← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

“မင်းတို့အားလုံးကို အရှင်ဖမ်းပြီး အရေခွံဆုတ်...အသားနွှင်ပစ်မယ်... ပြီးရင်မင်းတို့ရဲ့ အနှစ်သာရသွေးနဲ့ ဝိညာဉ်တွေကို ယဇ်ပူဇော်ဖို့အတွက် အသုံးချရမယ်...”

မန်ရှားခေါင်းဆောင်သည် စကားအများကြီး ပြောမနေတော့ဘဲ သူ၏လက်ကိုလှုပ်ရှားလိုက်ရာ သွေးနီရောင် လခြမ်းပုံသဏ္ဌာန် ဓားမြှောင်နှစ်စင်း သူ၏လက်ထဲတွင် ပေါ်လာ၏။ သူတော်စင်တစ်ပိုင်းအဆင့် လက်နက်ဖြစ်သည့် မိစ္ဆာသွေး လစန္ဒာဓားဖြစ်သည်။

ထို့နောက်သူ၏ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်သန်းကာ မိုင်ပေါင်းသောင်းချီဝေးသော စစ်စခန်းနှစ်ခုကြား အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားသည်။ ထိုအချိန်တွင် ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောပေါ်မှ သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာဘုရင်တစ်ပါး ပျံထွက်လာပြီး သူ့ကို ခုခံတားဆီးလိုက်သည်။

အခြားဟွမ်ရှား ခေါင်းဆောင်များသည်လည်း သူတို့၏ လက်နက်မျိုးစုံကို ထုတ်ဖော်လိုက်ကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး တိုက်ခိုက်လာကြသည်။

“ရွှပ်... ရွှပ်... ရွှပ်...”

ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောပေါ်မှ မိစ္ဆာဘုရင် ကိုးပါး ပျံထွက်လာပြီး လာရောက်တိုက်ခိုက်သည့် ခေါင်းဆောင် ကိုးဦးကို ရင်ဆိုင်လိုက်ကြသည်။ သူတော်စင်အဆင့်ကျင့်ကြံသူများ၏တိုက်ပွဲသည် အလွန်ပြင်းထန်လွန်းရာစတင်တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်တုန်ဟည်းသွားလောက်သည့် တိုက်ခိုက်သံများ ထွက်ပေါ်လာတော့သည်။ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ တုန်ခါမှုလှိုင်းများကြောင့် ဟင်းလင်းပြင် ကွဲအက်သွားပြီး မှောင်မည်းနေသော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်ထွက်လာ၏။

နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်မျိုးစုံထွက်ပေါ်လာပြီး မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော သဲခုံများနှင့် ကျောက်ဆောင်များ တုန်ခါသွားကာ ပြိုကျပျက်စီးကုန်ကြသည်။ သဲခုံများမှာ မြေပြန့်ဖြစ်သွားပြီး နေရာအနှံ့တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ကြီးများ ပေါ်လာ၏။ မရေမတွက်နိုင်သော ဟွမ်ရှားစစ်သည်များမှာ တိုက်ပွဲ၏ အရှိန်အဝါကြောင့် ထွက်ပြေးချိန်ပင်မရဘဲ အပိုင်းပိုင်း ပြတ်တောက် သေဆုံးကုန်ကြသည်။

ကျန်ရှိနေသော သူတော်စင်အဆင့်ဟွမ်ရှား ခေါင်းဆောင် ၁၀ ဦးမှာ မိစ္ဆာဘုရင်များကို သွားရောက်ဝိုင်းရံခြင်း မပြုကြပေ။ သူတို့သည် ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကိုမျက်စိကျနေကြရာ လက်ဝါးများဆန့်ထုတ်ကာ ဝိညာဉ်စွမ်းအားဖြင့် ထိုသင်္ဘောကို သန့်စင်သိမ်းပိုက်ရန် ကြိုးစားလာကြသည်။

“ဝက်မည်း၊ ကာရီကြက်၊ ရှုရင် နဲ့ ပန်းဆွဲယုန်ငယ်... မင်းတို့ လေးယောက် လက်စွမ်းမပြတာ တော်တော်ကြာပြီပဲ... အထူးသဖြင့် ပန်းဆွဲယုန်ငယ်ပေါ့... မင်းက သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တာ မကြာသေးဘူးဆိုတော့ အခုလို တိုက်ပွဲတွေက မင်းအတွက် အကျိုးရှိလိမ့်မယ်...”

“ကျန်နေတဲ့ ဟွမ်ရှားခေါင်းဆောင် ၁၀ ယောက်ကို မင်းတို့ပဲ ခွဲဝေယူလိုက်ကြတော့...”

“မကြာခင်မှာ ရှေးဟောင်း စားဖိုမှူးသူတော်စင် ရဲ့ အမွေအနှစ်နယ်မြေ ပွင့်တော့မယ်... ကမ္ဘာငယ်ပေါင်းများစွာ ပြန်လည် ပေါ်ထွက်လာပြီး အဲဒီထဲက ကျွမ်းကျင်သူ အများကြီးကပါ အခွင့်အရေးတွေကို လာလုကြလိမ့်မယ်... မင်းတို့ အခုကတည်းက သွေးပူလေ့ကျင့်ခန်း လုပ်ထားကြတော့...”

ကျုံးရှန် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်...”

နာမည်ခေါ်အမိန့်ပေး ခံလိုက်ရသော သားရဲသူတော်စင် လေးပါးလုံး ကျုံးရှန်ကို အရိုအသေပေးလိုက်ကြပြီးနောက် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောပေါ်မှထွက်ခွာသွားကြ၏။

ဝက်မည်း သည် မိုင်ပေါင်းသောင်းချီ မြင့်မားသော ဧရာမ ဝက်ဘီလူးကြီး အဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်ယံမှ ဆင်းသက်လာကာ လက်ထဲရှိ လှံရှည်ကြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ လှံအရိပ်များ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ဟွမ်ရှားခေါင်းဆောင် ၃ ဦးကို ဟင်းလင်းပြင်အနက်ရှိုင်းဆုံးနေရာသို့ ဆွဲခေါ်သွားလေသည်။

ကာရီကြက်သည် အာရုဏ်ဦးဟစ်ကြွေးသံကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းဧရာမကြက်ဖကြီးအသွင်ပြောင်းသွား၏။ ထို့နောက် အာရုဏ်ဦးစွမ်းအားများထွက်ပေါ်လာကာ ဟွမ်ရှားခေါင်းဆောင် ၃ ဦးကို လွှမ်းခြုံသွားပြီး ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်သွားသည်။

ရှုရင်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ပေပေါင်းသောင်းချီမြင့်သော လန်ခယ်သစ်ပင် အဖြစ် ပြောင်းလဲလိုက်ရာ သစ်ကိုင်းသစ်ခက်များမှာ ဟင်းလင်းပြင်ထဲတွင် အမြစ်တွယ်သွားသည်။ ထို့နောက်သူမ၏အနောက်တွင် မြစိမ်းရောင်သူတော်စင်ဘုံတံခါးကြီး ပွင့်သွားပြီး ထူးဆန်းသော အချိန်တာအိုနိယာမများ ထွက်ပေါ်လာကာ အချိန်စီးဆင်းမှုကို အဆ ၁၀၀ ခန့် နှေးကွေးသွားစေသည်။ မရေမတွက်နိုင်သော သစ်ကိုင်းများ လျင်မြန်စွာ ကြီးထွားလာပြီး ကျန်ရှိသော ဟွမ်ရှားခေါင်းဆောင် ၃ ဦးကို ရစ်ပတ်ကာဆွဲခေါ်သွားသည်။

ပန်းဆွဲယုန်ငယ်မှာမူ ကျင့်ကြံချိန် အနည်းဆုံးဖြစ်ပြီး ပြီးခဲ့သော အခွင့်အရေးတွင်မှ သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ဝက်မည်းတို့က သူမကို ညှာတာသောအားဖြင့် အားအနည်းဆုံးဖြစ်သည့် ခေါင်းဆောင်တစ်ဦးတည်းကိုသာ ချန်ထားပေးခဲ့၏။ သူမ၏ မှော်ရတနာနှင့် နတ်ဘုရားစွမ်းရည်များဖြင့် ထိုသူကို ကိုင်တွယ်ရန် လုံလောက်ပေသည်။

ပန်းဆွဲယုန်ငယ်သည် လူသားအသွင်ပြောင်းထား၏။ လက်ထဲတွင် ပန်းခြင်းတစ်ခြင်းကို ကိုင်ထားပြီးခန္ဓာကိုယ်သေးသွယ်ကာ လှပကာကြည့်ကောင်းသည်။ သူမ၏ မျက်ဝန်းများမှာမူ အနည်းငယ် ရှက်ရွံ့နေဟန် ရှိ၏။

“ဟားဟားဟား... မိန်းကလေး... မင်းက ဒီလောက် ပိန်ပိန်ပါးပါးလေးဆိုတော့ ငါ့ရဲ့ အချစ်တွေကို ခံနိုင်ရည်ရှိပါ့မလား... ထားပါတော့လေ... မင်းကို ငရဲပြည်ပဲ ပို့ပေးလိုက်ပါ့မယ်...”

လှံရှည်ကို ကိုင်ထားသော ခေါင်းဆောင်တစ်ဦးက သူမ၏ ခန္ဓာကိုယ်ကို အထက်အောက် ကြည့်ကာ ရယ်မောလိုက်သည်။ သူ၏လှံရှည်မှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး ယင်းမှာ သူတော်စင်အဆင့် လက်နက်တစ်ခု ဖြစ်ပေသည်။

ပျက်သုဉ်းခြင်းလှံရှည်။

သူသည် အရင်ဆုံး စတင်တိုက်ခိုက်လိုက်ရာ လှံတစ်ချက်မှာ ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး ဟင်းလင်းပြင် တိုက်ပွဲကွင်းပြင်တစ်ခု ဖန်တီးလိုက်သည်။ ပန်းဆွဲယုန်ငယ်ကလည်း လက်ထဲရှိ ပန်းခြင်းကို ဝှေ့ယမ်းလိုက်ရာ ပန်းပင်လယ်ကြီးတစ်ခုနှင့်အတူ ဟင်းလင်းပြင်တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်သွားလေသည်။

ကောင်းကင်ယံမှာ ပြန်ပိတ်သွား၏။ ဟင်းလင်းပြင်ထဲတွင် တိုက်ခိုက်ခြင်းဖြင့် မိမိတို့ဘက်က လူများကို ထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ပေသည်။

ထိုစဉ် ကျုံးရှန်၏ ပုံရိပ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး စစ်သင်္ဘော၏ ရှေ့တွင် ပေါ်လာသည်။

“ အမြောက်တပ်ဖွဲ့ကလွဲလို့ ကျန်တဲ့မိစ္ဆာသားရဲအားလုံး စစ်သင်္ဘောပေါ်က ဆင်းပြီး စိတ်ကြိုက် သတ်ဖြတ်ကြစမ်း... ဟွမ်ရှားစစ်သည်တွေကို သတ်ပြီး ရလာတဲ့ အရင်းအမြစ်အားလုံးက မင်းတို့ ကိုယ်ပိုင်ပဲ... ရဲရဲဝံ့ဝံ့ တိုက်ခိုက်တဲ့သူတွေကို ငါက ထပ်ပြီး ဆုချမယ်...”

“တက်..”

ကျုံးရှန်က လက်ကို ဝေ့ယမ်းကာ ရှေ့သို့ ညွှန်ပြလိုက်သည်။

“ဝိညာဉ်သခင်ရဲ့ အမိန့်တော်အတိုင်းပါ...”

“ ဝေါ...ဝေါ...”

လိပ်နက်သံချပ်ကာကို ဝတ်ဆင်ပြီး ကိုးကွင်းတပ် ဖောက်ထွင်းရေးဆေဘာဓားများကို ကိုင်ဆောင်ထားသော မိစ္ဆာသားရဲ တစ်သိန်းမှာ ဒီရေအလား ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောပေါ်မှ တဟုန်ထိုး ထွက်ခွာသွားကြသည်။ တလက်လက်တောက်ပနေသော ဆေဘာဓားများမှာ ကောင်းကင်တွင် ပြည့်နှက်သွားပြီး အားကောင်းလှသော မိစ္ဆာစွမ်းအားများဖြင့် ဟွမ်ရှားစစ်ဗျူဟာများနှင့် ထိပ်တိုက်တွေ့ကြလေသည်။ ချက်ချင်းဆိုသလိုပင် သွေးပျက်စရာကောင်းသော အသားစများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ လွင့်စင်သွားတော့၏။

ကျုံးရှန်သည် သူတို့ကိုအာရုံမစိုက်ပေ။ ချောက်နက်ကြီးကို ဖြတ်ကာဆောက်လုပ်ထားသော တံတား ကိုးစင်းကိုသာကြည့်‌နေ လေသည်။ ထိုတံတားပေါ်တွင် ဟွမ်ရှားစစ်သည်အမြောက်အမြားသည် ပုရွက်ဆိတ်အုံကဲ့သို့တိုးဝှေ့နေပြီး စစ်ကူအဖြစ် အဆက်မပြတ် ရောက်ရှိလာနေ၏။ ရှေ့တန်းတွင် မည်မျှပင် သတ်ဖြတ်နေပါစေ အနောက်မှ ချက်ချင်း ပြန်လည် ဖြည့်တင်း ပေးနေသည်။ ထိုစစ်ကူများ၏ အနောက်ဘက်တွင် ဖုန်များတထောင်းထောင်းထလာ၏။ သံချပ်ကာများ ဝတ်ဆင်ထားပြီး အဇူရာဝံပုလွေများနှင့် မီတာအနည်းငယ်ခန့် ကြီးမားသော မိစ္ဆာပုတ်သင်ညိုများကို စီးနင်းထားသော စစ်သည်အုပ်စုတစ်စု အရှိန်ပြင်းစွာချီတက်လာနေခြင်းဖြစ်သည်။ အရေအတွက်မှာ ၁၀သန်းနီးပါး ရှိပြီး အဓိကစစ်တပ်ကြီး ဖြစ်ပုံရ၏။ သူတို့၏ ဦးခေါင်းထက်တွင် ပြင်းထန်လှသော စစ်အရှိန်အဝါများထွက်ပေါ်နေကာ ငွေရောင်လစန္ဒာဝံပုလွေကြီး တစ်ကောင်နှင့် မြေဓာတ်သံချပ်ကာများ ဖုံးလွှမ်းနေသော သဲကန္တာရ မိစ္ဆာပုတ်သင်ညိုကြီး တစ်ကောင်အဖြစ် စုစည်းနေလေ၏။

“ကြည့်ရတာ ဒီနေ့ရဲ့ ငါက စစ်သူကြီး ကျန်းဖေးဖြစ်ရမယ်နဲ့တူတယ်...”

“ရှပ်...”

ကျုံးရှန်၏ ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး အလယ်တွင်ရှိသော တံတားကြီးပေါ်ရှိလေထဲတွင် ပေါ်လာသည်။ သူ၏ခြေထောက်အောက်တွင် သိန်းချီသောဟွမ်ရှားစစ်သည်များ ဒေါသတကြီးအော်ဟစ်နေကြ၏။ ကျုံးရှန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တ အမှုန်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

ထို့နောက် ကျုံးရှန်၏ ဦးခေါင်းထက်တွင် ဧရာမ စစ်မှန်သောအတ္တ ပုံရိပ် ကြီး ပေါ်လာပြီး ရှေးဟောင်း ကမ္ဘာကြီးကိုပင် ဖြိုခွဲပစ်တော့မည့်အလား လက်သီးတစ်ချက်ကို ဆန့်ထုတ်လိုက်ကာ သူ၏ခြေထောက်အောက်ရှိ တံတားကြီးကို ဦးတည်ထိုးနှက်လိုက်လေသည်။

“ဘုန်း...”

ဟွမ်ရှားစစ်သည်များ အားလုံး မှင်သက်သွားကြပြီး ကျုံးရှန်ကို ကြောင်စီစီဖြင့် မော့ကြည့်လိုက်၏။

“ဒီလူ... သူက မြင့်မြတ်သောတံတားကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား...”

“သူ ရူးသွားပြီလား...”

“ဒီတံတားတွေက မျိုးနွယ်စုရဲ့ သူတော်စင်ပညာရှိကြီးတွေကိုယ်တိုင် အစီအရင်ရေးဆွဲထားတာကွ... သာမန် သူတော်စင်အဆင့်လောက်နဲ့...”

“ဂျွတ်... ဂျွတ်...”

သူ၏ စကားပင် မဆုံးသေးမီမှာပင်တံတားအလယ်မှ အစီအရင်များ ပျက်စီးသွားသည့် အက်ကွဲသံများထွက်ပေါ်လာပြီး တံတားကိုယ်ထည်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားတော့သည်။

မိုင်ပေါင်းသောင်းချီ ရှည်လျားကာ ပညာရှိများ၏ ကောင်းချီးပေးခြင်း ခံထားရသော ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သည့် မြင့်မြတ်သောတံတားကြီး ပြိုကျသွား လေသည်။ သိန်းချီသောဟွမ်ရှားစစ်သည် များလည်း အောက်ဘက်ရှိ အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားကြ၏။

တံတားတစ်ဖက်ကမ်းရှိ ဟွမ်ရှားစစ်တပ်ကြီး ရုတ်တရက် ငြိမ်သက်သွားသည်။

“မြင့်... မြင့်မြတ်သောတံတား ကျိုးသွားပြီ...”

ဟွမ်ရှားစစ်ဗိုလ်တစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ လက်ထဲရှိ သဲကျောက်ဓားကောက်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဤမြင့်မြတ်သောတံတား ကိုးစင်းမှာ မျိုးဆက်ပေါင်းများစွာ၏ အားထုတ်မှုများနှင့် အဖိုးတန် အရင်းအမြစ်များစွာကို အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ပြီး စစ်မီးများစွာကိုလည်း ခံနိုင်ရည် ရှိခဲ့သည်။ ဟွမ်ရှားလူမျိုးစုပေါင်းများစွာကို ချောက်နက်ကြီး၏တစ်ဖက်တစ်ချက်သို့ ပို့ဆောင်ပေးခဲ့သော တံတားများ ဖြစ်၏။ ထိုကဲ့သို့သော ဟွမ်ရှားလူမျိုးစုတို့၏ မြင့်မြတ်သောတံတား ၊ နတ်ဘုရားတံတားကြီးမှာ သူတို့ရှေ့မှ လူသား ကောင်‌လေးတစ်‌ယောက်၏ လက်သီးတစ်ချက်တည်းနှင့်ပင် ချေမှုန်းခံလိုက်ရလေသည်။

All Chapters