← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

“မိစ္ဆာသားရဲတွေ ဟုတ်လား...”

“ဒီသေသင့်တဲ့ သားရဲတွေက တောင်ကြားလမ်းတွေထဲမှာပဲ အောင်းမနေဘဲနဲ့ ငါတို့ရဲ့ အဆုံးမဲ့သဲကန္တာရထဲကို လာပြီး အသေခံချင်နေကြတာလား...”

“တကယ်ကို ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ...”

“ဟမ့်... နယ်စပ်အစွန်အဖျားက လူမျိုးစုဝင်တွေက သွေးနှောတွေ... ငုံးတွေလို အားနည်းတဲ့ကောင်တွေပဲ...အဲကောင်တွေသန်းတစ်ရာလောက်သေသွားလည်း ကိစ္စမရှိဘူး...”

“ဒါပေမဲ့...အဲ့စစ်သင်္ဘော... ရွှေမျှော်စင်ဘုရားကျောင်းတွေကိုဖျက်ဆီးရဲတယ်... သေချာပေါက် သေဒဏ်ပဲ...”

လူမျိုးစုခေါင်းဆောင် ၂၀ မှာ တစ်ယောက်တစ်ပေါက်ပြောနေကြသော်လည်း မည်သူမျှ ထိုသားရဲအုပ်စုကို သွားရောက်နှိမ်နင်းရန် ကိုယ်တိုင် အဆိုမပြုကြချေ။ သူတို့၌ ထူးဆန်းသည့် ရုပ်ရည်ရှိနေပေမဲ့ ကြွက်သားဦးနှောက်များမဟုတ်ဘဲ တစ်ဦးချင်းစီမှာ အလွန်ပင် ပါးနပ်ကြကာ မျက်လုံးများမှာ ကောက်ကျစ်စဉ်းလဲမှုများဖြင့် ပြည့်နှက်နေသည်။ ထိုသို့သောသူများက သူတို့၏ ကိုယ်ပိုင်လူမျိုးစုဝင်များကို ဦးဆောင်ကာ သွားရောက်တိုက်လောက်အောင် မအကြပေ။

ထိုစဉ် နတ်ဘုရားကျောင်း၏ အလယ်ဗဟိုမှ ထူးခြားသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်မှာ ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီး ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားထည်ဝါသောရုပ်ရည်ရှိသည့် လူငယ်တစ်ဦး၏ ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့၏။ လက်ရွေးစင် ခေါင်းဆောင် ၂၀ မှာ ထိုပုံရိပ်ကို မြင်သည်နှင့် စကားပြောခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။

“အမတ်ချုပ်ကြီးချန်... အပြင်ထွက်တော့....”

ခေါင်းနှစ်လုံးပါသော မန်ရှားခေါင်းဆောင်က ယင်ကောင်တစ်ကောင်ကို နှင်ထုတ်သကဲ့သို့ လက်ယမ်းပြကာ ပြောလိုက်၏။

“ကောင်းပါပြီ... ယောက္ခမကြီး...”

အမတ်ချုပ်ကြီးချန်သည် ခေါင်းကို ငုံ့လျက် အပြင်သို့ ထွက်သွားခဲ့သည်။

“ဒါက ဆိုဘက်ခ် နတ်ဘုရားသားတော်ပဲ...”

လူသားတစ်ဦးအနေဖြင့် နတ်ဘုရားသားတော်ကို တွေ့ဆုံရန် အခွင့်အရေး မရှိချေ။ အမတ်ချုပ်ကြီးချန် အပြင်သို့ ရောက်သွားသည်နှင့် နတ်ဘုရား‌ကျောင်းအတွင်းရှိ ဟင်းလင်းပြင်မှာ ချက်ချင်း ပိတ်ဆို့ခံလိုက်ရကာ ခေါင်းဆောင် ၂၀ သည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ကြ၏။

“နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်...”

ဝတ်ရုံဖြူဝတ်လူငယ်၏ ပုံရိပ်မှာ ဝေဝါးနေရာမှ တဖြည်းဖြည်း ထင်ရှားလာပြီး နောက်ဆုံးတွင် နတ်ဘုရားကျောင်း၏ အလယ်၌ အစစ်အမှန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ဟွမ်ရှားလူမျိုးစုဝင် တစ်ဦးပင် ဖြစ်သော်လည်း အရပ်အမောင်းမှာ သာမန်ဟွမ်ရှားလူများထက် ပိုမိုမြင့်မားလှသည်။ အသားအရောင်မှာ ဟွမ်ရှားလူမျိုးတို့၏ စစ်မှန်သော အညိုရင့်ရောင် မဟုတ်ပါက သာမန်လူသား လူငယ်တစ်ဦးနှင့် မည်သို့မျှ ခြားနားမည် မဟုတ်ပေ။ ထိုနတ်ဘုရားသားတော်သည် နတ်ဘုရားကျောင်း အလယ်ရှိ စင်မြင့်ဝိုင်းပေါ်မှ ဆင်းလာပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်သည်ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ဖြတ်ကျော်လျက် ထွက်ခွာသွားသော အမတ်ချုပ်ကြီးချန်ကျောပြင်ကို မြင်နေရပုံ‌ပေါ်သည်။

“အဲဒီလူသားကို... နန်ယန်စီရင်စုကို သိမ်းပိုက်ပြီးတာနဲ့ ချက်ချင်း သတ်ပစ်လိုက်...”

“ဒီကောင်က ရည်မှန်းချက်ကြီးတယ်..ပြီးတော့ ငါတို့မျိုးနွယ်စုကမဟုတ်ဘူး... သူ့ရဲ့ စိတ်ထဲမှာ ငါတို့နဲ့ မတူတဲ့ အတွေးတွေ ရှိနေတယ်... နောင်တစ်ချိန်မှာ သူက သခင်ကို ပြန်ကိုက်မယ့်ကောင်ပဲ...”

သူက အေးအေးဆေးဆေးပင် ပြောလိုက်၏။ ထိုစကားကိုကြားလျှင် မန်ရှားခေါင်းဆောင်၏ ခေါင်းနှစ်လုံးစလုံးမှာ ပြိုင်တူ ပြုံးလိုက်သည်။

“နတ်ဘုရားသားတော် စိတ်မပူပါနဲ့... အချိန်ကျရင် ကျွန်တော်ကိုယ်တိုင် သူ့ကို အရင်ဆုံး သတ်ပြီး... သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားတွေဆီ ယဇ်ပူဇော်ပြီး.. သူ့ရဲ့ ဦးခေါင်းခွံကို ဝိုင်ခွက်အဖြစ် ဆက်သပါ့မယ်...”

နတ်ဘုရားသားတော်က ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့... အစွန်အဖျားမှာရှိတဲ့ ရွှေမျှော်စင်ဘုရားကျောင်းတွေဆီက ပုရောဟိတ်တွေရဲ့ ဆုတောင်းသံကို ငါ ကြားလိုက်ရတယ်...”

“သားရဲမိစ္ဆာ တစ်အုပ်က စစ်သင်္ဘောနဲ့ ငါတို့ရဲ့ အစွန်အဖျားမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး လုယက်နေကြတယ်တဲ့...”

“လူမျိုးစုဝင်တချို့ သေတာက ကိစ္စမရှိပေမဲ့... ငါတို့ရဲ့ လူမျိုးစုအတွက် ကျူးကျော်တိုက်ခိုက်ရေးလုပ်နေတဲ့ အချိန်မှာ သူတို့က အရင်လာတိုက်ရဲတယ်ဆိုတော့... ငါတို့ကို အမှုမထားတာပဲ...”

“ငါ ဝိညာဉ်နတ်ဘုရားနည်းစနစ်ကိုသုံးပြီး ဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာမှာ တိုက်ပွဲဝင်နေတဲ့ ဖာရိုဘုရင်ဆီကို အကြောင်းကြားခဲ့တယ်... အခု ဘုရင်က အရမ်း ဒေါသထွက်နေပြီ...”

ခေါင်းဆောင် ၂၀ မှာ ထိုစကားကို ကြားသောအခါ ချွေးများ တရဟော ကျဆင်းလာကာ အသက်ပင် ဝဝ မရှူရဲကြတော့ချေ။

“မင်းတို့ရဲ့ လက်ရွေးစင် လူမျိုးစု ၂၀ ထဲက နေ လူမျိုးစုတစ်စုကို စစ်သည် တစ်သန်းစီ ထုတ်လိုက်... ပြီးရင်ဆယ်ရက်အတွင်းမှာ အဲဒီ သတ္တိကောင်းနေတဲ့ မိစ္ဆာသားရဲတွေကို အမြစ်ပြတ် သတ်ပစ်ကြစမ်း... သူတို့ရဲ့ ဝိညာဉ်နဲ့ အသွေးအသားတွေကို ကြီးမြတ်လှတဲ့ ဖာရိုဘုရင်ဆီ ယဇ်ပူဇော်ရမယ်...”

နတ်ဘုရားသားတော်၏ အသံမှာ ပြတ်သားလွန်းလှပြီး ငြင်းဆန်ရန် အခွင့်အရေး လုံးဝ မ‌ပေးပေ။ စကားပြောနေရင်းဖြင့် သူ၏ ပုံစံမှာ မိကျောင်းခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွား၏။

“အမိန့်တော်အတိုင်းပါ နတ်ဘုရားသားတော်...”

ခေါင်းဆောင်များမှာ အမိန့်ကို နာခံရုံမှ တစ်ပါး အခြားရွေးချယ်စရာမရှိ‌ပေ။ သူတို့မှာ လက်ရွေးစင် လူမျိုးစုများ ဖြစ်ကြပြီး လူမျိုးစု တစ်စုလျှင် လူဦးရေ သန်းတစ်သောင်းခန့် ရှိကြသည်။ လူမျိုးစု တစ်စုမှ စစ်သည် တစ်သန်းစီ ထုတ်ပေးရခြင်းမှာ ပမာဏ မနည်းလှသော်လည်း သူတို့အတွက်တော့ ဆံပင်တစ်ပင်မျှသာ ဖြစ်ပေသည်။

နတ်ဘုရားသားတော်က ခေါင်းညိတ်ပြကာ စင်မြင့်ပေါ်သို့ ပြန်တက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

“လတ်တလောမှာ ဖာရိုဘုရင်ကြီးက ဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာမှာ ရာတပ်မကို ဦးဆောင်ပြီး ရှေးဟောင်းမိစ္ဆာကမ္ဘာတစ်ခုကို တိုက်ခိုက်နေတယ်...”

“တိုက်ပွဲက ပြင်းထန်နေပြီး ယဇ်ပူဇော်မှုတွေ အများကြီး လိုအပ်နေတယ်... ယဇ်ပူဇော်ခြင်းစွမ်းအားနဲ့ ယုံကြည်ခြင်းစွမ်းအားတွေ အဆက်မပြတ် ရနေဖို့ လိုတယ်...”

“ကြားရသလောက်ဆိုရင် အဲဒီကမ္ဘာက မိစ္ဆာသားရဲတွေရဲ့ ကျင့်ကြံခြင်းက မနိမ့်ဘူးတဲ့... သူတို့အားလုံးကို ယဇ်ပူဇော်လိုက်ရင်တော့ ယဇ်ပူဇော်ခြင်းစွမ်းအား အတော်အတန် ရလာမှာပဲ...”

“ငါအမိန့်ပေးထားတဲ့အတိုင်း မင်းတို့ အမြန်ဆုံး လုပ်ကြ... အမှားအယွင်း တစ်ခုခု ရှိခဲ့ရင်တော့... မင်းတို့ရဲ့ လူမျိုးစုတွေကိုပဲ ယဇ်ပူဇော်ခံရဖို့ ပြင်ထားလိုက်ကြတော့...”

ပြောပြီးသည်နှင့် သူသည် အင်္ကျီလက်ကို ဝေ့ယမ်းလိုက်လျှင် သူ၏ခန္ဓာကိုယ်သည် ဝေဝါးသွားကာ ပျောက်ကွယ်သွားလေသည်။

နတ်ဘုရားသားတော် ထွက်သွားပြီး အတော်ကြာသောအခါမှသာ ခေါင်းဆောင်များ မြေပြင်မှ ထရပ်လိုက်ကြ၏။

“နတ်ဘုရားသားတော်ရဲ့ အမိန့်ကို နှောင့်နှေးလို့ မရဘူး...”

“အားလုံး မြန်မြန်ပြင်ဆင်ကြစို့... အဲဒီ မိစ္ဆာသားရဲတွေကို သတ်ပြီးတာနဲ့... ရှေ့တန်းက တခြား လူမျိုးစုတွေနဲ့ ပေါင်းပြီး နန်ယန်စီရင်စုထဲကို ဝင်တိုက်ကြမယ်... အဲဒီမှာရှိတဲ့ လူသားတွေ အားလုံးကိုပါ ယဇ်ပူဇော်ပစ်ရမယ်...”

.....

အဆုံးမဲ့သဲကန္တာရ အစွန်အဖျားဒေသ။ အနောက်ဘက်နယ်စပ်စည်းမှ မိုင်ပေါင်း တစ်သိန်း ခုနစ်သောင်းခန့် အကွာ။

မျက်နှာတစ်ခုလုံးတွင် ဆေးမင်ကြောင်များ ထိုးထားသော ဟွမ်ရှားလူမျိုးစုမှ နိယာမနယ်ပယ် အဆင့် ၆ ကျွမ်းကျင်သူတစ်ဦး ကျွမ်းကျင်သူတစ်ဦး သဲ‌သောင်ပြင်ပေါ်တွင် အသက်လု ပြေးနေသည်။ ဟွမ်ရှားစစ်သည်များ၏ အရှိန်မှာ အဆင့်တူ လူသားများထက် ပိုမိုမြန်ဆန်လှပြီး ယခုကဲ့သို့ အသက်လုပြေးနေချိန်တွင် သူ၏အရှိန်မှာ လျှပ်စီးကဲ့သို့ပင် ဖြစ်နေ၏။ ခြေထောက်အောက်တွင် ဝိညာဉ်စွမ်းအားများကို စုစည်းပြီးပြေးနေခြင်းဖြစ်ရာ ကုန်းကြောင်းပြေးခြင်း၏ အမြင့်ဆုံး အရှိန်သို့ ရောက်ရှိနေသည်။

“ပြေးရမယ်...”

“မြန်မြန်... အခုထက် ပိုမြန်မှဖြစ်မယ်...”

သူသည် အစွမ်းကုန် ပြေးနေသော်လည်း လုံလောက်သည်ဟု မခံစားရသေးပေ။ မိဘများက သူ့ကို ခြေထောက်လေးချောင်း နဲ့မွေးမပေးခဲ့ခြင်းကိုပင် နောင်တရနေမိ၏။ ယခုအချိန်တွင် သူ၏ မျက်ဝန်းများမှာ သွေးရောင်လွှမ်းနေကာ အတိုင်းအဆမရှိသော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏အနောက်ဘက်တွင် ဖြစ်ပျက်နေသောမိစ္ဆာသားရဲ သောင်းပေါင်းများစွာ သောင်းကျန်းနေသည့် မြင်ကွင်းက သူ့ကို စိတ်ဓာတ်ပြိုလဲစေခဲ့ခြင်းပင် ဖြစ်သည်။

ရုတ်တရက် သူ၏ ခြေလှမ်းများမှာ နှေးကွေးသွားပြီး ရင်ဘတ်ထဲ အေးခနဲ ခံစားလိုက်ရကာ ခန္ဓာကိုယ်မှ စွမ်းအားအားလုံး လျင်မြန်စွာ ဆုတ်ခွာသွားသည်။ ခေါင်းကို ငုံ့၍ သူ၏ ရင်ဘတ်ကို လှမ်းကြည့်လိုက်ရာ အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေသော မျောက်လက်သည်းတစ်ခုကိုမြင်လိုက်ရ၏။ ထိုလက်သည်းထဲတွင်မူ တဒိတ်ဒိတ် ခုန်နေဆဲဖြစ်သော သူ၏ နှလုံးသားကို ဆုပ်ကိုင်ထားလေသည်။ နောက်ဆုံးကျန်ရှိနေ‌သောအသိစိတ်သည် သူ၏ နှလုံးသားကိုမက်မွန်သီးတစ်လုံးကဲ့သို့ ညစ်ချေခံလိုက်ရသည်ကို မြင်လိုက်ရတော့သည်။

မျောက်မိစ္ဆာတစ်ကောင်သည် ဟွမ်ရှားမျိုးနွယ်ကျင့်ကြံသူ၏နှလုံးသားကိုချေမွရင်း အေးစက်စွာ ပြုံးနေလေသည်။ ထို့နောက် သူ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး သွေးများကို ခါချလိုက်ကာ ကောင်းကင်ပေါ်သို့ ပြန်လည် ပျံတက်သွားတော့သည်။နောက်ထပ် ပစ်မှတ်အသစ် ရှာဖွေခြင်းသာဖြစ်သည်။

သူ၏အ‌နောက်ဘက်မှ ကောင်းကင်ယံတွင် မိုင်ပေါင်း ရာချီကျယ်ဝန်းသော စစ်သင်္ဘောတစ်စင်းသည် တည်ငြိမ်စွာဖြင့် ပျံသန်းလာနေ၏။ မိစ္ဆာသားရဲ တစ်သိန်းမှာ ကြယ်ကြွေနေသကဲ့သို့ပင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေကာ အောက်ဘက်သို့ ဆင်းသက် တိုက်ခိုက်နေကြသည်။ ဟွမ်ရှားလူမျိုးစုငယ်များ၊ နတ်ဘုရားကျောင်းများနှင့် ခံတပ်များမှာ မည်သို့မျှ မခုခံနိုင်ဘဲ ခဏအတွင်း ပျက်စီးသွားတော့သည်။ ရှေ့တန်းမှ ပြန်လည်ခေါ်ယူထားသော နိယာမနယ်ပယ် အဆင့် ၂၄ ရှိသည့် ခေါင်းဆောင်များနှင့် ပုရောဟိတ်များပင် မတားဆီးနိုင်ဘဲ သားရဲများ၏ ဝိုင်းဝန်းသတ်ဖြတ်မှုကို ခံလိုက်ရကာအရိုးပင် မကျန်ခဲ့။

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကြီးမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အမြစ်ပြတ်ချေမှုန်းခဲ့ရာ မိုင်ပေါင်း တစ်သိန်း ခုနစ်သောင်းခန့်ရှိသော သွေးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေပြင်မှာ ပေပေါင်းများစွာ နိမ့်ဆင်းသွားပြီး လယ်ထွန်သကဲ့သို့ပင် ဖြစ်နေခဲ့၏။ လမ်းတစ်လျှောက်ရှိ ဟွမ်ရှားလူမျိုးများ အကုန်လုံး သတ်ဖြတ်ခံလိုက်ရပြီး ရတနာများနှင့် အရင်းအမြစ်အားလုံးလည်း သိမ်းဆည်းခံလိုက်ရသည်။ ကျုံးကျဲ၏ အဖွဲ့ အသည်းအသန် လိုက်လံရှာဖွေခဲ့ရသော သဲကျောက်ဓားကောက် များပင် သန်းနှင့်ချီ၍ သိမ်းဆည်းရမိခဲ့၏။

စစ်သင်္ဘောကြီးမှာ အရှေ့သို့ဆန်တက်ကာ ဟွမ်ရှားလူမျိုးစု၏ အလယ်ဗဟို နယ်မြေဆီသို့ ဦးတည် ချီတက်လာနေသည်။ အနောက်ဘက်နယ်စပ်မြောက်ပိုင်းရှိ ဟွမ်ရှားလူမျိုးစုများအားလုံးသည်ကြောက်လန့်တုန်လှုပ်နေကြကာ သတင်းရသည်နှင့် ထွက်ပြေးကုန်ကြ၏။

All Chapters