ငါကိုယ်တိုင် ရွေးထားတဲ့သူပဲ
Vol. 25 Ch. 368
ဂိုဏ်းသုံးဂိုဏ်း မဟာမိတ်အဖွဲ့တွင် ကျောက်စိမ်းဂိုဏ်းမှ ဦးဆောင်ရမည်ဟူသော စည်းမျဉ်းကို အခိုင်အမာ သတ်မှတ်ထားခဲ့ကြသည်မှာ ကြာပြီဖြစ်၏။ ရှန်မိုသည် မိစ္ဆာမျိုးနွယ်စု၏ စစ်ကြောင်းသုံးကြောင်းကို တစ်ကိုယ်တော် အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည့် အချိန်မှစ၍ ကျောက်စိမ်းဂိုဏ်း၏ တကယ့်ဩဇာအရှိဆုံး ပုဂ္ဂိုလ်မှာ ရှန်မို ဖြစ်လာခဲ့လေသည်။
ယခုအခါ ရှန်မို ပြောသမျှသည် အမိန့်နှင့်မခြား ဖြစ်နေပြီး ကျောက်စိမ်းဂိုဏ်းအတွင်း သူ၏စကားကို ဖီဆန်ရဲသူ အလွန်နည်းပါးသွားပြီဖြစ်သည်။ သူ မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ ကျောက်စိမ်းဂိုဏ်းအနေဖြင့် ဤကိစ္စတွင် ပါဝင်မည်မဟုတ်ကြောင်း တိုက်ရိုက်ကြေညာလိုက်လေ၏။ ခေါင်းဆောင်ဖြစ်သူ လီကျန်ထောင်းကလည်း ရှန်မို့ကို အပြည့်အဝ ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ချက်ချင်းပင် လိုက်လျောခဲ့သည်။
ကျောက်စိမ်းဂိုဏ်း၊ ချန်ယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်းနှင့် နှင်းနန်းတော်ကြီးတို့ကပါ ပါဝင်မည်မဟုတ်ကြောင်း ကြေညာလိုက်သည်ကို မြင်သောအခါ ကျီချွမ်၏ မျက်နှာသည် သိသိသာသာ ပျက်သွားခဲ့၏။ သို့သော် သူ ဘာမှမပြောဘဲ သက်ပြင်းတိုးတိုးသာ ချလိုက်လေသည်။
ကျီချွမ်၏ ဘေးနားရှိ ကျင်းမင်းသားကမူ လှောင်ပြုံးပြုံးလျက်
"ကောင်းတယ်… မင်းတို့မပါတာကမှ ပိုကောင်းသေးတယ်”
“ငါတို့ရဲ့ စွမ်းအားနဲ့တင် ဒီဝက်ဝံမျိုးနွယ်စုကို အနိုင်တိုက်နိုင်တယ်… နတ်ဆိုးနိုင်ငံတော်ရဲ့ မင်းသား (၁၀) ကိုတောင် အရှင်ဖမ်းမိနိုင်ဦးမယ်… အဲ့ဒီအခါကျမှ နောင်တမရနဲ့ဦးနော်”
သူ ဒေါသတကြီး ပြောကာ လှည့်ထွက်သွားတော့သည်။
အကြောင်းရင်းကို အတိအကျမသိသော်လည်း ကျီချွမ်၏ စိတ်ထဲတွင် စိုးရိမ်စိတ်လေးတစ်ခု စတင်ဖြစ်ပေါ်လာ၏။ ရှန်မို စိုးရိမ်သလိုမျိုး ထိုမျိုးနွယ်စုကြီးထဲတွင် ကုမင်တစ်ယောက် ထောင်ချောက်ဆင်ထားခြင်းများ ဖြစ်နေမလားဟု တွေးမိသော်လည်း ခဏအကြာတွင် ထိုအတွေးကို ဖယ်ထုတ်လိုက်၏။ မည်သို့ပင်ဖြစ်စေ သူသည် ကြီးမြတ်သော စစ်ရေးအောင်မြင်မှုကို ရယူရမည်ဖြစ်သည်။ ၎င်းမှာ မိမိအတွက်မဟုတ်ဘဲ မိမိ၏ နောင်လာနောက်သားများအတွက်ဖြစ်လေသည်။ မဟုတ်ပါက သူ၏သားစဉ်မြေးဆက်များသည် မျက်နှာသာပေးခံရတော့မည်မဟုတ်ဘဲ တဖြည်းဖြည်း အဖယ်ကြဉ်ခံရကာ နောက်ဆုံးတွင် တော်ဝင်မျိုးနွယ်အဆင့်အတန်း ဆုံးရှုံးပြီး သာမန်လူတန်းစားများ ဖြစ်သွားလိမ့်မည်။ ၎င်းကို သူ အဖြစ်မခံနိုင်ပေ။
"သွားကြစို့"
ကျီချွမ် ခေါင်းယမ်းလိုက်ပြီး ကျင်းမင်းသားကဲ့သို့ ပြင်းထန်သော စကားမျိုးမပြောဘဲ လှည့်ထွက်သွားခဲ့၏။ လင်းတုန်းထျန်း၊ ရွှယ်ကျီယီ၊ ကျိုးမင်ယီနှင့် ဝမ်လန်တို့ကလည်း သူ့နောက်မှ လိုက်ပါသွားကြတော့သည်။
၎င်းတို့အားလုံး ထွက်ခွာသွားပြီးနောက် လီကျန်ထောင်း၊ ယန်ချီယဲ့၊ ထုန်ယွမ်နှင့် ဝူယန်လန်တို့ ရှန်မို့အနားသို့ စုရုံးလာကြ၏။ သူတို့အားလုံး ရှန်မို့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မူယုံးယွဲ့မှ ခပ်တိုးတိုး မေးလိုက်သည်။
"ရှန်... အခုတော့ တကယ့်အကြောင်းရင်းကို ငါတို့ကို ပြောပြလို့ရပြီမလား”
ရှန်မို ခေါင်းခါလျက်
"ကုမင်က အဲ့ဒီလောက်ထိ မမိုက်မဲပါဘူး… တခြားမျိုးနွယ်စုငယ်တွေက နတ်ဆိုးအားလုံးပေါင်းမှ တစ်သန်းတောင် မပြည့်ဘူး… ဒါပေမဲ့ ဒီဝက်ဝံမျိုးနွယ်စုကြီးမှာက တစ်သန်းကျော်နေပြီ… မင်းသား (၁၀) ယင်းထီတောင် ရှိနေသေးတယ်… ငါးစာက တန်ဖိုးကြီးလွန်းနေတယ်လေ… ဒါဟာ ငတ်မွတ်နေတဲ့သူတစ်ယောက်ရှေ့မှာ အငွေ့တထောင်းထောင်းနဲ့ အရသာရှိတဲ့ အစားအစာတစ်ပွဲ ချပေးထားသလိုပဲ"
လူတိုင်း စဉ်းစားစရာ ဖြစ်သွားကြသည်။ အခြေအနေများကို ပြန်တွေးကြည့်လျှင် အရာအားလုံးမှာ အလွန်အမင်း ချောမွေ့လွန်းနေ၏။ မျိုးနွယ်စုကြီးတစ်ခုနှင့် မင်းသားတစ်ပါးကို ငါးစာအဖြစ် သုံးထားခြင်းမှာ သေစေနိုင်သော အဆိပ်ရှိသည့် ငါးစာနှင့် ပိုတူနေသည်။
"မလောပါနဲ့… နောက်ရက်အနည်းငယ်နေရင် အဖြေသိရမှာပါ"
ရှန်မို လက်ဝှေ့ယမ်းပြလျက်
"ကျွန်တော်တို့ အဲ့ဒီမျိုးနွယ်စုကြီးကို မတိုက်ပေမဲ့ တခြားမျိုးနွယ်စုလတ်တွေကို တိုက်တာလည်း အတူတူပါပဲ… မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအားလုံး မြောက်ဘက်ကို ချက်ချင်းပြန်လှည့်ပါ… ဝိညာဉ်အသွင်ပြောင်းခြင်း နဲ့ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတွေပဲ စခန်းမှာ နေခဲ့မယ်… ငါတို့က နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ အတွင်းပိုင်းထဲထိ မဝင်ဘဲ ပတ်ဝန်းကျင်က နတ်ဆိုးတွေကိုပဲ ရှင်းလင်းသွားမယ်… ဒီလိုလုပ်ရင် ရရှိမယ့် စစ်သုံ့ပန်းနဲ့ ပစ္စည်းတွေ နည်းပေမဲ့ ဘေးကင်းတာကတော့ အားသာချက်ပဲ"
သူ အမိန့်ပေးလိုက်သည်။ အားလုံးကလည်း သဘောတူညီစွာ ခေါင်းငြိမ့်ပြကြ၏။
နောက်ရက်များတွင် သုံးဂိုဏ်းမဟာမိတ်သည် ရှန်မို၏ စီမံချက်အတိုင်း စတင်လှုပ်ရှားခဲ့သည်။ အဆင့်နိမ့်ကျင့်ကြံသူများကို ဝူကျောက်စခန်းသို့ ပြန်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးမျိုးနွယ်များကို နှိမ်နင်းကာ ကျင့်ကြံရေး အရင်းအမြစ်များကို သိမ်းဆည်းခဲ့ကြ၏။ ရှေ့တန်းမှ သတင်းများကလည်း အဆက်မပြတ် ရောက်ရှိလာသည်။ ကျီချွမ် ဦးဆောင်သော စစ်ကြောင်းသည် တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်နေပြီး လမ်းတစ်လျှောက်ရှိ နတ်ဆိုးများသည်လည်း လုံးဝခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသူသေ၊ ဝက်ဝံမျိုးနွယ်စုကြီးဆီသို့ ထွက်ပြေးသူပြေး ဖြစ်နေကြလေ၏။
ရက်အနည်းငယ်အတွင်း ထိုမျိုးနွယ်စုကြီးရှိ နတ်ဆိုးအရေအတွက်သည် ၁.၂ သန်းအထိ လျော့ကျသွားခဲ့သည်။ အောင်မြင်မှုများ ဆက်တိုက်ရနေသောကြောင့် လူများစွာ၏ စိတ်ကူးများ ပြောင်းလဲလာကြသည်။ တောင်ဘက်သို့ ချီတက်သွားသူများသည် မိမိတို့ ရွေးချယ်မှု မှန်ကန်သည်ဟု ယုံကြည်နေကြပြီး၊ သုံးဂိုဏ်းမဟာမိတ်နှင့် နှင်းနန်းတော်မှ ကျင့်ကြံသူများမှာမူ မနာလိုဖြစ်လာကြ၏။ အချို့မှာ ရှန်မို့ကို ကွယ်ရာတွင် စိတ်ထဲမှ မကျေမနပ်ပင် ဖြစ်လာကြသည်။ ရှန်မိုကမူ ထိုအခြေအနေများကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်၍ ဂရုမစိုက်ပေ။
တောင်ဘက်ပင်လယ်၊ နဂါးနန်းတော်။
ခမ်းနားထည်ဝါသော အဆောက်အအုံများသည် မြေလှန်ဖျက်ဆီးခြင်း ခံထားရ၏။ လှပသော သန္တာကျောက်တန်းများနှင့် ကမာခွံများသည် အမှုန်အမွှားများအဖြစ် ပင်လယ်ရေထဲတွင် လွင့်မျောနေသည်။ နဂါးများ၊ နဂါးမျိုးနွယ်စုဝင်များနှင့် ရေသတ္တဝါနတ်ဆိုးများ၏ အလောင်းများသည် ရေပေါ်တွင် ပေါ်နေပြီး သွေးများကြောင့် ပင်လယ်တစ်ခုလုံး နီရဲနေ၏။
ကုမင်မှာ နဂါးနန်းတော်အတွင်းသို့ လျှောက်လှမ်းလာပြီး ပုံဆောင်ခဲ ပလ္လင်ထက်တွင် ထိုင်လိုက်သည်။ အဝေးမှကြည့်လျှင် ပုံဆောင်ခဲပလ္လင်ပေါ်တွင် ထိုင်နေသော ရွှေရောင်ဝတ်စုံနှင့် သူသည် အလွန်ပင် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်နေသည်။
"မာလွန်းတယ်… တောင်ဘက်ပင်လယ်ဘုရင်က နေ့တိုင်း ဒီလိုနေရာမျိုးမှာ ထိုင်နေတာလား"
ကုမင် ခေါင်းယမ်းလိုက်ပြီး ထိုနေရာတွင် ကြာကြာမနေဘဲ ဖြည်းညှင်းစွာ ထရပ်လိုက်၏။ ထိုစဉ် နဂါးသွေးမျိုးနွယ် စစ်သည်တစ်ဦး အမြန်ဝင်လာပြီး အရိုအသေပေးလျက်
"အရှင်မင်းကြီး… တောင်ဘက်ပင်လယ်ဘုရင်၊ ကြင်ယာတော်နဲ့ မင်းသား (၂) တို့ အနောက်မြောက်ဘက်ကို ထွက်ပြေးသွားပါပြီ… ကျန်တဲ့ နဂါးတွေကတော့ လက်နက်ချတာ ဒါမှမဟုတ် အသေခံတာတွေ လုပ်ကုန်ပါပြီ… တခြား ရေမိစ္ဆာအားလုံးကတော့ အညံ့ခံဖို့ ရွေးချယ်ကြပါတယ်"
ကုမင် အေးစက်စွာ ခေါင်းငြိမ့်ပြပြီး
“ကိစ္စမရှိဘူး… အနောက်ဘက်ပင်လယ်ဘုရင်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်… အားလုံး အဆင်ပြေသွားရင် အနောက်ဘက်ပင်လယ်ဘုရင်က ထွက်ပြေးသွားတဲ့ နဂါးသုံးကောင်ကို ဖမ်းပြီး နတ်ဆိုးမြို့တော်ဆီ ပို့ပေးလိမ့်မယ်"
စစ်သည်မှ ဆက်လက်တင်ပြ၏။
"အရှင်မင်းကြီး… လူသားကျင့်ကြံသူတွေ တောင်ဘက်ကို ချီတက်လာပြီး ဝက်ဝံဘုရင်ရဲ့ မျိုးနွယ်စုကို တိုက်ခိုက်နေပါပြီ… ဒါပေမဲ့ သူလျှိုတွေရဲ့ သတင်းပေးချက်အရ သုံးဂိုဏ်းမဟာမိတ်နဲ့ နှင်းနန်းတော်ကတော့ အဲ့ဒီတိုက်ပွဲမှာ မပါဝင်ဘူးလို့ သိရပါတယ်"
ကုမင် အနည်းငယ် ပြုံးလိုက်ပြီး
"ဒါဟာ ရှန်မို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်"
သူ သက်ပြင်းတိုးတိုးချလျက်
"သူက ငါကိုယ်တိုင် ရွေးချယ်ထားတဲ့သူပဲ… စွမ်းအားနဲ့ အလားအလာရှိရုံတင်မကဘဲ ဉာဏ်ပညာလည်း အရမ်းကြီးမားတာပဲ… နှမြောစရာကောင်းတာက သူသာ အဲ့ဒီတိုက်ပွဲမှာ ပါလာရင် ငါ့ရဲ့ ကိုယ်ပွားဝိညာဉ်နဲ့ ချက်ချင်းသွားပြီး သူ့ကို သတ်လိုက်မှာ… ဒါပေမဲ့ သူက မသွားဖို့ ရွေးချယ်လိုက်တော့ ငါလည်း သွားစရာမလိုတော့ဘူး"
"ဝက်ဝံဘုရင်ဆီ သတင်းပို့လိုက်… စီမံချက်အတိုင်း ဆက်လုပ်ဖို့… သူ သတ်နိုင်တဲ့ လူသား ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ တစ်ယောက်ချင်းစီအတွက် ငါ့ရဲ့ သွေးအနှစ် အနည်းငယ်စီ ဆုချမယ်လို့ ပြောလိုက်… ပြီးတော့ လူသားတွေရဲ့ သံချပ်ကာ သင်္ဘောတွေကို အကုန်မဖျက်ဆီးပစ်ဖို့နဲ့ တစ်စင်းကိုတော့ မပျက်မစီး ချန်ထားခဲ့ဖို့ မှာလိုက်ပါ"
"အမိန့်အတိုင်းပါ"
စစ်သည်မှ ဖြေကြားကာ ထွက်ခွာသွားသည်။
…
ဝက်ဝံမျိုးနွယ်စုကြီး၏ အပြင်ဘက်။
သံချပ်ကာ မိုးတိမ်သင်္ဘော ကိုးစင်းနှင့် ကျင့်ကြံသူ အမြောက်အမြား ရောက်ရှိလာကြသည်။ ကောင်းကင်ယံတွင် တိမ်မည်းကြီးတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ထူထပ်နေ၏။ ကျင်းမင်းသားသည် အထက်စီးမှနေ၍ အောက်မှ နတ်ဆိုးမျိုးနွယ်ကို ငုံ့ကြည့်လိုက်သည်။ နတ်ဆိုးများသည် ဦးတည်ချက်မရှိဘဲ ဟိုပြေးဒီပြေး ဖြစ်နေကြသည်အား သူ တွေ့လိုက်ရ၏။
၎င်းတို့သည် သံချပ်ကာ သင်္ဘောများကို အလွန်အမင်း ကြောက်လန့်နေပုံရသည်။ အရင်က အဖျက်ဆီးခံလိုက်ရသည့် မျိုးနွယ်စုများမှ ထွက်ပြေးလာသူများ ဖြစ်သောကြောင့် ၎င်းတို့သည် အလွန်အမင်း ထိတ်လန့်နေကြပြီဖြစ်သည်။ ကျင်းမင်းသားမှ နှာခေါင်းရှုံ့လျက်
"သံချပ်ကာသင်္ဘောတွေရဲ့ စွမ်းအားကို မြင်ဖူးတဲ့သူတိုင်း ဒီလိုပဲ ကြောက်နေကြမှာပဲ"
သူ ကျီချွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ယနေ့တွင် ကျီချွမ်သည် ယခင်ကကဲ့သို့ ဖရိုဖရဲ ပုံစံမျိုးမဟုတ်ဘဲ တောက်ပသော စစ်ဝတ်စုံကို ဆင်မြန်းထား၏။ လွန်ခဲ့သော ရက်အနည်းငယ်က လူလေလူလွင့်တစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ ဗျူဟာခင်းကျင်းနေသော စစ်သူကြီးကြီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ ပုံစံမှာ လုံးဝပြောင်းလဲသွားလေပြီ။
ကျင်းမင်းသားတင်မကဘဲ လင်းတုန်းထျန်း၊ ရွှယ်ကျီယီနှင့် ကျိုးမင်ယီတို့ပါ ခဏတာ မှင်သက်သွားကြသည်။ သူတို့သည် အလောင်းတောင်ပုံ သွေးပင်လယ်ထဲမှ ထွက်လာသော စစ်သူကြီးတစ်ဦးကို မြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
"အချိန်ရောက်ပြီ… တိုက်ခိုက်ကြ”
ကျီချွမ်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို သုံး၍ အမိန့်ပေးလိုက်ရာ သူ၏အသံ ဟိန်းထွက်သွားသည်။
"အားလုံး တပြိုင်နက် ပစ်ခတ်ဖို့ ပြင်ဆင်ကြ"
ကျင်းမင်းသားကလည်း ချက်ချင်းပင် အော်ဟစ်အမိန့်ပေးလိုက်သည်။ သံချပ်ကာ မိုးတိမ်သင်္ဘော ကိုးစင်း၏ အရှေ့ဘက်အဖျားများတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ စတင်တောက်ပလာခဲ့သည်။ ကျင့်ကြံသူများသည်လည်း နတ်ဆိုးများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် သင်္ဘောများ၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြသည်။ ခဏအကြာတွင် သင်္ဘောကိုးစင်းလုံး၏ စွမ်းအင်များ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းကြီးများ အရှိန်အဟုန်ဖြင့် စတင်ပစ်လွှတ်လိုက်ကြလေတော့သည်။