အခန်း (၁၆၈)
Vol. 16 Ch. 168
ထိုအခါမှသာ ဝမ်ကျစ်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားတော့သည်။
"ဒီကောင်က အတွင်းအားသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းရှိပေမဲ့ ငါ့လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရထားပြီးပြီ။ သူ့ကို ဘာလုပ်စေချင်လဲ... သတ်ပစ်မလား ဒါမှမဟုတ် မင်းဆီပဲ အပ်ရမလား"
ချန်ဆန်းရှီက ခေတ္တမျှ စဉ်းစားပြီးနောက် "ကျွန်တော့်ဆီပဲ ပေးလိုက်ပါ" ဟု ပြောလိုက်သည်။
"ဟွန်း.."
ဝမ်ကျစ်သည် အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်သလိုမျိုး တစ်ပိုင်းသေဖြစ်နေသော လူကို ပစ်ပေးလိုက်သည်။ သူသည် အနောက်သို့ လှည့်ထွက်သွားသော လူငယ်ဗိုလ်ချုပ်၏ ကျောပြင်ကို ကြည့်ကာ အော်ပြောလိုက်သည်။ "ချန်ဆန်းရှီ... ငါ မင်းကို သတ်ဦးမှာနော်"
"သခင်ကြီး ဝမ်..."
ချန်ဆန်းရှီက ခြေလှမ်းများကို ရပ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "ခင်ဗျား တကယ်ပဲ မခံမရပ်နိုင် ဖြစ်နေတာလား"
ဝမ်ကျစ် တစ်ခဏမျှ ဆွံ့အသွားသည်။
"ခင်ဗျားရဲ့သားက ကျွန်တော့်ကို အရင်သတ်ဖို့ ကြိုးစားခဲ့တာလေ။ ကျွန်တော်ကပဲ သားသတ်ခုံပေါ်က ငါးတစ်ကောင်လို အသတ်ခံရမယ့်ကံကြမ္မာကို ငြိမ်ခံနေရမှာလား။ ခင်ဗျားကို စကားတစ်ခွန်းပဲ ပြောခဲ့ပါရစေ..."
ချန်ဆန်းရှီ၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်နေသည်။ "သားသမီးကို ဆုံးမသွန်သင်မှု မရှိတာဟာ ဖခင်ရဲ့ အပြစ်ပါပဲ"
"မင်း... မင်း ဆိုလိုတာက ဒါတွေအားလုံး ငါ့အပြစ်လို့ ပြောချင်တာလား"
ဝမ်ကျစ်က ဒေါသတကြီးဖြင့် "ဒါဆိုရင်လည်း ငါ မင်းကို သတ်မယ် မင်းနဲ့ တရားဝင် စိန်ခေါ်ပွဲ လုပ်ပြီး ဘယ်သူက ပိုတော်သလဲ၊ ဘယ်သူ သေမလဲဆိုတာ အဆုံးအဖြတ် ခံယူမယ်။ မင်းက ပြောင်းလဲခြင်းနှင့် နက်နဲသောခန္ဓာပိုင်ရှင် မဟုတ်လား။ ငါ မင်းကို စစ်နတ်ဘုရားအဆင့် ရောက်တဲ့အထိ စောင့်နေမယ်"
"ကောင်းပြီလေ"
ချန်ဆန်းရှီက ကတိပေးလိုက်သည် "သခင်ကြီး ဝမ် တကယ် အဲဒီလို ဖြစ်စေချင်တယ်ဆိုရင်တော့ အချိန်တန်ရင် စိန်ခေါ်ပွဲမှာ ကျွန်တော် ရင်ဆိုင်ပေးပါ့မယ်"
"သားသမီးကို ဆုံးမသွန်သင်မှု မရှိတာဟာ ဖခင်ရဲ့ အပြစ်ပါပဲ..."
ဝမ်ကျစ်သည် ညလေအေးကြားတွင် ရပ်နေရင်း ထိုစကားစုကို တိတ်ဆိတ်စွာ ပြန်လည်တွေးတောနေမိသည်။ မိမိသားက အရင်စတင်ပြီး ပြဿနာရှာခဲ့မှန်း သူ ကောင်းကောင်းသိပါသည်။ သို့သော်လည်း သားတစ်ယောက် ဆုံးရှုံးရသည့် နာကျင်မှုကိုတော့ အလွယ်တကူ မေ့ဖျောက်၍ မရနိုင်ပေ။
တရားဝင် စိန်ခေါ်ပွဲဆိုသည်မှာ တစ်ဖက်လူကလည်း သဘောတူထားပြီးသား ဖြစ်သည်။ အချိန်တန်၍ စိန်ခေါ်ပွဲတွင် သူ ချန်ဆန်းရှီကို သတ်လိုက်
လျှင်တောင် ဆင်ဂိုဏ်း က ဘာမှ ပြောစရာ ရှိတော့မည်မဟုတ်ပေ။
"ငါက အတွင်းအားသန့်စင်ခြင်းအဆင့်ပဲ ရှိသေးပေမဲ့ စစ်နတ်ဘုရားတစ်ယောက်နဲ့ သေခြင်းစိန်ခေါ်ပွဲကို သဘောတူလိုက်မိပြီပေါ့"
ချန်ဆန်းရှီသည် သက်ပြင်းချရင်း အနက်ရောင်ဝတ်စုံနဲ့လူကို ထမ်းကာ အိမ်ထဲ ပြန်ဝင်ခဲ့သည်။
"သခင်ကြီး..."
စီချင်နှင့် မိုဟွာတို့မှာ တံခါးဝတွင် စောင့်နေကြပြီး ကြောက်လန့်လွန်း၍ သူတို့၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်နေကြသည်။
ချန်ဆန်းရှီက မေးလိုက်သည် "ခုနက ခြံထဲကို တစ်ခုခု ပစ်ချသွားတယ် ဆိုတာ ဟုတ်လား"
"ဟုတ်ပါတယ်"
စီချင်က ကျောက်ခဲတစ်ခုနှင့် ချည်ထားသော စာတစ်စောင်ကို ယူလာပေးသည်။
"ကောင်းပြီ သခင်မလေးကို သွားမနှောင့်ယှက်နဲ့၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြောလိုက် သူ့ကို စောစော အိပ်ခိုင်းလိုက်တော့"
ညွှန်ကြားချက်များ ပေးပြီးနောက် ချန်ဆန်းရှီသည် ထင်းဂိုဒေါင်သို့ သွားလိုက်သည်။
သူသည် သတိမေ့နေသော လူကို ကြိုးဖြင့် တင်းတင်းချည်လိုက်ပြီးနောက် မျက်နှာဖုံးကို ခွာလိုက်သောအခါ စီချင် မိုဟွာတို့နှင့် အသက်အရွယ်ချင်း သိပ်မကွာလှသော ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။
"မိန်းကလေးတစ်ယောက်ပါလား"
ချန်ဆန်းရှီသည် သူမ၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် မြားတစ်စင်းကို ဓားမြှောင်
ကဲ့သို့ အသုံးပြုကာ ထိုလူ၏ လက်ကြောခြေကြောများကို အရင်ဆုံး ဖြတ်တောက်လိုက်သည်။ သူမ မလှုပ်ရှားနိုင်အောင် သေချာစေရန် ဖြစ်သည်။ ထို့နောက် သွေးတိတ်ဆေး ထည့်ပေးကာ အသက်ရှင်ရုံသာ ထားလိုက်ပြီး ဘေးတွင် ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်သည်။
သူမကို ပြန်ခေါ်လာရသည့် အဓိက အကြောင်းရင်းမှာ...
သူမ၏ ကိုယ်ထဲတွင် ချင်းရွှမ် စွမ်းအင် အနည်းငယ် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဟုတ်ပါသည်။
၎င်းမှာ ဆွန်ဒူရှန်၏ ကိုယ်ထဲတွင် ရှိသော စွမ်းအင်နှင့် အမျိုးအစားတူပင်။
သို့သော် အလွန်အမင်း အားနည်းလှပြီး သေချာမကြည့်လျှင် မမြင်နိုင်လောက်အောင်ပင် ဖြစ်သည်။ မီးပိုးကောင်လေးတစ်ကောင်၏ အလင်းရောင်နှင့် လမင်းကြီး၏ အလင်းရောင်ကဲ့သို့ ကွာခြားလှသည်။
ထို့ကြောင့်ပင် အမှန်တရားကို သိရှိရန် သူမကို ခေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် သူမသည် ဝမ်ကျစ်၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရခြင်းကို ကြည့်လျှင် ဤစွမ်းအင်မှာ သူမ၏ အသက်ကို ကယ်တင်နိုင်လောက်အောင် မပြင်းထန်ကြောင်း ထင်ရှားသည်။ သို့သော် ဘေးကင်းစေရန် သူမကို အရင် ဒုက္ခိတဖြစ်အောင် လုပ်ထားခြင်းက ပိုကောင်းပေမည်။
"ချင်းရွှမ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ နည်းလမ်း တကယ်ရှိတာလား"
ချန်ဆန်းရှီကတော့ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာ သေချာနေသည်။ ဆရာတင်ပွဲပြီးမှပဲ ဒါကို စုံစမ်းရပေမည်။ တကယ်လို့ ဒီမိန်းကလေးဆီက အဖြေမရရင်လည်း ဘုရင်ခံအိမ်တော်ကိုသာ ပို့လိုက်မည်။
သူသည် စာကို ဆွဲထုတ်လိုက်ပြီး ဖွင့်ဖတ်လိုက်သောအခါ စာလုံးအနည်းငယ်သာ ပါရှိသည်။
"ဗိုလ်ချုပ်ချန်... သုံးရက်အကြာတွင် နီရောင်လက်မျှော်စင် သို့ ကြွရောက်ရန် ဖိတ်ကြားအပ်ပါသည်"
"နီရောင်လက်မျှော်စင်"
ချန်ဆန်းရှီ ထိုအမည်ကို မှတ်မိသည်။ ၎င်းမှာ လျန်ကျိုးရှိ နာမည်ကျော် ပြည့်တန်ဆာရုံတစ်ခု ဖြစ်ပုံရသည်။ သူတို့ ဘာလုပ်ချင်တာလဲ။ရွေးချယ်ရေးပွဲမှာ သူ နိုင်ပြီးတာနဲ့ ချက်ချင်း လာဖိတ်တာကို ကြည့်ရင် တစ်ခုခုတော့ ရည်ရွယ်ချက် ရှိနေမှာ အမှန်ပဲ။
...
နှစ်နာရီ သုံးနာရီခန့် ကြာပြီးနောက်...
ထိုမိန်းကလေးက တဖြည်းဖြည်း နိုးလာသည်။ ထို့နောက် သူမသည် စတင် ငိုကြွေးတော့သည်။
ချန်ဆန်းရှီက ငေါက်လိုက်သည် "ပါးစပ်ပိတ်ထားစမ်း"
မိန်းကလေးက ပို၍တောင် ကျယ်ကျယ် ငိုလာသည်။
"ပါးစပ်ပိတ်လို့ ငါ ပြောနေတယ်နော်"
ရှပ်——
ချန်ဆန်းရှီသည် ကျန်းယွဲ့ဓား ကို ဆွဲထုတ်လိုက်ပြီး သူမ၏ လည်ပင်းတွင် ကပ်လိုက်သည်။ ထိုအခါမှသာ မိန်းကလေးမှာ ငြိမ်သွားသော်လည်း တုန်ရီနေသည်မှာတော့ ရပ်မရပေ။
"မင်း ဘယ်သူလဲ"
ချန်ဆန်းရှီက သတိပေးလိုက်သည်။
"ငါ ဒုတိယအကြိမ် ထပ်မမေးဘူးနော်"
"မသေမျိုး... မသေမျိုးရှာဖွေရေးမျှော်စင်..."
မိန်းကလေးက ရှိုက်ကြီးတငင်ဖြင့် "နာတယ်... အရမ်းနာတယ်..."
"မသေမျိုးရှာဖွေရေးမျှော်စင်"
ချန်ဆန်းရှီသည် ကမ္ဘာပေါ်ရှိ ဂိုဏ်းပေါင်းစုံ မှတ်တမ်း ထဲက အချက်အလက်များကို သတိရလိုက်သည်။ ၎င်းမှာ နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းရှိပြီး မသေမျိုးတွေရဲ့ ခြေရာကိုသာ လိုက်ရှာနေတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ဂိုဏ်းတစ်ခု ဖြစ်သည်။
"ငါ့ဆီက ဘာလိုချင်တာလဲ"
"ကျွန်မဆရာက လွှတ်လိုက်တာပါ..." မိန်းကလေးမှာ အလွန်ပင် ဝမ်းနည်းနေပုံရသည်။ "ကျွန်မက စာလာပို့တာလေ၊ ရှင့်မှာ ကျွန်မကို ဒီလိုလုပ်ပိုင်ခွင့် ဘာရှိလို့လဲ"
"အဓိပ္ပာယ်မရှိတာ"
ချန်ဆန်းရှီက အေးစက်စွာ ပြောလိုက်သည်"စာပို့မယ်ဆိုရင် ဘာလို့ အိမ်ရှေ့တံခါးကနေ မလာတာလဲ"
"ကျွန်မတို့က လျှို့ဝှက်ဆန်းပြားတဲ့ ဂိုဏ်းလေ" မိန်းကလေးက ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။
ဒါက ဘယ်လို ကျိုးကြောင်းဆီလျော်မှုမျိုးလဲ။
ချန်ဆန်းရှီက ထပ်မေးသည် "ဘာလို့ နီရောင်လက်မျှော်စင် မှာ တွေ့ဖို့ ဖိတ်တာလဲ"
"ကျွန်မ မသိဘူး တကယ် ဘာမှမသိဘူး။ ကျွန်မက စာလာပို့တာပဲ သိတယ် ဘာရန်လိုတဲ့ စိတ်မှ မရှိပါဘူး..."
မိန်းကလေးမှာ ကြောက်လန့်လွန်း၍ သွားချင်း ရိုက်နေပြီး "ကျွန်မ သိသလောက်ဆိုရင် အဲဒါက မသေမျိုးကျင့်စဉ် နဲ့ ပတ်သက်နေတယ် ထင်တယ်။ ကျွန်မကို လွှတ်ပေးပါနော်... တောင်းပန်ပါတယ်... ဟီးးး"
"မသေမျိုးကျင့်စဉ်"
ချန်ဆန်းရှီ တိတ်ဆိတ်သွားသည်။ သူမပြောတာကို လုံးဝယုံလို့လည်း မရသလို၊ ပစ်ပယ်ထားလို့လည်း မရပေ။ သို့သော် သူမတွင် ရန်လိုသည့်စိတ်မရှိကြောင်းတော့ သူ ဝေဖန်ပိုင်းခြားနိုင်သည်။
ဒါပေမဲ့ သူ နောင်တမရပါဘူး။ ဘယ်လိုလူကောင်းက ညသန်းခေါင်ယံမှာ အနက်ရောင်ဝတ်စုံဝတ်ပြီး သူများအိမ်ထဲ ခိုးဝင်မှာလဲ။ စစ်နတ်ဘုရားဝမ်ကျစ်ရဲ့ လက်ချက်နဲ့ ချက်ချင်း အသတ်မခံရတာကိုပဲ ကံကောင်းတယ် မှတ်ရမယ်။ လက်ကြောခြေကြော ဖြတ်ခံရတာကတော့ ကျူးကျော်မှုအတွက် အပျော့စား ပြစ်ဒဏ်ပါပဲ။ ဒါမှလည်း နောက်နောင် သူ့အိမ်ကို ဈေးတန်းတစ်ခုလို သဘောမထားရဲကြမှာ ဖြစ်သည်။
ဒါ့အပြင် ဒီမိန်းကလေးက တကယ်ပဲ မသေမျိုးရှာဖွေရေးမျှော်စင် ကဆိုရင် ဒီလိုဒဏ်ရာမျိုးကို သူတို့ ကုနိုင်မှာ အသေအချာပါပဲ။ သူမကို သတ်ဖို့တော့ မလိုအပ်ပါဘူး။
မသေမျိုးရှာဖွေရေးမျှော်စင် က လျှို့ဝှက်လွန်းသည်။ ချန်ဆန်းရှီတွင် လုံလောက်သော ခွန်အားမရှိသေးသဖြင့် ရန်သူအဖြစ် မသတ်မှတ်ချင်သေးပေ။ ဖိတ်ကြားချက်ကို သွားမလား၊ မသွားဘူးလား ဆိုတာကတော့ ဆရာတင်ပွဲပြီးမှပဲ ဆုံးဖြတ်ရပေမည်။
ဒါကို တွေးပြီးနောက် သူက ပြောလိုက်သည် "မင်း အခု သွားလို့ ရပြီ"
"ဟီးးးး..."
ထိုမိန်းကလေးကတော့ ငိုယိုနေဆဲ ဖြစ်သည်။