ဒါကိုတွေ့ပြီးတာတောင် အသက်ရှင်ခွင့်ပေးဦးမှာလား
Vol. 25 Ch. 366
သွေးရောင်ကြည်လင်ကျောက်သည် လေထဲတွင် ပေါက်ကွဲသွားပြီး ကြက်သွေးရောင် အမှုန်အမွှားများအဖြစ် ပြန့်လွင့်သွား၏။ အမျိုးသမီးကျင့်ကြံသူသည် အလျင်အစလို ခုခံရန် ကြိုးစားလိုက်သော်လည်း ထိုအမှုန်များသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အနည်းငယ်သာ အဟန့်အတား ဖြစ်စေနိုင်ကြောင်း တွေ့လိုက်ရသည်။ ၎င်းက သူ့ကို အမှန်တကယ် မထိခိုက်စေနိုင်ပေ။
ဝံပုလွေမြေခွေးမျိုးနွယ်စုမှ ကလေးငယ်မှာမူ အလွန်ကြမ်းတမ်းလှပြီး နတ်ဆိုးဘာသာစကားဖြင့် အော်ဟစ်နေတော့သည်။
"မင်းတို့ကို သတ်ပစ်မယ်… သတ်ပစ်မယ်… ယုတ်ညံ့တဲ့ လူသားကျွန်တွေ"
ရှန်မိုမှ အသာအယာ သက်ပြင်းချရင်း လက်ချောင်းကို တောက်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင် တစ်စသည် ထိုကလေး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သူ၏ အသက်စွမ်းအင်အား ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။
"ငါတို့နဲ့ မျိုးနွယ်မတူတဲ့သူတွေဟာ သေချာပေါက် စိတ်ထားလည်း တူမှာမဟုတ်ဘူး… မင်းက တကယ်ပဲ သူ့အသက်ကို ချန်ထားပေးချင်တာလား"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်၏။
ချန်ယွမ်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး
"သူက ကလေးပဲ ရှိသေးတာလေ… ပြီးတော့ လူသားတွေကိုလည်း မသတ်ရသေးဘူး ထင်လို့..."
ရှန်မို စကားပြောရန် ပြင်နေစဉ်မှာပင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး အပြေးရောက်လာသည်။
“ခေါင်းဆောင်ငယ်… ဝံပုလွေမြေခွေးမျိုးနွယ်တွေ လူသားတွေကို ဖမ်းဆီးထားတဲ့ နေရာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ… ဒါပေမဲ့ အဲဒီလူတွေက..."
သူက ဆက်မပြောနိုင်ဘဲ စကားစပြတ်သွားသည်။
ရှန်မိုက ခေါင်းငြိမ့်ပြကာ
"ငါ့နောက် လိုက်ခဲ့ပါ… နတ်ဆိုးတွေ လူသားတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကို မြင်ပြီးရင်တော့ သူတို့တွေ အသက်ရှင်ဖို့ ထိုက်တန်သလား သေဖို့ ထိုက်တန်သလားဆိုတာ မင်း သိသွားလိမ့်မယ်"
သူ့စကားကြောင့် အမျိုးသမီးကျင့်ကြံသူလည်း ခေါင်းငြိမ့်ကာ လိုက်ပါသွားတော့သည်။
…
ခဏအကြာတွင် ရှန်မိုသည် မျိုးနွယ်စုငယ်လေး၏ မြေအောက်ထောင်သို့ ရောက်ရှိလာ၏။ ထိုနေရာသည် စိုထိုင်းမှောင်မိုက်နေပြီး ပိုးမွှားများ တွားသွားနေသည့်အသံများပါ ကြားနေရသည်။ ထောင့်တစ်နေရာတွင် အဝတ်အစားများ ချွတ်ယူခံထားရသော လူသားအမျိုးသမီး ဒါဇင်ပေါင်းများစွာသည် စုပြုံတိုးဝှေ့နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ညစ်ပေပြီး နံစော်နေတော့သည်။ ရှန်မိုနှင့် ကျင့်ကြံသူများ ရောက်လာသော်လည်း သူတို့မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ သူတို့၏ မျက်လုံးများမှာ ဝိညာဉ်ကင်းမဲ့နေသော အခွံလွတ်များကဲ့သို့ ထုံထိုင်းခြောက်သွေ့နေကြလေသည်။
ရှန်မိုမှ တည်ငြိမ်စွာဖြင့်
"ဝံပုလွေမြေခွေးမျိုးနွယ်တွေမှာ ဉာဏ်ရည်ရှိပေမဲ့ သူတို့ရဲ့ မျိုးပွားနိုင်စွမ်းက တခြားမျိုးနွယ်တွေလောက် မကောင်းဘူး… ဒါကြောင့် သူတို့က လူသားအမျိုးသမီးတွေကို သားဖောက်ပေးမယ့် ကိရိယာတွေအဖြစ် သုံးဖို့ စဉ်းစားခဲ့ကြတာ"
"မင်းက အမျိုးသမီးတစ်ယောက်၊ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်… မင်းရဲ့ ခန္ဓာကိုယ်က ပိုပြီး သန်မာတဲ့အတွက် အသေအလဲ အနှိပ်စက်ခံရဖို့ အလားအလာ ပိုများတယ်… အကယ်၍ မင်းသာ သူတို့လက်ထဲ ဖမ်းမိသွားရင် ဘာဖြစ်မလဲဆိုတာ တွေးဖူးလား”
အမျိုးသမီးကျင့်ကြံသူမှာ ချက်ချင်းပင် တစ်ကိုယ်လုံး တုန်တက်သွားပြီး ဦးရေပြားများပါ စိမ့်သွားတော့၏။ ရှန်မိုက ဆက်ပြောသည်။
"ဒါကို မြင်ပြီးရင်ရော ဝံပုလွေမြေခွေးကလေးရဲ့ အသက်ကို ချန်ထားချင်သေးရဲ့လား”
သူသည် ရှန်မိုကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်… ကျွန်မ နားလည်ပါပြီ… ဒီအမျိုးသမီးတွေကို အပြင်ထုတ်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေခိုင်းချင်ပါတယ်..."
သူ ထောင့်မှ အမျိုးသမီးများကို လှမ်းကြည့်လိုက်မိ၏။
"မျက်လုံးထဲမှာ အသက်ဓာတ်ကျန်နေသေးတဲ့သူတွေကိုတော့ အပြင်ထုတ်သွားပြီ… ဒါပေမဲ့ သူတို့ကတော့..."
ရှန်မို လက်ညှိုးထိုးပြကာ
"သူတို့မှာ တုံ့ပြန်မှုရှိတာ မြင်လား… သူတို့ထဲက အများစုက ဝူကျောက်က သာမန်လူတွေပဲ… မိသားစုတွေ ပျက်စီးပြီး ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့သူတွေ… တချို့ဆိုရင် လူသားကျွန်အဖြစ် ဒီမှာတင် မွေးဖွားကြီးပြင်းလာပြီး သာမန်လူသားဘဝဆိုတာ ဘာလဲတောင် မသိကြဘူး… သူတို့အတွက်တော့ သေခြင်းတရားဟာ အကောင်းဆုံး လွတ်မြောက်မှုပဲ"
အမျိုးသမီးကျင့်ကြံသူမှာ စွံ့အသွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ ရှန်မို လက်ဝှေ့ယမ်းပြလိုက်ရာ ဘေးမှ ကျင့်ကြံသူသည် အထိရောက်ဆုံးနှင့် နာကျင်မှု အနည်းဆုံးနည်းလမ်းဖြင့် ထိုသနားစရာကောင်းသော အမျိုးသမီးများအား တစ်ဦးချင်း အဆုံးစီရင်ပေးလိုက်တော့၏။ သူတို့ သေဆုံးသွားချိန်တွင် သူတို့၏ ဝိညာဉ်မဲ့မျက်လုံးများထဲ၌ စိတ်အေးချမ်းသွားသည့် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားခဲ့သည်။
…
မြေပြင်ပေါ် ပြန်ရောက်သောအခါ ကျင့်ကြံသူများစွာမှာ ရှန်မို၏ အနားသို့ စုရုံးလာကြသည်။
“ခေါင်းဆောင်ငယ်… ဝံပုလွေမြေခွေးမျိုးနွယ် အားလုံးကို သုတ်သင်ပြီးပါပြီ"
"ခန့်မှန်းခြေအရ ဒီမျိုးနွယ်စုမှာ အဖွဲ့ဝင် ခြောက်သောင်းနီးပါး ရှိပါတယ်။"
"နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦး”
ရှန်မိုက ခေါင်းငြိမ့်လိုက်ပြီး
"ကျင့်ကြံမှု အရင်းအမြစ်အားလုံးကို ယူလိုက်ကြ… ဒီနေရာကိုတော့ ပြာဖြစ်အောင် မီးရှို့ပစ်လိုက်… နတ်ဆိုးတွေအတွက် ဘာမှမချန်ခဲ့နဲ့"
သူ အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ရှန်မို တစ်ခုခုကို အာရုံခံမိ၍ အထက်သို့ မော့ကြည့်လိုက်ရာ သံချပ်ကာ တိမ်တိုက်သင်္ဘော (၁၀) စင်းမှာ သူတို့အပေါ်မှ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။ မူယုံးယွဲ့မှာ ရှန်မို၏ ဘေးသို့ ပျံသန်းရောက်ရှိလာပြီး
"မို... အဲဒါ နန်းတွင်းတပ်ဖွဲ့ပဲ… သူတို့က နောက်မှ ထွက်လာပေမဲ့ အရင်ရောက်အောင် သွားနေကြတာ… ငါတို့ရှေ့က လင်းယုန်မျိုးနွယ် အခြေချစခန်းကို အရင်လုဖို့ ကြိုးစားနေတာပဲ"
သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ရှန်မိုက လက်ဝှေ့ယမ်းပြလိုက်ပြီး
"သူတို့ သွားပါစေ… ဘာပဲဖြစ်ဖြစ် နတ်ဆိုးတွေကို သတ်နေကြတာပဲ မဟုတ်လား"
"တော်တော် အရှက်မရှိတာပဲ"
မူယုံးယွဲ့ သက်ပြင်းချကာ မကျေမနပ် ဆိုသည်။
ရှန်မိုမှ ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"ကုမင်ကတော့ တစ်ခုခု ချန်ထားခဲ့မှာ သေချာတယ်… သူတို့ကိုပဲ အဲဒီ မိုင်းကွင်းထဲကို အရင် ဝင်ခိုင်းလိုက်ကြတာပေါ့"
သူ့စကားကြောင့် မူယုံးယွဲ့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
သူတို့ စကားပြောပြီးသည်နှင့် မိုင်ပေါင်းထောင်ချီ အကွာအဝေးတွင် စူးရှသော အလင်းတန်းကြီးတစ်ခု တက်လာသည်။ ၎င်းမှာ တိမ်တိုက်သင်္ဘော (၁၀) စင်းလုံး တစ်ပြိုင်တည်း ပစ်ခတ်လိုက်သော စွမ်းအားပင်။ သို့သော် ထိုအလင်းတန်း ငြိမ်သွားသည်နှင့် ကောင်းကင်ကို တုန်ခါသွားစေသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာ၏။
"ငါဟာ နတ်ဆိုးနိုင်ငံတော်ရဲ့ မင်းသား (၁၀) ယင်းထီပဲ”
"အရှင်မင်းကြီးက မင်းတို့ တောင်ဘက်ကနေ ရုတ်တရက် တိုက်ခိုက်လာမယ်ဆိုတာ ကြိုသိနေပြီးသား… ဒါကြောင့် ငါ့ကို နဂါးသွေးအစောင့်အရှောက်တွေနဲ့အတူ ဒီမှာ ခြုံခိုတိုက်ဖို့ အမိန့်ပေးထားတာ”
"သတ်ကြ… လူသားကျွန် အားလုံးကို သတ်ပစ်ကြ"
ယင်းထီ၏ ဟိန်းသံမှာ မိုင်ပေါင်းထောင်ချီအထိ ပျံ့နှံ့သွားသဖြင့် ရှန်မိုတို့ပါ ရှင်းလင်းစွာ ကြားလိုက်ရသည်။
ရှန်မို ပခုံးတွန့်ပြလိုက်ရင်း
"တိုက်ပွဲ စတင်ပြီ ထင်တယ်"
မူယုံးယွဲ့မှာလည်း ရယ်မောမိလေ၏။
…
လူသားတပ်မတော်ကြီးမှာ သူတို့လမ်းကြောင်းပေါ်ရှိရာ အရာအားလုံးကို ရှင်းလင်းရင်း ရှေ့ဆက်တိုးခဲ့ကြသည်။ ယင်းထီနှင့် သူ၏ နဂါးသွေးအစောင့်အရှောက်များပင် လူသားကျင့်ကြံသူများ၏ အရှိန်ကို မတားဆီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင် လင်းယုန်နတ်ဆိုး အလောင်းများစွာကို ထားရစ်ခဲ့ပြီး၊ သံချပ်ကာ တိမ်တိုက်သင်္ဘော တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူတို့ကိုယ်တိုင်လည်း တောင်ဘက်သို့ အလျင်အစလို ဆုတ်ခွာသွားခဲ့ရသည်။
ညအချိန်ရောက်သော် သုံးဂိုဏ်းမဟာမိတ်သည် တောင်တန်းနှင့် ရေပြင်အနီးရှိ လွင်ပြင်တစ်ခုတွင် စခန်းချလိုက်ကြသည်။ တဲများအတွင်း၌ ကျင့်ကြံသူများမှာ စိတ်ဓာတ်တက်ကြွနေကြပြီး ယနေ့ ရရှိခဲ့သော အောင်မြင်မှုများကို အပြန်အလှန် ပြောဆိုနေကြသည်။
"ဟေ့... ငါ ဒီနေ့ ကျားနတ်ဆိုးဘုရင် နှစ်ကောင်ကို သတ်ခဲ့တယ်”
"ဒါက ဘာဆန်းလို့လဲ… ငါက ရွှေရောင်သရဖူ နတ်ဆိုးဘုရင် နှစ်ကောင်ကို သတ်ခဲ့တာ”
"ငါကတော့ ခေါင်းဆောင်ငယ် နောက်ကိုလိုက်ပြီး နတ်ဆိုးဘုရင် နှစ်ကောင်ကို ဝိုင်းသတ်ခဲ့တာ"
ကျင့်ကြံသူများမှာ နတ်ဆိုးနိုင်ငံတော်၏ မြို့တော်ကိုပင် သိမ်းပိုက်တော့မည့်အလား စိတ်လှုပ်ရှားစွာ ပြောဆိုနေကြ၏။
ရှန်မို၊ လီကျန်ထောင်း၊ ဝမ်မူချွမ်နှင့် ဝူယန်ယန်တို့မှာလည်း မီးပုံဘေးတွင် ထိုင်ကာ ပျော်ရွှင်စွာ စားသောက်နေကြလေသည်။
"ငါတို့ရဲ့ တပ်ဖွဲ့တွေ သတင်းပို့ချက်အရ နတ်ဆိုးနိုင်ငံတော်ရဲ့ အဓိကတပ်တွေက တောင်ပင်လယ် ရေနဂါးတွေကို တိုက်ခိုက်နေတုန်းပဲ… သူတို့ အခု ချက်ချင်း ပြန်ဆုတ်လာရင်တောင် ဒီကိုရောက်ဖို့ အနည်းဆုံး တစ်လလောက် ကြာဦးမှာ… ဒီကြားထဲမှာ ငါတို့ နတ်ဆိုးတွေကို ပိုပြီး သတ်နိုင်သေးတယ်”
ဝူယန်လန်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်လိုက်ပြီး သူ၏ ကံကြမ္မာစနစ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်တော့သည်။