မထင်မှတ်ထားသော ဧည့်သည်
Vol. 25 Ch. 361
ရှန်မို မျက်ခုံးပင့်လိုက်မိသည်။
အကယ်၍ ထိုသို့သာမှန်လျှင် အရာအားလုံး ယုတ္တိရှိသွားပြီဖြစ်၏။ ကျင်းနိုင်ငံတော် စတင်တည်ထောင်စဉ်က နှင်းနန်းတော်သည် လူသားဧကရာဇ်အပေါ် အလောင်းအစား ပြုလုပ်ခဲ့သကဲ့သို့ပင် ယခုလည်း ယွဲ့ရင်ရုံသည် သူ့အပေါ်တွင် အလောင်းအစား ပြုလုပ်နေခြင်း ဖြစ်နိုင်ပေသည်။
တော်ဝင်နန်းတော်မှ ထွက်ခွာပြီးနောက် ရှန်မိုနှင့် သူ၏အဖော်များလည်း ကျိုးမင်ယီနှင့် ထျန်းဟီဂိုဏ်းမှ ကျင့်ကြံသူများအား နှုတ်ဆက်ကာ တိမ်တိုက်သင်္ဘောပေါ်တက်၍ တောင်ဘက်ရှိ ယုကျောက်သို့ ပြန်ခဲ့ကြသည်။ အပြန်ခရီးမှာ မည်သည့်မတော်တဆမှုမျှမရှိဘဲ ချောမွေ့ခဲ့လေသည်။
ရက်ပေါင်းနှစ်ဆယ်အကြာတွင် နောက်ဆုံးတော့ ရှန်မိုတို့အဖွဲ့ ကျောက်စိမ်းဂိုဏ်း၏ တံခါးဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သိုင်းလေ့ကျင့်ရေးကွင်းတွင် လီကျန်ထောင်း၊ ယန်ချီယဲ့၊ ဝမ်မူရွှမ်၊ မူလင်းရှောင်နှင့် အခြားသူများစွာတို့လည်း သူတို့ကို ကြိုဆိုရန် စောစီးစွာ ရောက်ရှိနေကြ၏။ နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲများစွာ၊ ဂိုဏ်းအရာရှိများနှင့် တပည့်များစွာသည်လည်း မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေကြလေသည်။
ရှန်မို၊ မူယုံးယွဲ့နှင့် ဟိုင်ချန်ခွန်တို့ တိမ်တိုက်သင်္ဘောပေါ်မှ ဆင်းလာချိန်တွင် သူတို့၏မျက်နှာ၌ အပြုံးများ ပေါ်လာသည်။ ရင်းနှီးပြီးသား ကောင်းကင်နှင့် တောင်တန်းမြစ်ပြင်များကို ကြည့်ကာ ရှန်မို သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်၏။ သူ ထွက်ခွာသွားသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ယခုတော့ သူ အိမ်ပြန်ရောက်ခဲ့လေပြီ။
လီကျန်းထောင်းမှ ပထမဆုံး ရှေ့သို့တိုးလာပြီး ဝမ်းသာအားရဖြင့်
"ကောင်းတယ်… ကောင်းတယ်… မင်းတို့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကိုပဲ ကျေနပ်လှပါပြီ… ကျင်းဧကရာဇ်က တစ်ခုခု ကောက်ကျစ်လိမ့်မလားလို့ ငါ တကယ် စိုးရိမ်နေခဲ့တာ"
ဟိုင်ချန်းခွန် ရယ်မောရင်း
"သူတို့ ဘာမှ မလုပ်ရဲပါဘူး… တကယ်တော့ နှင်းနန်းတော်နဲ့ ထျန်းဟီဂိုဏ်းက ကျွန်တော်တို့ကို ပစ္စည်းကောင်းတွေတောင် အများကြီး ပေးလိုက်သေးတယ်"
မူယုံးယွဲ့လည်းခေါင်းငြိမ့်ပြကာ
"နောက်တစ်နှစ်အတွင်း အားလုံး ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"
လီကျန်ထောင်း၏ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားပြီး
"ထူးခြားလိုက်တာ… မင်းတို့ရှိနေတာ ငါတို့ဂိုဏ်းအတွက် တကယ့်ကို ကံကောင်းခြင်းပဲ”
မူယုံးယွဲ့နှင့် ဟိုင်ချန်းခွန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးမှ ရှန်မိုဘက် လှည့်ကာ
"ဒါတွေအားလုံးက ခေါင်းဆောင်ငယ်ကြောင့်ပါ"
လီကျန်ထောင်းနှင့် အခြားသူများ အလွန် အံ့အားသင့်သွားကြ၏။ ဝမ်မူချွမ် မနေနိုင်တော့ဘဲ
"ရှန်မို… ငါ့ရဲ့ ခေါင်းဆောင်ငယ်... မင်း ဒီတစ်ခါရော ဘာတွေလုပ်ခဲ့ပြန်ပြီလဲ"
သူ နတ်ဆိုးနိုင်ငံတော်မှ အိမ်ရှေ့မင်းသားနှင့် မင်းသား (၄) တို့အား သတ်ဖြတ်နိုင်စွမ်းရှိသည်ကို သိထားကြသဖြင့် ရှန်မိုသည် အလွန်အစွမ်းထက်ကြောင်း နားလည်လေသည်။ သို့သော် ယခုတစ်ကြိမ်မှာ ဆွေးနွေးပွဲသွားခြင်းဖြစ်၏။ ရှန်မိုသည် သံတမန်ရေးရာတွင်လည်း ထူးကဲသော ပါရမီရှိနေသည်လား။
ထို့နောက် ဟိုင်ချန်းခွန်မှ လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြလေတော့သည်။ ကျန်းကျောက်တွင် နတ်ဆိုးဘေးအန္တရာယ်ကို နှိမ်နင်းပြီး ထျန်းဟီဂိုဏ်း၏ ချီးကျူးမှုကို ရရှိခဲ့ပုံများ၊ နန်းမြို့တော်တွင် ဆေးလုံးဖော်စပ်ရင်း ဆရာကြီးချင်းမုကိုပင် အရှုံးပေးစေခဲ့ပုံများအား ပြောပြရာ လီကျန်ထောင်း၊ ယန်ချီယဲ့နှင့် ဝမ်မူချွမ်တို့ အံ့ဩလွန်း၍ အလန့်တကြား ဖြစ်နေကြတော့သည်။
"ပြီးတော့ နောက်ထပ်ရှိသေးတယ်… နှင်းနန်းတော်က ကျွန်တော်တို့ရဲ့ သုံးဂိုဏ်းမဟာမိတ်ကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ အခမဲ့ပေးဖို့တောင် သဘောတူခဲ့ပါတယ်… စိတ်ထဲမှာတော့ ဒါဟာ ခေါင်းဆောင်ငယ်နဲ့ ပတ်သက်နေတယ်လို့ ခံစားရတယ်… နှင်းနန်းတော်က နှင်းမိန်းမပျို သူ့ကို ကြည့်တဲ့ပုံစံက... ဟင်းဟင်း... မတူဘူးဗျ” ဟိုင်ချန်းခွန် သူ၏ဗိုက်ကို ပွတ်ရင်း ထူးဆန်းစွာ ရယ်မောလိုက်သည်။
လီကျန်ထောင်းနှင့် အခြားသူများမှာ ရှန်မိုကို တစ်ဖန်ပြန်ကြည့်လိုက်ကြပြန်သည်။ အံ့ဩစရာပင်။ နှင်းနန်းတော်၏ နှင်းမိန်းမပျိုများသည် တင်းကြပ်သော အပျိုစင်ဘဝ ကျင့်ဝတ်များကို စောင့်ထိန်းကြရသူများ ဖြစ်သည်။ နတ်ဘုရားပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် သက်တမ်း နှစ်နှစ်ထောင်ကျော်ရှိသဖြင့် အလွယ်တကူ သေဆုံးလေ့မရှိပေ။ ထို့ကြောင့် နှင်းမိန်းမပျို အများအပြားမှာ နန်းတော်သခင် မဖြစ်လာဘဲ တစ်သက်လုံး လူပျိုအပျိုဘဝဖြင့်သာ နေသွားကြရ၏။ ထိုသို့သော ရေခဲတမျှ အေးစက်သည့် အလှနတ်ဘုရားမလေးမှာ ရှန်မိုအပေါ် စိတ်ဝင်စားသွားသည်လား။
ဝမ်မူချွမ် ရှန်မိုကို ခိုး၍ လက်မထောင်ပြလိုက်၏။ သူသည် ကျောက်စိမ်းဂိုဏ်းအတွက် တကယ်ကို ဂုဏ်တက်စေသူပင်။ ရှန်မိုကတော့ ရယ်ရခက်၊ ငိုရခက် ဖြစ်နေတော့၏။
မူယုံးယွဲ့ မကျေနပ်သလို အသာအယာ ချောင်းဟန့်လိုက်မှ လူကြီးအုပ်စုမှာ သူတို့အတွေးလွန်နေသည်အား သတိပြုမိပြီး ရယ်သံများကို ပြန်ထိန်းလိုက်ကြသည်။
"လာကြပါ… လာကြပါ... အခန်းထဲမှာ အရေးကြီးတာတွေ ဆွေးနွေးကြတာပေါ့… မင်းတို့ကို ကြိုဆိုဖို့အတွက်လည်း စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားရမယ်”
လီကျန်ထောင်း အားရပါးရ ရယ်မောရင်း ရှန်မို၏လက်ကိုဆွဲကာ ခန်းမကြီးဆီ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများကို သတိထားကြည့်လျှင် လီကျန်ထောင်းတစ်ယောက် ရှန်မို၏နောက် တစ်လှမ်းခွဲခန့်တွင် အလိုအလျောက် နေရာယူထားသည်ကို တွေ့ရလိမ့်မည်။ သူ့ စိတ်ထဲတွင် ရှန်မိုသည် ခေါင်းဆောင်ငယ်အဆင့်ထက် သာလွန်နေပြီဖြစ်ကြောင်း ရှင်းလင်းလှသည်။ အကယ်၍ ရှန်မိုသာ ခေါင်းဆောင်အဖြစ် တာဝန်ယူလိုလျှင် လီကျန်ထောင်းမှာ ချက်ချင်းပင် ရာထူးမှ ဆင်းပေးလိမ့်မည် ဖြစ်သည်။
…
ရက်များမှာ တဖြည်းဖြည်း တည်ငြိမ်အေးချမ်းသွားသော်လည်း ကျင်းနိုင်ငံတော်အတွင်း၌မူ ပြင်းထန်သော လှိုင်းတံပိုးများ ထကြွနေသည်။ လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အကြီးအကျယ် စုဆောင်းလျက် ကျင်းနိုင်ငံတော်နှင့် နတ်ဆိုးနိုင်ငံတော်တို့၏ နယ်စပ်ဖြစ်သော ဝူကျောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေကြသည်။
ဝူကျောက်တွင် ယခုအခါ လူသူကင်းမဲ့နေပြီး နတ်ဆိုးများလည်း မရှိတော့ပေ။ ၎င်းသည် နှစ်နိုင်ငံကြား ကြားခံနယ်မြေတစ်ခု ဖြစ်လာ၏။ ကျောက်စိမ်းဂိုဏ်း၊ ချန်းယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းတို့ ဖွဲ့စည်းထားသော သုံးဂိုဏ်းမဟာမိတ်သည် နေ့စဉ်နေ့တိုင်း ဝူကျောက်၌ စစ်ရေးလေ့ကျင့်မှုများ ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ရန် လေ့ကျင့်နေကြသည်။
ဂိုဏ်းအသီးသီးမှ ပေးပို့ထားသော လူအင်အားများသည်လည်း အစီအစဉ်အတိုင်း ရောက်ရှိလာကြပြီး ပြည်နယ်သုံးခုတွင် နေရာယူထားကြ၏။ နှင်းနန်းတော်နှင့် ထျန်းဟီဂိုဏ်းတို့မှ ပို့ဆောင်ပေးသော အရင်းအမြစ်များသည်လည်း ကျင့်ကြံသူများ၏ စွမ်းရည်ကို မြှင့်တင်ရန်အတွက် အလုံအလောက် ထောက်ပံ့ပေးနေသည်။
ရှန်မိုသည်လည်း နေ့စဉ်နေ့တိုင်း မြွေနဂါးတောင်တွင် လေ့ကျင့်လျက် ချင်းလွမ်း သွေးအနှစ်သာရကို အရှိန်အဟုန်ဖြင့် စုပ်ယူမွမ်းမံနေ၏။ သူသည် ဧရာမဆင်မင်း ငရဲနှိမ်နင်းခြင်းစွမ်းအားကို လေ့ကျင့်ရသည်မှာ ပင်ပန်းလာလျှင် နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေးကျမ်းကို ပြောင်းလဲလေ့ကျင့်၏။ ဤသို့ဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်မှာ အံ့မခန်းအရှိန်ဖြင့် တိုးတက်လာခဲ့သည်။ ကျောက်စိမ်းဂိုဏ်းအတွင်းရှိ ကျင့်ကြံသူတိုင်းလည်း ရူးသွပ်မတတ် လေ့ကျင့်နေကြပြီး အရင်းအမြစ်များကို ကန့်သတ်ချက်မရှိ ထောက်ပံ့ပေးထား၏။
ထိုသို့ ပြင်းထန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကြားတွင် တစ်နှစ်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သည်။ ကျင့်ကြံသူများစွာမှာ တစ်ဦးပြီးတစ်ဦး အဆင့်တက်လာကြ၏။
…
ထိုသို့သော သာမန်နေ့တစ်နေ့တွင် မြွေနဂါးတောင်သို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။ အတိအကျပြောရလျှင် မမျှော်လင့်ထားသော နဂါး တစ်ကောင်ပင်။ ရှန်မိုသည် သူ၏ကိုယ်ပေါ်မှ ချွေးများကို သုတ်လိုက်ရင်း သူ့ရှေ့ရှိ ပတ်ဝန်းကျင်ကို စပ်စုကြည့်နေသည့် ခပ်လှုပ်လှုပ် လူငယ်လေးကို အကဲခတ်လိုက်၏။ ထိုလူငယ်သည် လူသားပုံသဏ္ဌာန်ရှိသော်လည်း သူ၏ ဦးခေါင်းပေါ်တွင် ဦးချိုငယ်တစ်စုံ ရှိနေသည်။ ထို့အပြင် တံတောင်ဆစ်၊ ဒူးဆစ်နှင့် အခြားအဆစ်နေရာများတွင် ခန္ဓာကိုယ်ထဲသို့ လုံးဝမဝင်သေးသော အကြေးခွံအချို့ကို တွေ့နိုင်သေးသည်။
"နောက်တစ်ခါ ထပ်ပြောပါဦး… မင်းက ဘယ်သူ”
ရှန်မို တည်ငြိမ်စွာ မေးလိုက်၏။
ထိုလူငယ်မှ ချောင်းဟန့်လိုက်ပြီး လေးနက်သောဟန်ဖြင့် "ငါက တောင်ပင်လယ်ဘုရင်ရဲ့ တတိယသား အောင်းဖျင်ပဲ… ခမည်းတော်ရဲ့ အမိန့်တော်အရ ကျောက်စိမ်းဂိုဏ်းနဲ့ အလဲအလှယ်တစ်ခု လုပ်ဖို့ လာတာ"
ရှန်မို အံ့ဩစွာဖြင့် မျက်ခုံးပင့်မိသည်။
"တောင်ပင်လယ်ဘုရင်လား… ငါ့ရဲ့ ကျောက်စိမ်းဂိုဏ်းက တောင်ပင်လယ် ရေနဂါးတွေနဲ့ ဘာပတ်သက်မှုမှ မရှိဖူးပါဘူး"
အောင်းဖျင်သည် သူ၏အိတ်ထဲမှ အပြာရောင် ပုလဲလုံးကြီးတစ်လုံးကို ထုတ်ယူကာ လေးနက်သော အမူအရာဖြင့် ပြသလိုက်သည်။
"ငါလည်း မသိဘူး… ခမည်းတော်ရဲ့ သတင်းစကားက ဒီပုလဲထဲမှာ ရှိတယ်… ဟင်း... အမှန်အတိုင်းပြောရရင် ငါလည်း မလာချင်ပါဘူး… လူသားတွေရဲ့ နယ်မြေမှာ ဘာကောင်းတာရှိလို့လဲ… ငါကတော့ ပင်လယ်ထဲမှာပဲ ပုစွန်ဖမ်း၊ ငါးတွေနဲ့ ကစားနေရတာကို ပိုကြိုက်တယ်"
သူ၏လေသံမှာ မောက်မာနေသော်လည်း စကားဆုံးသည်နှင့် သူ၏ခေါင်းမှာ မရင်းနှီးသော ပတ်ဝန်းကျင်ကို စပ်စုကြည့်ရန် ဘယ်ပြန်ညာပြန် လှည့်နေတော့သည်။ ကြည့်ရသည်မှာ သိလိုစိတ်ပြင်းပြနေသော ကလေးတစ်ဦးနှင့် တူလှ၏။
ရှန်မိုသည် အပြာရောင်ပုလဲကို ယူကာ သူ၏နဖူးတွင် ကပ်လိုက်သည်။ ချက်ချင်းပင် နက်ရှိုင်းပြီး ရှေးကျသော အသံတစ်ခု စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ သို့သော် ထိုအသံမှာ ကြမ်းတမ်းခြင်းမရှိဘဲ အံ့ဩစရာကောင်းလောက်အောင် နူးညံ့နေသည်။ ရှန်မိုမှာ လူသားဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ရေနဂါးများနှင့် မနှိုင်းယှဉ်နိုင်ကြောင်း အပြည့်အဝ ထည့်သွင်းစဉ်းစားပေးထားခြင်း ဖြစ်သည်။
"မိတ်ဆွေရှန်… ငါက တောင်ပင်လယ်ဘုရင် အောင်းယွမ်ပါ"
"ငါ့ရဲ့ တတိယသားကို ဒီကိုလွှတ်လိုက်ရတာက ရွေးချယ်စရာမရှိလို့ပါ… ငါသိရသလောက် ကုမင်ဟာ ကျင့်ကြံရာက ထွက်လာရင် မြောက်ဘက်ကို ချက်ချင်း ချီတက်မှာ မဟုတ်ဘူး… အဲဒီအစား ငါတို့ တောင်ပင်လယ် ရေနဂါးတွေကို အရင်ဆုံး တိုက်ခိုက်လိမ့်မယ်"
"အသိုက်ပျက်ရင် ဥ မကျန်နိုင်ဘူး… တောင်ပင်လယ်ဟာ နတ်ဆိုးနိုင်ငံတော်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိချင်မှရှိလိမ့်မယ်… ဒါကြောင့် ငါ့ရဲ့သားကို ကျောက်စိမ်းဂိုဏ်းမှာ ထားခဲ့ပြီး ငါတို့ရဲ့ သွေးမျိုးဆက် တစ်မျှင်စာကို ထိန်းသိမ်းထားချင်တယ်"
"ဒီပုလဲထဲမှာ တောင်ပင်လယ်မျိုးနွယ်က နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ ရှေးဟောင်း နဂါးစစ်စစ် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိတယ်… မင်းဟာ သွေးမျိုးဆက် မြှင့်တင်တဲ့ အတတ်ပညာတွေကို လေ့ကျင့်နေတယ်လို့ ငါကြားမိတယ်… ဧကန္တ ဒီနဂါးနည်းစနစ်ဟာလည်း မင်းအတွက် အသုံးဝင်မှာပါ… ဒါဟာ ငါ့ရဲ့ အလဲအလှယ် ကမ်းလှမ်းချက်ပဲ… မင်းရဲ့ စရိုက်အရဆိုရင် ဒါကို ငြင်းလိမ့်မယ်လို့ ငါမထင်ဘူး… ဒါကြောင့် ကြိုတင်ပြီး ကျေးဇူးတင်လိုက်ပါတယ်"
ထိုသို့ပြောပြီးနောက် အသံမှာ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် အချက်အလက်များစွာ ရှန်မို၏ စိတ်ထဲသို့ စီးဝင်လာသည်။ ၎င်းမှာ တောင်ပင်လယ်ဘုရင် ပြောခဲ့သော နဂါးစစ်စစ် လျှို့ဝှက်နည်းစနစ်ပင် ဖြစ်သည်။
"မဟာနဂါး အသွင်ပြောင်းခြင်း အတတ်ပညာ"