← Chapters

အခန်း (၁၄၇၄-၁၄၇၆)

Vol. 99 Ch. 1474-1476

အခန်း (၁၄၇၄-၁၄၇၆)

Vol. 99 Ch. 1474-1476

အခန်း (၁၄၇၄) အုပ်စုလိုက်ချေမှုန်းခြင်း၊ လက်ယာဘုရင်ပေါ်ထွက်လာခြင်း

ချူးယွင်ဖန်း၏ရှေ့တွင်မူ ရွှေအမတေမဲ့အထွတ်အထိကျွမ်းကျင်သူတစ်ဦးသည် တစ်ကွက်ပင် မခုခံနိုင်ပေ။

သူသည် ရွှေအမတေမဲ့အထွတ်အထိပ်ဖြစ်စေ၊ သာမန်ရွှေအမတေမဲ့ ဖြစ်စေ ချူးယွင်ဖန်းအတွက်မူ ဘာမှမထူးခြားတော့ချေ။ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုအဆင့်သို့ ရောက်ရှိသွားသည့်အခါ အရာအားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုခဏတွင် သူသည် သူ၏လက်မောင်းကို အထက်သို့ မြှောက်လိုက်သည်။ ကောင်းကင်ယံ၌ နက်မှောင်သော တိမ်တိုက်များ အုံ့မှိုင်းလာပြီး အတွင်း၌ မရေမတွက်နိုင်သောလျှပ်စီးနဂါးများ တိုးဝှေ့လာကြသည်။ လူတိုင်းမှာ ဖိအားတစ်ခုကြောင့် အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။ ထို့နောက် သူက လက်မောင်းကို ဝှေ့ယမ်း၍ အောက်သို့နှိမ့်ချလိုက်သည်။ ရုတ်တရက် မုန်တိုင်းအလား လျှပ်စီးနဂါးထောင်ပေါင်းများစွာမှာ မြေပြင်သို့ အုန်းခနဲကျဆင်းလာပြီး အရာအားလုံးကို တိုက်စားသွားတော့သည်။

ပြင်ပလူများအတွက်မူ အလွန်ကြောက်စရာကောင်းသော သွေးလူရိုင်းများမှာ လျှပ်စီးနဂါးများ၏ ရိုက်ခတ်မှုအောက်တွင် ချက်ချင်းပင် မီးသွေးတုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ခဏအကြာတွင် တိုက်ပွဲမြေပြင်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းသွားခဲ့ပြီ။ သွေးလူရိုင်းသောင်းနှင့်ချီသော စစ်သည်များမှာ သေတွင်းပင်မရှိဘဲ ကျောက်တုံးများအလား မြေပြင်ပေါ်သို့ ပြုတ်ကျကာ သေဆုံးကုန်ကြသည်။

ကျန်ရှိနေသောရွှေအမတေမဲ့ကျွမ်းကျင်သူနှစ်ဆယ်ခန့်မှာလည်း သနားစဖွယ်အခြေအနေ ဆိုက်ရောက်ေတာ့သည်။ သူတို့သည် လျှပ်စီးဒဏ်မှ လွတ်ကင်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြသဖြင့် အသက်မသေခဲ့သော်လည်း အားလုံးမှာ ပြင်းထန်သောဒဏ်ရာများ ရရှိထားကြသည်။ သူတို့တွင် ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။

တစ်လောကလုံးရှိလူများမှာ ဤမြင်ကွင်းကိုကြည့်ရင်း ဆွံ့အကာ ကြောက်လန့်ကုန်ကြသည်။ လျှပ်စီးနဂါးများ သောင်းကျန်းနေစဉ်အတွင်း သူတို့မှာ တစ်လက်မပင် မလှုပ်ဝံ့ကြချေ။ သို့သော် ထူးဆန်းသည်မှာ လျှပ်စီးနဂါးများသည် အသိဉာဏ်ရှိသကဲ့သို့ သူတို့ကို ရှောင်ကွင်းသွားခြင်းပင်။ ၎င်းမှာ ချူးယွင်ဖန်း၏ လျှပ်စီးစွမ်းအားကိုထိန်းချုပ်မှုမှာ အံ့မခန်းအဆင့်သို့ ရောက်နေကြောင်း သက်သေပြနေသည်။

ထို့ပြင် ချူးယွင်ဖန်း၏စိတ်စွမ်းအားကလည်း မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်း၍ပင် မရနိုင်တော့ပေ။

“ဒီလိုပဲ အားလုံး အသတ်ခံလိုက်ရတာလား။ ဒါကတိုင်းပြည်အစောင့်အရှောက်ရဲ့ စွမ်းအားလား။”

တချီကိုယ်စားလှယ်များမှာ တံတွေးကို အနိုင်နိုင် မျိုချနေကြရသည်။ ချူးယွင်ဖန်းတိုက်ခိုက်သည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယခုမှပင်တိုင်းပြည်အစောင့်အရှောက်ဆိုသည့်အဓိပ္ပာယ်ကို ကိုယ်တိုင်တွေ့မြင် နားလည်သွားကြတော့သည်။

“သူတို့က တစ်ကွက်တောင် မခံနိုင်ဘူး။ ငါတို့ကို သေလုမြောပါးဖြစ်အောင် လုပ်ခဲ့တဲ့သွေးလူရိုင်းတွေက သူ့ရှေ့မှာတော့ ဘာမှမဟုတ်ပါလား။” တချီခေါင်းဆောင်က သွေးတစ်လုပ် ထွေးထုတ်ရင်းဖြင့် ဆိုသည်။

သူသည် ယခင်က သူ၏အသက်စွမ်းအားကို လောင်ကျွမ်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ၏အဖွဲ့မှ ထက်ဝက်ကျော် သေဆုံးသွားသည်ကို မြင်ရသောအခါ မျက်ရည်ကျချင်စိတ်ပေါက်လာတော့သည်။ ဤသတင်းသာ တိုင်းပြည်သို့ ရောက်သွားပါက တစ်တိုင်းပြည်လုံး ရိုက်ခတ်သွားပေလိမ့်မည်။

သူတို့သည် ကျင်ကျန်းဟန်၏ ရူးသွပ်မှုကို လျှော့တွက်ခဲ့မိကြသည်။ ကျင်ကျန်းဟန်သည် တိုင်းပြည်ကြီးနှစ်ခုကို တစ်ပြိုင်နက် ရန်စရဲလိမ့်မည်ဟု ထင်မထားကြပေ။

ကျန်ရှိနေသော ကျင်ကျန်းဟန်မှကျွမ်းကျင်သူများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ပြင်ကြသည်။ သို့သော် ထိုခဏ၌ပင် ကမ္ဘာကြီးမှာ တစ်ဖန်ပြောင်းလဲသွားပြန်သည်။

အဝေးမှနေ၍ ကြောက်မက်ဖွယ်ရာဖိအားတစ်ခု လှိုင်းလုံးကြီးများအလား လိမ့်တက်လာသည်။

“ကျွမ်းကျင်သူတစ်ယောက် လာနေပြီ!”

လူတိုင်း ချက်ချင်း ရိပ်မိလိုက်ကြသည်။

ထိုအရှိန်အဝါမှာ ကြောက်စရာကောင်းလှသည်။ အဝေးမှပင် နှင်းတောင်ပြိုကျသကဲ့သို့ ပြင်းထန်လှပြီး လူတိုင်း၏စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။ ကျင်ကျန်းဟန်မှ ကျွမ်းကျင်သူများမှာမူ လာမည့်သူမှာ မည်သူဖြစ်ကြောင်း သိသဖြင့် အားတက်သွားကြသည်။ သူတို့အတွက် အသက်ရှင်ရန် မျှော်လင့်ချက် ပြန်လည်ရရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုဖိအားလာရာလမ်းကြောင်းဆီသို့ ဦးတည်ပြေးကြတော့သည်။

“ထွက်ပြေးချင်တာလား။ လွတ်မယ် ထင်နေလို့လား။”

ချူးယွင်ဖန်း၏လေသံမှာ အလွန်အေးစက်နေသည်။ သူ၏လက်ချောင်းထိပ်တွင် ဓားအလင်းတန်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာလည်ပတ်နေသည်။ ခဏချင်းမှာပင် ထိုဓားအလင်းတန်းမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထွက်ပြေးသူများနောက်သို့ လိုက်ပါသွားတော့သည်။

ရွှပ်…. ရွှပ်…. ရွှပ်….

ထွက်ပြေးရန် ကြိုးစားသူများ၏ခန္ဓာကိုယ်များကို ဓားအလင်းတန်းများက ဖောက်ထွက်သွားသည်။ ဒဏ်ရာအပြင်းအထန် ရထားသောသူတို့မှာ မည်သို့မျှ မခုခံနိုင်ဘဲ ကောင်းကင်ယံ၌ပင် ခန္ဓာကိုယ်များ ပေါက်ကွဲကာ သွေးမိုးများအလား ပြန့်ကျဲသွားတော့သည်။ တိုက်ပွဲမြေပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

“မင်း ဘယ်လိုတောင် ရဲတင်းတာလဲ!”

အဝေးမှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်က လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ထိုသူမှာ ထူးခြားသောဝတ်ရုံကို ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာထားရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

“ဒါ….ဒါက ကျင်ကျန်းဟန်ရဲ့ လက်ယာဘုရင်ပဲ!”

တချီမှကျွမ်းကျင်သူများမှာ ထိုသူကို မြင်လိုက်ရသည့်အခါ အသက်ရှူရပ်မတတ်ထိတ်လန့်သွားကြသည်။

ကျင်ကျန်းဟန်၏လက်ယာဘုရင်ဆိုသည်မှာ အပြင်ဘက်နယ်မြေများတွင် သူ၏ ရက်စက်သော သတ်ဖြတ်မှုများကြောင့် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။ တဝေကိုယ်စားလှယ်များပင်လျှင် ထိုသူကို မြင်လိုက်ရသည့်အခါတွင် ရေခဲဂူထဲသို့ ရောက်သွားသကဲ့သို့ ကျောချမ်းသွားကြရလေ၏။

အခန်း (၁၄၇၅) အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း

လူတိုင်းအေးခဲသွားကြသည်။ အမှန်တကယ်ပင် ကျားရဲတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသည့် ယုန်ငယ်လေးများအလားပင်။ ထိုကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုတည်းနှင့်ပင် လူတိုင်းကို ဖိနှိပ်ထားရန် လုံလောက်နေပြီဖြစ်သည်။

“မင်း တော်တော် ရဲတင်းတာပဲ။”

လက်ယာဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ ရောက်လာချိန်အနည်းငယ် နောက်ကျသွားခဲ့သဖြင့် သူ၏အဖွဲ့တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်ကို မြင်လိုက်ရလေသည်။

သွေးလူရိုင်းတစ်သောင်းကျော်နှင့်ရွှေအမတေအဆင့်နှစ်ဆယ်ကျော်ပါပြီး ထိုအထဲတွင် ရှားပါးလှသည့် ဆေးပညာရှင်ဆယ်ယောက်ပင် ပါဝင်သေးသည်။ ကျင်ကျန်းဟန်၏ အင်အားနှင့်ဆိုလျှင်ပင် ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးမှာ နှလုံးသားကို နာကျင်စေရန် လုံလောက်လှသည်။

ပြီးတော့ ဒီကိစ္စအားလုံးရဲ့ တရားခံကတော့ သူ့ရှေ့က ဒီကောင်ပဲ….

သူသည် ချူးယွင်ဖန်းကို မြင်မြင်ချင်း မှတ်မိလိုက်သည်။အစောကြီးကတည်းက အမြစ်ပြတ်ရှင်းပစ်ချင်နေသည့်သူ မဟုတ်ပါလား။

ငရဲဂိုဏ်းမှ အဖြူအမည်းတမန်တော်များ ခုန်းလုံသို့သွားစဉ်က သူသည်လည်း သယ်ယူပို့ဆောင်ရေးဂိတ်မှတစ်ဆင့် လိုက်သွားရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ချူးယွင်ဖန်းက ဂိတ်ကို လက်သီးတစ်ချက်နှင့် ဖျက်ဆီးလိုက်သဖြင့် သူ၏ သယ်ယူပို့ဆောင်ရေးဂိတ်က ပျက်စီးခဲ့ရသည်။

ထို့နောက်တွင် သူသည် တဝေသို့ ကျွမ်းကျင်သူအများအပြားလွှတ်ကာ ချူးယွင်ဖန်းကို သတ်ခိုင်းခဲ့သော်လည်း အားလုံး အသတ်ခံခဲ့ရသည်။ ချူးယွင်ဖန်း တဝေမှ ထွက်ခွာသွားပြီးနောက် တဝေတော်ဝင်မိသားစုက သူ့ကို ဆက်သွယ်လာခဲ့ပြီး နှစ်ဖက်ပူးပေါင်းကာ ချူးယွင်ဖန်းကို သတ်ရန် ကြိုးစားခဲ့ကြပြန်သည်။

ထိုတိုက်ပွဲမှာလည်း အကျအဆုံး များပြားခဲ့ရသည်။ သွေးလူရိုင်းတစ်သိန်းနှင့် ရွှေအမတေအဆင့်ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

ယခုအတောအတွင်းတွင် ချူးယွင်ဖန်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ထိုကိစ္စသည် တိုင်းပြည်ပျက်စေလောက်သည့်ရလဒ်မျိုးပင်။

ဆုံးရှုံးမှုများကို တွေးမိတိုင်း လက်ယာဘုရင်ဟာ ရူးမတတ်နာကျင်ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆုံးရှုံးမှုအားလုံးမှာ သူ၏ကိုယ်ပိုင်အင်အားစုများ ဖြစ်နေသောကြောင့်ပင်။ ယခုဆိုလျှင် သူ၏အင်အားမှာ လုံးဝကုန်ခမ်းလုနီးပါး ဖြစ်သွားပြီဟု ဆိုနိုင်သည်။

ကျင်ကျန်းဟန်၏နိုင်ငံရေးစနစ်မှာ တဝေ သို့မဟုတ် တချီတို့နှင့် မတူပေ။ သူတို့မှာ မျိုးနွယ်စုများအပေါ်တွင် အခြေခံသည်။ လက်ယာဘုရင်သည် တခန်းးနှင့် လက်ဝဲအရှင်ပြီးလျှင် ကျင်ကျန်းဟန်၏ တတိယမြောက် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။

သို့သော် သူ၏အာဏာမှာ သူ၏ လက်အောက်ခံကျွမ်းကျင်သူများ၏ သစ္စာရှိမှုအပေါ်တွင် မူတည်သည်။ ယခုအခါ သူ၏ ထိပ်တန်းနောက်လိုက်များအားလုံးမှာ ချူးယွင်ဖန်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ လက်ယာဘုရင်ဟူသောရာထူးနေရာသည်ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။

ခန်းရာထူးအတွက် လျာထားခြင်းခံရသူဖြစ်သော်လည်း သူ၏ညီအစ်ကိုများမှာလည်း ထိုနေရာကို မျက်စိကျနေကြသူများ ဖြစ်သည်။ ယခင်က သူ၏တည်ရှိမှုမှာ အလွန်ပင် ခိုင်မာခဲ့သော်လည်း ယခုမူ အားလုံးမှာ ချူးယွင်ဖန်းကြောင့် ပျက်စီးသွားလေခဲ့ပြီ။ သူသည် ချူးယွင်ဖန်းကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်ချင်နေတော့သည်။

“ဒါကို ရဲတင်းတယ်လို့ ခေါ်တာလား။”

ချူးယွင်ဖန်းက လှောင်ပြုံးလေးပြုံး၍ ပြောလိုက်သည်။

“ဒါက အစပဲ ရှိသေးတာ။ ပြီးခဲ့တဲ့အခေါက်က ငါတို့ ကောင်းကောင်း မတိုက်ခဲ့ရဘူး။ မင်းလည်း အဲ့ဒီအတိုင်း ခံစားရလိမ့်မယ်လို့ ငါထင်တယ်။ ဒီတစ်ခါတော့ ငါတို့ ဒါကို အဆုံးသတ်ကြတာပေါ့။”

ခုန်းလုံ၌ တမန်တော်များ၏ချုံခိုတိုက်ခိုက်ခံရချိန်ကစလ၍ ယနေ့အထိ ဖြစ်ပွားခဲ့သမျှအရှုပ်အထွေးအားလုံးကို ချူးယွင်ဖန်းက ယနေ့ အပြီးအပြတ်စာရင်းရှင်းရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

“ကောင်းပြီလေ။”

လက်ယာဘုရင်က အံကြိတ်၍ ဆိုသည်။

“အဲ့ဒီတုန်းက မင်းကို ပုရွက်ဆိတ်တစ်ကောင်လို့ပဲ ငါသတ်မှတ်ခဲ့တာ။ မင်းက ဒီလောက်ထိ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”

သူသည် ချူးယွင်ဖန်းကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ယခင်က သူသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်ပင် စိတ်မဝင်စားခဲ့ဘဲ လက်အောက်ခံများကိုသာ လွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ချူးယွင်ဖန်းမှာ အမြဲတမ်း လွတ်မြောက်သွားခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် သူ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှု ဖြစ်လာခဲ့လေပြီ။ ချူးယွင်ဖန်းက မည်သို့သောအရှိန်အဟုန်နှင့် ဤမျှအထိ သန်မာလာရသနည်း။ တိုးတက်လာမှုက ဒုံးပျံတစ်စင်းအလား လျင်မြန်လှသည်။

“အခုမှ ဒါကို သိလိုက်ရတာ မင်းအတွက် အရမ်းနောက်ကျသွားပြီ။”

ချူးယွင်ဖန်းက ပြုံး၍ ဆိုလိုက်သည်။

ယခင်က သူသည် လက်ယာဘုရင်၏ ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း ယခုအခါတွင်မူ အခြေအနေမှာလုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။

“မနောက်ကျသေးပါဘူး။”

လက်ယာဘုရင်က အေးစက်စွာ ဆိုလိုက်သည်။ ထိုခဏ၌ ကြောက်မက်ဖွယ်ရာနတ်ဘုရားစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လေထုထဲတွင် လှိုင်းထသွားတော့သည်။

“ရွှေအမတေပုံစံအဆင့်ပဲ! သူက ရွှေအမတေပုံစံအဆင့်ကို ရောက်နေပြီ။”

တချီမှကိုယ်စားလှယ်တစ်ဦးက အလန့်တကြား အော်ဟစ်လိုက်သည်။

နောက်ထပ် ရွှေအမတေပုံစံအဆင့်တစ်ယောက်ပင်။ လက်ယာဘုရင်သည် မည်သူမျှ မသိလိုက်ဘဲ ရွှေအမတေပုံစံအဆင့်သို့ တိတ်တဆိတ် တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။

ချူးယွင်ဖန်း၏မျက်လုံးထဲတွင် အံ့အားသင့်ရိပ်အနည်းငယ် ဖြတ်ပြေးသွားသည်။ ယခင်က သူနှင့် လက်ယာဘုရင် ထိပ်တိုက်တွေ့စဉ်က တစ်ဖက်သူသည် ရွှေအမတေအထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ ယခုကဲ့သို့ ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ချူးယွင်ဖန်း... မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။”

လက်ယာဘုရင်က အားရပါးရ ရယ်မောလိုက်သည်။ ဤအဆင့်သို့ ရောက်ရှိမှသာ သူသည် ကျင်ကျန်းဟန်၏ စစ်မှန်သော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။

“ငါက ရွှေအမတေပုံစံအဆင့်ကို ရောက်နေပြီ။ နောက်ထပ်ဖြစ်လာမှာကတော့ မင်းရဲ့ သေခြင်းတရားပဲ။”

လက်ယာဘုရင်က ခြိမ်းခြောက်လိုက်သည်။

သူပြောလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစွမ်းအားများသည် ဧရာမဒီရေလှိုင်းကြီးတစ်ခုအလား ချူးယွင်ဖန်းဆီသို့ ဦးတည်လာတော့သည်။

ထိုကြောက်မက်ဖွယ်ရာစွမ်းအင်များမှာ အဆုံးမဲ့သောစစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစစ်မြေပြင်တွင် မရေမတွက်နိုင်သော အလောင်းတောင်ကြီးများနှင့် သွေးပင်လယ်များ ရှိနေသည်။ ၎င်းမှာ သူ နှစ်ပေါင်းများစွာ စစ်မြေပြင်တွင် တိုက်ခိုက်လာခဲ့သည့် သိုင်းစိတ်ဝိညာဉ်ပင် ဖြစ်၏။

သွေးစွန်းသော စစ်မြေပြင်…

ဤစစ်မြေပြင်အတွင်း၌ သာမန်ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦး၏အရှိန်အဝါမှာ ချက်ချင်းပင် ချေမှုန်းခံရမည်ဖြစ်သည်။ သူတို့အတွက် လက်ယာဘုရင်ကို ခြိမ်းခြောက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဘုန်း….

ထိုစစ်မြေပြင်အရှိန်အဝါသည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တဝေနှင့်တချီ ကိုယ်စားလှယ်များသည်လည်း ထိုအတွင်း၌ ပိတ်မိသွားကြသည်။ ခဏချင်းမှာပင် သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဖိအားကြီးတစ်ခု ကျရောက်လာပြီး အသက်ရှူရန်ပင် ခက်ခဲလာတော့၏။

အခန်း (၁၄၇၆) လက်ယာဘုရင်အားအနိုင်ယူခြင်း

နတ်စွမ်းအားအဆင့်ဖြစ်စေ၊ ရွှေအမတေအဆင့်ဖြစ်စေ အားလုံးမှာ သူတို့ကို ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခုကို ခံစားလိုကလိုက်ရသည်။ အထူးသဖြင့် နတ်စွမ်းအားအဆင့် ကျင့်ကြံသူများသည် သူတို့၏လည်ပင်းကို တစ်စုံတစ်ယောက်က ညှစ်ထားသကဲ့သို့ပင် ခံစားနေရတော့သည်။

လေထုထဲတွင် သွေးညှီနံ့များပြည့်နှက်နေသည်။ ထိုအနံ့က စစ်မြေပြင်၏သွေးရနံ့ပင် ဖြစ်သည်။

သူတို့သည် မိမိတို့၏ အရှိန်အဝါများဖြင့် ပြန်လည်ခုခံရန် ကြိုးစားကြသော်လည်း မတတ်နိုင်ကြပေ။ လူပေါင်း ဒါဇင်နှင့်ချီ၍ စွမ်းအားများ စုပေါင်းထုတ်ဖော်သော်လည်း လက်ယာဘုရင်တစ်ဦးတည်း၏ ဖိအားကိုပင် မယှဉ်နိုင်ကြချေ။

လက်ယာဘုရင်၏ သိုင်းဝိညာဉ်အတွင်း၌ မရေမတွက်နိုင်သော သွေးရောင်အရှိန်အဝါများသည် ရှေ့သို့ ချီတက်နေသည့်စစ်တပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်းဆီသို့ ဦးတည်တိုက်ခိုက်လာသည်။

သိုင်းအယူအဆများမှာ လက်ယာဘုရင်၏လက်ထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရွှေအမတေပုံစံအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် စစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းနှင့် သုတ်သင်နိုင်သည်။ သွေးလူရိုင်းပင်လျှင် ဤအဆင့်ရှိသူကို ခြိမ်းခြောက်ရန် ခဲယဉ်းလှသည်။

စစ်သည်တော် ထောင်သောင်းချီ၍ မြင်းစီးချီတက်လာသည့်အလား ကမ္ဘာမြေမှာတုန်ခါနေပြီး ကောင်းကင်ယံရှိ လေထုမှာလည်း ဆူပွက်နေသောရေနွေးအိုးကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေသည်။

“ရွှေအမတေပုံစံအဆင့်လား။ အဲ့ဒါက ဒီလောက်တောင် အံ့သြစရာ ကောင်းနေလို့လား။”

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

သူပြောလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ သူသည် ရွှေအမတေပုံစံအဆင့်သို့ တရားဝင် မရောက်ရှိသေးသော်လည်း သူ၏ စွမ်းအားမှာ ထိုအဆင့်ရှိသူများထက် မနိမ့်ပါးပေ။

လူတိုင်းကို စကားမပြောနိုင်အောင် ဖိနှိပ်ထားသည့် ကြောက်စရာအရှိန်အဝါမှာ နေရောင်အောက်မှ ရေငွေ့များအလား ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ လက်ယာဘုရင်၏စွမ်းအားဖြင့် တည်ဆောက်ထားသော သွေးရောင်စစ်တပ်ကြီးမှာလည်း တစ်လက်မချင်းစီ ပြိုကွဲပျက်စီးသွားခဲ့ရသည်။

“သေပေတော့!”

လက်ယာဘုရင်သည် လေထဲသို့ ပျံတက်သွားကာ ချူးယွင်ဖန်းဆီသို့ ပြေးဝင်သွားသည်။ သူ၏ လက်ထဲတွင် မှော်ထွင်းကျောက်စာများပါသည့် သွေးနီရောင်လှံရှည်ကြီးတစ်စင်းကို ကိုင်ဆောင်ထားသည်။ ထိုလှံမှာ သွေးနီရောင်မြွေကြီးတစ်ကောင်အလား ပါးစပ်ကို ဖြဲ၍ ချူးယွင်ဖန်းအား ကိုက်ခဲရန် ကြိုးစားနေသည်။

ယခင်က အသတ်ခံလိုက်ရသည့် ကျင်ကျန်းဟန်ခေါင်းဆောင်လည်း ရွှေအမတေမဲ့အထွတ်အထိပ် ဖြစ်သော်လည်း ယခု လက်ယာဘုရင်နှင့်ယှဉ်လျှင် တိုက်ခိုက်ရေးစွမ်းရည်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။

ဝုန်း!

ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်ရှိလေထုမှာ ပြိုလဲသွားသည်။ ချူးယွင်ဖန်း၏ ဘေးပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် လှိုင်းထလာသည်ကို တဝေနှင့်တချီကိုယ်စားလှယ်များက သာမန်မျက်စိနှင့်ပင် မြင်တွေ့နေရသည်။ လက်ယာဘုရင်၏တိုက်ကွက်မှာ မည်မျှ ပြင်းထန်ကြောင်း ခန့်မှန်းနိုင်သည်။

သို့သော် လက်ယာဘုရင်၏လှံက ချူးယွင်ဖန်းကို ထိခိုက်စေတော့မည့်အချိန်မှာပင် ချူးယွင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ သူက လက်သီးကို နောက်သို့ဆွဲကာ တစ်ချက် ထိုးထည့်လိုက်သည်။ ထိုလက်သီးမှာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော ရွှေရောင်အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး ရှေ့ရှိအရာအားလုံးကို ချေမှုန်းပစ်လိုက်တော့သည်။

ကောင်းကင်ထက်မှ ကြည့်မည်ဆိုလျှင် တိုက်ပွဲမြေပြင်မှာ ရွှေရောင်နှင့် သွေးနီရောင် နှစ်ခြမ်းကွဲနေပြီး တစ်ဖက်နှင့်တစ်ဖက် ဝါးမျိုရန် ကြိုးစားနေကြသည်ကို တွေ့ရလိမ့်မည်။

ခလွမ်…

ချူးယွင်ဖန်း၏လက်သီးချက်မှာ ပူနွေးသောဓားတစ်လက်က ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ အရာအားလုံးကို ထိုးဖောက်သွားသည်။ သူ၏လက်သီးမှာ သွေးနီရောင်လှံပေါ်သို့ ကျရောက်သွားပြီး သတ္တုချင်း တိုက်သံကြီး ထွက်ပေါ်လာသည်။ ရွှေရောင်နှင့်သွေးနီရောင်စွမ်းအင်များ ရောယှက်သွားပြီး သူတို့နှစ်ဦးကို ဝိုင်းရံထားသည့် ကြောက်မက်ဖွယ်ရာစွမ်းအင်မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

တဝေနှင့်တချီကိုယ်စားလှယ်များမှာ ဘယ်သူနိုင်မလဲဆိုသည်ကို သိချင်စိတ်ဖြင့် မျက်လုံးပြူးကြည့်နေကြသည်။ သူတို့အားလုံးမှာ ချူးယွင်ဖန်းကိုသာ နိုင်စေချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းရှုံးနိမ့်ပါက သူတို့အားလုံး သေတွင်းပင်မရှိဘဲ သေဆုံးကြရမည်ဖြစ်သောကြောင့် ဖြစ်သည်။

ဝုန်း….

ထို့နောက်တွင် ရူးသွပ်နေသော စွမ်းအင်ဒီရေလှိုင်းများကြားမှ လူရိပ်တစ်ခုလွင့်ထွက်လာသည်။ လူတိုင်း သေချာကြည့်လိုက်သည့်အခါ ၎င်းမှာ အခြားသူမဟုတ်ဘဲ လက်ယာဘုရင်ဖြစ်နေသည်။

လက်ယာဘုရင်၏စွမ်းအင်နှင့် သွေးလေမှာကမောက်ကမ ဖြစ်နေပြီး သူ၏နတ်ဘုရားစွမ်းအားများမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားဆိုးများကို ဖယ်ရှားရန် နောက်သို့ အတင်းဆုတ်ခွာနေရသည်။

သူ၏သွေးနီရောင်လှံကို ကိုင်ထားသော လက်ဖဝါးမှာလည်း ကွဲအက်သွားပြီး သွေးများ ပန်းထွက်လာသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။ ထိုသွေးများကို သွေးနီရောင်လှံက ထူးဆန်းစွာ စုပ်ယူလိုက်ပြီး လှံပေါ်မှ သွေးရောင်မီးတောက်များကို ပိုမိုပြင်းထန်လာစေသည်။

“ရွှေအမတေပုံစံ အဆင့်ဆိုတာလည်း ဒါထက် မပိုပါလား။”

ချူးယွင်ဖန်းက စွမ်းအင်မုန်တိုင်းကြားမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးစွမ်းအားများ ဝန်းရံနေပြီး မုန်တိုင်းကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။

လက်ယာဘုရင်မှာမူ သူ၏ မျက်လုံးထဲမှတုန်လှုပ်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ချူးယွင်ဖန်းမှာ ဤမျှအထိ သန်မာနေလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။ သူ၏ အစွမ်းကုန်တိုက်ကွက်ကိုပင် ချူးယွင်ဖန်းက အလွယ်တကူ ဟန့်တားနိုင်ခဲ့သည်။

“ရွှေအမတေပုံစံ အဆင့်ရောက်တာနဲ့ မင်းက ဂုဏ်ယူနေရတာလား။”

ချူးယွင်ဖန်းက လက်ယာဘုရင်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူသည် လက်ယာဘုရင်ကို လုံးဝ အရေးမစိုက်သည်မှာ သိသာလှသည်။

သူသည် ယွင်ဟွမ်ကိုပင် အနိုင်ယူခဲ့ဖူးသူ မဟုတ်ပါလား။ ယွင်ဟွမ်နှင့် နှိုင်းယှဉ်လျှင် လက်ယာဘုရင်မှာ ငယ်ရွယ်ပြီး းပိုမိုသန်စွမ်းသော်လည်း၊ ကျင့်ကြံဆင့်မှာမူ ယွင်ဟွမ်ထက် များစွာအားနည်းလှသည်။

ချူးယွင်ဖန်းသည် ယွင်ဟွမ်ကိုပင် အနိုင်ရခဲ့သည်ဆိုလျှင် ယခုမှ ရွှေအမတေပုံစံအဆင့်သို့ စတင်ခြေချခဲ့သည့် လက်ယာဘုရင်ကို ဘာလို့ကြောက်ရမှာတဲ့လဲ။

ထို့နောက် ချူးယွင်ဖန်းက ဟင်းလင်းပြင်ကို ဆွဲယူလိုက်သည့်အခါ လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။ သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် နတ်ဘုရားတစ်ပါးအလား လွင့်မျောသွားပြီး မျက်စိတစ်မှိတ်အတွင်း လက်ယာဘုရင်၏ရှေ့သို့ ရောက်ရှိသွားတော့သည်။

မြန်လိုက်တာ….

မြန်လိုက်တာ….

မြန်လိုက်တာ….

ချူးယွင်ဖန်း၏အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ သူသည် လက်ယာဘုရင်ကို အသက်ရှူချိန်ပင် မပေးပေ။ လက်ယာဘုရင်မှာ သွေးနီရောင်လှံကို မြှောက်၍ ကာကွယ်ရန်သာ အချိန်ရလိုက်သည်။

ခလွမ်….

ပြင်းထန်သောအသံကြီးနှင့်အတူ လက်ယာဘုရင်သည် လှံမှတစ်ဆင့် သူ၏ လက်မောင်းတစ်ခုလုံးသို့ စီးဝင်လာသည့် ကြောက်မက်ဖွယ်ရာအားတစ်ခုကို ခံစားလိုက်ရသည်။ သူ၏လက်ဖဝါးမှာ ပိုမိုကွဲအက်သွားပြီး လက်မောင်းတစ်ခုလုံးမှာလည်း ထုံကျင်သွားတော့သည်။

သို့သော် သူ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် ချူးယွင်ဖန်း၏ နောက်ထပ် ဓားချက်တစ်ချက်က ရောက်ရှိလာပြန်သည်။

ဘုန်း…. ဘုန်း…. ဘုန်း….

ချူးယွင်ဖန်း၏ဓားချက်တိုင်းတွင် ကြောက်မက်ဖွယ်ရာမုန်တိုင်းများ ပါဝင်နေပြီး မုန်တိုင်းဆန်သော တိုက်ကွက်များအဖြစ် ပြောင်းလဲသွားသည်။ ခဏချင်းမှာပင် ထိုတိုက်ကွက်များသည် လက်ယာဘုရင်ကို ဝါးမျိုသွားတော့၏။

အဝေးတွင်ရှိသော တိုင်းပြည်နှစ်ခု၏ကိုယ်စားလှယ်များမှာ လုံးဝ ဆွံ့အသွားကြသည်။ လက်ယာဘုရင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးက ချူးယွင်ဖန်း၏တိုက်ခိုက်မှုအောက်တွင် အထိနာနေသည်ကို သူတို့ ကြည့်နေမိကြသည်။

“ဒါကတော့ လုံးဝကို အသာစီးနဲ့ အတိုက်ခံနေရတာပဲ။”

တချီကိုယ်စားလှယ်တစ်ဦးက ထိုမြင်ကွင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိလေတော့၏။

All Chapters