← Chapters

အခန်း (၁၇၂)

Vol. 16 Ch. 172

အခန်း (၁၇၂)

Vol. 16 Ch. 172

အမွှေးတိုင်...

အမွှေးတိုင်အိုး..

ကောင်းကင်ဘုံ ခရမ်းရောင်အငွေ့အသက်..

ခဏတာမျှ ချန်ဆန်းရှီသည် ဤအခြေအနေကို မည်သို့ ဆုံးဖြတ်ရမည်ကို ဝေခွဲမရ ဖြစ်သွားသည်။

ဤလောကတွင် အမွှေးတိုင်စွမ်းအင်များ ရှိနေသေးသည်ဆိုသည့် အချက်ကို ခေတ္တဘေးဖယ်ထားလျှင်တောင်၊ အဓိက မေးခွန်းမှာ စီယွင်ဘုရားကျောင်းကဲ့သို့ သေးငယ်သော နေရာတစ်ခုက ခရမ်းရောင်အငွေ့အသက်များကို စုစည်းနိုင်သည့် ရတနာတစ်ခုကို အဘယ်ကြောင့် ပိုင်ဆိုင်ထားရသနည်း။

၎င်းကို ဘာအတွက် အသုံးပြုသနည်း။

တကယ်လို့သာ ဒါဟာ ကျင့်စဉ်အဆင့်ကို မြှင့်တင်ဖို့အတွက်ဆိုရင် ဘာဖြစ်လို့ ဘုရားကျောင်းမှာ ဟွာကျင်းအဆင့် ပြီးပြည့်စုံခြင်းတစ်ယောက်ပဲ ရှိနေရတာလဲ။ အပြင်မှာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ ကျောင်းထိုင်

ဘုန်းကြီးက မဟာသွေးကြောအဆင့် ရှိနေရင်တောင်မှ၊ ဒါက နည်းလွန်းနေသေးသည် မဟုတ်လား။

သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိသည်။

ပထမတစ်ခုမှာ အမွှေးတိုင်စွမ်းအင်များကို မကြာသေးမီကမှ စတင်စုဆောင်းခဲ့ခြင်း ဖြစ်နိုင်သည်။ ချန်ဆန်းရှီ ကိုယ်တိုင်လည်း မသေမျိုးရတနာကို ပိုင်ဆိုင်ထားသော်လည်း အချိန်တိုသေးသည့်အတွက် သိုင်းပညာနယ်ပယ်မှာ အမြင့်ကြီး မရောက်သေးသလိုမျိုးပေါ့။

သို့မဟုတ်ပါက ထိုအမွှေးတိုင်အိုးသည် သူတို့ပိုင်ဆိုင်သည့်အရာ မဟုတ်ဘဲ တစ်စုံတစ်ယောက်က လာထားခြင်းလည်း ဖြစ်နိုင်သည်။

လူတိုင်းက အော်ရာကြည့်ရှု့ခြင်း ကို တတ်မြောက်ထားတာ မဟုတ်သလို၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်အမျိုးမျိုးကိုလည်း ခံစားနိုင်ကြသည်မဟုတ်။ ထို့ကြောင့် ဤအမွှေးတိုင်အိုးက အမွှေးတိုင်စွမ်းအင်များကို ဝါးမြိုနေသော်လည်း စီယွင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည်ပင် သိချင်မှ သိပေလိမ့်မည်။

မည်သည့် ဖြစ်နိုင်ခြေ ဖြစ်မည်နည်းဆိုသည်ကတော့ မသိရသေးပေ။

ချန်ဆန်းရှီသည် သေချာစွာ စိုက်ကြည့်လိုက်သည်။ ထိုကြေးညိုရောင် အမွှေးတိုင်အိုး၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော သားရဲရုပ်များကို ထွင်းထုထားပြီး၊ ၎င်းတို့သည် ပါးစပ်များကို အဟောင်းသား ဖွင့်လျက် ရုပ်ထုထံသို့ ရောက်ရှိရမည့် အမွှေးတိုင်စွမ်းအင်များကို လောဘတကြီး ဝါးမြိုနေကြသည်။ ကြည့်ရသည်မှာ ထူးဆန်းလှသလို လောဘဇော တိုက်နေသည့်ပုံစံမှာလည်း လူသားလောကနှင့် မသက်ဆိုင်သလိုပင်။

"ဒီအိုးကတော့ ထူးခြားသော မီးတောက် ရဲ့ အပူရှိန်ကို ခံနိုင်လောက်တယ်"

သူ့စိတ်ထဲတွင် လိုချင်တပ်မက်စိတ်လေး ဖြစ်သွားသည်။ သို့သော် အဆုံးသတ်မှာတော့ ၎င်းသည် သူတစ်ပါး ပိုင်ဆိုင်သည့်အရာ ဖြစ်နေသည်။

တကယ်လို့ စီယွင်ဘုရားကျောင်းက ဤအမွှေးတိုင်ကိစ္စကို သိနေလျှင် သူတို့ ရောင်းလိမ့်မည်မဟုတ်ပေ။ တကယ်လို့ သူတို့မသိဘဲ နောက်ကွယ်က တစ်စုံတစ်ယောက်က စုဆောင်းနေတာဆိုရင်လည်း၊ ရိပ်မိမသွားစေဖို့ အပြည့်အဝ အာမခံချက်မရှိဘဲ လက်လှမ်းဖို့ မသင့်တော်ပေ။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ စီယွင်ဘုရားကျောင်းသည် သူ့ကို မည်သည့် ရန်စမှုမျှ မပြုလုပ်ခဲ့ပေ။ ဘာအကြောင်းမှမရှိဘဲ သူတစ်ပါးပစ္စည်းကို အဘယ်ကြောင့် လုယူရမည်နည်း။

အတွေးပေါင်းစုံကို သူ ပြန်လည် ထိန်းချုပ်လိုက်သည်။ လောလောဆယ်တော့ ဝယ်လာတဲ့ ဆေးအိုးနဲ့ပဲ အဆင်ပြေအောင် လုပ်ရတော့မည်။

"အစ်ကိုရှီ... လာ ဆုတောင်းဦးလေ~"

ဂူရှင်းလန်က လှမ်းခေါ်သည် "ကလေးအတွက် ကောင်းပါတယ်"

"ဟုတ်ပါတယ် ဗိုလ်ချုပ်ချန်"

ရှောက်ယုကျင်က ဆုတောင်းပြီးနောက် မတ်တတ်ရပ်ကာ ဆိုသည်"မသေမျိုးလမ်းစဉ်ဆိုတာ နက်နဲလှပါတယ်။ အနာဂတ်မှာ အခွင့်အရေး ရနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ရိုးသားတဲ့ သဒ္ဓါတရား ရှိရပါမယ်"

"အင်း"

ချန်ဆန်းရှီ မငြင်းလိုက်ပေ။ ဒီအချိန်မှာ ဆုမတောင်းဘဲ နေရင် ပိုပြီး ထူးဆန်းနေပေလိမ့်မည်။

သူသည် အော်ရာကြည့်ရှု့ခြင်း ကြောင့် အရာရာကို ကြိုတင်သိနေသူ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေခဲ့လျှင် မလိုအပ်ဘဲ သံသယဝင်ခံရနိုင်ခြေ ရှိသည်။ ထို့ကြောင့် သူသည် ဟန်ဆောင်မှု မရှိဘဲ အမွှေးတိုင်ထွန်း ဆုတောင်းလိုက်သည်။

သို့သော်လည်း...

သူ့ဆီမှ ခရမ်းရောင်အငွေ့အသက် တစ်စက်ကလေးမျှ ထွက်မလာပေ။

သူသည် နတ်ဘုရားနှင့် ဗုဒ္ဓကို တစ်ခါမျှ မယုံကြည်ခဲ့ပေ။ ၎င်းမှာ ပြဿနာမဟုတ်ပါ။ ထိုနေရာတွင် စိတ်မပါဘဲ ဆုတောင်းနေသူများစွာ ရှိနေပြီး အချို့မှာ ခေါင်းနှင့် ကြမ်းပြင် ထိအောင် ဦးချနေသော်လည်း ခရမ်းရောင်အငွေ့အသက် ထွက်မလာကြပေ။

ရုပ်ထုကို ဆုတောင်းပြီးနောက် ချန်ဆန်းရှီနှင့် ဇနီးသည်တို့ တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြသည်။ လျှို့ဝှက်ဆန်းပြား သတ္တုဖြင့် လုပ်ထားသော ဆေးအိုးကို ယူလာရန်လည်း မမေ့ခဲ့ပေ။ ငွေစ (၅၀၀၀) တန် အလှူငွေကိုတော့ နောက်မှ ချန်အိမ်တော်သို့ လာယူရန် ကိုရင်လေးကို ပြောခဲ့သည်။ ငွေစအမြောက်အမြားကို သူ ကိုယ်နှင့်မကွာ သယ်မသွားချင်သောကြောင့် ဖြစ်သည်။

ရှောက်ယုကျင်က "ဗိုလ်ချုပ်ချန်... လကုန်ပိုင်းမှာ စိတ်ဝင်စားတယ်ဆိုရင် ဆရာကြီး ချိုးမင်ကျီရဲ့ တရားဟောပွဲကို လာနာယူနိုင်ပါတယ်၊ ဗိုလ်ချုပ်အနာဂတ်အတွက် အထောက်အကူ ဖြစ်နိုင်တယ်" ဟု ဆိုသည်။

"ဂိုဏ်းချုပ်ရှောက်က ကိုယ်တိုင် ဖိတ်ကြားမှတော့ ကျွန်တော် မပျက်မကွက် လာခဲ့ပါ့မယ်"

ချန်ဆန်းရှီ မငြင်းခဲ့ပေ။ သူသည် ထိုအမွှေးတိုင်ကိစ္စကို အလွန်စိတ်ဝင်စားနေသဖြင့် ဘုရားကျောင်းသို့ ခဏခဏ လာနိုင်ရန် အကြောင်းပြချက်ရှိထားခြင်းက အဖြေရှာဖို့ ပိုလွယ်ကူပေလိမ့်မည်။

အိမ်အပြန်လမ်းတွင် ရှောင်ရှင်းက လာရောက်ကြိုဆိုသည်။ ချန်ဆန်းရှီကအမလန်ကို ပွေ့ဖက်ထားလိုက်သည်။ ရှောင်ရှင်းသည် သခင်မတွင် ကိုယ်ဝန်ရှိနေသည်ကို သိပုံရသဖြင့် ပုံမှန်ထက် ပို၍ ငြိမ်သက်စွာ သွားလာနေသည်။

စည်ကားလှသော လမ်းမကြီးတစ်ခုကို ဖြတ်သန်းစဉ် နီရောင်လက်မျှော်စင်ဟူသော စာလုံးကြီးများမှာ ထင်ရှားလှသည်။ ၆ ထပ်ရှိသော ထိုအဆောက်အဦး၏ အပေါ်ဆုံးထပ်မှလွဲ၍ ကျန်အထပ်များတွင် လှပသော အမျိုးသမီးများက သူ့ကို မျက်စိပစ် နှုတ်ဆက်နေကြသည်။ တကယ်ပင် နီရောင်လက်အင်္ကျီများ ဝှေ့ယမ်းနေသည့် မျှော်စင်တစ်ခုပင်။

"အိုး... ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ အစ်ကိုရှီက ဒီလိုနေရာမျိုးကို လွမ်းနေပြီလား"

ဂူရှင်းလန်က သူ့အကြည့်ကို သတိထားမိသွားသည်။

"မဟုတ်ပါဘူး... ငါ အလုပ်ကိစ္စကို စဉ်းစားနေတာပါ"

ချန်ဆန်းရှီ အကြည့်ကို လွှဲလိုက်သည်။

မသေမျိုးရှာဖွေရေးမျှော်စင်။

ထိုမျှော်စင်သည် ပြည့်တန်ဆာရုံ တစ်ခုလုံး ဖြစ်နေတာမျိုး မဟုတ်ဘဲ တစ်စုံတစ်ယောက်က ထိုနေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က မိန်းကလေးလည်း အခု ဘယ်လိုနေမလဲ မသိပေ။ သို့သော် ဘုရင်ခံကိုယ်တိုင်တောင် မကိုင်တွယ်နိုင်လျှင် သူ စိုးရိမ်နေလည်း အပိုပင် ဖြစ်သည်။

ဆရာတင်ပွဲ အတွက် ရက်အနည်းငယ်သာ လိုတော့သည်။ ဘုရင်ခံနှင့် တွေ့ပြီးလျှင် အရာရာ ရှင်းလင်းသွားပေလိမ့်မည်။ ထိုမတိုင်မီ သူသည် ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ရမည်။ ဆေးအိုးက ထူးခြားသော မီးတောက်ကို ခံနိုင်၊ မခံနိုင် ဆိုတာကိုလည်း အိမ်မှာ ဘယ်သူမှ မရိပ်မိစေဘဲ တိတ်တဆိတ် စမ်းသပ်ရပေဦးမည်။

လေးရက်ဆက်တိုက်...

ချန်ဆန်းရှီသည် ဇနီးသည်ကို အဖော်ပြုပေးခြင်းမှလွဲ၍ ကျန်အချိန်များကို သိုင်းကျင့်ရင်းသာ ကုန်ဆုံးစေခဲ့သည်။

[သိုင်းပညာ - ညီညွတ်ခြင်း လှံသိုင်း (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၁၀၅၅/၂၀၀၀]

ကျွမ်းကျင်မှု့ရဲ့ တိုးတက်မှုမှာ နောက်ဆုံးတွင် တစ်ဝက် ကျော်သွားပြီဖြစ်သည်။လက်ရှိအရှိန်အတိုင်းဆိုလျှင် နောက်ထပ် နှစ်လအတွင်း အတွင်းအားသန့်စင်ခြင်းအဆင့် အကြီးစားအောင်မြင်မှု့ကို ရရှိပေလိမ့်မည်။

၎င်းအပြင် ဤရက်များအတွင်း ဂိုဏ်းအတွင်း၌ လူများ ဆက်တိုက် သေဆုံးနေဆဲပင်။ အရေအတွက်တော့ အရင်လောက် မများတော့ပေ။

"ပိုပြီး ထူးဆန်းလာပြီ"

သူ့မှာ အော်ရာကြည့်ရှု့ခြင်း မရခင်က ချန်ဆန်းရှီသည် မျက်စိကန်းနေသူတစ်ယောက်လို ဖြစ်နေခဲ့ပြီး အဆင့်မြင့်လျှို့ဝှက်ချက်များကို မမြင်နိုင်ခဲ့ပေ။ ယခုမူ အရာရာတိုင်းသည် သီးခြားစီ ဖြစ်နေပုံရသော်လည်း အမှန်တကယ်တွင် အားလုံး ဆက်စပ်နေကြောင်း သူ ပို၍ ခံစားလာရသည်။

လျန်ကျိုး သာမက တစ်ကမ္ဘာလုံးသည်ပင် မကြာမီ ကြီးမားသော ပြောင်းလဲမှုများ ကြုံတွေ့ရတော့မည် ဖြစ်နိုင်သည်။

"သခင်ကြီး... ဆရာဆွန်ရောက်နေပါတယ်"

စီချင်က လာရောက် သတင်းပို့သည်။

"သိပြီ"

ချန်ဆန်းရှီသည် အမလန် ချုပ်ပေးထားသော အပြာရောင်ဝတ်ရုံအသစ်ကို မိုဟွာ၏ အကူအညီဖြင့် ဝတ်ဆင်လိုက်သည်။ ထို့နောက် လေးနှင့် လှံရှည်၊ ခါးကြားတွင် ကျန်းယွဲ့ဓားတို့ကို အစဉ်အလာအတိုင်း ဆောင်ယူကာ ရထားလုံးပေါ်သို့ တက်လိုက်သည်။

"ဆရာတင်ပွဲက စတော့မှာပါ"

ဆွန်ပုချီ က ရှင်းပြသည် "ဒီနေ့ အစီအစဉ်ကတော့ အမွေဆက်ခံသူ ၊ အတွင်းစည်း နဲ့ အပြင်စည်း တပည့်တွေ အားလုံး စုဝေးကြမယ်။ ဒီနှစ် တပည့်

သစ်တွေရဲ့ အခမ်းအနားတွေကို ကြည့်ရှုကြမယ်။ ပြီးရင် သူတို့ကို အရံတပ်စခန်းထဲ ထည့်သွင်းပြီး၊ သူတို့ရဲ့ အဆင့်နဲ့ ရလဒ်တွေအရ တာဝန်တွေ ခွဲဝေပေးမှာ ဖြစ်တယ်"

"အရံတပ်စခန်းလား"

ချန်ဆန်းရှီက မေးလိုက်သည်။

"ဟုတ်တယ်"

ဆွန်ပုချီ ခေါင်းညိတ်လိုက်သည် "တပ်စခန်းရှစ်ခုမှာ နေရာလွတ်က မလုံလောက်ဘူး။ နောက်ပြီး ငါ့ဖခင်က စစ်တပ်ကို တိုးချဲ့ချင်နေတာ။ ဒါကြောင့် တပည့်သစ်တွေကို လျန်ကျိုးစစ်သည်တွေနဲ့ ပေါင်းပြီး အရံတပ်စခန်း ဖွဲ့လိုက်တာပဲ။ တပ်တိုးချဲ့ပြီးသွားရင်တော့ ဒီတပည့်တွေထဲကနေ အသစ်ဖွဲ့စည်းမယ့် တပ်စခန်းလေးခုအတွက် လူရွေးချယ်သွားမှာပါ"

All Chapters