← Chapters

အားလုံး ထွက်ပြေးခြင်း

Vol. 25 Ch. 369

အားလုံး ထွက်ပြေးခြင်း

Vol. 25 Ch. 369

သို့သော်လည်း မျိုးနွယ်စုအတွင်းမှ သွေးနီရောင် အကာအကွယ်အတားအဆီးတစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုအတားအဆီးမှာ မှောက်ထားသော ဧရာမ ပန်းကန်လုံးကြီးတစ်လုံးကဲ့သို့ အောက်ခြေမြေပြင်ကို လွှမ်းခြုံထားလေသည်။ လူသားကျင့်ကြံသူများသာမက နတ်ဆိုးမျိုးနွယ်ဝင် အများအပြားပင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

ဝုန်း!

စွမ်းအင်တိုင်လုံးကြီးက အတားအဆီးကို ထိမှန်သွား၏။ အံ့ဩစရာကောင်းသည်မှာ ထိုစွမ်းအင်တိုင်သည် ဖောက်ထွက်မသွားဘဲ အတားအဆီးကြောင့် တန့်သွားလေသည်။ အတားအဆီး၏ မျက်နှာပြင်ပေါ်တွင် ဂယက်များ ထသွားပြီး တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ သို့သော် စွမ်းအင်တိုင် ကိုးခုစလုံး တောက်ပမှု ပျောက်ကွယ်သွားကာ လုံးဝအားကုန်သွားသော်လည်း အတားအဆီးမှာမူ ကြံ့ကြံ့ခံ မြဲမြံနေဆဲပင်။

လူသားကျင့်ကြံသူများ တုံ့ပြန်ရန် အချိန်မရမီမှာပင် မျိုးနွယ်စုအတွင်းမှ ထိတ်လန့်ဖွယ် သွေးနီရောင် အလင်းတန်းကြီး နှစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုစီမှာ အချင်း ပေတစ်ရာကျော် ရှိ၏။ လင်းတုန်းထျန်း၊ ရွှယ်ကျီယီနှင့် အခြားသူများလည်း လွှမ်းမိုးထားသော ခြိမ်းခြောက်မှုကို ချက်ချင်း ခံစားလိုက်ရ၏။ ထိုအခါ သူတို့ ခုခံရန်အတွက် မိမိတို့၏ ကာကွယ်ရေးကိုယ်ခံပညာများကို အလျင်အမြန် ထုတ်ဖော်လိုက်ကြသည်။

ကျီချွမ်၏ သူငယ်အိမ်မှာ ကျုံ့သွားပြီး

"ကာကွယ်ရေး အစီအရင်ကို ဖွင့်ကြ… မြန်မြန်"

သူ အားကုန်အော်ဟစ်လိုက်သည်။

သို့သော် သူ၏ သတိပေးမှုမှာ နောက်ကျသွားခဲ့ပြီ။

ဝုန်း!

သွေးနီရောင် အလင်းတန်းကြီးများ အဟုန်ဖြင့် ပြေးထွက်သွား၏။ ခဏချင်းအတွင်းမှာပင် ထိုအလင်းတန်းများသည် သံချပ်ကာ မိုးတိမ်သင်္ဘော ကိုးစင်းနှင့် ကျင့်ကြံသူ အမြောက်အမြားကို ဝါးမြိုသွားတော့သည်။ စူးရှသော သွေးနီရောင်အလင်းတန်းများကြားတွင် နာကျင်စွာ အော်ဟစ်သံများ ပေါ်ထွက်လာလေ၏။

နတ်ဘုရားပြောင်းလဲအဆင့်ရှိ ကျင့်ကြံသူများသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သေးသော်လည်း ခြေတည်အဆင့် နှင့် မြုတေဖွဲ့စည်းခြင်းအဆင့် ရှိသူများမှာ ရွှေသရဖူဆောင်း ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သံချပ်ကာ မိုးတိမ်သင်္ဘောများကိုသာ အားကိုးရန် ရှိတော့သည်။ သို့သော် သံချပ်ကာ သင်္ဘောများသည်လည်း တိုက်ခိုက်မှုများကို ခုခံထားရသဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများမှာ ကုန်ဆုံးနေပြီဖြစ်သည်။ ယခုအချိန်သည် ထိုကျောက်တုံးများကို အစားထိုးရန် လိုအပ်နေချိန် ဖြစ်၏။

ဤသွေးနီရောင် အလင်းတန်းနှစ်ခုမှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် မည်သူမျှ မျှော်လင့်မထားကြပေ။ နတ်ဆိုးနိုင်ငံတော်၏ အဓိကတပ်မတော်မှာ တောင်ဘက်ပင်လယ်တွင် ရှိနေသည်မှာ ရှင်းလင်းလှ၏။ အလွန်ဆုံးရှိလျှင် ဤမျိုးနွယ်စုကြီး၌ နတ်ဆိုးဧကရာဇ် နှစ်ပါးသာ ရှိသင့်သည်။ ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုး ဤနေရာမှ မည်သို့ ထွက်ပေါ်လာနိုင်သနည်း။

ကျီချွမ်၊ ရွှယ်ကျီယီတို့ ပါလာသော သင်္ဘောမှာမူ စည်းကမ်းရှိလှသဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းလဲနိုင်ခဲ့ပြီး ကာကွယ်ရေး အစီအရင်ကို အနိုင်နိုင် ဖွင့်နိုင်ခဲ့သည်။ သို့သော် အခြားသင်္ဘောများမှာမူ ကံမကောင်းကြရှာပေ။ ဤမျှ ရုတ်တရက်ဆန်ပြီး ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သွေးနီရောင် အလင်းတန်းများ ဝါးမြိုသွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ကြချေ။

ဝုန်း! ဝုန်း! ဝုန်း!

သံချပ်ကာ မိုးတိမ်သင်္ဘော လေးစင်းသည် အပြင်းအထန် ပေါက်ကွဲကာ မြေပြင်သို့ တိုက်ရိုက် ပျက်ကျသွားသည်။ သင်္ဘောပေါ်ပါ ကျင့်ကြံသူ အများစုမှာ ချက်ချင်း သေဆုံးသွားကြပြီး ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ခဲ့၏။ အသေအပျောက်မှာ အလွန်ပင် များပြားလှသည်။

ရှုး! ရှုး!

ရုတ်တရက် မျိုးနွယ်စုအတွင်းမှ ပုံရိပ် (၁၀) ခု ကောင်းကင်သို့ ပျံတက်လာပြီး လေထဲတွင် ရပ်တန့်နေသည်။ သူတို့ တစ်ဦးစီမှ လွှမ်းမိုးထားသော စွမ်းအင်များမှာ သွေးဆာနေသည့် နတ်ဆိုးဘီလူးကြီးများကဲ့သို့ပင်။ အထူးသဖြင့် ရှေ့ဆုံးမှ နတ်ဆိုးဧကရာဇ် နှစ်ပါးမှာ ခန္ဓာကိုယ် ကြီးမားလှသဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နေလေ၏။

ဘယ်ဘက်တွင် ပေငါးဆယ်ကျော် ရှည်လျားသော ရွှေရောင်အတောင်ပံများဖြင့် ဧရာမ လင်းယုန်ကြီး ရှိနေပြီး သူကား နတ်ဆိုးနိုင်ငံတော်၏ မင်းသား (၁၀) ယင်းထီ ဖြစ်သည်။ ညာဘက်တွင်မူ ပေရှစ်ဆယ်ကျော် မြင့်မားသော ဝက်ဝံနက်ကြီး ရှိနေ၏။ သူ၏ ရင်ဘတ်ပေါ်တွင် အဖြူရောင် လခြမ်းပုံ အမှတ်အသား ရှိပြီး လည်ပင်းတွင် ပုတီးကဲ့သို့သော အဖြူရောင် အစေ့အဆန်များ ဆွဲထား၏။ အနည်းဆုံး ငါးရာခန့် ရှိလောက်မည်။ သို့သော် အနီးကပ်ကြည့်လျှင် ၎င်းတို့မှာ ပုတီးစေ့များ မဟုတ်ဘဲ အရေခွံဆုတ်ထားသော လူသားခေါင်းခွံခြောက်များ ဖြစ်နေလေသည်။ ၎င်းတို့အား သီကုံးကာ လည်ဆွဲအဖြစ် ဝတ်ဆင်ထားခြင်းပင်။

ဤစက်ဆုပ်ဖွယ် ကောင်းလှသော အဆောင်အယောင်ကြောင့် ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ သူကား နတ်ဆိုးနိုင်ငံတော်၏ နာမည်အကြီးဆုံး နတ်ဆိုးဧကရာဇ် တစ်ပါးဖြစ်သည့် ရှုံလွမ်းပင် ဖြစ်သည်။

လင်းတုန်းထျန်း၊ ရွှယ်ကျီယီနှင့် အခြားသူများမှာ အလွန်တုန်လှုပ်သွားကြပြီး ကျီချွမ်၏ မျက်လုံးများတွင်မူ ဒေါသများ တောက်လောင်နေ၏။

ရှုံလွမ်းမှာ တောင်ဘက်ပင်လယ်တွင် ကုမင်ကို ကူညီနေရမည် မဟုတ်ပါလား။ ဤနေရာသို့ မည်သို့ ရောက်လာသနည်း။

ရှုံလွမ်းမှာ အလွန်အစွမ်းထက်သော ရွှေသရဖူဆောင်း ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း အားလုံးသိကြ၏။ ဝက်ဝံနတ်ဆိုးများပင် သူ့ခွန်အားကြီးမားမှုကို အကြောက်ရဆုံး ဖြစ်သည်။ သူ၏ လက်ဝါးတစ်ချက်မှာ တောင်တစ်လုံးကိုပင် အက်ကွဲစေနိုင်လေ၏။ နတ်ဆိုးအများစု၏ အမြင်တွင် ရှုံလွမ်းမှာ ကုမင်အောက်တွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူသည် ဧကရာဇ် ဖြစ်သင့်သူဟု ကောလာဟလများပင် ရှိခဲ့သော်လည်း သူကိုယ်တိုင်က ကုမင်ကို မယှဉ်နိုင်ကြောင်း ဝန်ခံကာ ပလ္လင်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်၏။

ရှုံလွမ်းသည် လူသားကျင့်ကြံသူများ မျက်နှာပျက်နေသည်ကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လူသားတွေ… မင်းတို့ ဒါကို မျှော်လင့်မထားဘူးမလား… ငါ တောင်ဘက်ပင်လယ်မှာ ရှိနေတုန်းပဲလို့ ထင်နေတာလား… တကယ်တော့ အဲ့ဒီမှာရှိနေတာ ငါ့ရဲ့ ကိုယ်ပွားပဲ… ငါ့ရဲ့ ကိုယ်အရင်းက ဒီမှာ ရှိနေတာ”

"ဒီနတ်ဆိုးဧကရာဇ်တွေဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက တောင်ဘက်ပင်လယ်ကနေ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာလာခဲ့ကြတာ… မင်းတို့ လူသားတွေ နတ်ဆိုးနိုင်ငံတော်ရဲ့ အဓိကတပ်မတော် အလုပ်ရှုပ်နေချိန်ကို အခွင့်ကောင်းယူပြီး တောင်ဘက်ကို အလုံးအရင်းနဲ့ စစ်ချီလာမယ်ဆိုတာ အရှင်မင်းကြီး ခန့်မှန်းထားတာ ကွက်တိပဲ”

ကျင်းမင်းသား၏ မျက်နှာ အလွန်ပင် ပျက်ယွင်းသွားပြီး

"စစ်သူကြီး… အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"

သူ ကျီချွမ်ကို မေးလိုက်သည်။

ကျီချွမ်၏ ပေါ့ပေါ့ပါးပါး နေလေ့ရှိသော ပုံစံမှာ ပျောက်ကွယ်သွားပြီး မလှုပ်မယှက်သော ပြတ်သားမှုများ အစားထိုးဝင်ရောက်လာ၏။

"တပ်ဆုတ်ကြ”

"ငါနဲ့အတူ နောက်တန်းကနေ ခုခံပေးဖို့ ဘယ်သူတွေ စိတ်ဝင်စားလဲ”

ကျီချွမ် ဟိန်းဟောက်လိုက်သည်။

ကျင်းမင်းသားမှာ ပထမတော့ စိတ်သက်သာရာရသွားသော်လည်း ကျီချွမ်၏ နောက်ပိုင်းစကားကို ကြားသောအခါ မှင်သက်သွား၏။ နောက်တန်းတွင် ကျန်ခဲ့ခြင်းမှာ မိမိဘာသာ သေမိန့်လက်မှတ် ထိုးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် အဓိကစစ်သူကြီးဖြစ်သူ ကျီချွမ် သေဆုံးသွားပါက ဒုတိယစစ်သူကြီးဖြစ်သော သူက တာဝန်ယူရမည် မဟုတ်ပါလား။

"မဖြစ်ဘူး… မင်း သေလို့မရဘူး… ငါနဲ့ လိုက်ခဲ့… ငါတို့မှာ ဆုတ်ခွာဖို့ အချိန်ရှိသေးတယ်”

ကျင့်မင်းသား ကျီချွမ်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

သို့သော် ကျီချွမ်သည် တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် ရှိနေ၏။

"ငါ ထွက်သွားလို့ မရဘူး… ငါက အပြစ်သား ဖြစ်နေပြီ"

"ငါတို့ ဒီတစ်ခါတော့ နတ်ဆိုးတွေရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ… သင်္ဘော ဆယ်စင်းမှာ ငါးစင်း ဆုံးရှုံးသွားရပြီ… ငါ့ရဲ့ အပြစ်က ခွင့်လွှတ်လို့မရဘူး… အရှင်မင်းကြီးက ငါ့ကို သေဒဏ်ပေးမှာပဲ… ဒါပေမဲ့ ငါ တိုက်ပွဲမှာ သေခဲ့ရင်တော့ အရှင်မင်းကြီးက ငါ့ရဲ့ မိသားစုကို သက်ညှာပေးလိမ့်မယ်"

ကျီချွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းကတော့ မတူဘူး… မင်းက အရှင်မင်းကြီးရဲ့ ညီအရင်းပဲ… မင်းကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး… ပြေးတော့... ပြေးကြတော့"

သူသည် ရှုံလွမ်းဘက်သို့ ကြည့်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။

"ရှန်မို… ရှန်မို... မင်း ခန့်မှန်းခဲ့တဲ့အတိုင်းပဲ ဖြစ်လာခဲ့တယ်… ဒီမှာ တကယ်ပဲ ထောင်ချောက်ရှိနေခဲ့တာပဲ..."

"အရှင်… ကျွန်တော်တို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို လဲလှယ်ပြီးပါပြီ… အချိန်မရွေး အမြန်ဆုံး ဆုတ်ခွာနိုင်ပါတယ်"

ကျင့်ကြံသူတစ်ဦးမှ အော်ပြော၏။

"မြန်မြန်… အခုချက်ချင်း ဆုတ်ကြတော့"

ကျင်းမင်းသားမှ ဟိန်းဟောက်လိုက်သည်။

ဝူး! ဝူး! ဝူး!

သင်္ဘောလေးစင်း လှည့်ထွက်ကာ အမြန်ဆုံး ထွက်ပြေးရန် ပြင်ဆင်ကြလေ၏။ လင်းတုန်းထျန်း၊ ရွှယ်ကျီယီတို့မှာ သင်္ဘောဦးတွင် ရပ်၍ ကျီချွမ်ကို ရှုံလွမ်းနှင့် ရင်ဆိုင်ရန် လေထဲတွင် ရပ်နေသည်အား ကြည့်ကာ စိတ်မကောင်း ဖြစ်နေကြသည်။

"သူတို့ကို အလွတ်မပေးနဲ့”

ရှုံလွမ်း ဟိန်းဟောက်လိုက်သည်။

ကြွေကျနေသော ဥက္ကာခဲတစ်ခုကဲ့သို့ သူသည် ဆုတ်ခွာနေသော သင်္ဘော လေးစင်းဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

"အရှင်… ကျွန်တော်တို့ ကူညီပါရစေ”

ပဉ္စမမြောက် သင်္ဘောမှာမူ ဆုတ်မပြေးဘဲ ကျီချွမ်ရှိရာဘက်သို့ အဟုန်ဖြင့် ဦးတည်သွားကာ ရှုံလွမ်းနှင့် ထိပ်တိုက် တိုက်မိရန် ကြိုးစားလိုက်သည်။

ကျီချွမ်သည် ချဉ်းကပ်လာသော သင်္ဘောကို ကြည့်ကာ ပြုံးလိုက်သည်။

"ကောင်းတယ်… မင်းက တကယ့် ရွှေစစ်သူကြီး တစ်ယောက်ပဲ”

ထိုသင်္ဘော၏ ကပ္ပတိန်မှာ မြူခိုးပြည်နယ်၏ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ရွှေစစ်သူကြီးများထဲမှ တစ်ဦး ဖြစ်သည်။ ချန်းမင်တောင်ကြား တိုက်ပွဲအတွင်း တစ်တပ်လုံး နီးပါး ပျောက်ကွယ်သွားသော်လည်း သူကတော့ အသက်ရှင်ခဲ့သူ ဖြစ်သည်။

"သံချပ်ကာ သင်္ဘော အစုတ်လေး တစ်စင်းတည်းနဲ့..."

ရှုံလွမ်း နှာခေါင်းရှုံ့လိုက်သည်။

သူ့ဧရာမ လက်ဝါးကြီးကို မြှောက်လိုက်ရာ သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းနေသော လက်သည်းကြီးဖြင့် ရိုက်ချလိုက်သည်။ တစ်ချက်တည်းဖြင့် သင်္ဘော၏ ကာကွယ်ရေး အစီအရင်မှာ ပျက်စီးသွားတော့၏။ သင်္ဘောပေါ်ရှိ အဆင့်နိမ့်ကျင့်ကြံသူ အားလုံးမှာ သွေးနှင်းများအဖြစ် ပေါက်ကွဲသွားကြသည်။ ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ တစ်ဦးနှင့် ဝိညာဉ်သန္ဓေအဆင့် အနည်းငယ်သာ သင်္ဘောကို ဆက်လက် မောင်းနှင်နိုင်ရန် အနိုင်နိုင် ကြိုးစားနေကြသည်။

"ငါ သေရမယ်ဆိုရင်တောင် တိုက်ခိုက်ရင်း သေမယ်”

ရွှေစစ်သူကြီးမှ အော်ဟစ်ကာ သင်္ဘော၏ အရှိန်ကို အမြင့်ဆုံးတင်ပြီး ရှုံလွမ်းဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ကျီချွမ် အားရပါးရ ရယ်မောကာ သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်။

"ငါတို့ သေရမယ်ဆိုရင်လည်း ခန့်ခန့်ညားညားပဲ သေကြတာပေါ့"

ရှုံလွမ်း စိတ်ပျက်စွာဖြင့်

"တောက်… ဒီလူသားတွေ ရူးနေကြတာပဲ"

ထို့နောက် သံချပ်ကာ သင်္ဘောနှင့် အသေခံ တိုက်မိမည့်အရေးကို သူကိုယ်တိုင်ပင် ထိပ်တိုက် မရင်ဆိုင်ရဲသဖြင့် ရှောင်တိမ်းလိုက်ရတော့သည်။

All Chapters