← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

စစ်သင်္ဘောပေါ်၌ ကျုံးရှန်သည် တိမ်တိုက်ကုတင်ပေါ်တွင် ထိုင်နေပြီး မြေပြင်ပေါ်တွင် ထွက်ပြေးနေကြသည့် ဟွမ်ရှားလူမျိုးများကို ဂရုမစိုက်ချေ။ ဤအရာအားလုံးမှာ အတိုးအနည်းငယ်သာ ပြန်လည် သိမ်းယူခြင်း ဖြစ်သည်။

စစ်သင်္ဘောသည် ရှေ့မှ နယ်မြေရှင်းလင်းရေး ထွက်နေသော မိစ္ဆာသားရဲ တပ်ဖွဲ့နောက်မှ တဖြည်းဖြည်း လိုက်ပါလာနေသည်။

“သခင်... အခုသွားနေတဲ့ အရှိန်နဲ့ဆိုရင်...”

“၁၀ရက်အတွင်း... အဆုံးမဲ့သဲကန္တာရရဲ့ အလယ်ပိုင်း နယ်မြေအနားကို ရောက်ပါလိမ့်မယ်...”

“ဒါပေမဲ့ ဟွမ်ရှားလူမျိုးစုတွေဘက်က တုန့်ပြန်မှု မြန်မယ်ဆိုရင်... ၇ရက်မြောက်နေ့လောက်မှာ သူတို့ရဲ့ ပင်မစစ်တပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်ချေရှိပါတယ်...”

ကျွမ်းလီသည် ယခုအခါ ငါးရောင်ခြယ် အမွေးအတောင်များဖြင့် ပြုလုပ်ထားသည့် သံချပ်ကာကို ဝတ်ဆင်ထားပြီး စစ်မြေပြင်မှ စစ်နတ်သမီးတစ်ပါးကဲ့သို့ပင် ခန့်ညားထည်ဝါနေ၏။ သူမသည် နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ စစ်မြေပြင်မြေပုံ တစ်ခုကို ဖော်ပြနေခြင်းဖြစ်သည်။

ထို့နောက် မြေပုံထဲမှ မိုင်တစ်သန်းခန့် ရှည်လျားသော ချောက်ကမ်းပါးတစ်ခုကို ညွှန်ပြလိုက်ပြီး ပြော၏။

“ဒီနေရာပါပဲ...”

“ဟွမ်ရှားလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ကျိန်စာသင့်နယ်မြေဖြစ်တဲ့ အာမန်ရာ ချောက်နက်...”

“ဒီနေရာမှာ တားဆီးပိတ်ဆို့တာခံရချေအများဆုံးရှိပါတယ်...”

“ကံမကောင်းရင်... သဲကန္တာရ နတ်ဘုရားတွေထဲက တစ်ပါးဖြစ်တဲ့ ကျိန်စာနတ်ဘုရားမ မင်းသမီး အာမန်ရာ နဲ့တောင် ဆုံနိုင်ပါတယ်...”

ကျိန်စာနတ်ဘုရား ဆိုသည်မှာ ဟွမ်ရှားလူမျိုးစု အသီးသီးတွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီများ ရှိသည့် နတ်ဘုရားမတစ်ပါး ဖြစ်သည်။ သူမကို မင်းသမီး အာမန်ရာ ဟု ခေါ်ဆိုကြပြီး ပြင်းထန်သော ကျိန်စာစွမ်းအားများ ကို ပိုင်ဆိုင်ထားသည်။ သူမရဲ့ကြိမ်စာတိုက်ခံရပါက အသက်ရှင်ရန် ခဲယဉ်းသွားမည်ဖြစ်သည်။ သူမသည် ကံဆိုးခြင်းတာအိုဘိုးဘေးကဲ့သို့ပင် ကံတရားနှင့် အကျိုးဆက် ကို ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤနတ်ဘုရားမမှာ တခြားသော သဲကန္တာရ နတ်ဘုရားများနှင့် ဆက်ဆံရေး သိပ်မ‌ ကောင်းလှ‌ပေ။ တစ်သီးပုဂ္ဂလနေထိုင်ပြီးလူသိနည်းသော နတ်ဘုရားတစ်ပါးဖြစ်ကာ လူ‌လုံးထွက်ပြလေ့လည်းမရှိပေ။ သို့သော် ဟွမ်ရှားလူမျိုးများ၏ စိတ်ထဲတွင်မူ သူမ၏ ကြောက်မက်ဖွယ် အရှိန်အဝါမှာ ဖာရိုဘုရင်ပြီးလျှင် ဒုတိယလိုက်သည်။ သို့ဖြစ်ရာ သူမနှင့် ပတ်သက်သောအကြောင်းအရာအများစုမှာ ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီများသာ ဖြစ်ပြီး အလွန်ပင် လျှို့ဝှက်ဆန်းပြားသူ ဖြစ်သည်ဟု၍သာ ဖော်ပြထားသည်။ သူမ၏ အဆင့်အတန်းမှာ ထူးခြားလှသဖြင့် လူမျိုးစုအားလုံးက သူမကို ဆုတောင်းပူဇော်ကြပြီး ကံဆိုးမိုးမှောင်ကျမှုများမှ ကင်းဝေးစေရန် ယဇ်ပူဇော်လေ့ ရှိကြသည်။ ဒဏ္ဍာရီများအရ ဤကျိန်စာနတ်ဘုရားမ နေထိုင်ရာ နေရာမှာ အာမန်ရာ ချောက်နက်ပင် ဖြစ်၏။

ကျုံးရှန်သည် စစ်သင်္ဘော၏ ဦးခေါင်းတွင် ရပ်နေရင်း ဝေးကွာသော အရပ်မှ စစ်မီးလျှံများကို ကြည့်လိုက်သည်။

“ကျိန်စာနတ်ဘုရား ဟုတ်လား...”

“ကောင်းပြီလေ...”

သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ကျိန်စာဆိုသည့် အရာမျိုးကို ကျုံးရှန်ထက် ပို၍ ဂရုစိုက်သူ မည်သူမျှ မရှိချေ။ ကျိန်စာနတ်ဘုရား ဖြစ်စေ၊ ကံဆိုးခြင်းတာအိုဘိုးဘေး ဖြစ်စေ သူတို့ ထုတ်လွှတ်သော ကျိန်စာများမှာ မဟာတာအိုအောက်ရှိ ကံတရားနှင့် အကျိုးဆက်များသာ ဖြစ်ပေသည်။

သို့သော် ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ကျိန်စာမှာမူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံး၏ ကမ္ဘာ့ဗဟိုချက်က နှစ်ပေါင်း တစ်သန်းကျော်အတွင်းပေါ်ပေါက်ခဲ့သော နတ်ဘုရားများ၊ သက်ရှိများ၊ ကျွမ်းကျင်သူများနှင့် အခွင့်အလမ်းများစွာ၏ ကံတရားကို စတေး၍တိုက်ထားသော ကျိန်စာ ဖြစ်ပေသည်။

“ တကယ်လို့ အဲဒီ ကျိန်စာနတ်ဘုရားမနဲ့သာ ဆုံခဲ့ရင်တော့... လက်ရည်စမ်းကြည့်ရမယ်...”

ကျုံးရှန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာကို တွက်ချက်နေမိသည်။ လတ်တလောတွင် ကောင်းကင်ကံတရားများ ပြောင်းလဲလာမှုကို ထိုကျိန်စာနတ်ဘုရားမလည်း သတိပြုမိပေလိမ့်မည်။ မိမိ၏ ကျိန်စာကို ဖြေဖျောက်ရန်အတွက် သူမထံမှ အကူအညီ တစ်စုံတစ်ရာ ရနိုင်ကောင်း၏။

သို့သော် သဲကန္တာရ နတ်ဘုရားများမှာ အများအားဖြင့် ထူးဆန်းသောစရိုက်ရှိကြပြီး လူသားမျိုးနွယ်အပေါ် ရန်လိုတတ်ကြသဖြင့် ဆက်ဆံရန် ခဲယဉ်းလှပေသည်။ ကျိန်စာနတ်ဘုရားမထံမှ အကူအညီရမည်ဟုမျှော်လင့်နေခြင်းမှာလည်း မသေချာလှပေ။

ထိုစဉ် ကျွမ်းလီသည် ကျုံးရှန်၏ အနားသို့ အသာအယာ လျှောက်လာခဲ့သည်။

“သခင်... ကျွန်မတို့ ဒီတစ်ခေါက် ထွက်လာတဲ့ အင်အားက မသေးလှသလို... ကျွန်မတို့နဲ့အတူ ပါလာတဲ့ မိစ္ဆာသားရဲတွေကလည်း တောင်တန်းပေါင်း တစ်သန်းထဲက လက်ရွေးစင်တွေ ဖြစ်ကြတယ်...”

“ဒါပေမဲ့ အခုက အဆုံးမဲ့သဲကန္တာရထဲကို ကျူးကျော်တိုက်ခိုက်နေတာပါ...”

“ဟွမ်ရှားလူမျိုးစုတွေက ဒီနေရာမှာ အခြေစိုက်ထားတာဆိုတော့... သူတို့ရဲ့ စစ်ကူတွေက မကုန်မခမ်းနိုင် ရှိနေမှာပါ... ကျွန်မတို့ဘက်ကတော့ မိစ္ဆာတစ်ကောင် သေသွားရင် တစ်ကောင် လျော့သွားမှာလေ...”

“ နောက်ပြီး... သခင်ရဲ့ ခွန်အားက အနှိုင်းမဲ့ပြီး နိယာမနယ်ပယ် အဆင့်နဲ့တင် နတ်ဘုရားတွေကို ယှဉ်နိုင်တယ် ဆိုပေမဲ့... ဟွမ်ရှားလူမျိုးစုတွေက ဒီနယ်မြေကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားပြီး ဒီနေ့အထိ ပွားများလာနိုင်တယ်ဆိုတာကိုတော့ လျှော့တွက်လို့ မရပါဘူး...”

“သေချင်ယောင်ဆောင်နေတဲ့ သဲကန္တာရ နတ်ဘုရားအချို့အပြင်... တခြားသော ဘေးဒုက္ခတွေကို ကျော်လွှားနိုင်ခဲ့ပြီး ဟင်းလင်းပြင်အတွင်းက ကမ္ဘာငယ်တွေကို တိုက်ခိုက်နေတဲ့ နတ်ဘုရားတွေလည်း အများကြီး ရှိနေပါသေးတယ်...”

“ကျွမ်းလီ တစ်ခုလောက် အရဲစွန့်ပြီးပြောချင်ပါတယ်... ကျွန်မတို့ရဲ့ မိစ္ဆာစစ်တပ်က အခုလိုမျိုး ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းဗျူဟာကိုပဲ ဆက်သုံးနေမယ်ဆိုရင်... ဆယ်ရက်တောင်ခံမယ်မထင်ပါဘူး...”

“ဟွမ်ရှားလူမျိုးစုရဲ့ အဓိကစစ်တပ်နဲ့ တိုက်ခိုက်တဲ့ ဒုတိယမြောက်နေ့မှာတင်... သူတို့ရဲ့ အဆုံးမဲ့တဲ့ ကျွမ်းကျင်သူတွေကြားထဲမှာ ကျွန်မတို့စစ်တပ် တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်...”

“သူတို့က လူအင်အားနဲ့ အသာစီးယူပြီး တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်...”

ကျွမ်းလီ ခဏရပ်လိုက်ပြီး သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် ကျုံးရှန်ကို လှမ်းလိုက်သည်။

“သခင်ကြီး... ဒီတောင်တန်းပေါင်း တစ်သန်းက သားရဲတွေအားလုံးက သခင့်အပေါ်မှာ ရူးသွပ်စွာ ယုံကြည်ကိုးကွယ်ပြီး သစ္စာရှိကြပါတယ်...”

“ဒါပေမဲ့ သူတို့က စနစ်တကျ ဖွဲ့စည်းထားတာမဟုတ်တော့... တစ်ဦးချင်း တိုက်ခိုက်တဲ့နေရာမှာပဲ ကျွမ်းကျင်တဲ့ အစုအဖွဲ့တစ်ခုလို ဖြစ်နေပါတယ်... တကယ်လို့ စစ်သည် သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဗျူဟာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်... သေလမ်းပဲ ရှိပါလိမ့်မယ်...”

“ဆယ်ရက်လောက်အထိ ဒီလိုပဲ ဆက်တိုက်နေမယ်ဆိုရင်... နောက်ဆုံးကျရင် နိယာမနယ်ပယ် အဆင့် ၂၄ အထက်က မိစ္ဆာသားရဲတွေပဲ အသက်ရှင် ကျန်ရစ်နိုင်ပါလိမ့်မယ်...”

ကျွမ်းလီ ပြောရင်းဖြင့် သူမ၏ စိတ်ထဲတွင် နားမလည်နိုင် ဖြစ်နေမိသည်။

သူမသည် ကျုံးရှန်နှင့် အတူရှိနေခဲ့သည်မှာ နှစ်‌ပေါင်းများစွာကြာလှပြီဖြစ်သည်။ သူမ၏ သခင်မှာ စိတ်အလိုလိုက်တတ်သော်လည်း အမှန်တကယ်တွင် အရာအားလုံးကို အစီအစဉ်တကျ တွက်ချက်တတ်သူ ဖြစ်သည်ကို သူမ သိထားသည်။ ဟွမ်ရှားလူမျိုးစုကို သတ်ဖြတ်ပြီး ဒေါသဖြေဖျောက်ချင်ရုံ သက်သက်ဆိုလျှင် ဤမျှလောက်အထိ အရှိန်အဝါ ပြစရာ မလိုဘဲ အလယ်ဗဟိုအထိ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်နိုင်ပေသည်။ သို့သော် ယခုမူ ဟွမ်ရှားလူမျိုးစုနှင့် အသေအလဲ တိုက်ခိုက်ရန် ပြင်နေခြင်း ဖြစ်၏။

ကျုံးရှန်က အသာအယာ ပြုံးလိုက်ကာ နောက်သို့ လှည့်လိုက်ပြီး သူမ၏ ခေါင်းကို ပုတ်လိုက်သည်။

“စိတ်မပူပါနဲ့... ချင်ထျန်းတောင်ထွတ် အနီးအနားက မိစ္ဆာသားရဲ တော်တော်များများကို သူတို့ ငယ်ငယ်လေးကတည်းက ငါကိုယ်တိုင်ကျင့်စဉ်တွေ သင်ပေးပြီး ပြုစုပျိုးထောင်လာခဲ့တာ...”

“သူတို့ကို ငါ အလကားသေခွင့်မပြုပါဘူး..”

ထို့နောက်ကျုံးရှန်က ရှေ့သို့ လှည့်လိုက်ပြီး ကျွမ်းလီနှင့် ကုန်းပတ်ပေါ်ရှိ တခြားသော သားရဲသူတော်စင်များကို ကြည့်လိုက်သည်။

“မင်းတို့ရဲ့ သံသယတွေကို ငါနားလည်တယ်...”

“ဟွမ်ရှားလူမျိုးစုက ငါ့ရဲ့ သားစဉ်မြေးဆက်တွေကို ရန်ရှာရဲရုံမကဘူး... အခုဆိုရင် ပိုပြီးတော့တောင် သတ္တိကောင်းလာပြီး လူသားမျိုးနွယ်ရဲ့ နယ်မြေတွေကို ကျူးကျော်ဖို့ ကြံစည်နေကြတယ်...”

“တကယ်လို့ ဟွမ်ရှားလူမျိုးစုဝင် ကုဋေပေါင်းများစွာရဲ့ အသွေးအသားတွေနဲ့ အစားမထိုးနိုင်ဘူးဆိုရင်... ငါ့ရဲ့ ဒေါသက ဘယ်လိုလုပ် ပြေနိုင်မှာလဲ...”

ဤစကားကို ကြားသည်နှင့် အားလုံး ချက်ချင်းပင် နားလည်သွားကြတော့သည်။

ကျုံးရှန်သည် ကျုံးမိသားစု၏ သားစဉ်မြေးဆက်များအတွက် သူ၏ အရှိန်အဝါကို တည်ဆောက်ပြနေခြင်းပင် ဖြစ်၏။ သူသည် ကံတရားကျိန်စာ၏ ချည်နှောင်မှုကို နှစ်ပေါင်း တစ်သိန်းခန့် ခံစားခဲ့ရသည်။ ယခုအခါ ကောင်းကင်တာအို ပြောင်းလဲလာသဖြင့် ကျိန်စာမှာ အားနည်းလာခဲ့ပြီဖြစ်ရာ နောက်ဆုံး၌သူ၏ သားစဉ်မြေးဆက်များကို စိတ်ချလက်ချ ပြုစုပျိုးထောင်နိုင်ပြီဖြစ်သည်။

နှစ်ပေါင်း တစ်သိန်းခန့် အောင့်အည်းထားခဲ့ရသော ဒေါသများကို ဖွင့်ထုတ်တော့လေမည်။ ယခုအခါ ဟွမ်ရှားလူမျိုးစုမှာ ကျုံးရှန်၏ ဒေါသနှင့် ထိပ်တိုက် တိုးသွားခဲ့ပြီ ဖြစ်ရာ သူက မည်သို့မျှ လွှတ်ပေးမည် မဟုတ်ပေ။

“ဒါကြောင့်ကိုး... သခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ အားလုံး နားလည်ပါပြီ...”

“ကျုံးမိသားစုရဲ့ ဆွေမျိုးသားချင်းတွေကို ရန်ရှာရဲတာက... ကောင်းကင်ထက်တောင် ပိုကြီးမားတဲ့ ရန်ကြွေးပဲ... ဒီအတိုင်း လွှတ်ထားလို့ မရပါဘူး...”

ချင်ထျန်းတောင်ထွတ်မှ သတ္တဝါများမှာ ကျုံးရှန်နှင့်အတူ နှစ်ပေါင်း သောင်းချီ၍ ရှိနေခဲ့သူများ ဖြစ်ကြသဖြင့် သူတို့ကြားရှိ သံယောဇဉ်မှာ အလွန်ပင် နက်ရှိုင်းလှပေသည်။

သူတို့၏ သခင်မှာ ကောင်းကင်ကိုပင်ထိုးဖောက်နိုင်သော အနှိုင်းမဲ့ ခွန်အားရှိပြီး ရှေးခေတ်ဧကရာဇ်များကဲ့သို့ ခမ်းနားထည်ဝါသူဖြစ်၏။ ထိုသေသင့်သည့် ကျိန်စာကြောင့်သာ မဟုတ်ပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို သိမ်းပိုက်ကာ နတ်ဘုရားများကို ခန့်အပ်နိုင်သော အစွမ်းပင် ရရှိထားနိုင်သူပင်ဖြစ်သည်။ လွန်ခဲ့သော ခေတ်အဆက်ဆက်မှ ပျောက်ဆုံးနေခဲ့သည့်ကောင်းကင်တာအို၏ တာဝန်များကို ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ပေလိမ့်မည်။

ရှေးဟောင်းခေတ်၊ ရှေးခေတ်သစ် နှင့် မျက်မှောက်ခေတ် ဟူသော ခေတ်သုံးခေတ်တွင် ရှေးဟောင်းခေတ်တွင်သာ နတ်ဘုရားများနှင့် သူတော်စင်များကို ခန့်အပ်မှု အများဆုံး ရှိခဲ့သည်။ နတ်ဘုရားအဆင့်အတန်း ကို ပိုင်ဆိုင်ပြီး ကမ္ဘာကြီး၏ မဟာတာအို၏ အသိအမှတ်ပြုမှုကို ရရှိထားသူများမှာ စစ်မှန်သော နတ်ဘုရား၊ စစ်မှန်သော သူတော်စင်များ ဖြစ်ကြသည်။

ရှေးခေတ်သစ်တွင်လည်း ဧကရာဇ်များမှာ စစ်မှန်သော နတ်ဘုရားအသွင် ရှိခဲ့ကြသည်။သို့သော်မျက်မှောက်ခေတ်သို့ ရောက်သောအခါတွင်မူ အသစ်ပေါ်ထွက်လာသော စစ်မှန်သော နတ်ဘုရားနှင့် စစ်မှန်သော သူတော်စင်ဟူ၍ မရှိသလောက် ရှားပါးသွားခဲ့ပြီ ဖြစ်၏။

ယခုတွင် လူတိုင်းက ကျုံးရှန်၏ ရည်ရွယ်ချက်ကို သိရှိသွားကြလေသည်။ သူတို့၏ မျက်ဝန်းများမှာ အေးစက်လာပြီး ယခုချက်ချင်းပင် အပြင်သို့ ထွက်ကာ ဟွမ်ရှားလူမျိုးစုများကို သတ်ဖြတ်ချင်နေကြပြီ ဖြစ်သည်။ သူတို့၏ သခင် နှစ်ပေါင်း တစ်သိန်းကျော်ကြာ တံခါးပိတ် ကျင့်ကြံခဲ့ရသော အထီးကျန်မှုများအတွက် ဂုဏ်သတင်း လွှင့်ထူပြီး အရှိန်အဝါ ပြသရမည်ဖြစ်၏။

All Chapters