ဆုတ်ရင်းနဲ့ တိုက်မယ်
Vol. 25 Ch. 371
ရှန်မို စခန်းသို့ ပြန်ရောက်သောအခါ ကောင်းကင်ယံတွင် ပျံသန်းနေသော သံချပ်ကာ မိုးတိမ်သင်္ဘော လေးစင်းကို တွေ့လိုက်ရ၏။ ထိုသင်္ဘောများ၏ မျက်နှာပြင်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး ကာကွယ်ရေး အစီအရင် အများအပြားလည်း ပျက်စီးနေလေပြီ။
စခန်းတစ်ခုလုံးမှာလည်း အလုပ်များသူများဖြင့် ဆူညံပွက်လောရိုက်နေ၏။ ကျင့်ကြံသူများသည် မြေပြင်နှင့် ခြေဖျားမထိနိုင်အောင်ပင် အလုပ်ရှုပ်နေကြရသည်။ ဒဏ်ရာရရှိသူ အများအပြားမှာ နားနားနေနေ နေစရာ နေရာပင်မရှိသဖြင့် မြေပြင်ပေါ်တွင်သာ လှဲလျောင်းရင်း ကုသမှု ခံယူနေကြရလေ၏။ ရှန်မို စခန်းထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လိုက်သည်နှင့် တစ်စုံတစ်ဦးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ခေါင်းဆောင်ငယ် ပြန်ရောက်လာပြီ"
"ဒါ... မိတ်ဆွေ ရှန်မိုပဲ”
ခဏချင်းအတွင်းမှာပင် လီကျန်ထောင်း၊ ထုန်ယွမ်နှင့် အခြားသူများသည် ရှန်မို၏ အနားသို့ စုရုံးရောက်ရှိလာကြ၏။ သူတို့၏ အကြည့်များတွင် ရှန်မို့အပေါ် အရင်ကထက် ပိုမိုကြည်ညိုလေးစားမှုများ အရောင်ဟပ်နေသည်။
ထုန်ယွမ်မှ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။ "ကုမင်က အဲ့ဒီမျိုးနွယ်စုကြီးမှာ တကယ်ပဲ ထောင်ချောက်ဆင်ထားလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး… ကုမင်ပြီးရင် နတ်ဆိုးနိုင်ငံတော်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ ရှုံလွမ်း အပါအဝင် နတ်ဆိုးဧကရာဇ် ဆယ်ပါးတောင် ရှိနေတာပဲ”
"ဒါတင်မကသေးဘူး… အဲ့ဒီမျိုးနွယ်စုက သွေးစွမ်းအင်တွေကို သိုလှောင်ထားနိုင်တဲ့ အလွန်ရှားပါးတဲ့ အစီအရင်တစ်ခုကိုလည်း တည်ဆောက်ထားတယ်… အဲ့ဒီစွမ်းအင်တွေကို လိုအပ်တဲ့အချိန်မှာ တစ်ပြိုင်နက်တည်း ထုတ်လွှတ်နိုင်တာ အဲ့ဒီအစီအရင်ကြောင့်ပဲ… ငါတို့ရဲ့ သံချပ်ကာ မိုးတိမ်သင်္ဘော အများအပြား ပျက်စီးသွားပြီး အဆင့်နိမ့်ကျင့်ကြံသူတွေ အများကြီး အချိန်တိုအတွင်းမှာ သေဆုံးခဲ့ရတာပဲ"
ဝူယန်လန်မှလည်း ညှိုးငယ်စွာ သက်ပြင်းချရင်း
“နန်းတွင်းနဲ့ တခြားဂိုဏ်းတွေက ကျင့်ကြံသူတွေ အများကြီး အကျအဆုံး ရှိခဲ့တာပဲ… အင်း... ရင်နာစရာပါပဲ"
ယန်ချီယဲ့ကမူ အေးစက်စွာ နှာခေါင်းရှုံ့လျက်
"သူတို့သာ ခေါင်းဆောင်ငယ်ရဲ့ စကားကို နားထောင်ပြီး အဲ့ဒီမျိုးနွယ်စုကြီးကို မတိုက်ခဲ့ရင် ဒီလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"
သူ၏ စကားကြောင့် အရိပ်နန်းဆောင်၊ ဝိညာဉ်တော်ဂိုဏ်း၊ ကောင်းကင်ဘုံမြစ်ဂိုဏ်း၊ ဓားရူး မဟာမိတ်အဖွဲ့နှင့် နန်းတွင်းမှ ကျင့်ကြံသူများမှာ ရန်လိုသော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။ ဓားရူး မဟာမိတ်အဖွဲ့မှ ဝမ်လန်သည် တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး ဒေါသတကြီး ဆဲဆိုလိုက်၏။
"ဘာတွေ လာလျှောက်ပြောနေတာလဲ… မင်းတို့ ဂိုဏ်းတွေသာ တိုက်ပွဲမှာ ပါဝင်ခဲ့ရင် ငါတို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန် တိုက်နေရပါ့မလား… မင်းတို့ နတ်ဆိုးတွေနဲ့ ပူးပေါင်းနေတာ မဟုတ်လား"
ဓားရူး မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် မိုကျောက်ပြည်နယ်၏ သဲကန္တာရဒေသမှ လာသူများ ဖြစ်သောကြောင့် အလွန်စိတ်တိုလွယ်ပြီး ကြမ်းတမ်းကြ၏။ ဝမ်လန် စကားပြောပြီးသည်နှင့် သူတို့အားလုံး ယန်ချီယဲ့ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ယန်ချီယဲ့ မျက်နှာပျက်သွား၏။ ဓားရူး မဟာမိတ်အဖွဲ့က ဤမျှအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
လင်းတုန်းထျန်း တည်ငြိမ်စွာဖြင့်
"အကြီးအကဲယန် ခင်ဗျား အဲ့ဒီလို မပြောသင့်ဘူး… ခင်ဗျားတို့ သုံးဂိုဏ်းနဲ့ နှင်းနန်းတော်ကြီးသာ တိုက်ပွဲမှာ ပါဝင်ခဲ့ရင် ရှုံလွမ်းနဲ့ တခြားနတ်ဆိုးဧကရာဇ်တွေကြောင့် ငါတို့ ဒီလိုမျိုး အဆုတ်ခံရမှာ မဟုတ်ဘူး… သံချပ်ကာ သင်္ဘော လေးစင်းလည်း ဆုံးရှုံးမှာ မဟုတ်ဘူး… ငါတို့ အဲ့ဒီမျိုးနွယ်စုကို မြေလှန်ပြီး ပိုကြီးမားတဲ့ အောင်မြင်မှုတောင် ရနိုင်တာ"
ယန်ချီယဲ့ ဘာပြန်ပြောရမှန်း မသိဘဲ စွံ့အသွားသည်။ ရွှယ်ကျီယီမှလည်း တည်ငြိမ်စွာဖြင့်
"ဂိုဏ်းတွေကြားမှာ စည်းလုံးမှုကို မပျက်ပြားစေချင်ပေမဲ့ လင်းတုန်းထျန်း ပြောတာကလည်း ယုတ္တိရှိပါတယ်"
သူ ဝင်ထောက်ခံလိုက်သည်။
ဒဏ်ရာများကို ကုသနေသော ကျိုးမင်ယီမှာမူ ထိုအငြင်းပွားမှုကို ကြားသောအခါ ခါးသီးစွာ ပြုံးလိုက်မိ၏။ သူသည် ရှန်မို၏ မိတ်ဆွေကောင်း ဖြစ်သဖြင့် ရှန်မိုကို အပြစ်မပြောချင်သော်လည်း၊ သူ၏ ကောင်းကင်ဘုံမြစ်ဂိုဏ်း အကျိုးအမြတ်အတွက် ကြည့်လျှင် ဝေဖန်ရန် လိုအပ်သည်ဟု သူ ခံစားနေရသည်။ အကြောင်းမှာ သူ၏ဂိုဏ်းသည်လည်း ဤတစ်ကြိမ်တွင် အထိနာခဲ့သောကြောင့် ဖြစ်သည်။
…
ရှန်မိုသည် လင်းတုန်းထျန်းနှင့် ရွှယ်ကျီယီကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။
အကယ်၍ သုံးဂိုဏ်းမဟာမိတ်နှင့် နှင်းနန်းတော်ကြီးသာ တိုက်ပွဲတွင် ပါဝင်ခဲ့လျှင် သူတို့သည် ရှုံလွမ်းနှင့် အခြားနတ်ဆိုးဧကရာဇ် ဆယ်ပါးကိုသာမက နတ်ဆိုးဧကရာဇ် ကုမင် ကိုယ်တိုင်ကိုပါ ရင်ဆိုင်ရမည် ဖြစ်၏။ ထိုသို့ဆိုလျှင် အထိနာပြီး ထွက်ပြေးလွတ်မြောက်နိုင်သည့် အခြေအနေမျိုး မဟုတ်ဘဲ၊ လူအနည်းငယ်သာ အသက်ရှင်ကျန်ရစ်ကာ တစ်တပ်လုံး ပြုတ်ပြုန်းသွားမည့် အခြေအနေမျိုး ဖြစ်သွားလိမ့်မည်။
ရှန်မို အေးစက်စွာ မေးလိုက်၏။
"ရှုံလွမ်းက တောင်ဘက်ပင်လယ်မှာ ရှိနေရမှာလေ… ဘာလို့ အဲ့ဒီမျိုးနွယ်စုကြီးမှာ ရုတ်တရက် ပေါ်လာရတာလဲ… အဲ့ဒါကို ခင်ဗျားတို့ တစ်ယောက်ယောက်များ စဉ်းစားမိကြလား"
သူ၏ စကားကြောင့် လင်းတုန်းထျန်း၊ ရွှယ်ကျီယီနှင့် အခြားသော ဉာဏ်ထက်မြက်သူများမှာ တစ်ခုခုကို သဘောပေါက်သွားသည့်အလား မျက်နှာများ အနည်းငယ် ပျက်သွားကြသည်။
ရှန်မိုမှ ဆက်ပြောသည်။
"သွေးနတ်ဘုရား သိုလှောင်ရုံ ဆိုတာ နတ်ဆိုးနိုင်ငံတော်ရဲ့ ရတနာသိုက် ဒါမှမဟုတ် အထွတ်အမြတ်ထားရာ နေရာတစ်ခုပဲ… နတ်ဆိုး အနည်းငယ်ပဲ အထဲကို ဝင်ခွင့်ရှိတယ်… ဒါပေမဲ့ အဲ့ဒီထဲက ထွက်လာတဲ့ နတ်ဆိုးတိုင်းဟာ အလွန်အစွမ်းထက်လာကြတယ်… တချို့ကတော့ အဲ့ဒါဟာ သွေးမျိုးနွယ်စုရဲ့ ပညာရပ်တွေကို မြှင့်တင်ပေးလို့လို့ ယူဆကြတယ်"
"ကုမင်ရဲ့ သွေးမျိုးနွယ်စုပညာရပ်ကို သူများရှေ့မှာ ထုတ်မပြဖူးပေမဲ့ သူ သုံးခဲ့တဲ့ မှတ်တမ်းနှစ်ခုကိုတော့ ငါ ရှာတွေ့ထားတယ်… ပထမတစ်ကြိမ်က ပလ္လင်လုဖက်ဖြစ်တဲ့ ရှီရှောင်ကို သတ်တုန်းကပဲ… အဲ့ဒီတုန်းက ကုမင်ရဲ့ ဘေးနားမှာ သွေးနီရောင် အရိပ်တစ်ခု ပေါ်လာတာကို အချို့နတ်ဆိုးတွေ မြင်ခဲ့ကြတယ်"
"ဒုတိယအကြိမ်ကတော့ မြူခိုးပြည်နယ်ရဲ့ ဗဟိုကို ကုမင်ကိုယ်တိုင် ဝင်ရောက်ပြီး မြို့ငါးမြို့ကို ဖြတ်ဆီးခဲ့တုန်းကပဲ… အဝေးကနေ ကြည့်တဲ့သူတွေဟာ ကုမင်နဲ့ တူတဲ့ သွေးနီရောင် အရိပ်ငါးခု အဲ့ဒီမြို့ငါးမြို့ထဲကို ဝင်သွားတာ မြင်ခဲ့ကြတယ်… အဲ့ဒီလို ပညာရပ်မျိုးကို သွေးနတ်ဘုရား သိုလှောင်ရုံက မြှင့်တင်ပေးလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ မင်းတို့ စဉ်းစားကြည့်ကြပေါ့"
လင်းတုန်းထျန်းနှင့် ရွှယ်ကျီယီတို့၏ မျက်နှာများ လုံးဝ ပြောင်းလဲသွားသည်။ သူတို့အားလုံးမှာ ဉာဏ်ထက်မြက်သူများ ဖြစ်ကြ၏။
“ရန်သူ့အကြောင်းသိမှ အောင်ပွဲရမည်" ဟူသော စကားအတိုင်း သူတို့လည်း ကုမင်၏ အတိတ်မှတ်တမ်းများကို ဖတ်ဖူးကြသည်။ ယခု ရှန်မိုမှ အချက်အလက်များကို ဆက်စပ်ပေးလိုက်သောအခါ ကုမင်၏ ပညာရပ်ဖြစ်သော ကိုယ်ပွားများ ဖန်တီးခြင်းနှင့် ဆက်စပ်နေကြောင်း သူတို့ နားလည်သွားကြလေ၏။
သွေးနတ်ဘုရား သိုလှောင်ရုံ၏ အကူအညီဖြင့် ကုမင်သည် သူ၏ ကိုယ်အရင်းနှင့် ကိုယ်ပွားများကို လဲလှယ်နိုင်ရုံတင်မက အခြားနတ်ဆိုးများအတွက်ပါ ကိုယ်ပွားများ ဖန်တီးပေးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ လီကျန်ထောင်း၊ ဝူယန်လန်နှင့် ထုန်ယွမ်တို့လည်း ကုမင် ဤမျှအထိ ကြောက်စရာကောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် မျက်နှာများ တင်းသွားကြ၏။
ဓားရူး မဟာမိတ်အဖွဲ့ရှိ အဆင့်နိမ့်ကျင့်ကြံသူ အချို့မှ တစ်ခုခု ပြောရန် ပြင်သော်လည်း ဝမ်လန် ခေါင်းခါပြလိုက်သဖြင့် ချက်ချင်း ပြန်ငြိမ်သွားကြသည်။
"မိတ်ဆွေ ရှန်မို... ရှင့်ရဲ့ ဉာဏ်ပညာက တကယ်ကို နက်ရှိုင်းလှပါတယ်… ကျွန်မ ရှင့်ကို ကြည်ညိုမိသလို တောင်းလည်း တောင်းပန်ပါတယ်"
ရွှယ်ကျီယီမှ ထိုသို့ ဆိုကာ ရှန်မို့ကို တလေးတစားပင် ဂါရဝပြုလိုက်သည်။ မကြာမီတွင် အခြားသူများကလည်း သူတို့၏ အရင်က ဆင်ခြင်တုံတရားမဲ့သော အပြုအမူများအတွက် ရှန်မို့ကို ဦးညွှတ်တောင်းပန်ကြတော့၏။
ရှန်မို လက်ဝှေ့ယမ်းပြလျက်
"အားလုံးပဲ ကိုယ့်တာဝန်ကိုယ် ပြန်လုပ်ကြပါ… ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အားလုံး စစ်ရေးဆွေးနွေးဖို့ ဒီမှာ စုဝေးပေးကြပါ"
…
တဲအတွင်းတွင် ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ စုရုံးကာ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
"ငါတို့ ချက်ချင်း တပ်ဆုတ်ပြီး ယုကျောက် နဲ့ ချန်ကျောက်တွေဆီ ပြန်သင့်တယ်လို့ အကြံပြုချင်ပါတယ်"
ထုန်ယွမ် ခပ်တိုးတိုး ပြောလိုက်၏။
ဝမ်လန် ချက်ချင်း ဒေါသထွက်သွားကာ
"မဖြစ်နိုင်တာ… ငါတို့ ညီအစ်ကိုတွေ အများကြီး သေခဲ့တာလေ… ဘယ်လိုလုပ် ဒီအတိုင်း ဆုတ်သွားမှာလဲ… ငါတော့ လုံးဝ သဘောမတူဘူး”
သူ စကားပြောနေစဉ် သူ၏ ဒဏ်ရာများ ပြန်ပွင့်လာပြီး သွေးများ ပန်းထွက်လာသည်။ ထုန်ယွမ်တို့သာ အချိန်မီ မရှောင်လိုက်လျှင် တစ်ကိုယ်လုံး သွေးများ စိုသွားပေလိမ့်မည်။
ရွှယ်ကျီယီမှ လေးနက်စွာဖြင့်
"တပ်ဆုတ်တာ အရမ်းမြန်ရင် စစ်သည်တွေရဲ့ စိတ်ဓာတ် ကျဆင်းသွားနိုင်တယ်… နတ်ဆိုးနိုင်ငံတော်ရဲ့ အဓိကတပ်မတော်တွေ စုမိသွားရင် သူတို့ကို ပြန်တိုက်ဖို့ ပိုခက်သွားလိမ့်မယ်"
ကျိုးမင်ယီလည်း ထိုစကားကို ထောက်ခံသည်။
အုပ်စုထဲတွင် တိုက်မည်၊ ဆုတ်မည်ကို အဖြေမထွက်ဘဲ အချေအတင် ငြင်းခုံနေကြ၏။ အခြေအနေမှာ တင်းမာလာပြီး တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်တော့မည့်အလား ဖြစ်နေသည်။
လင်းတုန်းထျန်းမှ
"အားလုံး ခဏနေကြဦး… ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်"
သူတစ်ခုခု ပြောရန်ပြင်စဉ်မှာပင် ယခငငြိမ်သက်နေသော ယွဲ့ရင်းရုံမှ ရုတ်တရက် စကားပြောလိုက်သည်။
"မိတ်ဆွေ ရှန်မို ဘာပြောမလဲဆိုတာ အရင်နားထောင်ကြည့်ရအောင်လား"
သူမ၏ စကားမှာ ထူးဆန်းစွာဖြင့် စိတ်အေးချမ်းစေသည့် စွမ်းအား ပါဝင်နေသည်။ တဲအတွင်းရှိ တင်းမာမှုများလည်း ချက်ချင်းပင် လျော့ပါးသွား၏။
"စိတ်တည်ငြိမ်စေသော အတတ်လား”
ရွှယ်ကျီယီ၏ မျက်လုံးများ လင်းလက်သွားလေသည်။
ဝမ်လန်ကမူ
"ငါ့အပေါ် အဲ့ဒီအတတ်ကို လာမသုံးနဲ့… ငါ့ရဲ့ ဒေါသကိုတောင် ငါ မခံစားရတော့ဘူး..."
သူ ညည်းညူလိုက်၏။
ယွဲ့ရင်းရုံမှာ တည်ငြိမ်စွာဖြင့်
"ဒီအတတ်က ဘေးထွက်ဆိုးကျိုး မရှိပါဘူး… အားလုံးကို စိတ်အေးအေးထားနိုင်အောင် ကူညီပေးတာပါ… မိတ်ဆွေ ရှန်မိုက ကျွန်မတို့အားလုံး နတ်ဆိုးနိုင်ငံတော်ရဲ့ အမြစ်ပြတ်ချေမှုန်းခံရမယ့် ဘေးကနေ ကာကွယ်ပေးခဲ့တာပဲ… ဒါကြောင့် တိုက်မလား၊ ဆုတ်မလားဆိုတာကို သူပဲ ဆုံးဖြတ်ပါစေ"
အားလုံး၏ အကြည့်များမှာ ရှန်မိုဆီသို့ ရောက်ရှိသွား၏။ လင်းတုန်းထျန်းမှာ ယွဲ့ရင်းရုံကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ရှန်မိုသည် လူတိုင်းကို ဝေ့ဝဲကြည့်ကာ
"တိုက်မယ်… ဒါပေမဲ့ ဆုတ်ရင်းနဲ့ တိုက်မယ်"
"ရှုံလွမ်းနဲ့ တခြားနတ်ဆိုးဧကရာဇ်တွေက ကျွန်တော်တို့ကို အနိုင်ရထားတယ်ဆိုပြီး မာန်တက်ပြီး လိုက်လာကြလိမ့်မယ်… နတ်ဆိုးတွေဟာ သွေးနံ့ရပြီဆိုရင် ကုမင်ရဲ့ အမိန့်ကိုတောင် မနာခံဘဲ ငါတို့ကို အတင်းလိုက်တိုက်ကြလိမ့်မယ်… အဲ့အခါ အရင်က ငါတို့ ဆုံးရှုံးခဲ့တာတွေကို နောက်ရက်တွေမှာ ငါတို့ ပြန်ယူနိုင်လိမ့်မယ်"