ဧကရာဇ်က မပြောပေမဲ့ ကိုယ့်ဘာသာ သိရမှာပေါ့
Vol. 25 Ch. 365
သံချပ်ကာ တိမ်တိုက်သင်္ဘောပေါ်မှ ကျင့်ကြံသူများအားလုံးမှာ အလွန်အမင်း အံ့အားသင့်နေကြသည်။ ကောင်းကင်သို့ ထိုးတက်နေသော သွေးစွမ်းအင်နဂါးကြီးမှာ တကယ့်အစစ်အတိုင်း ထင်မှတ်ရလောက်အောင် တူလွန်းလှ၏။ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် တစ်ဖက်လူ၏ စိတ်နှလုံးထဲသို့ အစွန်းရောက် ထိတ်လန့်မှုကို သွတ်သွင်းနိုင်စွမ်းရှိသည်။ ၎င်းကို မြင်ရသူတိုင်းမှာ ကြောက်ရွံ့မှုကြောင့် ပင်ကိုယ်အသိစိတ်ဖြင့် နောက်ဆုတ်သွားမိကြမည်ချည်း ဖြစ်၏။ ထိုအရာကြောင့် ညတိုင်းလည်း ကောင်းကောင်းမအိပ်စက်နိုင်ဘဲ အိပ်မက်ဆိုးများ မလွဲမသွေ မက်ကြရသည်။ သို့သော် တကယ့်အစစ်မဟုတ်ဘဲ အတုအယောင်သာ ဖြစ်နေသည်လား။
"ဒီနတ်ဆိုးတွေက ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်းသွားတာလဲ"
ယန်ချီယဲ့ အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"သာမန်နတ်ဆိုးတွေကတော့ တကယ်ပဲ ဉာဏ်သိပ်မရှိကြပါဘူး… ဒါပေမဲ့ ကုမင်ကတော့ မတူဘူး… သူက ကျင်းနိုင်ငံတော်ရဲ့ သမိုင်းကြောင်းကို အစအဆုံး လေ့လာထားသလို စာအုပ်စာပေတွေကိုလည်း အမြဲဖတ်ရှုနေတဲ့သူပဲ"
လီကျန်ထောင်း သက်ပြင်းချရင်း ဆိုသည်။
သမိုင်း၏ အရေးကြီးသော အလှည့်အပြောင်းကာလများတွင် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာရုံမျှဖြင့် သမိုင်းလမ်းကြောင်းကို ပြောင်းလဲပစ်ရန် လုံလောက်လှသည်။ ကုမင်သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်။ ထို့အပြင် နတ်ဆိုးနိုင်ငံတော်တွင် သူ၏ အုပ်ချုပ်မှုကို မည်သူမျှ မေးခွန်းထုတ်၍ မရပေ။ မည်သည့်နတ်ဆိုးမှ သူ၏ အာဏာကို မလှုပ်ခါနိုင်ကြ။ သူ အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုးအားလုံး နာခံကြရသည်။ သူသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဉာဏ်ပညာကို အစွမ်းကုန် အသုံးချနိုင်၏။ အကယ်၍ သူ နတ်ဆိုးများကို စုပေါင်းအဆုံးစီရင်ရန် အမိန့်ပေးခဲ့လျှင်ပင် နတ်ဆိုးအနည်းငယ်သာ မျက်မှောင်ကြုတ်၍ ငြင်းဆန်ရန် တွေးကြလိမ့်မည်။
သံချပ်ကာ တိမ်တိုက်သင်္ဘော သုံးစင်းတို့ နတ်ဆိုးစခန်းအထက်မှ ပျံသန်းသွားရာ စခန်းအတွင်းရှိ အိုမင်းမစွမ်းသော နတ်ဆိုးစစ်သားများလည်း ချက်ချင်းပင် ထိတ်လန့်ကုန်ကြ၏။ အထက်မှ ပေးထားသော ညွှန်ကြားချက်များထဲတွင် လူသားမျိုးနွယ်များ စခန်းကို ဖြတ်ကျော်ဝင်ရောက်လာလိမ့်မည်ဟု မပါရှိခဲ့ပေ။
"စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် တစ်ဦးနဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ နှစ်ဦး ဒီမှာနေခဲ့ပါ… နောက်မှရောက်လာမယ့် ခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြ… ကျန်တဲ့သူတွေက တောင်ဘက်ကို ဆက်သွားမယ်"
ရှန်မိုမှ တည်ငြိမ်စွာ ပြောလိုက်သည်။
ဝမ်မူချွမ် လေးနက်စွာဖြင့်
"ဒါဆို ငါပဲ နေခဲ့မယ်… ဒီက တိုက်ပွဲကိစ္စတွေ ပြီးတာနဲ့ မင်းတို့နောက်ကို ချက်ချင်း လိုက်ခဲ့မယ်"
သူပြောပြောဆိုဆိုနှင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် (၃) ဦးသား တိမ်တိုက်သင်္ဘောပေါ်မှ ဧရာမ ဥက္ကာခဲကြီးသုံးလုံးကဲ့သို့ ခုန်ဆင်းသွားပြီး နတ်ဆိုးစခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားကြတော့သည်။
သူတို့ ဆင်းသွားပြီးနောက် သံချပ်ကာ တိမ်တိုက်သင်္ဘော သုံးစင်းမှာ အရှိန်မြှင့်လိုက်ပြီး တောင်ဘက်သို့ ဆက်လက်ဦးတည်သွားကြသည်။
…
ထိုအချိန်တွင်ပင် အခြားအဖွဲ့ နှစ်ဖွဲ့သည်လည်း ပိုမိုမြန်ဆန်သော အရှိန်ဖြင့် တောင်ဘက်သို့ ဦးတည်နေကြသည်။ ၎င်းတို့အနက် တစ်ဖွဲ့မှာ ချန်ကျောက်တွင် တပ်စွဲထားသော ကျင့်ကြံသူများ ဖြစ်၏။ ထိုအဖွဲ့တွင် ဝိညာဉ်တော်ဂိုဏ်း၊ နှင်းနန်းတော် နှင့် ထျန်းဟီဂိုဏ်းတို့မှ ကျင့်ကြံသူများစွာ ပါဝင်သည်။
အခြားတစ်ဖွဲ့မှာမူ ချန်ကျောက်နှင့် ယုကျောက် နယ်စပ်ကို ကင်းလှည့်နေသော သံချပ်ကာ တိမ်တိုက်သင်္ဘော တပ်စုဖြစ်လေ၏။ စုစုပေါင်း သံချပ်ကာ တိမ်တိုက်သင်္ဘော (၁၀) စင်းမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကြသည်။ နန်းတော်မှ သုံးဂိုဏ်းမဟာမိတ်ကို ပေးထားသော သင်္ဘောများနှင့် ပုံသဏ္ဍာန်ချင်း မခြားနားသော်လည်း ဤသင်္ဘော (၁၀) စင်း၏ အတွင်းပိုင်း တည်ဆောက်ပုံမှာ သိသိသာသာ ကွဲပြားကြသည်။ ထိုအရာမှာ သူတို့ကို ပိုမိုမြန်ဆန်သော အရှိန်နှင့် ပိုမိုကြီးမားသော စွမ်းအားကို ပေးစွမ်းထားသည်။
ရှေ့ဆုံးမှ သင်္ဘောပေါ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ ခန့်ညားထည်ဝါစွာ ရပ်နေ၏။ သူ့ကို စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အများအပြားက ဝန်းရံထားကြသည်။ သူကား ကျင်းမင်းသားပင်။ သူသည် ရွှေချည်ထိုး နဂါးဝတ်ရုံအစား ဤရွှေရောင်ချပ်ဝတ်တန်ဆာကို လဲလှယ်ဝတ်ဆင်ထားခြင်းမှာ နတ်ဆိုးများအား အဆုံးအထိ တိုက်ခိုက်မည်ဟူသော ဆုံးဖြတ်ချက်ကို ပြသရန်ဖြစ်သည်။
ကျင်းမင်းသားသည် တဖြည်းဖြည်း ကြည်လင်လာသော ဝူကျောက်မြေပြင်ကို ကြည့်ရင်း ကျင်းဧကရာဇ် သူ့ကို ပြောခဲ့သော စကားများကို မလွဲမသွေ သတိရနေမိသည်။
"ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်… အဲဒီ သံချပ်ကာ တိမ်တိုက်သင်္ဘော (၁၀) စင်းစလုံးကို မင်းရဲ့ အမိန့်အောက်မှာ ထားပေးမယ်… ဒါပေမဲ့ မှတ်ထားရမှာက မင်းက ဒုတိယတပ်မှူးသာ ဖြစ်တယ်"
"နောင်တော် ဧကရာဇ် စိတ်ချပါ… ကျွန်တော်မျိုး လိမ္မာပါ့မယ်… ကျွန်တော်မျိုးရဲ့ အမှားတွေကို အောင်မြင်မှုတွေနဲ့ ဆေးကြောဖို့ ကြိုးစားပါ့မယ်”
"ငါ့ကို စိတ်မပျက်စေနဲ့… တပ်မှူးကို မကြာခဏ တိုင်ပင်ပါ… သူက ဘယ်အချိန်မှာ တိုက်ရမယ် ဘယ်အချိန်မှာ မတိုက်ရဘူးဆိုတာကို သိတဲ့သူပဲ"
ကျင်းမင်းသားသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သင်္ဘောဦးပိုင်း ထောင့်တစ်နေရာတွင် ထိုင်ကာ အသားကင်နေသော အဖိုးကြီးကို မကြည့်ဘဲ မနေနိုင်ဖြစ်နေသည်။ ထိုအဖိုးကြီးမှာ ဖြူဖွေးနေသော ဆံပင်နှင့် မုတ်ဆိတ်မွေးများရှိပြီး ဆံပင်မှာ ငှက်သိုက်ကဲ့သို့ ရှုပ်ပွကာ ညစ်ပတ်ပေရေနေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် နယ်စပ်အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး ယုကျောက်မြို့စားမင်း ရာထူးကို ရယူထားခဲ့သူဖြစ်၏။ နောက်ပိုင်းတွင် ကျင်းဧကရာဇ်၏ ကြီးမားသော အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ခဲ့သဖြင့် ရာထူးမှ ဖယ်ရှားခံရပြီး ဟိုင်ကျောက်သို့ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။ ယခုအခါ ကျင်းဧကရာဇ်မှ သူ့ကို ပြန်လည် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ကျင်းမင်းသားမှာ သူ့ကို မည်သို့ပင် ကြည့်ကြည့် ကြီးကျယ်သော စစ်ဗျူဟာမှူးတစ်ဦးအဖြစ် စိတ်ကူး၍ မရနိုင်ပေ။ သူ၏ အမြင်တွင် ထိုအဖိုးကြီးမှာ အလွန်ညစ်ပတ်လွန်းသဖြင့် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကိုပင် ညှိုးနွမ်းစေသလို ခံစားရလေ၏။
သို့သော် ကျင်းဧကရာဇ်ကိုယ်တိုင် ထိုသို့ ပြောထားပြီးဖြစ်သဖြင့် ကျင်းမင်းသားအနေဖြင့် မည်သည့် အထင်အမြင်သေးသည့် အမူအရာမျှ မပြရဲပေ။ ထိုအချိန်တွင် အဖိုးကြီးမှ ဇီယာမှုန့် ဖြူးထားသော အသားကင်တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်သည်ကို မြင်လိုက်ရ၏။ ထိုအဖိုးကြီးမှာ အသားကင်ကို အရသာခံစားရင်း အော်ဟစ်မြည်တမ်းနေသည်။ ကြည့်ရသည့်ပုံအရ အသားမစားရသည်မှာ အနှစ်တစ်ရာမျှ ရှိနေသည့်အတိုင်းပင်။ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများပင် အနည်းငယ် ရွံရှာမိကြ၏။
တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်ပြီး ဒီလိုပုံစံမျိုး နေထိုင်ရသလား။
"ဦးလေး... ဘာတွေ လုပ်နေတာလဲ..."
ကျင်းမင်းသား မနေနိုင်ဘဲ မေးလိုက်သည်။
ကျီချွမ်မှာ တဟားဟား ရယ်မောရင်း
"ဟိုင်ကျောက်မှာ နေ့တိုင်း ငါးပဲ စားနေရတာ… ငါဆိုရင် ငါးညှီနံ့တောင် ထွက်တော့မယ်… အခု တပ်မှူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရသာပြောင်းစားဖို့ အခွင့်အရေး ရပြီဆိုမှတော့ အလဟဿ အဖြစ်မခံနိုင်ဘူးလေ"
ကျင်းမင်းသား စွံ့အသွားရ၏။ ခဏအကြာတွင် သူ ထိုအဖိုးကြီးကိုကြည့်၍
"ဦးလေး… ဒီတစ်ခါ ကျွန်တော်တို့ တကယ်ပဲ အောင်မြင်မှုကြီးကြီးမားမား ရနိုင်ပါ့မလား… ကျွန်တော့်ရဲ့ အပြစ်တွေကို ဒီအောင်မြင်မှုနဲ့ ဆေးကြောနိုင်ပါ့မလား"
သူ စိုးရိမ်သလို မေးလိုက်သည်။
ကျီချွမ် အဆက်မပြတ် ခေါင်းငြိမ့်ပြရင်း
"ရတာပေါ့… သေချာပေါက် ရမှာပေါ့… ကျောက်စိမ်းဂိုဏ်းက ငါတို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ အကုန် ပေးထားတာပဲ မဟုတ်လား… မင်းလည်း အောင်မြင်မှု ရနိုင်သလို ငါလည်း ရနိုင်တာပဲ… ဘာလို့ မရမှာလဲ"
ကျင်းမင်းသား၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ဝင်းလက်လာသည်။
"ကျွန်တော်က ပိုကြီးမားတဲ့ အောင်မြင်မှုကို လိုချင်တာ… ဦးလေး… ဒီခရီးစဉ်အတွက် ကျွန်တော်မျိုးရဲ့ မိသားစု အရင်းအမြစ်တွေ အများကြီး သုံးထားသလို အရိပ်နန်းဆောင်ကနေ ရတနာတွေ အများကြီး ဝယ်ဖို့လည်း အဆက်အသွယ်တွေ အများကြီး သုံးထားရတာ"
သူ၏ ရတနာများကို ဂုဏ်ယူစွာ စာရင်းချပြရင်း ပြောနေ၏။
ကျီချွမ်မှာ ငရုတ်သီးမှုန့် ဖြူးထားသော အသားကင်ကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြ၍
"တချို့က အသုံးဝင်တယ်… တချို့ကတော့ အပိုတွေပဲ… ဒါပေမဲ့ ဒါတွေနဲ့တော့ အောင်မြင်မှု အကြီးကြီးရဖို့ ခက်လိမ့်မယ်… ဒါ့အပြင် အရှင်မင်းကြီးက ငါတို့ကို အောင်မြင်မှု အကြီးကြီးရဖို့ ခိုင်းတာမဟုတ်ဘူး… ငါတို့ရဲ့ အင်အားကို ထိန်းသိမ်းထားပြီး သင့်တော်တဲ့ အခွင့်အရေးကို စောင့်ဖို့ပဲ ခိုင်းတာ"
ကျင်းမင်းသား အံ့သဩသွား၏။
"အင်အားကို ထိန်းသိမ်းပြီး အခွင့်အရေးကို စောင့်ရမယ် ဟုတ်လား… နောင်တော်က ကျွန်တော့်ကို အဲဒီလို မပြောပါဘူး"
ကျီချွမ် အသာအယာ ပြုံးလိုက်၏။
"အရှင်မင်းကြီးက အဲဒီအတိုင်း တိုက်ရိုက်ပြောမှာ မဟုတ်ဘူးလေ… ဒါပေမဲ့ ငါတို့က အမှုထမ်းတွေအနေနဲ့ ခန့်မှန်းတတ်ရမယ်"
ကျင်းမင်းသား မျက်မှောင်ကြုတ်သွားသည်။ ထိုကဲ့သို့သော လှည့်ကွက်များကို သူ နားမလည်ပေ။ သူ အောင်မြင်မှုသာ ရချင်သည်။ အကြီးအကျယ် အောင်မြင်ချင်သည်။ ထိုမှသာ အစပိုင်းတွင် သူ ကြုံတွေ့ခဲ့ရသော အရှက်ရမှုများကို ဆေးကြောနိုင်မည် ဖြစ်၏။ ထို့ပြင် သူ၏ နောင်တော်ကိုလည်း ပျော်ရွှင်စေချင်သည်။ ငယ်စဉ်ကတည်းက နောင်တော်မှာ သူ့ကို အမြဲ အလိုလိုက် ချစ်ခင်ခဲ့သည်။ ညီတစ်ယောက်အနေဖြင့် နောင်တော်၏ စိုးရိမ်ပူပန်မှုများကို ဝေမျှနိုင်ရန် အစွမ်းကုန် ကြိုးစားသင့်သည် မဟုတ်ပါလား။
ကျီချွမ်မှာ အသားကင်ကို အားရပါးရ စားလိုက်ပြီးနောက်
"ငါတို့ရဲ့ တိမ်တိုက်သင်္ဘောက မြန်တယ်။ သုံးဂိုဏ်းမဟာမိတ်ထက် အရင် ဝူကျောက်ကို ရောက်နိုင်လိမ့်မယ်… ဘယ်အချိန်မှာ တိုက်ရမယ်၊ ဘယ်အချိန်မှာ ဆုတ်ရမယ်၊ ဘယ်အချိန်မှာ အောင်မြင်မှုကို ယူရမယ်၊ ဘယ်အချိန်မှာတော့ လောဘမတက်ရဘူးဆိုတာကို ငါ အကုန်ပြောပြမယ်"
ကျင်းမင်းသား ခဏမျှ တုံ့ဆိုင်းနေပြီးမှ
"ကောင်းပါပြီ"
…
အရပ်မျက်နှာ အသီးသီးမှ လူသားကျင့်ကြံသူများမှာ တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်နေကြ၏။ ဤအခွင့်အရေးကောင်းကို အသုံးချကာ သူတို့ နတ်ဆိုးစခန်းများကို တစ်ခုပြီးတစ်ခု ထိုးဖောက်တိုက်ခိုက်ကြတော့သည်။
ဝုန်း!
သံချပ်ကာ တိမ်တိုက်သင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်မှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး မြေပြင်ကို ထွန်ယက်လိုက်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ နတ်ဆိုးမျိုးနွယ်စုများ၏ တံတိုင်းများနှင့် တံခါးများမှာ ထိုအလင်းတန်းများရှေ့တွင် တို့ဖူးကဲ့သို့ နူးညံ့ပျော့ပြောင်းနေပြီး ချက်ချင်းပင် ကြေမွသွားတော့သည်။
ရှန်မိုသည် ရှေ့သို့ ခုန်ထွက်လိုက်ပြီး လေထဲတွင် ပျံသန်းကာ လျှပ်စီးလက်သကဲ့သို့ နတ်ဆိုးမျိုးနွယ်စုငယ်လေးအတွင်းသို့ ပြေးဝင်သွားသည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် အဟုန်ကြောင့်ပင် နတ်ဆိုးအရပ်သားများနှင့် စစ်သားများစွာမှာ အသားစိုင်များအဖြစ် ကြေမွသွားကြရသည်။
ဒိုင်း! ဒိုင်း! ဒိုင်း!
ရှန်မို၏နောက်တွင် ကျင့်ကြံသူ အများအပြားမှာလည်း ကောင်းကင်မှ ဆင်းသက်လာကြပြီး ဤမျိုးနွယ်စုငယ်လေးအတွင်းသို့ ရောက်ရှိလာကြသည်။ ဤမျိုးနွယ်စုမှာ ဝံပုလွေမြေခွေး မျိုးနွယ်စု ဖြစ်သည်။ ၎င်းတို့သည် ဝံပုလွေမျိုးနွယ်၏ လက်အောက်ခံ မျိုးနွယ်စု တစ်ခုဖြစ်၏။ ဝံပုလွေမြေခွေးများမှာ ဉာဏ်ရည် ပိုမိုမြင့်မားသော်လည်း အင်အားနှင့် သွေးမျိုးဆက်ပေါ် မူတည်၍ အဆင့်အတန်း သတ်မှတ်သော နတ်ဆိုးနိုင်ငံတော်တွင် ဝံပုလွေမျိုးနွယ်ကသာ လွှမ်းမိုးထားဆဲဖြစ်သည်။
"နတ်ဆိုးအားလုံးကို သတ်ပစ်ကြ…တစ်ကောင်မှ မချန်နဲ့”
လီကျန်ထောင်းမှ ဟိန်းဟောက်လိုက်သည်။
"ဟုတ်ကဲ့”
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများက တစ်ပြိုင်တည်း ပြန်ထူးကြ၏။
စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းများမှာ ရှုပ်ထွေးစွာ ယှက်နွယ်နေတော့သည်။ ကျဆင်းလာသော အလင်းတန်းတိုင်းမှာ နတ်ဆိုးအမြောက်အမြားကို သေဆုံးစေလေသည်။
"အား!"
အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ ရုတ်တရက် အော်ဟစ်လိုက်မိသည်။ သူ့ရှေ့တွင် ဒူးခေါင်းလောက်ပင် မမြင့်သော ဝံပုလွေမြေခွေးကလေးတစ်ကောင်မှာ မျက်ရည်ဝိုင်းနေသော မျက်လုံးကြီးများဖြင့် သူမကို ကြည့်နေသည်။ ကြည့်ရသည်မှာ သူ့ကို မသတ်ရန် တောင်းပန်နေသည့်ပုံပင်။ သို့သော် အမျိုးသမီး ကျင့်ကြံသူ၏ စိတ်နှလုံးမှာ နူးညံ့သွားချိန်တွင်ပင် ထိုနတ်ဆိုးကလေးမှာ သူ၏ ခါးကြားမှ သွေးရောင်ကြည်လင်ကျောက်တစ်ခုကို ထုတ်ယူကာ ရက်စက်စွာဖြင့် လှမ်းပစ်လိုက်တော့၏။