မဖြစ်နိုင်တာ… ရှန်မို အဲ့လောက် အင်အားမကြီးပါဘူး
Vol. 25 Ch. 363
နတ်ဆိုးတစ်သောင်းနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတစ်ခုတွင်။
အဆုံးမရှိ ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခု ရှိပြီး ထိုဖုန်ထူလှသော လွင်ပြင်အလယ်၌ သွေးရောင်လွှမ်းနေသည့် ထုထည်ကြီးမားသော အဆောက်အအုံကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေ၏။ ၎င်းမှာ သွေးနတ်ဘုရား နန်းဆောင်ပင်။
ယခုအချိန်တွင် သန်းနှင့်ချီသော နတ်ဆိုးမျိုးနွယ်စုများသည် သူတို့၏ ဧကရာဇ် ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်ရင်း ထိုအဆောက်အအုံကြီး၏ အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသည်။ သွေးနတ်ဘုရား နန်းဆောင်၏ ခိုင်ခံ့လှသော တံခါးကြီးများရှေ့တွင် ပုဂ္ဂိုလ်သုံးဦးတို့ ရှေ့ဆုံးမှ ရပ်နေကြသည်။ သူတို့မှာ မင်းသား (၂) ဟူယုံ၊ မင်းသား (၃) ရှုန်းအန်း နှင့် မင်းသား (၁၀) ယင်းထီ တို့ ဖြစ်ကြသည်။
လွန်ခဲ့သော ငါးနှစ်က မင်းသား (၁) ရှန့်ကျွယ် နှင့် မင်းသား (၄) ယွမ်ခုန်း တို့မှာ ရှန်မို၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသဖြင့် အာဏာလစ်လပ်မှုကြီး ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသားအများအပြား အာဏာလုခဲ့ကြပြီး နိုင်ငံတော်မှာလည်း ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ ထိုအခွင့်အရေးကို အသုံးချကာ လူသားနိုင်ငံများကလည်း တောင်ဘက်သို့ အကြိမ်ကြိမ် ကျူးကျော်ခဲ့ကြပြီး အဖိုးတန် အရင်းအမြစ်များအား လုယူသွားခဲ့ကြသည်။
သို့သော်လည်း နတ်ဆိုးနိုင်ငံတော်၏ အခြေခံအုတ်မြစ်မှာ ခိုင်မာဆဲဖြစ်ပြီး နတ်ဆိုးဦးရေမှာလည်း အဆမတန် များပြားနေဆဲပင်။ ငါးနှစ်ဆိုသော အချိန်မှာ ကျင်းနိုင်ငံအတွက် နတ်ဆိုးနိုင်ငံတော်ကို အမြစ်ပြတ်ချေမှုန်းရန် မလုံလောက်သေးသဖြင့် လူသားတပ်များမှာ အရင်းအမြစ်များ လုယူခြင်းနှင့် နယ်မြေထိန်းသိမ်းခြင်းကိုသာ အဓိကထားခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဟူယုံ၊ ရှုန်းအန်း နှင့် ယင်းထီ တို့သည် သူတို့၏ မျိုးနွယ်စုများ အကူအညီဖြင့် အင်အားကြီးထွားလာခဲ့ကြပြီး အင်ပါယာ၏ အစွမ်းအထက်ဆုံး မင်းသားသုံးပါးအဖြစ် နေရာယူနိုင်ခဲ့ကြသည်။ သို့သော် သူတို့အားလုံး သိထားသော အမှန်တရားတစ်ခုမှာ ကုမင်သည်သာ နတ်ဆိုးနိုင်ငံတော်၏ တကယ့်ဧကရာဇ် ဖြစ်သည်ဟူသောအချက်ပင်။ သူတို့ထဲမှ မည်သူမျှ ပလ္လင်ကို လုယူရန် စိတ်မကူးရဲကြပေ။
လွန်ခဲ့သော ရက်အနည်းငယ်က သွေးနတ်ဘုရား နန်းဆောင်မှ ကောင်းကင်သို့ ထိုးတက်သွားသော ကြက်သွေးရောင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကုမင် ကျင့်ကြံရာမှ ထွက်လာတော့မည့် နိမိတ်ပင်။ ထိုအချက်ကို သိသည်နှင့် မင်းသားသုံးပါးမှာ သူတို့၏ အထူးတပ်ဖွဲ့များကို ခေါ်ဆောင်၍ နန်းဆောင်အပြင်ဘက်တွင် နေ့ညမပြတ် စောင့်ကြပ်နေခဲ့ကြသည်။ မိုင်ပေါင်းသောင်းချီသော ပတ်ဝန်းကျင်အတွင်းရှိ ရောက်ရှိနေသူတိုင်းမှာ အနည်းဆုံး နတ်ဆိုးစစ်သူကြီး အဆင့်ရှိသူများ ဖြစ်ကြလေ၏။
…
ဝုန်း!
ရုတ်တရက် သွေးနတ်ဘုရား နန်းဆောင်ပေါ်ရှိ ကြက်သွေးရောင် အလင်းတန်းမှာ ပိုမိုပြင်းထန်လာပြီး သွေးနီရောင် အလင်းတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လေထုထဲတွင်ပင် လတ်ဆတ်သော သွေးနံ့များ လှိုင်နေတော့၏။ နတ်ဆိုးများမှာ ထိုလေကို ရှူရှိုက်လိုက်ရုံဖြင့် သူတို့၏ သွေးစွမ်းအင်များ တိုးတက်လာသလို ခံစားရသဖြင့် အငမ်းမရ ရှူရှိုက်နေကြသည်။
"ဧကရာဇ်!"
"ဧကရာဇ်!"
သန်းနှင့်ချီသော နတ်ဆိုးစစ်သူကြီးများ၏ ကြွေးကြော်သံမှာ ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ သဲပွင့်လေးများပင် ထိုအသံနှင့်အတူ လိုက်ပါတုန်ခါနေကြ၏။ မင်းသားသုံးပါးမှာလည်း ရိုသေစွာဖြင့် ခေါင်းငုံ့ထားကြသည်။ သူတို့၏ ဧကရာဇ် ထွက်လာတော့မည်။
ကျွီ...
မမြင်ရသော လက်တစ်ဖက်က တွန်းလိုက်သကဲ့သို့ အလွန်လေးလံလှသော နန်းဆောင်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထို့နောက် ထိုမှောင်မိုက်သော အတွင်းပိုင်းမှ လူနှစ်ဦး လမ်းလျှောက်ထွက်လာ၏။
ရှေ့ဆုံးမှ ထွက်လာသူမှာ အရပ် (၁၀) ပေကျော် မြင့်မားပြီး ထူထဲလေးလံသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ဦးထုပ်ဆောင်းထားသဖြင့် သူ၏ ကြက်သွေးရောင် မျက်လုံးအစုံကိုသာ မြင်တွေ့ရလေသည်။ သူ၏နောက်မှ လိုက်လာသူမှာတော့ သာမန်လူသားထက် ပိုမိုထွားကျိုင်းသော်လည်း ကုမင်လောက်တော့ မမြင့်ပေ။
မင်းသားသုံးပါးမှာ ချက်ချင်းပင် မြေပြင်ပေါ် ဝပ်ဆင်းလိုက်ကြပြီး
"နတ်ဆိုးဧကရာဇ် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" သူတို့ တစ်ညီတစ်ညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
နတ်ဆိုးနိုင်ငံတော်တွင် အုပ်ချုပ်သူများစွာ ရှိနိုင်သော်လည်း နတ်ဆိုးဧကရာဇ်မှာတော့ တစ်ဦးတည်းသာ ရှိသည်။ ၎င်းမှာ ကုမင် ပင်။ ကုမင်သည် အပြင်ဘက်ရှိ ပြင်းထန်သော နေရောင်အောက်သို့ ခြေချလိုက်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။ ငါးနှစ်တာ ကျင့်ကြံခြင်းမှ ရရှိသော အကျိုးကျေးဇူးမှာ သူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသည်။ သူသည် နတ်ဆိုးအရှင်သခင်အဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။ လက်တစ်ဆုပ်စာမျှရှိသော ကျင့်ကြံသူများမှလွဲ၍ သူ့ကို ယှဉ်နိုင်မည့်သူ ကမ္ဘာပေါ်တွင် မရှိတော့ပေ။
သူ၏နောက်မှ ထွက်လာသော ယဲ့ယန်မှာလည်း ပြုံးပျော်နေ၏။ သူသည်လည်း ငွေရောင်အထွတ်အထိပ် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရွှေရောင်အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။ ယခုအခါ သူ၏စွမ်းအားမှာ မင်းသား (၄) ယွမ်ခုန်းကို ကျော်လွန်သွားပြီး မင်းသား (၁) ရှန့်ကျွယ်နှင့် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။ သူ၏စိတ်ထဲတွင် ရှန်မို့ကို ချေမှုန်းရန်မှာ လက်ဖျောက်တစ်ချက်တီးသလောက်ပင် လွယ်ကူလိမ့်မည်ဟု တွေးတောရင်း စိတ်လှုပ်ရှားနေတော့၏။
…
ကုမင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရှန့်ကျွယ် နှင့် ယွမ်ခုန်း တို့ကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်သွား၏။ သူကိုယ်တိုင် လေ့ကျင့်ပေးထားသော နဂါးသွေးအစောင့်အရှောက် (၈၁) ဦးထဲမှ တစ်ဝက်ခန့်မှာလည်း ပျောက်ဆုံးနေသည်။ ဧကရာဇ်တစ်ဦး ကျင့်ကြံရာမှ ထွက်လာချိန်တွင် နတ်ဆိုးတိုင်း လာရောက်ကြိုဆိုရမည် ဖြစ်သော်လည်း သူတို့မရှိခြင်းမှာ အဖြေတစ်ခုသာ ရှိ၏။ ၎င်းမှာ သူတို့အားလုံး သေဆုံးသွားခြင်းပင်။
"ဟူယုံ... ငါ ကျင့်ကြံနေတဲ့ ငါးနှစ်အတွင်း ဘာတွေဖြစ်ခဲ့လဲ”
ကုမင် တည်ငြိမ်စွာ မေးလိုက်သည်။ ဟူယုံ ရှေ့သို့တိုးလာပြီး လေးနက်သော လေသံဖြင့် ပြန်ဖြေ၏။
"အရှင် ကျင့်ကြံစ နှစ်မှာ ယုကျောက်ကို ကျူးကျော်ဖို့ တပ်မတော်သုံးခု စေလွှတ်ခဲ့ပါတယ်… မင်းသား (၄) ယွမ်ခုန်း နဲ့ အရှေ့ပင်လယ်က မင်းသား (၂) အောင်းရှန် တို့ဟာ ယွီဟိုင်မြို့ကို တိုက်ခိုက်ခဲ့ကြပေမဲ့ ရှန်မိုရဲ့လက်ချက်နဲ့ နတ်ဆိုးတပ်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံခဲ့ရပါတယ်"
"မင်းသား (၁) ရှန့်ကျွယ်ကတော့ တန်ဟီဂိုဏ်းကို တိုက်ခိုက်ခဲ့ပေမဲ့ သူလည်း ရှန်မိုနဲ့ ရင်ဆိုင်ရချိန်မှာ အသတ်ခံလိုက်ရပါတယ်"
"ပြီးတော့ နတ်ဆိုးဘုရင်အဆင့်တွေ စုပေါင်းပြီး သန့်စင်ခြင်းဂိုဏ်းကို ပိုးစာပိုးမွှားမိခင်နည်းနဲ့ အသုံးပြု တိုက်ခိုက်ခဲ့ကြပေမဲ့ ရှန်မိုကပဲ အားလုံးကို သတ်ပစ်ခဲ့ပါတယ်"
ဟူယုံ အသံကိုနှိမ့်ကာ
“ဒါတွေအားလုံးဟာ အရှင်ကျင့်ကြံတဲ့ ပထမတစ်လအတွင်းမှာတင် ဖြစ်ပျက်ခဲ့တာပါ"
ထိုစကားကို ကြားသည်နှင့် ကုမင်၏နောက်မှ ယဲ့ယန်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။
"မဖြစ်နိုင်ဘူး… ရှန်မိုရဲ့ အစွမ်းက အဲဒီလောက် မရှိနိုင်ဘူး”
ဟူယုံ ယဲ့ယန်ကို ကြည့်၍ လေးနက်စွာ ဆက်ပြောသည်။
“ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ငါတို့ သတင်းတွေ အများကြီး စုဆောင်းခဲ့တယ်… အားလုံးက ရှန်မိုရဲ့ လက်ချက်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်… ရှန်မိုရဲ့ စွမ်းအားဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက နတ်ဆိုးဘုရင်တွေကို နှိမ်နင်းနိုင်စွမ်း ရှိနေခဲ့တာပါ"
"နန်းမြို့တော်က သူလျှိုတွေရဲ့ သတင်းအရ ရှန်မိုဟာ စိတ်ဝိညာဉ်စွမ်းအင်နဲ့ သွေးစွမ်းအင် နှစ်ခုလုံးကို တစ်ပြိုင်တည်း လေ့ကျင့်နေတာ ဖြစ်နိုင်ပါတယ်… သူရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အနည်းဆုံး နတ်ဘုရားပြောင်းလဲအဆင့် ရှိပြီး သွေးစွမ်းအင်ကတော့ နတ်ဆိုးဘုရင် တစ်ပါးနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်… ဒါကြောင့်လည်း သူက ပိုးစာပိုးမွှားမိခင်ကိုတောင် သတ်နိုင်ခဲ့တာပေါ့"
ယဲ့ယန်မှာ ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်နေတော့၏။ သူသည် ငါးနှစ်လုံးလုံး အသေအလဲ လေ့ကျင့်ခဲ့သော်လည်း ရှန်မိုမှာ လွန်ခဲ့သော ငါးနှစ်ကတည်းက သူ့ထက် များစွာ သာလွန်နေခဲ့သည် မဟုတ်ပါလား။
…
ကုမင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏ ကြက်သွေးရောင် မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"စိတ်ဝင်စားစရာပဲ… ငါ့ဘဝမှာ တစ်ခါပဲ လူအကဲခတ်မှားဖူးတယ်ဆိုရင်... အဲဒါ သူပဲ ဖြစ်လိမ့်မယ်… ရှန်မို... ကောင်းတယ်… အရမ်းကောင်းတယ်… သူ့ကို ငါ့သားအဖြစ်တောင် လက်ခံချင်လာပြီ"
ကုမင် မြောက်ဘက်သို့ လှမ်းကြည့်ရင်း ပြုံးလိုက်ရာ မင်းသားသုံးပါးမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားကြသည်။ ကုမင်သည် ဒေါသထွက်မည့်အစား ပြုံးနေခြင်းမှာ ပို၍ ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်လာတော့မည်ဟူသော အဓိပ္ပာယ်ပင်။
"ယဲ့ယန်... ဒီနေ့ကစပြီး မင်းဟာ ၁၁ ယောက်မြောက် မင်းသားပဲ… ပိုကောင်းတဲ့ အရင်းအမြစ်တွေ လိုချင်ရင် မင်းရှေ့က မင်းသားတွေကို အဆင့်ဆင့် အနိုင်ယူပြီး တက်လာခဲ့… ငါ့ရဲ့ နယ်မြေမှာ အားနည်းတဲ့သူတွေအတွက် နေရာမရှိသလို ဒုက္ခနဲ့တွေ့ရင် နောက်ဆုတ်မယ့်သူတွေကိုလည်း ငါအလိုမရှိဘူး"
ကုမင် ယဲ့ယန်ကို အေးစက်စွာ ပြောလိုက်ပြီးနောက် စုရုံးနေသော နတ်ဆိုးအားလုံးကို အမိန့်ပေးလိုက်၏။
"နတ်ဆိုးမျိုးနွယ်အားလုံး... ငါ့အမိန့်ကို နာခံကြ”
သူ၏အသံမှာ မကျယ်သော်လည်း မိုင်ပေါင်းထောင်ချီသို့ ပျံ့နှံ့သွားသည်။ နတ်ဆိုးတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ကြ၏။ အချိန်တန်လေပြီ။
"ဒီနေ့ကစပြီး မင်းတို့ရဲ့ လက်နက်တွေကို သွေးထားကြ… ဝူကျောက် မြူနှင်းဒေသ နယ်စပ်မှာ စစ်အင်အား စုစည်းကြတော့… ငါ အမိန့်ပေးလိုက်တာနဲ့... မြောက်ဘက်ကို ချီတက်ပြီး စစ်ပွဲကို စတင်မယ်”
"ဟုတ်ကဲ့ပါ အရှင်”