← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

မရေမတွက်နိုင်သော ဟွမ်ရှားစစ်သည်များသူတို့ကိုယ်သူတို့ မျက်စိမှားနေသည်ဟု ထင်မှတ်ကာ မျက်လုံးများကို အဆက်မပြတ် ပွတ်သပ်မိလိုက်ကြသည်။ သို့သော်လည်း သူတို့ မည်မျှပင် ပွတ်သပ်နေပါစေ တံတားကြီးမှာမူ ကျိုးပြတ်နေဆဲ ဖြစ်ပြီး ပြန်ကောင်းမလာခဲ့ချေ။

ထိုအချိန်တွင် တခြား မြင့်မြတ်သော ဟွမ်ရှားစစ်ဗိုလ်ချုပ်များသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့သွားကြရာ အားလုံးမှာ မျက်နှာပျက်သွားကြ၏။ ယခုအခါ မြင့်မြတ်သောတံတား တစ်စင်းချင်းစီပေါ်တွင် စစ်သည် သောင်းပေါင်းများစွာ ရှိနေသဖြင့် ရှေ့တိုးရန်ရော နောက်ဆုတ်ရန်ပါ မလွယ်ကူသော အခြေအနေသို့ ရောက်ရှိနေသည်။

"တောက်... ဘာမှ စဉ်းစားမနေနဲ့‌တော့... အားလုံး တံတားဖြတ်ကူးကြ"

"ငါးရောင်ခြယ်သဲ အကူအညီတောင်း အချက်ပြမှုကို လွှတ်လိုက်တော့"

"ရန်သူ့ဘက်မှာ အဆင့်မြင့်သူတော်စင်အဆင့်ကျွမ်းကျင်သူ ပါလာတယ်"

"ဝှစ်...."

ဧရာမ ငါးရောင်ခြယ် သဲမှုန်လှိုင်းကြီး ငါးခုကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထို့‌ နောက်ငါးရောင်ခြယ် သဲတိမ်တိုက်ကြီးဖြစ်‌ ပေါ်လာကာ မိုင်ပေါင်း သန်းချီ၍ လွင့်မျောသွား၏။ ဤငါးရောင်ခြယ်သဲ အကူအညီတောင်း အချက်ပြမှုမှာ ဟွမ်ရှားစစ်တပ်အတွင်းရှိ အမြင့်ဆုံးအဆင့် အချက်ပြမှု ဖြစ်ပေသည်။

သာမန်အခြေအနေတွင် အဓိကစစ်တပ်ကြီးမှ ဟွမ်ရှားစစ်သည် သန်း၂၀လုံး သေဆုံးသွားလျှင်ပင် ဤအဆင့်ရှိ အချက်ပြမှုကို အသုံးပြုရန် အရည်အချင်း မပြည့်မီပေ။ ဟွမ်ရှားလူမျိုးစု တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်သည့် အရေးပေါ် အခြေအနေမျိုးနှင့် ကြုံတွေ့ရမှသာ အသုံးပြုခွင့်ရှိသောကြောင့်ဖြစ်သည်။

ငါးရောင်ခြယ် သဲတိမ်တိုက်ကြီး ပေါ်ထွက်လာသည်ကို မြင်သောအခါ မိုင်ပေါင်း သန်းချီသော နယ်မြေအတွင်းသို့ ပျံ့နှံ့သွားပြီး ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာဘုရင်များနှင့် တိုက်ခိုက်နေကြသော သူတော်စင်တစ်ပိုင်းအဆင့် လက်ရွေးစင်ခေါင်းဆောင်၁၀ ဦးမှာချက်ချင်းပင် သူတို့၏ ပြိုင်ဘက်များကို စွန့်လွှတ်လိုက်ကြပြီး တစ်ချက်မျှပင်နောက်လှည့်မကြည့်တော့ဘဲ စစ်စခန်းရှိရာသို့ပြေးသွားကြလေသည်။

သူတို့၏ စိတ်ထဲတွင် အလွန်တရာ ပြင်းထန်သော မလုံခြုံမှုကြီးတစ်ခု ခံစားနေရ၏။ မည်သို့သော အခြေအနေမျိုးကြောင့် စစ်စခန်းမှ အမြင့်ဆုံးအဆင့် အချက်ပြမှုကို ထုတ်လွှတ်လိုက်ရသနည်း ဆိုသည်ကို သူတို့ မသိနိုင်ကြချေ။

သူတို့သည် မိစ္ဆာဘုရင်များ၏ နှောင့်ယှက်မှုများမှ ခဲယဉ်းစွာ ရုန်းထွက်ပြီး မြင့်မြတ်သောတံတား အနီးသို့ ရောက်ရှိလာကြသည်။ ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အလား မှင်သက်သွားကြတော့သည်။

"မြင့်... မြင့်မြတ်သောတံတားကြီး ကျိုးသွားပြီ"

မန်ရှားခေါင်းဆောင်သည် ဟင်းလင်းပြင်တွင် လွင့်မျောနေပြီး သူ၏လက်ထဲရှိ မိစ္ဆာသွေး လစန္ဒာဓား နှစ်စင်းမှာ အနည်းငယ် တုန်ခါနေ၏။ မြင့်မြတ်သောတံတားဖျက်စီးခံရခြင်းသည် မျိုးနွယ်စုတစ်စုလုံး အမြစ်ပြတ် သတ်ဖြတ်ခံရနိုင်သည့် ကြီးလေးသော ပြစ်မှုကြီး ဖြစ်ပေသည်။ သူတို့ လူမျိုးစုတစ်ခုလုံးကို စတေးပြီး ယဇ်ပလ္လင်ပေါ်တွင် သဲကန္တာရ နတ်ဘုရားများထံ ယဇ်ပူဇော်ကာ အပြစ်ဝန်ခံရပေလိမ့်မည်။အခြားသော လက်ရွေးစင်ခေါင်းဆောင်များမှာလည်း ထပ်တူပင် ထိတ်လန့်တုန်လှုပ်နေကြ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတော်စင်အဆင့်၆ဖြစ်တဲ့ အဆင့်မြင့်သူတော်စင်တောင်မှ တံတားကို ဒီလိုအခြေအနေရောက်အောင်မလုပ်နိုင်ဘူးလေ"

"လူသားမျိုးနွယ်က နတ်ဘုရားတစ်ပါး...ဒါမှမဟုတ် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ရောက်လာတာလား"

"ယုတ်မာလိုက်ကြတာ...ငါတို့ရဲ့ ဖာရိုဘုရင်ကြီးဟင်းလင်းပြင်ကမ္ဘာတွေကို သွားရောက် တိုက်ခိုက်နေတုန်း အခွင့်ကောင်းယူပြီးလာတိုက်ကြတယ်ပေါ့"

သူတို့မှာ ဒေါသတကြီး ကျိန်ဆဲနေကြသော်လည်း ပျက်စီးသွားသော တံတားအထက်တွင် လွင့်မျောနေသည့် လူငယ်ကိုမူ သွားရောက်တိုက်ခိုက်ရန် မဝံ့ရဲကြချေ။

ကျုံးရှန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူတို့ကို လှမ်းကြည့်ကာ အေးစက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ ဦးခေါင်းထက်ရှိ စစ်မှန်သောအတ္တ ပုံရိပ်၏ မျက်ဝန်းများသည် ဘေးရှိ တခြား မြင့်မြတ်သောတံတား တစ်စင်းပေါ်သို့ ရောက်ရှိသွားပြီး ကျုံးရှန် ခြေတစ်လှမ်း လှမ်းလိုက်လျှင် ချက်ချင်းပင် ထိုမြင့်မြတ်သောတံတားပေါ်သို့ ရောက်ရှိသွားသည်။

နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

"ဝုန်း.."

ကောင်းကင်ပြိုကျသွားသကဲ့သို့ အသံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။ ဤမြင့်မြတ်သောတံတားမှာလည်း ချေမှုန်းခံလိုက်ရပြန်ပြီ ဖြစ်သည်။ တံတားပေါ်ရှိသိန်းချီသော ဟွမ်ရှားစစ်သည်များနှင့် ဗိုလ်ချုပ် များအော်ဟစ်ကာ အောက်ဘက်ရှိ‌ ချောက်နက်ထဲသို့ ပြုတ်ကျသွားကြတော့သည်။

အာမန်ရာ ချောက်နက်ကြီးမှာ အလွန်ပင် ထူးဆန်းလှပြီး မည်သို့သော နိယာမများ ရှိနေသည်ကို မသိနိုင်ပေ။ ကျင့်ကြံခြင်းအဆင့် နိယာမနယ်ပယ် အဆင့် ၁၈ အောက်ရှိသူများမှာ ၎င်း၏အထက်တွင် လုံးဝ ပျံသန်းနိုင်ခြင်း မရှိချေ။ အောက်ဘက်ရှိ အဆုံးမဲ့ မှောင်မည်းနေသော အလင်းတန်းများထဲတွင် တစ်စုံတစ်ခုသော စုပ်ယူမှုအား ရှိနေပုံရသည်။

.....

"အား...."

"မင်း... သေရမယ်..."

ခေါင်းဆောင်ကြီး ၁၀ ဦးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားကြပြီ ဖြစ်သည်။ မြင့်မြတ်သောတံတား ဖျက်စီးခံရခြင်းမှာ သူတို့ကို သတ်လိုက်ခြင်းထက်ပင် ပို၍ ခံရခက်လှပေသည်။

မန်ရှားခေါင်းဆောင်၏ ခေါင်းနှစ်လုံးစလုံးမှ မျက်ဝန်းအိမ်များကွဲအက်သွားပြီး မျက်နှာတစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေကာ သရဲတစ်ကောင်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အားလုံး နားထောင်ကြ... မြင့်မြတ်သောတံတားဆိုတာ ငါတို့မျိုးနွယ်စုအတွက်အရေးကြီးဆုံးအရာတွေပဲ... သူ့ကို ဆက်ပြီး ဖျက်ဆီးခွင့် ပေးလို့ မဖြစ်ဘူး..."

"အခု ငါတို့ ထွက်ပြေးသွားတော့ရော ဘာထူးမှာလဲ.."

"ဒီလောက် ကြီးလေးတဲ့ ပြစ်မှုမျိုးကို ကျူးလွန်မိမှတော့.. ငါတို့မျိုးနွယ်စုအားလုံး ယဇ်ပူဇော်ခံရမှာပဲ.."

"ဒီကောင်က ကြောက်စရာကောင်းလွန်းတယ်... ကျန်တဲ့ခေါင်းဆောင် ၁၀ ယောက် ပြန်လာရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

"ငါတို့ ဒီအတိုင်း ရပ်ကြည့်နေလို့မဖြစ်တော့ဘူး... အခုချက်ချင်း ကိုယ်ကိုယ်ကိုယ် ယဇ်ပူဇော်ပြီး အာမန်ရာ ချောက်နက်ရဲ့ ကျိန်စာနတ်ဘုရားကို ဆင့်ခေါ်ရမယ်... ဒီ‌ကောင့်ကို သတ်ပြီး ကျန်ရှိနေတဲ့ မြင့်မြတ်သောတံတားတွေကို ကာကွယ်မှသာ ငါတို့ရဲ့ လူမျိုးစု ရဲ့နောက်မျိုးဆက်တွေ အသက်ရှင်ခွင့် ရနိုင်လိမ့်မယ်..."

သူ၏ စကားလုံးများမှာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ဆုံးဖြတ်ထားဟန် တူပေသည်။ ရန်သူကို လွယ်လွယ်ကူကူ နှိမ်နင်းနိုင်လိမ့်မည်ဟု အစက ထင်မှတ်ထားခဲ့သော်လည်း အနည်းဆုံးအဆင့်မြင့်သူတော်စင်အဆင့်အထက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ထူးခြားသည့်အချက်မှာ မည်သည့် စစ်ဆေးသည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် စိတ်အာရုံဖြင့် ကြည့်သည်ဖြစ်စေ ထိုလူငယ်၏ ကျင့်ကြံခြင်းမှာ နိယာမနယ်ပယ် အဆင့် ၂၈ အငွေ့အသက်ကိုသာ ပြသနေခြင်း ဖြစ်၏။လက်ရွေးစင်ခေါင်းဆောင်များ ခေတ္တမျှတုန့်ဆိုင်းသွားပြီး နောက်ဆုံးတွင် သွားများကို တင်းတင်းစေ့ကာ ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ကြသည်။

ခေါင်းဆောင် ၁၀ ဦးသည် စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့လိုက်ကြ၏။ ထို့နောက် ဝိညာဉ်လောင်ကျွမ်းခြင်း ယဇ်ပူဇော်မှု နည်းစနစ်ကို တစ်ပြိုင်နက်တည်း စတင်လိုက်ကြ‌လေသည်။

"ကြီးမြတ်ပြီး လျှို့ဝှက်ဆန်းပြားလှသော ကျိန်စာနတ်ဘုရားမ... ကျွန်တော်မျိုးတို့ရဲ့ အသွေးအသားတွေနဲ့ ကြီးမြတ်လှတဲ့ အာမန်ရာ ချောက်နက်ကြီးကို ပူဇော်ပါ့မယ်... ကျွန်တော်မျိုးတို့ရဲ့ ဝိညာဉ်တွေကို အရှင်မရဲ့ နတ်ဘုရားအရှိန်အဝါရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပါ့မယ်"

"အရှင်မရဲ့ သားသမီးတွေက တောင်းဆိုပါတယ်... အရှင်မရဲ့ အလိုတော်ကို ဆင်းသက်စေပြီး... ဟွမ်ရှားလူမျိုးစုရဲ့ ရန်သူတော်ကို ချေမှုန်းပေးတော်မူပါ.."

ခေါင်းဆောင်ကြီး ၁၀ ဦးမှာ အလေးအနက်ထားသည့် ပုံစံဖြင့် ဟင်းလင်းပြင်တွင် ဒူးထောက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ဝေဝါးလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။ ခန့်မှန်း၍မရနိုင်သော လျှို့ဝှက်ဆန်းပြားသည့် ဟင်းလင်းပြင်တစ်ခုအတွင်းသို့ စုပ်ယူခံလိုက်ရသည့်အလား။ သူတို့၏ အနောက်တွင် သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာဘုရင် ၁၀ ပါးရောက်ရှိလာကာ ဝိုင်းရံထားကြသော်လည်း သူတို့၏အပြုအမူကို ထူးဆန်းစွာ ကြည့်နေကြ၏။

နတ်ဘုရားစွမ်းရည်များနှင့် မှော်ရတနာများအားလုံးမှာ တဖြည်းဖြည်းဝေဝါးပျောက်ကွယ်လာနေသော ဟွမ်ရှားလက်ရွေးစင်ခေါင်းဆောင်များအပေါ်တွင် အကျိုးသက်ရောက်မှု မရှိတော့ပေ။ သူတို့မှာ ဤကမ္ဘာပေါ်တွင် မရှိတော့သည့်အလား ဖြစ်နေကာ တိုက်ခိုက်မှုအားလုံးမှာ သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားလေသည်။

"ဒါ... ဒါက ဘာဖြစ်တာလဲ"

မိစ္ဆာဘုရင် အားလုံးမှာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး ကျုံးရှန်ကို လှမ်းကြည့်လိုက်ကြသည်။

"ဝိညာဉ်သခင်... ဒီဟွမ်ရှားလူမျိုးတွေက..."

ကျုံးရှန်သည် မြင့်မြတ်သောတံတားများကို ဆက်လက် မဖျက်ဆီးတော့ပေ။ထိုအစား သူသည် ဝေဝါးပျောက်ကွယ်သွားတော့မည့် ဟွမ်ရှားလက်‌ရွေးစင်ခေါင်းဆောင် ၁၀ ဦး၏ ပုံရိပ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ထိုခေါင်းဆောင်များပျောက်ကွယ်သွားသည့် ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာနေ၏။ ထိုအရှိန်အဝါမှာ လက်ရှိ ကျုံးရှန်အတွက်ပင်လျှင် ဖိအားတစ်ခု ပေးနိုင်စွမ်းရှိနေလေသည်။

"မင်းတို့တွေ.. မိစ္ဆာသားရဲတွေအားလုံးကို ဦးဆောင်ပြီး ဒီနေရာကနေ အမြန်ဆုံး ဆုတ်ခွာကြ... ရွေ့ဝူတီကို ကာကွယ်ရေးအစီအရင်တွေ ဖွင့်ခိုင်းလိုက်.."

ကျုံးရှန်က အမိန့်ပေးလိုက်၏။

ဤမိစ္ဆာဘုရင်များမှာ အလွန်ပင် ပါးနပ်ကြသူများဖြစ်ပြီး တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ရိပ်မိလိုက်ကာ ကျုံးရှန်၏ အမိန့်ကို ကြားသည်နှင့် လျင်မြန်စွာလှုပ်ရှားလိုက်သည်။

အောက်ဘက်တွင် မိစ္ဆာသားရဲတစ်သိန်းမှာ ဟွမ်ရှားစစ်သည်များနှင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။ ကျုံးရှန်က မြင့်မြတ်သောတံတား နှစ်စင်းကို ချေမှုန်းလိုက်သဖြင့် အက်ကြောင်းကြီး၏ တစ်ဖက်ကမ်းရှိ ဟွမ်ရှားစစ်တပ်ကြီးမှာ ထပ်မံ၍ စစ်ကူမလွှတ်ရဲကြတော့ဘဲ အားလုံး ဆုတ်ခွာသွားကြသည်။

အရှေ့တိုင်း ဖောက်ထွင်းရေးဓားစွမ်းအားများအောက်တွင် ဓားတစ်ချက်တည်းနှင့်ပင် ဟွမ်ရှားလက်ရွေးစင် စစ်သည် ရာပေါင်းများစွာကို သတ်ဖြတ်နိုင်ကြသည်။ လိပ်နက်သံချပ်ကာ၏ ကာကွယ်မှုကြောင့် ရန်သူ၏ ကျင့်ကြံခြင်းမှာ မိမိတို့ထက် အဆင့်နှစ်ဆင့်ခန့် မမြင့်မားပါက အကာအကွယ်ကို မဖောက်နိုင်ဘဲ တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုထားနိုင်ပေသည်။ ရံဖန်ရံခါတွင် အစွမ်းထက်သော စစ်ဗျူဟာများနှင့် တွေ့ဆုံပါက မိစ္ဆာသားရဲများမှာ အုပ်စုဖွဲ့၍ တိုက်ခိုက်ကြသည်။

သို့ဖြင့်တစ်ဖက်သတ် သတ်ဖြတ်မှုကြီးအပြီးတွင်ချောက်နက်ကြီး၏ တစ်ဖက်ခြမ်းရှိ ဟွမ်ရှားစစ်သည် သန်းပေါင်းများစွာမှာ အကုန်လုံးနီးပါး သတ်ဖြတ်ခံလိုက်ရသည်။ ကျင့်ကြံခြင်းအဆင့် မြင့်မားသော စစ်ဗိုလ်ချုပ်အချို့နှင့် ခေါင်းဆောင်အချို့သာ ခဲယဉ်းစွာ ခုခံရင်းကျန်‌နေခဲ့ကြခြင်းဖြစ်၏။ သို့သော်လည်း များပြားလှသော သားရဲကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူတို့ သေဆုံးသွားရန်မှာ အချိန်တစ်ခုသာ လိုတော့ပေသည်။

All Chapters