← Chapters

နတ်ဆိုးသွေးအနှစ်နှင့် အဆင့်တက်ခြင်း

Vol. 25 Ch. 370

နတ်ဆိုးသွေးအနှစ်နှင့် အဆင့်တက်ခြင်း

Vol. 25 Ch. 370

သိပ်သည်းလှသော တောအုပ်ကြီးထဲတွင် ပုံရိပ်တစ်ခုမှာ မြင့်မားလှသော သစ်ပင်ကြီးများကြား၌ အံ့မခန်း လျင်မြန်ဖျတ်လတ်သော အရှိန်ဖြင့် လှုပ်ရှားနေ၏။ မြူခိုးပြည်နယ်၏ စိုစွတ်သော ရာသီဥတုကြောင့် သစ်ပင်များသည် ထူးထူးခြားခြား ဖြစ်ထွန်းနေသည်။ နတ်ဆိုးမျိုးနွယ်စုများမှာ သစ်ပင်များကို မဆင်မခြင် ခုတ်လှဲလေ့ရှိသော်လည်း ၎င်းတို့မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သောနှုန်းဖြင့် ပြန်လည်ကြီးထွားလာတတ်၏။

ခဏအကြာတွင် ထိုပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အကြည့်မှာ အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားဆီသို့ ရောက်သွား၏။ ထိုနေရာတွင် ဧရာမ ငှက်သိုက်ကြီးတစ်ခု ထင်ထင်ရှားရှား ရှိနေသည်။ ငှက်သိုက်ထဲမှ မည်းနက်သော ငှက်ကြီးနှစ်ကောင်က အသံရှည်ဆွဲ၍ အော်ဟစ်ရင်း တစ်ကောင်က အရှေ့ဘက်၊ နောက်တစ်ကောင်က အနောက်ဘက်သို့ ပျံသန်းသွားသည်အထိ သူ အသာစောင့်နေလိုက်သည်။

ငှက်ကြီးနှစ်ကောင် ဝေးဝေးသို့ ရောက်သွားသည်နှင့် သူသည် ငှက်သိုက်ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။ သိုက်ထဲတွင် ဖြူစင်သော ငှက်ဥကြီးနှစ်လုံး ရှိနေ၏။ ထိုအထဲတွင် လူသားအဝတ်အစားများ၊ အရိုးခြောက်များနှင့် အခြားသော အမှိုက်သရိုက်များလည်း ပြန့်ကျဲနေသည်။

"တွေ့ပြီ”

သူ၏ စူးရှသော မျက်လုံးများက အမှိုက်ပုံကို ဝေ့ဝဲကြည့်လိုက်ရာ ခဏအကြာတွင် သူ၏ မျက်နှာမှာ ပြတ်သားသွားသည်။ သူသည် သာမန်ဟု ထင်ရသော ပစ္စည်းတစ်ခုကို လှမ်းယူလိုက်ပြီး ပြန်လှည့်ထွက်ခဲ့၏။ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် တောနက်ကြီးထဲ၌ ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် လူသူရှင်းသော သစ်ကိုင်းတစ်ခုပေါ်၌ ရှန်မို ရပ်တန့်လိုက်သည်။ သူသည် လက်ထဲရှိ မီးခိုးရောင် ပုံဆောင်ခဲကျောက်တုံးလေးကို ကြည့်ကာ ပြုံးမိ၏။

"နတ်ဆိုးသွေးအနှစ်… ဒီလောက်တောင် သာမန်ပစ္စည်းတစ်ခုနဲ့ တူနေလိမ့်မယ်လို့ မထင်ထားဘူး””

ရှန်မို ခပ်တိုးတိုး ရယ်လိုက်သည်။ မြို့တော်တွင် ရှိစဉ်က လင်းတုန်းထျန်း၏ ကံကြမ္မာစနစ်ကို ကြည့်ရှုခဲ့ရာမှ သူရရှိမည့် ကံကောင်းမှုများကို ရှန်မို အလွတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနက် တစ်ခုမှာ ဤသစ်ပင်ကြီးပေါ်ရှိ ငှက်သိုက်ထဲတွင် ဝှက်ထားသော နတ်ဆိုးသွေးအနှစ်ပင် ဖြစ်သည်။

မူလဇာတ်လမ်းတွင် လင်းတုန်းထျန်းနှင့် သူ၏အဖွဲ့မှာ ရှုံလွမ်းနှင့် အခြားနတ်ဆိုးဧကရာဇ်များ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရပြီးနောက် သံချပ်ကာ သင်္ဘောများဖြင့် ထွက်ပြေးခဲ့ကြသည်။ သို့သော် အတွင်းလူ၏ သစ္စာဖောက်မှုကြောင့် နောက်ဆုံးသင်္ဘောပါ ပျက်စီးသွားပြီး လင်းတုန်းထျန်း ကောင်းကင်မှ ပြုတ်ကျကာ ဤငှက်သိုက်အနီးသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် သူသည် ကံကောင်းထောက်မစွာဖြင့် ဤနတ်ဆိုးသွေးအနှစ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ၎င်းမှာ ရှန်မို၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဆိုးသွေးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သော နတ်ဆိုးစွမ်းအင်များကို အစဉ်အမြဲ ထုတ်လွှတ်နေတတ်သည်။ သို့သော် ခန္ဓာကိုယ်မှ ကွဲကွာသွားပြီးနောက် သွေးပမာဏ အနည်းငယ်မှ စွမ်းအင်များ ကုန်ဆုံးကာ ခြောက်သွေ့သွားတတ်သည်။ ကမ္ဘာဦး၏ သဘာဝစွမ်းအင်များအောက်တွင် ထိုအရာများ ပေါင်းစုကာ ဖိသိပ်သွားပြီး နတ်ဆိုးသွေးအနှစ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထိုငှက်ကြီးနှစ်ကောင်မှာမူ ၎င်းကို အိမ်ဆောက်စရာ ပစ္စည်းတစ်ခုအဖြစ်သာ သုံးစွဲနေပုံရသည်။

လူသားကျင့်ကြံသူများအတွက် ဤပစ္စည်းကို စုပ်ယူရန် ခက်ခဲသော်လည်း နတ်ဆိုးပညာရပ်များကို လေ့ကျင့်ထားသူများအတွက်မူ ၎င်းမှာ အလွန်တန်ဖိုးရှိလှသည်။ ရှန်မိုမှာမူ ထိုပစ္စည်းကို ကိုယ်တိုင်သုံးရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ကိုးဘုံငရဲ ရေခဲမီးတောက်အတွက် ရယူခဲ့ခြင်း ဖြစ်လေ၏။

…

ရှန်မိုတစ်ယောက် သူ၏ ပုံရိပ်ငယ်ကို အာရုံစိုက်ကြည့်လိုက်ရာ ကိုးဘုံငရဲ ရေခဲမီးတောက်သည် နတ်ဆိုးသွေးအနှစ်၏ အငွေ့အသက်ကို သတိထားမိပြီး လှုပ်ရှားချင်နေသည်ကို တွေ့လိုက်ရသည်။ ရှန်မို၏ စိတ်အာရုံတစ်ခု တွေးလိုက်ရုံဖြင့် ကိုးဘုံငရဲ ရေခဲမီးတောက်မှာ သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ ၎င်းသည် နတ်ဆိုးသွေးအနှစ်ကို မြင်သည်နှင့် စပါးအုံးမြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ကာ တစ်ခါတည်း ဝါးမြိုလိုက်တော့၏။

"ဟူး... မင်း ငါ့ဆီမှာ ခိုကပ်နေတာ ကြာပြီ… နေ့တိုင်း ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စားသုံးနေတာ… အရင်ကလည်း နတ်ဆိုးနှလုံးသားတစ်ခု ကျွေးထားပြီးပြီ… အခုလည်း နတ်ဆိုးသွေးအနှစ်ကို ရှာပေးထားတယ်… မင်း ငါ့ကို တစ်ခုခု ပြန်ပေးသင့်ပြီ မထင်ဘူးလား”

ရှန်မို နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

ကိုးဘုံငရဲ ရေခဲမီးတောက်မှာ ရှန်မို၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်တော့မည့်ဆဲဆဲတွင် ရှန်မို၏ စကားကြောင့် ခေတ္တရပ်သွားကာ စဉ်းစားနေပုံရသည်။ ခဏအကြာတွင် မီးလျှံလေးတစ်ခု ခွဲထွက်လာပြီး ရှန်မို၏ ပါးကို နှစ်သိမ့်သည့်အလား လာရောက် ပွတ်သပ်လေ၏။

ရှန်မိုက လှောင်ပြုံးဖြင့်

"အဲ့ဒီလှည့်ကွက်က ငါ့အပေါ် မတိုးတော့ဘူး"

၎င်းမှာ အဆင့်မြင့် မိန်းမလှလေးများ အမျိုးသားများကို မြှူဆွယ်သည့် နည်းလမ်းနှင့် တူနေသည်။ မီးလျှံလေးမှာ လေထဲတွင် ခေတ္တမျှ တန့်သွားပြီးနောက် ရှုံးနိမ့်သွားသည့်အလား ရှန်မို၏ လက်ဖဝါးပေါ်တွင် အဖြူရောင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ခွေလိပ်သွားတော့သည်။

"မင်းသာ ငါ့အတွက် အသုံးမဝင်သေးဘူးဆိုရင် တခြားကပ်စားလို့ရမယ့်လူကို သွားရှာတာ ပိုကောင်းမယ်… မင်းကို ဒီလို အလကား ကျွေးထားမယ့်သူ ရှိ၊ မရှိ ကြည့်ရတာပေါ့"

ရှန်မို မကျေမနပ် ပြောလိုက်သည်။

ကိုးဘုံငရဲ ရေခဲမီးတောက်မှာ ခေတ္တ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် သူ၏ အမြုတေမှ အလွန်ဖျော့တော့သော မီးလျှံမျှင်လေးတစ်ခု ထွက်ပေါ်လာကာ ရှန်မို၏ နဖူးဆီသို့ ဦးတည်သွားသည်။ ထိုမီးလျှံမျှင်လေး ရှန်မို၏ နဖူးနှင့် ထိတွေ့လိုက်သည်နှင့်—

ရှန်မို၏ သိစိတ်မှာ အခြားသော အသိစိတ်တစ်ခုနှင့် ဆက်သွယ်သွားပြီး အနည်းငယ် အားနာနေသော ခံစားချက်ကို ရရှိလိုက်သည်။

"ငါ မှားသွားပါတယ်… နောက်တစ်ခါ မလုပ်တော့ပါဘူး ... ဒါနဲ့ နောင်မှာရော ဒီလိုပစ္စည်းတွေ ထပ်ရှိဦးမလားဟင်”

ရှန်မို စွံ့အသွားမိသည်။

"..."

ထို့နောက် မျက်ခုံးပင့်လိုက်ပြီး

"မင်းက ဒီလောက်တောင် ဉာဏ်ရည်ထက်မြက်နေပြီပေါ့"

ဤဉာဏ်ရည်မှာ ကြာနီမီးတောက် နှင့် နေစွမ်းအင်မီးတောက်တို့ထက်ပင် သာလွန်နေသည်။ ၎င်းတို့နှစ်ခုမှာ ကိုးဘုံငရဲ ရေခဲမီးတောက်ကို အစပိုင်းတွင် အနိုင်ကျင့်ခဲ့သော်လည်း ယခုအခါတွင်မူ ကိုးဘုံငရဲ ရေခဲမီးတောက်မှ ပြန်ဦ အသာစီးရနေပြီ ဖြစ်၏။

"နတ်ဆိုးသွေးအနှစ်က အရမ်းရှားတယ်… ထပ်ရှာပေးနိုင်မယ်လို့ ငါ အာမမခံဘူး"

ရှန်မိုက တည်ငြိမ်စွာ ပြောလိုက်သည်။

ကိုးဘုံငရဲ ရေခဲမီးတောက်မှ

“ဪ... ဒါဆိုရင် နောက်ကို ငါ့ကို လာမခေါ်နဲ့တော့… ငါ မရှိတော့ဘူး"

ထိုသို့ ပြန်ပြောကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ရှန်မို သူတို့၏ ဆက်သွယ်မှုမှတစ်ဆင့် မည်မျှပင် ခေါ်ဆိုစေကာမူ ၎င်းမှာ သေသွားသည့်အလား လုံးဝ ပြန်မထူးတော့ပေ။ ရှန်မိုမှ

"တောက်! နှောင့်ယှက်လိုက်တဲ့ မီးတောက်”

သူ ဆဲလိုက်သော်လည်း ပြုံးနေမိ၏။ အကြောင်းမှာ ကိုးဘုံငရဲ ရေခဲမီးတောက်ထံမှ စွမ်းအင်အချို့ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားနေရသောကြောင့်ပင်။

၎င်းမှာ နတ်ဆိုးသွေးအနှစ်၏ စွမ်းအင်များပင် ဖြစ်သည်။ သာမန်ကျင့်ကြံသူများ မစုပ်ယူနိုင်သော်လည်း ကိုးဘုံငရဲ ရေခဲမီးတောက်မှ စုပ်ယူပြီးနောက် ရှန်မိုကို တစ်ဆင့်ပြန်ပေးနေခြင်း ဖြစ်သည်။ မီးလျှံသုံးမျိုးလုံးကို ပေါင်းစပ်နိုင်လျှင် မဟာ ကြယ်ကြွေခြင်း အတတ်ဖြစ်သော မည်သူမျှ မယှဉ်နိုင်သော စွမ်းအားကို ရရှိလိမ့်မည်ဖြစ်သည်။

…

ရှန်မို တောင်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ မိုင်ပေါင်း သောင်းချီဝေးကွာနေသော်လည်း လူသားနှင့် နတ်ဆိုးများအကြား ပြင်းထန်သော တိုက်ပွဲမှ ထွက်ပေါ်လာသည့် စွမ်းအင်ဂယက်များကို သူ ခံစားနေရ၏။

"ပြီးသွားလောက်ပြီ"

သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ ကံကြမ္မာစနစ် ကြိုတင်မြင်ကွင်းများအရ ကုမင်တွင် သူ၏ ကိုယ်အရင်းနှင့် ကိုယ်ပွားကို လဲလှယ်နိုင်သော လျှို့ဝှက်ပညာရပ် ရှိနေ၏။ ရှန်မိုသာ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့လျှင် ကုမင်၊ ရှုံလွမ်းနှင့် အခြားနတ်ဆိုးဧကရာဇ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရကာ လုံးဝ အရေးနိမ့်သွားမည် ဖြစ်သည်။ လီကျန်ထောင်းနှင့် အခြားသူများ၏ အသက်စွန့် ကာကွယ်ပေးမှုကြောင့်သာ သူ အသက်ရှင် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်လေ၏။

"အဲ့ဒီ ကိုယ်ပွားပညာရပ်က သွေးနတ်ဘုရား သိုလှောင်ရုံက ဖြစ်ရမယ်... ကုမင်က တောင်ဘက်ပင်လယ် နဂါးတွေကိုလည်း နှိမ်နင်းနိုင်သလို၊ တောင်ဘက်ကို ချီတက်လာတဲ့ လူသားတွေကိုလည်း ရှင်းပစ်နိုင်မယ်လို့ ယုံကြည်နေတာ မဆန်းပါဘူး”

ရှန်မိုသည် ကုမင်ကို ထိပ်တိုက်ရင်ဆိုင်ရန် သူ၏ စွမ်းအားဖြင့် မလုံလောက်သေးကြောင်း နားလည်လိုက်၏။ သူ ပိုမိုမြန်ဆန်စွာ ကျင့်ကြံရန် လိုအပ်သည်။ ယခုအခါတွင် နတ်ဆိုးသွေးအနှစ်မှ ရရှိသော စွမ်းအင်များကြောင့် သူ၏ ပုံရိပ်ငယ်မှာ ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ သူသည် လုံခြုံသော ဂူတစ်ခုကို ရှာဖွေ၍ အဆင့်တက်ရန် ပြင်ဆင်လိုက်သည်။

ဝုန်း! ဝုန်း!

မကြာမီ မီးတောင်ပေါက်ကွဲသကဲ့သို့ စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာသည်။ ထိုအခိုက်အတန့်တွင် ရှန်မို၏ ကျင့်ကြံမှုအဆင့်မှာ တဟုန်ထိုး မြင့်တက်သွားကာ…

သူသည် နတ်ဘုရားပြောင်းလဲခြင်းအဆင့် အထွတ်အထိပ် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေ၏။

All Chapters