← Chapters

အခန်း (၉၅)

Vol. 10 Ch. 95

အခန်း (၉၅)

Vol. 10 Ch. 95

အကယ်၍ အချို့သော ဝိညာဉ်ကျောက်ပြား များပေါ်တွင်သာ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါက ဤနေရာသည် တစ်ချိန်က အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ ဗဟိုဌာနချုပ် ဖြစ်ခဲ့သည်ဟု မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ချေ။

ကျုံးရှန်သည် တိမ်တိုက်ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လက်ထဲ၌ကြက်သေသေနေသည့် ချီရှားမိစ္ဆာအိုကြီးကို အသာအယာ ဖိချေလိုက်ရာ အမှုန့်ဖြစ်သွားသည်။

“နန်ယန်စီရင်စုအတွင်းမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ အကြီးဆုံး သစ္စာဖောက်အဖွဲ့အစည်းဖြစ်တဲ့ ဟွမ်ရှားကုန်သည်အသင်းကို အမြစ်ပြတ် ချေမှုန်းပြီးပြီ...”

“ကျန်ရှိနေတဲ့ အကြွင်းအကျန်တွေကတော့ စိတ်ပူစရာမလိုတော့ပါဘူး... မကြာခင်မှာပဲတခြားအဖွဲ့အစည်းတွေက သူတို့ကို အပြတ်ရှင်းပစ်ကြလိမ့်မယ်...”

“နောက်ထပ်သွားရမည့်နေရာက... အနောက်ဘက်နယ်စပ်... အဆုံးမဲ့သဲကန္တာရပဲ...”

“ထွက်ခွာကြစို့...”

.....

ဟွမ်ရှားလူမျိုးစု ဆိုသည်မှာ ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော ရှေးကျသည့် လူမျိုးစုတစ်ခု ဖြစ်သည်။ တစ်ချိန်က ကမ္ဘာကြီးကို စိုးမိုးရန်အတွက် တခြားသော လူမျိုးစုပေါင်းစုံနှင့်အတူ ယှဉ်ပြိုင်ခဲ့ဖူးကြ၏။ သို့ဖြစ်ရာသူတို့တွင်ပြည့်စုံသော နတ်ဘုရား အဆက်အနွယ်များ ရှိခဲ့ကြသည်။

သို့သော် ရှေးဟောင်းခေတ်ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခုစတင်သောအချိန်တွင် သူတို့မှာ ကောင်းကင်နှင့်မြေပြင်၏ ကံတရားအထောက်အပံ့ကို မရရှိခဲ့ကြပေ။ ရှေးခေတ်သစ် စတင်သောအခါ၌ လူသားမျိုးနွယ်၏ ဧကရာဇ်များကသာ လောကကြီးကို ဦးဆောင်ခဲ့ကြသည်ဖြစ်၏။ ထိုအခါ သဲကန္တာရ နတ်ဘုရားများ၏ ခေါင်းဆောင် ဖာရိုဘုရင် တူတန်ခါမွန်သည် သူ၏ လူမျိုးစုတစ်ခုလုံးကို ဦးဆောင်ကာ အဆုံးမဲ့သဲကန္တာရအတွင်းသို့ ဆုတ်ခွာသွားခဲ့ရသည်။

ထိုအချိန်မှစ၍ နှစ်ကာလများစွာကြာသောအခါ လူသားမျိုးနွယ်မှာ အလွန်တရာ တိုးတက်လာခဲ့ပြီး ကမ္ဘာပေါ်ရှိ အဓိက နယ်မြေအားလုံးကို စိုးမိုးထားနိုင်ခဲ့သည်။ ဟွမ်ရှားလူမျိုးစုများသည် မကြာခဏဆိုသလို အသေးစား တိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိခဲ့သော်လည်း လူသားမျိုးနွယ်အတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်မဖြစ်လာခဲ့ပေ။

ရှေးခေတ် ဧကရာဇ်မင်းဆက်များ၏ လက်ထက်တွင်လည်းကောင်း၊ ရှေးဟောင်းခေတ် အလယ်ပိုင်း နတ်ဘုရားနယ်မြေများ၏ လက်ထက်တွင်လည်းကောင်း လူသားစစ်တပ်ကြီးများသည် သဲကန္တာရ၏ အလယ်ဗဟိုအထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြဖူးသည်။ သူတို့သည် ဟွမ်ရှားလူမျိုးစုများနှင့် ဟွမ်ရှားမိစ္ဆာသားရဲများကို ဖမ်းဆီးကာ ကောင်းကင်ယံသို့ ယဇ်ပူဇော်ပြီး ကောင်းကင်ဘုံ၏ ဆုလာဘ်များကို ရယူခဲ့ကြသည်။ သို့သော်လည်း အဆုံးမဲ့သဲကန္တာရကြီးမှာ အလွန်တရာ ကျယ်ဝန်းလှပြီး စီရင်စုနယ်မြေ အတော်များများကို ပေါင်းထားသည်နှင့် တူညီကာ ကမ္ဘာငယ်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ မရေမတွက်နိုင်သော ဟွမ်ရှားလူမျိုးစုငယ်များမှာ ထိုသဲကန္တာရကြီးအတွင်း ပုန်းအောင်းနေကြ၏။

ထို့ပြင် သဲကန္တာရ နတ်ဘုရားများမှာလည်း အလွန်ပင် ကောက်ကျစ်စဉ်းလဲကြပေသည်။ သူတို့မှာ ဟင်းလင်းပြင်အတွင်း၌ အမြစ်တွယ်နေကြပြီး ကမ္ဘာငယ်အချို့ကို တိုက်ခိုက်သိမ်းပိုက်ကာ ယုံကြည်ခြင်းစွမ်းအားများကို ရယူထားကြသည်။ သို့မဟုတ်လျှင်လည်း အနူးဘစ် ကဲ့သို့ပင် သူတို့၏ နတ်ဘုရားအဆင့်အတန်း ကို ဖုံးကွယ်ပြီး ဝိညာဉ်များကို ခွဲထုတ်ကာ ကောင်းကင်တာအိုအောက်တွင် သေချင်ယောင်ဆောင်လျက် ကံတရား၏ ဘေးဒုက္ခများမှ ရှောင်ရှားခဲ့ကြသည်။ ထို့ကြောင့်ပင်နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သော်လည်း ဟွမ်ရှားလူမျိုးစုများမှာ ယနေ့တိုင် အဆုံးမဲ့သဲကန္တာရကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

.....

သဲကန္တာရ၏ အလယ်ဗဟို စိန့်ကိုင်ရိုမြို့တော်။

စိန့်ကိုင်ရိုမြို့တော်သည် အလွန်ပင် ရှေးကျလှသော မြို့တော်ကြီးတစ်ခု ဖြစ်ပြီး ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့ကာ သဲကန္တာရ နတ်ဘုရားများ စတင်မွေးဖွားရာ နေရာဟု ဆိုကြ၏။ သို့ဖြစ်၍ အဆုံးမဲ့သဲကန္တာရအတွင်းရှိ လူမျိုးစုအားလုံးက ဤမြို့တော်ကို မြင့်မြတ်သော မြို့တော်အဖြစ် ကိုးကွယ်ကြသည်။

ရှေးခေတ် ဧကရာဇ်တစ်ပါးသည် စစ်တပ်ကို ဦးဆောင်ကာ ဤမြို့တော်ကို လာရောက်တိုက်ခိုက်ခဲ့ဖူးကြောင်း မှတ်တမ်းများ ရှိခဲ့သည်။ ထိုဖြစ်ရပ်က သဲကန္တာရ နတ်ဘုရားအချို့၏အာရုံကိုစွဲ‌ဆောင်နိုင်ခဲ့ပြီး သူတို့သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့နှင့် နှစ်ပေါင်း ရာချီကြာအောင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီး တစ်ခုရှိခဲ့သည်။

ထိုစစ်ပွဲကြီးအတွင်း၌ နတ်ဘုရားတို့၏သွေးများ မိုးရွာချသလိုကျဆင်းခဲ့ပြီး ကိုယ်ပိုင်သူတော်စင်ဘုံကို ဖွင့်လှစ်နိုင်ခဲ့သော သူတော်စင်များပင် အမြောက်အမြား သေဆုံးခဲ့ရသည်။ တစ်မြို့လုံးမှာ သွေးများ ဖုံးလွှမ်းသွားခဲ့ပြီး သွေးနွံအိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ သေဆုံးသူပေါင်း ကုဋေပေါင်းများစွာ ရှိခဲ့၏။ မြို့တော်တစ်ခုလုံးသည် သွေး၊ တာအိုသွေး၊ နိယာမသွေး၊ သူတော်စင်သွေးနှင့် နတ်ဘုရားသွေးများ အကြားတွင် နှစ်ပေါင်းများစွာ စိမ်ထားခံခဲ့ရသဖြင့် မြို့ရိုးများနှင့် အဆောက်အဦးများမှာ သွေးနီရောင်ပြောင်းနေခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း အရောင်လုံးဝ ပြယ်လွင့်သွားခြင်း မရှိခဲ့‌ချေ။အဆင့်အတန်းအရဆိုလျှင် ဖာရိုနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရာလမ်းဖြစ်သော ကူဖူးပိရမစ် ပြီးလျှင် ဒုတိယ အမြင့်ဆုံး ဖြစ်၏။

ထိုစဉ် စိန့်ကိုင်ရိုမြို့တော်၏ အလယ်ဗဟိုရှိ ခမ်းနားထည်ဝါလှသော နတ်ဘုရားကျောင်းကြီးအတွင်း၌ သန်မာထွားကျိုင်းလှသော လူမျိုးစု ခေါင်းဆောင် ၂၀ ခန့်မှာ ဝိုင်းဖွဲ့ထိုင်နေကြသည်။ ထိုခေါင်းဆောင်များ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ သူတို့၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ဟင်းလင်းပြင် အက်ကြောင်းများ အဆက်မပြတ် ပေါ်ထွက်နေ၏။ သူတို့၏ ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် ဟင်းလင်းပြင်ကို ဖိနှိပ်ထားနိုင်သည်အထိ ပြင်းထန်လှသည်။ ထိုသူတို့အားလုံးမှာ နိယာမနယ်ပယ် အဆင့် ၂၈ နယ်မြေကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိသော ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိနိုင်ပေသည်။

ဟွမ်ရှားလူမျိုးစု လက်ရွေးစင်တပ်ဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်ကြ‌သော ထိုသူတို့၏ အလယ်တွင် ကိုးဆင့်သရဖူကို ဆောင်းထားပြီး ကြိုးကြာနီဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး ရပ်နေသည်။ ထိုသူမှာ နန်တျန်အင်မော်တယ်မင်းဆက်မှ အမတ်ချုပ်ကြီးချန် ပင် ဖြစ်ပေသည်။

“ခေါင်းဆောင်တို့... ကျုပ် ခုနက ပြောခဲ့သလိုပဲ... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကနေ ဆက်ခံသူအမှတ်အသားရှိတဲ့ပါရမီရှင်ကို တောင် ဖိနှိပ်ထားနိုင်တဲ့ လူငယ်ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်...”

“ဒီ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ နောက်ခံအင်အားကသေချာပေါက် လုံးဝ မရိုးရှင်းပါဘူး...”

“ကျုပ်တို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်တဲ့အလားအလာတွေရှိနေတယ်...”

“နန်တျန်မင်းဆက်ရဲ့ နှစ်ပေါင်း တစ်သိန်းကျော် တံခါးပိတ်ကျင့်ကြံနေတဲ့ ဘိုးဘေးဧကရာဇ်ကလည်း ပြန်လည် ထွက်ပေါ်လာပြီဆိုတော့... ကျုပ်ရဲ့ အခြေအနေကတော်တော်လေးအန္တရာယ်များနေပြီ...”

“အခုဆိုရင်အနောက်ဘက်နယ်စပ်ကိုလူသားအင်အားစု အများစုကစစ်တပ်တွေ ချီတက်လာနေကြပြီ... ကျုပ် အကြံပေးချင်တာကတော့... လက်ရွေးစင် တပ်ဖွဲ့အချို့ကို နိုင်းစစ်သင်္ဘောတွေနဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ ပို့လွှတ်သင့်တယ်ဆိုတာပဲ...”

“ဒါမှသာ နောက်နောင်မှာ ဖြစ်လာမယ့် အန္တရာယ်တွေကို အမြစ်ဖြတ်နိုင်မှာဖြစ်သလို... နန်ယန်စီရင်စုရဲ့ အလယ်ဗဟိုမှာလည်း ကျုပ်တို့ရဲ့ အမာခံစခန်းတစ်ခုကို သပ်ရိုက်ထားသလို ဖြစ်သွားမှာပါ...”

သူသည် ဟွမ်ရှားလူမျိုးစု ခေါင်းဆောင်များကြားတွင် ရပ်နေသော်လည်း တစ်ချက်မျှ တုန်လှုပ်ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေခြင်း ဖြစ်ပေသည်။

သူ၏စကားကို ကြားသောအခါ ခေါင်းနှစ်လုံး ပါဝင်သော မန်ရှားလူမျိုးစု၏ ခေါင်းဆောင်မှာ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဟားဟားဟား... ကောင်းတယ်...”

“အမတ်ချုပ်ကြီးချန် ဆိုတဲ့အတိုင်းပဲ... တကယ်ကို အမြော်အမြင်ရှိပြီး ပရိယာယ်လည်း ကြွယ်ဝပါပေတယ်... ငါတို့ ဟွမ်ရှားလူမျိုးစုက မင်းကို မြေတောင်မြှောက်ပေးခဲ့တာနဲ့တကယ်ကို ထိုက်တန်တယ်...”

“ဒီကိစ္စ အောင်မြင်သွားလို့ ငါတို့စစ်တပ်က နန်ယန်စီရင်စုတစ်ခုလုံးကို သိမ်းပိုက်ပြီးရင်... နန်တျန်မင်းဆက်ဟောင်းကို မင်းပဲ စီမံအုပ်ချုပ်လိုက်တော့...”

“ ဒါနဲ့ ငါ့မှာ အိမ်ထောင်မပြုရသေးတဲ့ သမီးတစ်ယောက် ရှိသေးတယ်... ဒီညပဲ မင်းနဲ့ လက်ထပ်ပေးမယ်...”

“ဟားဟားဟား...”

မန်ရှားခေါင်းဆောင် သဘောကျစွာရယ်‌ မောလိုက်လျှင် ဘေးပတ်ဝန်းကျင်ရှိ တခြားသော ခေါင်းဆောင်များမှာလည်း လိုက်ပါရယ်မောကြတော့၏။

အပြင်ကသာ သဘောကျစွာရယ်မောနေသော်လည်း မန်ရှားခေါင်းဆောင်၏ စိတ်ထဲတွင်မူ အမတ်ချုပ်ကြီးချန်ကို အထင်မကြီး‌ပေ။ ဤလူသားမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်ပွဲအတွင်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိလာခဲ့ခြင်း ဖြစ်ပြီး မည်သည့် ညှဉ်းပန်းနှိပ်စက်မှုကိုမှ ပြုလုပ်စရာမလိုဘဲ သူတို့ထံတွင် အလွယ်တကူအညံ့ခံခဲ့သည့် စစ်သုံ့ပန်းတစ်ယောက်သာဖြစ်သည်။

သူ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဓားစာခံအဖြစ် သိမ်းဆည်းထားပြီး ဟွမ်ရှားလူမျိုးစု၏ ထူးခြားသော ကျင့်စဉ်အချို့ကို သင်ကြားပေးပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခဲ့ရာ နိယာမနယ်ပယ် အဆင့် ၂၆ ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်အထိဖြစ်၏။ ထို့နောက် သူ့ကိုလူသားမျိုးနွယ်နန်တျန်အင်မော်တယ်မင်းဆက်အတွင်းသူလျှိုအဖြစ်စေလွှတ်ထားခဲ့ကာ အခုအမတ်ချုပ်ကြီး ရာထူးအထိ တရိပ်ရိပ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ဟွမ်ရှားလူမျိုးစုများ ခိုင်းသမျှကို လုပ်ဆောင်ခဲ့ပြီး မင်းဆက်အတွင်းရှိ သတင်းအချက်အလက်များကိုလည်း အသေးစိတ် သတင်းပို့ခဲ့သည်။ သို့‌ပေမည့်ဟွမ်ရှားလူမျိုးစုများ၏ မျက်လုံးထဲတွင်မူ သူသည် လူသားမျိုးနွယ်မှဖြစ်ကာ သေသင့်သော လူသားတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်၏။

သူ၏ တန်ဖိုး ကုန်ဆုံးသွားသည်နှင့် သူ့ကို အပြတ်ရှင်းပစ်ကြမည် ဖြစ်သည်။ သမီးဖြစ်သူနှင့် လက်ထပ်ပေးမည် ဆိုသည်မှာလည်း မန်ရှားခေါင်းဆောင်တွင် ဇနီးသည်ပေါင်း ငါးသောင်းကျော် ရှိသဖြင့် သမီးမည်မျှ ရှိသည်ကို သူကိုယ်တိုင်ပင် မသိချေ။ သားစဉ်မြေးဆက်များမှာ မရေမတွက်နိုင်အောင် ပွားများနေသဖြင့် သမီးတစ်ဦးကို ပေးစားလိုက်ခြင်းမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။

အမတ်ချုပ်ကြီးချန်သည် ထိုစကားကို ကြားသောအခါ ဝမ်းသာအားရဖြင့် ချက်ချင်း ဒူးထောက်လိုက်ပြီး ယောက္ခမကြီးဟု နှုတ်ဆက်လိုက်၏။ ခေါင်းဆောင်များလည်း ထိုမြင်ကွင်းကို ကြည့်ကာ တစ်ဟားဟားဖြင့် ရယ်မောနေကြတော့သည်။

သို့သော်လည်း အမတ်ချုပ်ကြီးချန်၏ မျက်လုံးအတွင်း အနက်ရှိုင်းဆုံးနေရာ၌ခိုအောင်းနေသည့် နက်မှောင်သည့်ခံစားချက်များကိုဘယ်သူမှ သတိမထားမိလိုက်ပါချေ။

“ဟမ့်... ခွေးကောင်တွေ...”

“မင်းတို့က ငါ့ကို အသုံးချတယ်... ငါကရော မင်းတို့အားလုံးကို ငါ့ရဲ့ ခြေနင်းတုံးအဖြစ် အသုံးမချဘူးလို့ ထင်နေတာလား... အချိန်တန်ရင် မင်းတို့အားလုံး သေရမယ်...”

“မိန်းမ ပေးစားမယ် ဟုတ်လား... တောက်.. ဟွမ်ရှားလူမျိုးစုက မိန်းမတွေက ပုပြီး ရုပ်ဆိုးတာ... ငါ့လို လူမျိုးနဲ့ ဘယ်တန်မလဲ...”

သူသည် စိတ်ထဲတွင် အေးစက်စွာ ကျိန်ဆဲနေခြင်း ဖြစ်ပေသည်။ ရုတ်တရက် အဇူရာဝံပုလွေ ကို စီးနင်းထားသော ဟွမ်ရှားလူမျိုးစု စစ်ဗိုလ်ချုပ်တစ်ဦးပျာပျာသလဲဖြင့် ပြေးဝင်လာသည်။

“သတင်းပို့ပါတယ်...”

“ခေါင်းဆောင်တို့... မကောင်းတော့ဘူး...”

“နန်ယန်စီရင်စု အနောက်ဘက်နယ်စပ် မြောက်ဘက်ခြမ်းကနေ မီးခိုးတွေ အလိပ်လိုက်တက်လာနေပါတယ်.. နောက်... နောက်ပြီး မိစ္ဆာသားရဲတွေအပြည့်ပါတဲ့ စစ်သင်္ဘောတစ်စင်းက..အဆုံးမဲ့သဲကန္တာရထဲကို ကျူးကျော်ဝင်ရောက်လာပါတယ်...”

“လက်ရှိမှာ အစွန်အဖျားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်သည်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရပါတယ်... လမ်းတစ်လျှောက်မှာရှိတဲ့ ရွှေမျှော်စင်ဘုရားကျောင်း အကြီးအသေးမှန်သမျှလည်း..ဖျက်ဆီးခံလိုက်ရပြီး အရင်းအမြစ်အားလုံးလည်း လုယူသွားကြပါတယ်...”

“အခုဆိုရင် သူတို့က နယ်စပ်စည်းရဲ့ အနောက်ဘက် မိုင်ပေါင်း တစ်သိန်း ခုနစ်သောင်းအထိ ရောက်လာနေပါပြီ..”

လက်ရွေးစင် တပ်ဖွဲ့ခေါင်းဆောင်များအားလုံး ထိုသတင်းကို ကြားသောအခါ မျက်ဝန်းများတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်သွားတော့သည်။

သားရဲမိစ္ဆာအင်အားစုကပါ လူမျိုးစုနှစ်ခုကြားက ပဋိပက္ခထဲ ဝင်ရောက် စွက်ဖက်ချင်တာလား။

All Chapters