲမိစ္ဆာ အားလုံး အမိန့် နာခံကြ... ဟွမ်ရှားကုန်သည်အသင်းက လူအားလုံးကို အမြစ်ပြတ် သတ်ပစ်...”
“ဌာနချုပ်တစ်ခုလုံးကို မြေလှန်ပစ်... မှော်ရတနာနဲ့ အရင်းအမြစ် အားလုံးကို သိမ်းယူကြစမ်း...”
ကျုံးရှန်က အေးစက်စွာ အမိန့်ပေးလိုက်၏။
မူလက စစ်သင်္ဘောပေါ်တွင် ကျန်ရစ်နေခဲ့သော မိစ္ဆာသားရဲများသည်လည်း စစ်သင်္ဘောပေါ်မှပြေးဆင်းလာကြကာ သူတို့၏မူလသားရဲခန္ဓာကိုယ်များအဖြစ်ပြောင်းလဲလိုက်ပြီး ဟွမ်ရှားကုန်သည်အသင်း၏ အနက်ရှိုင်းဆုံးနေရာများအထိ လိုက်ပါတိုက်ခိုက်ကြတော့သည်။
တစ်နာရီခန့်ကြာပြီးနောက်…
သွေးမြူများနှင့် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့သော ဖုန်မှုန့်များမှာ ကောင်းကင်ယံသို့ လွင့်ပျံနေလေ၏။ တစ်ချိန်က ခမ်းနားထည်ဝါလှသော ဟွမ်ရှားကုန်သည်အသင်း ဌာနချုပ်မှာ ဧရာမ ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအားများ ကုန်ဆုံးကာ တစ်စုံတစ်ရာ ရှိခဲ့ဖူးသည့် လက္ခဏာပင် မကျန်တော့ပေ။